ဂန္ဒီကြီးတောင် ငိုမယ့်သူ

ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်နှင့် နောက်ပါ ၇၀ ကျော်တို့ အိန္ဒိယပြည်သို့ ရောက်နေကြသည်။ ချိုကုပ်ဒူးကြီး၏ သတင်းမှာ  လတ်တလော လူကြိုက်အများဆုံး ဖြစ်နေပြီး ကောလာဟလ အမျိုးမျိုးလည်း ထွက်ပေါ်လျက်ရှိရာ ထိုသတင်းများ မှန်၊ မမှန်ကို ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်က သိချင်နေသည်။ အိန္ဒိယသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရသည်ကို အားမရ သောကြောင့် ကိုယ်တိုင်သွားချင်သော်လည်း လမ်းစရိတ် မတတ်နိုင်သဖြင့် ဖရီးရိုက် ကုန်းဆင်းလိုက်မည်ဟု ဆုံးဖြတ်ကာ ဦးရုက္ခစိုးကြီးကို အပူကပ်ရလေတော့သည်။

cmnat-than-shweဖိုးရှုပ်။     ။ သွားပေးပါ ဦးရုက္ခစိုးရယ်။ သတင်းက အကြီးကြီးမို့လို့ပါ။

ရုက္ခစိုး။     ။ ကိုယ့်ဘာသာ သွားပါလားကွ ...။ မင်းက သတင်းထောက်ပဲ။

ဖိုးရှုပ်။     ။ သွားချင်ပါတယ်ဗျာ … ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ လမ်းစရိတ်တွေကို ကြွက်စုတ်နဲ့အတူ အရက်သောက် လိုက်တာ ကုန်သွား … အဲ ယောင်လို့ … ကလေးနေမကောင်းတာနဲ့ သုံးလိုက်တာ ကုန်သွားလို့ပါ။ သွားပေးပါနော်။ ဦးရုက္ခစိုးက ဗီဇာဖရီး၊ လမ်းစရိတ်လည်းမကုန်ဘဲ သွားချင်ရာ သွားနိုင်တာပဲဟာ။

ရုက္ခစိုး။     ။ မသွားချင်ဘူးကွာ … ငါက ချင်းမိုင်မှာ ကန်မယ့် ရန်ကုန်ယူနိုက်တက်နဲ့ ချင်းမိုင်အက်ဖ်စီ ပွဲ နွှဲချင်သေးတယ်။

ဖိုးရှုပ်။     ။ ဟား … ဦးရုက္ခစိုး ဒိတ်အောက်သွားပြီ။ အဲဒီပွဲက ပြီးသွားပြီလေ။ ချင်းမိုင်က အမျိုးသမီးအဖွဲ့တောင် ဆန္ဒပြမယ် ဆိုပြီး လက်သီးလက်မောင်းတွေ တန်း ပြီး ချီတက်သွားကြပါရောလား။

ရုက္ခစိုး။     ။ ဟာ … ဟုတ်လား။ ဆန္ဒပြလိုက်တော့ ပွဲပျက်ကရောလား။

ဖိုးရှုပ်။     ။ ဆန္ဒတော့ မပြလိုက်ကြပါဘူး ဦးရုက္ခစိုးရယ်၊ သူတို့လည်း သူတို့ ဆန္ဒရှိတဲ့အတိုင်း ဘောလုံးသမားတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ပြီး ဝက်ဝက်ကွဲ ပျော်လိုက်ကြတာနဲ့ မေ့သွားတယ် ထင်ပါတယ်။ ကဲပါဗျာ … တောင်းပန်ပါတယ်။ ချိုကုပ်ဒူးကြီး ရှိတုန်းလေး သွားပေးပါ … နော်။

ရုက္ခစိုး။     ။ ခက်တယ်၊ ခက်တယ်။ အပေါင်းအသင်း မှားရင် နတ်တောင် မခံနိုင်ပါလား။ ကဲ … ကဲ။ သွားပေးမယ် ဟုတ်လား။

