အစိမ်းရောင်မဲ့ စစ်သည်တော်များနှင့် ဓားသမားတစု

၈၈ ဆန္ဒပြသူ လူအုပ်ထဲ၌ ပါသွားသော ကျနော်၏ အစ်ကို နှစ်ယောက်အား ရှာဖွေရန် အလို့ငှာ ကျနော်၏ ဖခင်ဖြစ်သူသည် စစ်သုံး ဓားမြှောင် တချောင်းကို အသာဝှက်၍ အိမ်မှ ထွက်ခွာသွား၏။ မကြာမီပင် ကျနော်၏ အဒေါ်လုပ်သူသည် ငှက်ပျောသီး တဖီးအားဆွဲယူ၍ အိမ်မှ ထွက်သွား ပြန်ရာ သူ့နောက်မှ ကျနော် အပြေး လိုက်သွားမိ၏။ အကြောင်းမှာ၊ စစ်သည်တွေ ချီတက်လာ သောအသံကိုကြားရ၍ဖြစ်၏။

irr-bakaung
ဘကောင်းသည် ဧရာဝတီ သတင်းထောက် ဖြစ်ပြီး ၁၉၉၈ မှ ၂၀၀၅ အထိ အကျဉ်း ကျခဲ့သော ကျောင်းသား လူပ်ရှားသူ ဖြစ်သည်။
“တပ်မတော် သားတွေသည် ပြည်သူ့ အတွက် ဖြစ်ရမည်” ဟူသော စစ်သည်တို့၏ ကြွေးကြော်သံမှာ ကောင်းကင်၌ ပဲ့တင်ထပ်နေ၏။ ကျနော်၏ အဒေါ် အပါအဝင် မြို့သူ မြို့သားတို့၏ အစား အသောက်များကို လက်ခံယူနေစဉ် တွင်ပင် ၎င်းတို့သည် ရပ်တန့်ခြင်း အလျင်းမရှိဘဲ ဆက်၍ ဆက်၍သာ ခြေလှမ်း ကျဲများဖြင့် ချီတက်သွားကြ၏။

ရှည်လျား လှသော စစ်ကြောင်း ရှည်ကြီးကို ကြည့်၍ မှင်တက်နေသည့် ဆယ်နှစ်သား အရွယ် ကျနော်သည် စိတ်ထဲ၌ တခုထင့်မိ၏။ အကြောင်းမှာ စစ်သည်တို့သည် ရေတပ်၊ လေတပ်ကို ကိုယ်စားပြုသည့် မိုးပြာရောင်နှင့် ကာကီရောင် ယူနီဖောင်းများ ဝတ်ဆင် ထားသော ကြောင့်ဖြစ်ပါသည်။ စစ်သည်တဦး တယောက်မှ ကြည်းတပ် အစိမ်းရောင် ယူနီဖောင်း ဝတ်ဆင် ထားခြင်းမရှိပေ။ ပျောက်ဆုံးနေသော “အစိမ်း” တို့သည် ဖြစ်ပေါ်လာမည့် အခင်းအကျင်း တခုလုံးအား မည်သို့ ပြောင်းလဲ စေမည်ကို ကျနော် သိခဲ့ခြင်းမရှိပေ။

၂၆ နှစ်ကြာ အဓမ္မချုပ်ဆိုခဲ့ရသော လူမှု ပဋိညာဉ် စာချုပ်သည် ပြိုလဲပျက်စီးလေပြီ။ ခါးသီးသော မကျေနပ်ချက်တို့သည် လူအမျိုးမျိုးဆီမှ ပွက်လောရိုက် အံထွက်လာကြ၏။ ဆန်ကောကို ရွက်၊ ငရုတ် ကျီပွေ့ အား ဆုပ်ကိုင်ထားသော အိမ်ရှင်မ အသင်းမှ အစ ပြု၍ ပျံကျ အလုပ်သမားများအထိ အမျိုးမျိုးအဖုံဖုံသော အသင်းတို့သည် အလျှိုလျှို ပေါ်ပေါက်လာကြ၏။

