အသက် ၆၀ ကျော်အရွယ် အငြိမ်းစား အဘိုးအို တဦးအတွက်မူ မြို့ကလေးက အရာရာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
မြို့အနီး ၀န်းကျင် ကျေးရွာများ၏ အတင်းအဓမ္မ ပြောင်းရွှေ့ ခံခဲ့ရမှု၊ ထင်းရှူးတောများ စည်းကမ်းမဲ့ ခုတ်ထွင်မှု၊ ပျက်ယွင်းလာသော ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် လျော့ပါးလာမှု၊ မြို့ကလေးအတွင်းသို့ ရောက်လာသော ယူနီဖောင်းအသစ်များ၊ လူတန်းစား အသစ်များ၊ ယခင် ကိုလိုနီခေတ် တိုက်ခံအိမ်များကို စိန်ခေါ်လာနိုင်သော ခေတ်မီတိုက်တာ အိုးအိမ်များ အစရှိသည်ဖြင့်…။
အစစ အရာရာသည် အဘိုးအို၏ မျက်စိ အောက်တွင်ပင် ဖြစ်ပျက်ခဲ့သည်။ဖွံ့ဖြိုးရေး ခေါင်းစဉ် အောက်မှ မင်းမဲ့စရိုက် ဆန်ဆန် စနစ် မကျသော မူဝါဒများ၏ နောက်ဆက်တွဲ ရလဒ်အဖြစ် တန်ဖိုး မဖြတ်နိုင်သော ၀န်းကျင် ဂေဟစနစ်ကို အလဲအထပ် လုပ်လိုက်ရသည်။ စတေး လိုက်ရသည်။
ဗြိတိသျှ ခေတ်က “ဒုတိယမြောက် အင်္ဂလန်” ဟုပင် နာမည် ကျော်ခဲ့သော ရှမ်းကုန်းမြင့် ပေါ်ရှိ ထင်းရှူးမြိုင် မြို့ကလေး၏ ပျိုမြစ်သော အလှတရား အတော် များများမှာ တိုက်စား ခံလိုက်ရပြီ ဖြစ်သည်။
“နှစ် ၅၀ အတွင်းမှာ တော်တော်ကြီးကို ပျက်သွားတာ” ဟု အသက် ၆၅ နှစ်အရွယ် အဘိုးအိုက ခပ်ဆွေးဆွေး ဆိုလေသည်။
* * * * *
မြို့ကလေး၏အမည်မှာ “ကလော”။ ရှမ်းကုန်းပြင်မြင့် အတက်တွင် ပထမဆုံးတွေ့ရမည့် တောင်ပေါ်မြို့ကလေး။ ဒယ်အိုးဟု အဓိပ္ပာယ်ရသော ပလောင်စကား “ကလော့” မှ ဆင်းသက်လာသည်ဟု မြို့ခံများက ဆိုလေ့ရှိသည်။ မြန်မာပြည် ဗြိတိသျှ လက်အောက် ကျရောက်စဉ်က အင်္ဂလိပ်အရာရှိကြီးများ နွေရာသီအချိန် အပန်းဖြေစခန်းအဖြစ် မြို့တည်ခဲ့ချိန်မှ စတင်ကာ နာမည်ကျော်လာခဲ့သည်။ မြို့ပတ်ပတ်လည် တောင်ကုန်းများတွင် ထင်းရှူးတောများ အုံ့ဆိုင်းနေမှု၊ လှပသော သဘာဝ တောတောင်အနေအထား၊ ဗြိတိသျှတို့၏ မြို့တည်ပုံ စိတ်ကူးစိတ်သန်းတို့က မြို့၏အလှကို ပိုမိုရုပ်လုံးကြွစေသည်။
“အဲဒီခေတ်ကဆို လျှပ်စစ်မီး မရှိသေးလို့ ညနေဆို မြင်းနဲ့ လမ်းတလျှောက် မီးတိုင်တွေမှာ မီး လိုက်ထွန်းတယ်။ ညဆို အရမ်းလှတယ်လို့ ကြားဖူးတယ်”ဟု အငြိမ်းစား ၀န်ထမ်းတဦးက ပြန်ပြောင်းပြောဆိုသည်။
ကလောမြို့၏ နာမည်ကျော်မြို့ပတ်လမ်း၊ ကွေ့ကောက် ကဗျာဆန်သော မြို့လယ်လမ်း၊ ယခု စစ်ဦးစီးတက္ကသိုလ်တည်ရှိရာ Kingswood High School၊ ဘူတာအနီးရှိ နာမည်ကျော် မီးရထားကုန်း (ယခု တပ်မ ၅၅ တည်နေရာ)၊ ရေအေးကန် စသည်တို့ကို တည်ဆောက်ထားပုံက စနစ်ကျနသောမြို့တည်ထားပုံကို သက်သေပြုနေသည်။