ဖိုးရှုပ်။     ။ ဟား … ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးကို ယုံကြည်တယ်၊ လေးစားတယ်၊ ချစ်ခင်တယ်နော်။ သေသေချာချာလေး တွေ့ခဲ့ပါ နော် … နော် ...။

ဦးရုက္ခစိုးမှာ ဖိုးရှုပ်၏ ပတ်ချွဲနပ်ချွဲသံများကို လျစ်လျူရှု၍ လက်ညှိုးတချောင်းထောင်ရင်း သွားလိုရာနေရာကို အာရုံပြုလိုက်ရာ … ဝုန်းခနဲအသံမမြည်ဘဲ ဗြုန်းခနဲ ဖိုးရှုပ်နားမှ ပျောက်ကွယ်သွား လေတော့သည်။

မဆလာနံ့နှင့် နွားချေးနံ့ကလေး သင်းနေသည့် ကြားထဲတွင် ပုပ်အဲ့အဲ့ အနံ့တခုကို ရလိုက်သဖြင့် ဦးရုက္ခစိုး မျက်စိမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်သည်။

“ဟာ … ဦးရုက္ခစိုး” ဆိုသော ဝမ်းသာအားရ အသံတသံနှင့်အတူ ချိုကုပ်ဒူးကြီးတို့ လင်မယားကို ဦးရုက္ခစိုး တွေ့လိုက်ရလေသည်။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးပါလား ...။ ဘယ်လိုလဲ ချွေးသီးချွေးပေါက်တွေလည်း ကျလို့ … နေမကောင်းဘူးလား။

ချိုကုပ်။     ။ နေကောင်းပါတယ် … ။ ဒီ ကတုံးကြီး ပြောနေတာတွေ နားမလည်လို့။ လုပ်ပါဦး … ဦးရုက္ခစိုး ဘာသာ ပြန်ပေးပါဦးဗျာ။

ချိုကုပ်ဒူးကြီးက ကတုံးကြီးဟု ခေါ်သူကိုကြည့်လိုက်ရာ အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေး ဖခင်ကြီးဖြစ်သူ ဂန္ဒီကို တွေ့လိုက်ရ လေသည်။

ရုက္ခစိုး။     ။ ဟာ … ဘယ်က ကတုံးကြီးကမှာလဲ။ အဲဒါ ဂန္ဒီလေဗျာ။

ချိုကုပ်။     ။ ဟုတ်လား။ မသိပါဘူးဗျာ၊ ကျုပ်က နွားနို့လာရောင်းနေတာ မှတ်လို့ ...။ လုပ်ပါဦး … သူ ဘာတွေ ပြောနေတာလဲ။

ဤနေရာတွင် စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးက တဆင့်ဘာသာပြန်ပြနေသည်ကို မဖော်ပြတော့ဘဲ ဂန္ဒီကြီး ပြောနေသော အင်္ဂလိပ် စကားများအား တိုက်ရိုက် မြန်မာလို ရေးသားပါမည်။

ရုက္ခစိုး။     ။ ဂန္ဒီက သေသွားတာပဲ ကြာလှပြီ … ဘာလို့ ဒီနေရာကို ရောက်နေရတာလဲဗျ။

ဂန္ဒီ။     ။ ဒါက ကျုပ်အထိမ်းအမှတ် သင်္ချိုင်း နေရာလေ။ ခါတိုင်းတော့ ကျုပ် ထွက်လာလေ့မရှိပါဘူး။ ဒီနေ့တော့ ဘာဖြစ်တယ် မသိဘူး ပူလွန်းတာနဲ့ ထွက်ကြည့်တာ … ဟောဒီက ချိုကုပ်ဒူးကြီး ဖြစ်နေတာကိုး။

ချိုကုပ်။     ။ အမယ် … ရာရာစစ၊ ကျုပ်ရောက်လာလို့များ ပူသလေးဘာလေးနဲ့ … သူ့ဘာသာသူ အဲကွန်း မသုံးဘဲနဲ့များ။