မင်းမဲ့စရိုက်ဆိုသည်ထက် ဖိနှိပ်မှုမှ လွတ်မြောက်မှု၏ ဖြစ်ပေါ်လာသော ပီတိသုခကို အသီးသီး ခံစားနေကြ၏။ လောကသည်
ပြင်သစ်အတွေးအခေါ်ရှင် ရူးဆိုး ပြောသော လူ့အဖွဲ့အစည်းမတိုင်မီ လူသားတို့၏ သဘာဝ အခြေအနေသို့ ပြန်လည် ဆိုက် ရောက်သွားသကဲ့သို့ ထင်ရ၏။ ကျောင်းသား၊ ဆိုက်ကားသမား၊ အစိုးရဝန်ထမ်း အားလုံးသော လူသူတို့သည် တိုင်းပြည်၏ အနာဂတ်ကို ထုဆစ်မည့်သူများအဖြစ်သို့ရောက်ရှိသွားကြ၏။

သို့ရာတွင် ထိုအခြေအနေ၌ လွတ်လပ်မှုကို တလွဲအသုံးချမည့်သူတမျိုးလည်း ပေါ်ပေါက်လာသည်။

“ဒီမိုကရေစီရရှိရေး တို့အရေး” ဟု ငှက်ကြီးတောင် ဓားများ၊ ခွပ်ဒေါင်း အလံများ၊ လှံများကို မိုးပေါ်သို့ မြှောက်၍ ဆုပ်ကိုင်ထားသော လူတစု၏ ချောက်ချားဖွယ်အသံကို ကျနော်၏ အိမ်မှ ကြားလိုက်၏။ အစိုရသတင်းပေးများဟု သံသယ အဖြစ်ခံရသူများ ၏ ဦးခေါင်းများ ဖြတ်ထားကာ လှံများတွင် ထိုးစိုက်ထား၏။ ဦးခေါင်းပြတ် တချို့၏ ပါးစပ်တွင် ဆေးပေါလိပ် ထိုးထားသည်ကို လည်းတွေ့ရ၏။

ရန်ုကုန် မြောက်ဥက္ကလာပ တဖက်ခြမ်းမှ ရောင်ကြီးဗွေ ခေါင်းဆောင်သော ဓားသမားတစု ဦးဆောင်သည်ဟု ကောလာဟလများ ပေါ်ထွက်လာ၏။

ထို့နောက် ရက်အနည်းငယ် အကြာတွင် သေနတ် ကျည်ဆန်သံ တချက် ကျနော့်အိမ်ခေါင်မိုးအထက်၌ ကြားလိုက်ရပြီး အိမ်ရှေ့ ဗန်ဒါပင်ရှိ သစ်ရွက်တချို့ ကြွေကျလာ၏။

ဆယ်စုနှစ်တခုအကြာ ၁၉၉၈ ၏ နှောင်းပိုင်းကာလ တခုသောနေ့ရက်တွင် ကျနော်သည် ရန်ကုန် အင်းစိန် အကျဉ်းထောင် ၅ တိုက် ၌ ကျောင်းဆရာ ကိုနိုင်လင်း အား တွေ့ဆုံခဲ့ပါသည်။ သူသည် ၈၈ အရေးအခင်း၌ ရေတပ်မှ တပ်ကြပ်တဦး အနေဖြင့် အစိုးရ ကို  ဆန္ဒပြပြီး ထောင် ၂ နှစ်ကျခဲ့သူဖြစ်၏။ ရဲဘက်စခန်းတခုမှ လွတ်မြောက်ပြီး တက္ကသိုလ်မှ ဘွဲ့ရကာ ရှမ်းပြည်ရှိ ဝေးလံ ခေါင်းဖျား သော ရွာကလေးတရွာ၌ မူလတန်းကျောင်းဆရာအဖြစ် နှစ်ကာလ အတန်ကြာ ဘဝကို နှစ်မြှုပ်ခဲ့၏။ ၁၉၉၈ နှစ်လယ်ကာလ၌ ဒေါ်အောင်ဆန်းစုကြည် တကိုယ်တော် အစာငတ်ခံ ဆန္ဒပြမှုများ ပြုလုပ်နေချိန်တွင် ကျောင်းဆရာ ကိုနိုင်လင်းသည် ရန်ကုန်မြို့ သို့ ပြန်လာခဲ့၏။