ထို့အပြင် မြို့ကို သဘာဝက ပေးအပ်ထားသော အလှတရားဖြစ်သည့် ထင်းရှူးတောင်၊ ထင်းရှူးတောများ က ထင်းရှူးမြေ (Pine Land) အဖြစ် ချစ်စနိုးအမည် တွင်စေခဲ့သည်။
“အရင်က ဆိုရင် နီးနီးနားနား မှိုင်းလုံးတောင်ဆိုရင်တောင် အဖော်နဲ့သွားရတာ။ တော အဲဒီလောက်ထူတာ၊ ကျမတို့ ငယ်ငယ်ကဆိုရင် ချေသံတွေတောင် ကြားရဖူးသေးတယ်”စသော မြို့ခံများ၏ ပြောဆိုသံများက မကြာသေးမီ ဆယ်စုနှစ်များက ထင်းရှူးတောများ၏ အနေအထားကို ပုံဖော်ကြည့်နိုင်သည်။
အနောက်တိုင်းက ဆရာများ ကိုယ်တိုင်လာရောက်ပို့ချသော Kingswood High School၊ နာမည်ကျော် ကွန်ဗင့်ကျောင်း စသော ခရစ်ယာန် သာသနာပြု ပညာရေးကျောင်းများ ရှိခြင်းကြောင့် မြို့ခံများ၏ ပညာရေးမှာ ကမ္ဘာ့တန်းမီခဲ့သည်။
သို့သော် အရာရာအားလုံးနီးပါးသည် ဆယ်စုနှစ် အနည်းငယ်အတွင်းပင် ပျက်ယွင်းသွားခဲ့ရပြီ။
* * * * *
ကလောမြို့ အနီးတ၀ိုက် ထင်းရှူးတောများ စတင်ပြုန်းတီးလာရခြင်း၏ မူလ အစမှာ ၁၉၇၀ ပြည့်နှစ်များအတွင်း ဂျပန်နိုင်ငံမှ ထင်းရှူးပင်များ ၀ယ်ယူခဲ့သောကြောင့် ဖြစ်သည်။ ထိုနှစ်များအတွင်း ဂျပန်သို့တင်ပို့ရန် ထင်းရှူးပင် သိန်းချီခုတ်ယူခဲ့သည်။ သို့သော် ပထမ အသုတ် တင်ပို့မှုအပြီး ထပ်မံ မှာယူခြင်းမပြုတော့ကြောင်း သိရသည်။
“ထင်းရှူးသားတွေထဲမှာ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဆံတွေ ၀င်နေလို့ ဆိုပြီး နောက်ထပ်မယူတော့တာ။ ဒီတော့ ပိုက်ဆံလည်း မရ။ ထင်းရှူးပင်တွေလည်း ပုံထားရတော့ တမိုးလွန်တာနဲ့ ဆွေးရော။ အလကား အလဟသဖြစ်သွားရော”ဟု ဒေသခံတဦးက ပြောပြ သည်။
နောက်ပိုင်း လူဦးရေတိုးပွားလာမှု၊ သစ်တောများကို အာဏာပိုင်များက စနစ်တကျ မထိန်းသိမ်းနိုင်မှု တို့ကြောင့် တောများတစစ ပျောက်ကွယ်လာခဲ့သည်။ အဓိကမှာ ထင်း၊ မီးသွေး ထုတ်ယူခြင်းကြောင့် ဖြစ်ပြီး တချို့ကို စစ်တပ်နှင့် မြို့နေလူထု မိသားစု နေအိမ် များ ဆောက်လုပ်ခြင်းကြောင့် ဖြစ်ကြသည်။
“ဒီတအိမ်လုံး ထင်းရှူးသားနဲ့ ဆောက်ထားတာ”ဟု အသက် ၈၀ အရွယ် အဘွားအိုတဦးက ၎င်း၏ပျဉ်ထောင် အိမ်ကလေးကို ညွှန်ပြရင်း ပြောဆိုသည်။ မှန်သည်၊ နောက်ပိုင်းဆောက်လုပ်သော နေအိမ်များမှအပ မြို့တွင်းရှိ တော်တော်များများသော နေအိမ်များကို ထင်းရှူးသားများဖြင့်သာ ဆောက်လုပ်ထားသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် စစ်ရေးအရ မဟာဗျူဟာကျသော ကလောမြို့၌ စစ်ဦးစီးတက္ကသိုလ် တည်ထောင် တိုးချဲ့ခြင်း၊ စစ်တပ်များ တိုးချဲ့ခြင်း၊ သစ်များ ထင်သလို ထုတ်ယူခွင့်ပြုခြင်း တို့ကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။