ရုက္ခစိုး။     ။ ဂန္ဒီကြီးက ပြောစရာ ရှိပုံရတယ် ချိုကုပ်ဒူးကြီး။

ဂန္ဒီ။     ။ ဟုတ်တယ်။ ကျုပ် ငြိမ်းချမ်းရေး တရား ဟောစရာရှိတယ်။ ဒီက ချိုကုပ်ဒူးကြီးကို ဟောချင်တယ်။ နားထောင်နော် ... လောကကြီးမှာ လူလူချင်း ညှာတာထောက်ထားမှု ရှိရမယ်၊ ငြိမ်းချမ်းရေးကို ဦးထိပ်ပန်ဆင်ကြရမယ်။

ချိုကုပ်။     ။ ဒါတွေက ကျုပ်သိပြီးသားပါ။ လူလူချင်း ညှာတာထောက်ထားမှု ရှိသလားမမေးနဲ့ … ကျုပ်က ကျုပ်မိန်းမနဲ့ သားသမီးတွေ၊ မြေးတွေကို ဘယ်လောက် ညှာတာ ထောက်ထားမှုရှိလဲဆိုရင် … ကျုပ်ထက် ညှာတာ ထောက်ထားတဲ့ သူတောင် ကျုပ်လောက် ညှာတာ ထောက်ထားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဦးထိပ် ပန်ဆင်ပါတယ်ဗျာ။ ပြောလိုက်စမ်းပါ ဦးရုက္ခစိုးရယ် ...၊ ကျုပ်ရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ အစီအစဉ်တွေကို ...။

ရုက္ခစိုး။     ။ ဟုတ်ပါတယ်လေ။ ဒါပေမယ့် နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘာလုပ်ဖို့ စဉ်းစား ထားလဲ။

ချိုကုပ်။     ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းပစ်မှာပေါ့ဗျ။ ကျုပ်ဘက်က သေနတ်တချက် မဖောက်ဘူး စိတ်ချ။ သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြီး ပစ်ကြ ခတ်ကြရင်တော့ မသိဘူးနော်။ ကျုပ်နဲ့ မဆိုင်ဘူး။

ဂန္ဒီ။     ။ အင်း … ဘယ်လိုမှ ဆုံးမလို့ရမယ့်ပုံ မပေါ်ဘူး။

ချိုကုပ်။     ။ ဟာ … ဘယ်ရမလဲ … ကျုပ်ကပဲ ဆုံးမမှာ။ ဒီမှာ ဦးဂန္ဒီ၊ နောက်တခါ ကျုပ်လာရင် အဲဒီ ကတုံးကို မမြင်ချင်ဘူး။ ပြောင်ချော်ချော်ကြီးနဲ့ ကြည့်လို့ကို မရဘူး။ ရိုရိုသေသေ ဆံပင်လေး ဘာလေးနဲ့ ကြိုဆိုဗျာ နော်။

ဂန္ဒီ။     ။ ဒါက ကျုပ်ရဲ့ ...။

ချိုကုပ်။     ။ နေဦး ရှိသေးတယ်။ ခင်ဗျား အဝတ်အစားတွေကလည်း အရမ်းအောက်တာပဲ၊ နောက်မှ ခင်ဗျားတို့ဝန်ကြီးချုပ်ကို ခင်ဗျားအတွက် ဝတ်စုံတစုံလောက် ဆင်ပေးဖို့ ပြောပေးဦးမှပါပဲ။

ဂန္ဒီ။     ။ မှားပါတယ်၊ မှားပါတယ်။ ထွက်လာမိတာကိုက ကျုပ်အမှားပါ။ ကျုပ်ဘာသာကျုပ် အထဲ ပြန်ဝင်တော့မယ်။ ဒါပေမယ့် မသွားခင် ကျုပ်မြေးအတွက်ပေးခဲ့တဲ့ အပြစ်တရား ၇ ချက်ပါတဲ့ စာလွှာကို လက်ဆောင်ပေးလိုက်ပါရစေ။

ဂန္ဒီကြီးက စာလွှာကို ဒေါ်ကွိုင်ကွိုင်အား ပေးကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။ ဘေးတွင်ရပ်နေသော ဒေါ်ကွိုင်ကွိုင်က “အဲဒီစာလွှာက ဘာလုပ်ဖို့လဲ မောင်တော်” ဟု လှမ်းမေးသည်။