၁၉၉၈ ဩဂုတ်လ၌ ဆန္ဒပြမှုများပြုလုပ်ရန် သူသည် ပြန်လာခဲ့ခြင်းဖြစ်၏။ မကြာမီတွင် သူသည် အင်းစိန်ထောင်ထဲသို့ ရောက် လာပြီး ၁၉၉၆၊ ၁၉၉၈ မျိုးဆက်ကျောင်းသားများနှင့် ပေါင်းဆုံသွား၏။

8888-22-10အကျဉ်း ထောင်ထဲ၌ နောက်ထပ် စစ်သည် တဦးကိုလည်း ကျနော် တွေ့ဆုံခဲ့၏။ သူကတော့ ၈၈ က ဖန်တီး လိုက်သော စစ်သည် ဖြစ်၏။ ကိုအောင်စွမ်သည် ၈၈ ၌ ဆယ်တန်း ကျောင်းသား တဦးဖြစ်ပြီး စစ်တပ် အာဏာ သိမ်းပြီးနောက် တောခိုသွားပြီး ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၌ တပ်ကြပ်ကြီး ဖြစ်လာ၏။ ၁၉၉၄ ၌ တောတွင်း စခန်မှ မိဘများ ရှိရာ ထားဝယ်မြို့သို့ အပြန် စစ်တပ်မှ ဖမ်းဆီးခံခဲ့ရသူဖြစ်၏။

ကိုအောင်စွမ်အား နိုင်ငံရေး အကျဉ်းသားများနှင့် ထောင် အာဏာပိုင်များက စိတ်မနှံ့သူ အဖြစ် သဘောထား ကြ၏။ သူ့ဘေးခန်းမှ အကျဉ်းသား တဦးက သူ့ကို အစား အသောက် တချို့ လှမ်းပစ် ပေးသည်ကို အကျဉ်း ဝန်ထမ်းများက တွေ့ရှိပြီး သူ့အား ထောင် ရာဇဝတ် ကောင်များမှ ဝိုင်း၍ ရိုက်နှက်ကြ၏ ထိုအချိန်မှ စ၍ ကိုအောင်စွမ်သည် မည်သူ တဦး တယောက်နှင့် စကားပြောဆို တော့ခြင်း မရှိပေ။

ကျနော့် အစ်ကို နှစ်ယောက်သည် ၈၈ ၌ ဘေးမသီ ရန်မခဘဲ ရှိနေခဲ့ကြသည်။ စစ်သည်တော်များဖြစ်သည့် ကျောင်းဆရာ ကိုနိုင်လင်းနှင့် ကိုအောင်စွမ်တို့မှာ နှစ်အနည်းငယ်ခန့်က အကျဉ်းထောင်မှ လွတ်မြောက်လာကြ၏။ ဓါးသမား ရောင်ကြီးဗွေမှာ အမေရိကန်နိုင်ငံ၌  ၁၉၉၀ နှစ်များကတည်းက နိုင်ငံရေးခိုလှုံခွင့် ရ၍ ယခု ဂျပန်ဆူရှီ လိပ်၍ အသက်မွေးနေကြောင်း သိရလေ သည်။
Comments (2)Add Comment
0
old prisoner
written by queen51, February 23, 2011
I cannot say about my feeling.
0
No Comment
written by mushishi, September 30, 2010
No Comment ဗျို့ ။ မှတ်ချက်ပေးရင် ဆူဆီ စားမ၀င်မှာစိုးလို့ ။ အဲဒီတုန်းက ယောင်ကြီးဗွေလို လူတွေမှ အများကြီးပဲ။ ကျွန်တော့် အဖေ ပြောတာကို ပြန်ပြော ပြရရင် "ငါတို့  တိုင်းပြည် အဆင်ပြေသွားရင် အဲဒီတုန်းက လက်ရဲ ဇတ်ရဲ သတ်ခဲ့တဲ့ အကောင်တွေကို ဘယ်လို လုပ်မလဲ သိချင်တယ်တဲ့" ....
သေချာတာကတော့ အဲဒီတုန်းက မှတ်တမ်းတွေကတော့ အတိအကျရှိလိမ့်ဦးမယ်ဗျ။ ရာဇ၀င် ဆိုတာ ဒါမျိုးနဲ့ တူတယ်။

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်