“အရပ်သား အစိုးရဆိုရင် အဲဒီလောက်ဖြစ်မှာ မဟုတ်ဘူး” ဟု ဒေသခံ ပညာတတ်တဦးကပြောဆိုသည်။
ယခင်နာမည်ကျော် ကလော စက်မှုလက်မှုသိပံ္ပ (GTI) ကို အေးသာယာမြို့သစ်သို့ ရွေ့ပြောင်းစေကာ ၀င်ရောက်နေရာ ယူခဲ့သော စစ်ဦးစီး တက္ကသိုလ် တိုးချဲ့ရန်အတွက် မြို့အနီးရှိ အုန်းပင်တောင်ရွာနှင့် အုန်းပင်မြောက်ရွာကို အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ရာ တချို့သော ရွာခံများသာ လျော်ကြေးငွေ ရရှိခဲ့သည်။
“တောင်ရွာပြောင်းတုန်းက ရကြပါတယ်။ မြောက်ရွာပြောင်းတော့ မပေးတော့ဘူးလို့ ကြားတယ်။ မြေကွက် ချပေးတာတော့ ရှိတာပေါ့”ဟု စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။
နောက်ထပ် ဒေသခံများ ပြောစမှတ်ပြုရသည့် ကိစ္စမှာ တပ်မ ၅၅ ပြောင်းရွှေ့မှုဖြစ်သည်။ တောင်ကြီးသို့ သွားသည့် အဝေးပြေး လမ်းမှ ကလောမြို့ကို ဖြတ်သန်းသောအခါ မြို့တွင်းရှိတောင်နံရံကို ခွဲဖြို တည်ဆောက်ထားသော တပ်အ၀င်လမ်းနှင့် စစ်တပ် အဆောက်အဦများကို ထင်ထင်ရှားရှား မြင်ရမည် ဖြစ်သည်။
တခြားမြို့နယ်များတွင် စစ်တပ်ကို မြို့ပြင်တွင် တည်ဆောက်လေ့ရှိသော်လည်း အဘယ်ကြောင့်ကလောမြို့တွင်း တည်ဆောက် ထားရသနည်း ဟူသောမေးခွန်း၏ အဖြေကို မြို့ခံများက သိလိုကြသည်။ ယခင်တပ်မ ၅၅ မှာ ကလောမြို့စွန်တွင် တည်ရှိသော် လည်း စစ်ဦးစီးတက္ကသိုလ် တိုးချဲ့တည်ဆောက်မှုကြောင့် ယခင်မီးရထားကုန်းအဖြစ် မြို့တွင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း မြို့ခံများကဆိုကြသည်။
မြို့ခံအများစုက မကျေနပ်။ သို့သော် တချို့ပြောလေ့ရှိသောစကား တစ်ခွန်းက “မပြောရဲပါဘူးလေ” ဟူ၍ ဖြစ်သည်။
တပ်မ ၅၅ ကို ယခုနှစ်ပိုင်းတွင်မှ စတင်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး မပြောင်းရွှေ့မီ မီးရထားဝန်ကြီးဌာနက အပြင်းအထန် ကန့်ကွက်သေးသည်။ နောက်ဆုံးတွင် မြို့လယ်ခေါင်၌ တပ်တည်ခွှင့်ပေးလိုက်ရသည်။ အရှေ့ဘိုကုန်းတွင် တည်ဆောက် ထားသော Hill Top Villa Resort Hotel အ၀င်လမ်းကို တပ် အ၀င်လမ်းအဖြစ် ပေးလိုက်ရသည်။