ချိုကုပ်။     ။ ယူသာ ယူထားလိုက်ပါကွာ … အဲဒါတွေက တို့နဲ့ မဆိုင်ပေမယ့် တခြားသူကို ဆုံးမသြဝါဒ ခြွေတဲ့အခါကျရင် အသုံးတည့်တာပေါ့။

ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှမသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်းကျတော့ ဘာသွားလုပ်တာလဲ။

ချိုကုပ်။     ။ အာဇာနည်ကုန်းလား … ထားလိုက်စမ်းပါဗျာ ...။ ဒီနေရာကတော့ နာမည်ကြီးတဲ့ နေရာဆိုလို့ သွားကြည့်တာ၊ အခုလို ကတုံးကြီးနဲ့ တွေ့မယ်မှန်းသိရင် မလာပါဘူး။ သိပြီးသားတွေများ လာပြောနေသေးတယ်။ ကျုပ်က သူများကိုပဲ သြဝါဒခြွေချင် တာဗျ … သူများ ဆုံးမတာ ခံချင်တာ မဟုတ်ဘူး။

ရုက္ခစိုး။     ။ မြန်မာပြည်က သံဃာတွေကျ သတ်တာတွေ၊ ရိုက်တာတွေလုပ်ပြီး အိန္ဒိယရောက်နေတဲ့ မြန်မာပြည်က သံဃာတွေ ကျတော့ ဝတ္ထု ကပ်တယ်ဆိုတော့ တမျိုးကြီးပဲနော်။

ကွိုင်ကွိုင်။     ။ ဦးရုက္ခစိုးကြီးကလည်း စပ်စုလိုက်တာ လွန်ရော ...။ ယတြာချေတာရှင့် ယတြာချေတာ သိပြီလား။

ရုက္ခစိုး။     ။ ဗျာ … ယတြာ ဟုတ်လား။ မြန်မာပြည်မှာ ယတြာချေရတာ အားမရလို့လား။

ချိုကုပ်။     ။ တနိုင်ငံလုံးက သံဃာတွေက ကျုပ်ကို ကံဆောင်ထားတော့ သံဃာ ၂၇ ပါး ပြည့်အောင် လှူလို့ မရဘူးလေ။ ဗေဒင်ကလည်း ၉ နဝင်းကြေအောင် ၂၇ ပါး အပြည့်လှူရမယ်တဲ့။ အဲဒါကြောင့် အိန္ဒိယအထိ လာလှူရတာ။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးနောက်မှာ နောက်လိုက် နောက်ပါတွေကလည်း များလိုက်တာဗျာ … ဘယ်လိုဖြစ်တာလဲ။

ချိုကုပ်။     ။ များဆို … ဖင်တွန့်တုန်းကလို ကျုပ်အပြင်ထွက်တုန်း အာဏာသိမ်းကြမှာ စိုးလို့ အကုန်ခေါ်လာတာ။ အခုတော့ အေးအေးဆေးဆေးပဲ၊ မောင်ကွေးတော့ ချန်ခဲ့တယ်။ သူကတော့ စိတ်ချရတယ်လေ။ အရက်တလုံး ထောင်ပေးခဲ့ရင် ကျေနပ် နေတဲ့ကောင်။ သေချာ အိမ်စောင့်ထားလိမ့်မယ်။

ရုက္ခစိုး။     ။ အခု ခရီးစဉ်မှာ ချိုကုပ်ဒူးကြီးရဲ့ အဓိက လုပ်ငန်းစဉ်က ဘာလဲဗျ။

ချိုကုပ်။     ။ ကဲ … ကွိုင်ကွိုင်ပဲ ဖြေလိုက်ပါတော့၊ မောင်တော်ကမှ မသိဘဲ … အဲ ဟုတ်ပေါင် … မောင်တော် မောတော်မူလို့။

ကွိုင်ကွိုင်။     ။ အဓိကကတော့ ယတြာချေဖို့ပဲလေ ဦးရုက္ခစိုးရဲ့၊ ယတြာခြေရင်း တခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့တို့ ဘာတို့ လုပ်ချင်ယောင်၊ ပြောချင်ယောင် ဆောင်ကြမှာပေါ့။ အိန္ဒိယက ပညာရှင်တွေနဲ့လည်း ပုဂံက အာနန္ဒာစေတီကြီးကို ဖျက် … အဲ ပြုပြင်ဖို့ ပြောပြီးပြီ။ အဲဒါကြီးပြင်ပြီးရင် အကုန်အောင်ပြီ ဦးရုက္ခစိုးရဲ့။

ချိုကုပ်။     ။ ဒလက ဓနုတ်စေတီကြီးလို ဖြစ်ရင် ဘယ်လိုလုပ်မလဲ။

ကွိုင်ကွိုင်။     ။ ဟယ် … ဦးရုက္ခစိုးပါးစပ်ကို ရွှေချထားဖို့ ကောင်းနေပြီ မောင်တော်ရေ ...။ အဲဒီလို ဖြစ်အောင်လုပ်ရမှာ … မောင်တော်ရဲ့ သမိုင်းတွင်ကျန်ရစ်မယ့် အမည်းစက်တွေအားလုံး ကင်းစင်ဖို့ သမိုင်းဝင်ပစ္စည်းတွေ အဆောက်အအုံတွေ စေတီတွေအားလုံးကို ပြင်ချင်ယောင်ဆောင်ပြီး ဖျက်ရမယ်လေ ...။ ဖျက်နိုင်ရင် အောင်ပြီ ...။

ဒေါ်ကွိုင်ကွိုင့် စကားအဆုံးတွင် သူတို့ရပ်နေသော မြေကြီးမျက်နှာပြင် သိမ့်ခနဲ လှုပ်သွားသောကြောင့် ဦးရုက္ခစိုးမှာ ကိုယ်ဖျောက်ရန် မေ့သွားပြီး ဖနောင့်နှင့်တင်ပါး တသားတည်း နေအောင် ပြေးတော့သည်။ သို့ရာတွင် ထိုသို့ မြေကြီး လှုပ်ရှားသည်ကို ချိုကုပ်ဒူးကြီးနှင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့မှာ ကောင်းချီးသြဘာပေးသည်ဟု ထင်မှတ်၍ လက်ခုပ် လက်ဝါးတီးရင်း အိန္ဒိယ အကများဖြင့် ကခုန်၍ ကျန်ခဲ့လေတော့၏။


“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (4)Add Comment
0
...
written by ဒီဇင်ဘာလွမ်း, August 03, 2010
ချိုကုပ် ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှမသွားဘဲ … ဂန္ဒြီ ကီးရဲ့ သင်္ချိုင်း ကျတော့ ဘာသွားလုပ်တာလဲ။
.........
အရမ်းကိုကောင်းတဲ့ စကားလုံးပါပဲ

အိန္ဒိယပြည် သွားပြီး တော့များ တရား ထိုင်သေးသတဲ့လေ ...


0
အကြိုက်ဆုံးစာသား
written by Kayan Lay, August 01, 2010
"ဒါနဲ့ ချိုကုပ် ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှ မသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်းကျတော့ ဘာ သွားလု ပ်တာလဲ။"

smilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gif ဒီစာသားကိုတော့ အရမ်ြး ကိုက်တယ်ဗျာ
0
wanted from hell
written by sit naing, July 30, 2010
dear all
don't worry about than shwe & family, they all doing the very bad(really bad things) so they all pay back in one day (very soon) near future. wait and see , its really happen in the world,if you doing good, you and your next generation will be get, than shwe & family is become a nay win &family,
believe me ,trust me, somebody from hell is waiting than shwe & family.
0
so funny
written by ဘိုပြောင်, July 29, 2010
"ဒါနဲ့ ချိုကုပ် ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှ မသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်းကျတော့ ဘာ သွားလု ပ်တာလဲ။"
very good

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်