“နိုင်ငံခြားသားတွေ လာတည်းရင် တပ်နားက အခန်းဆိုရင် မယူဘူး ဆိုတာမျိုး ကြုံရတယ်”ဟု ဟိုတယ် ၀န်ထမ်း တဦးက ပြောပြသည်။
လူဦးရေ သုံးသောင်းခန့်သာရှိသော ကလောမြို့တွင် တပ်မ ၅၅၊ အမှတ် ၇ ခြေမြန်တပ်ရင်း၊ အမှတ် ၃ ခြေမြန်တပ်ရင်း၊ အမှတ် ၁၂၂ ခြေမြန်တပ်ရင်း၊ အခြေချ စစ်ဆေးရုံ၊ စစ်ဦးစီးတက္ကသိုလ် စသော တပ်ရင်း တပ်ဖွဲ့များရှိသည်။
စစ်ဦးစီးတက္ကသိုလ် တက်ရောက်ရန် လာကြသည့် တပ်ရင်းမှူးများ အပါအ၀င် တက္ကသိုလ်ကျောင်းအုပ်ကြီး အဆက်ဆက်၏ သစ်တော ဧရိယာပါမကျန် မြို့အချက်အချာ ကျသော မြေနေရာများကို ခြိမ်းခြောက်ကာ ဈေးနှိမ်ဝယ်ယူခြင်း၊ သင်တန်း တက်ရောက်လာသည့် ကြွယ်ဝသော တပ်ရင်းမှူး တချို့ က ငွေကြေး အဆမတန်ပေးကာ ၀ယ်ယူခြင်းတို့ကြောင့် မြို့ဝန်းကျင် မြေယာနှင့် သစ်တော စီမံခန့်ခွဲမှု၌ ကမောက်ကမ ဖြစ်ရသည်။
“အဆိုးဆုံးကတော့ အခုကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မောင်မောင်အေးပဲ။ သူယူထားတဲ့မြေတွေ နည်းတာမဟုတ်ဘူး” ဟု ဒသခံတဦးကဆိုသည်။
ဗိုလ်မှူးချုပ်မောင်မောင်အေးမှာ ၂၀၀၇ သံဃာ အရေးအခင်းကို ရက်ရက်စက်စက်နှိမ်နှင်းခဲ့သူအဖြစ် နာမည်ကျော်သော တပ်မ ၆၆ ၏ အကြီးအကဲဖြစ်သည်။ သူ လက်သံပြောင်ခဲ့သောကြောင့် ကျောင်းအုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်ဟု ဒေသခံတို့က ပြောစမှတ် ပြုကြသည်။
၂၀၀၉ ခုနှစ်က ကလောသို့ သွားရောက်လည်ပတ်စဉ် ကလောမြို့နောက်ခံ မှိုင်းလုံးတောင် ကမ်းပါးတွင် စိုက်ထားသော အလံနီများကို မတွေ့ရတော့ပေ။
ထိုစဉ်က ဒေသခံတဦးက “အဲဒါ ကျောင်းအုပ်ကြီးယူထားတဲ့ မြေတွေလေ”ဟု ရှင်းပြခဲ့ဖူးသော်လည်း မည်သို့ မည်ပုံ ရယူထားသည်ကိုမူ မပြောခဲ့ချေ။
ယခုနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ရာပြည့်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုးတို့မှာ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့ကြသည်။
ထင်းရှူးတောများ ပျက်ယွင်းလာခြင်း၏ ရိုက်ခတ်မှုကို ပထမဆုံးသိသာစွာ ခံစားလာရသူများမှာ ဒေသခံများပင် ဖြစ်သည်။
ဒေသခံများအတွက် အလွန်တရာ ချမ်းအေးခဲ့သော တောင်ပေါ် မြို့ကလေး အကြောင်းကို နောင်တချိန်တွင် မိမိတို့၏ သားသမီးများအား ပုံပြင်သဖွယ် ပြောပြရတော့မည်ကို စိုးရိမ်မိသည်။
ယခုပင်လျှင် “တချိန်တုန်းက ဒီလို” ဟူသော အတိတ်လွမ်းသံများကို ကြားနေရပေပြီ။ မျိုးဆက်တခုတွင် အလိုက်သင့် လွယ်လွယ် ကူကူ ရရှိခဲ့သော သဘာဝ ၀န်းကျင်တို့ နောက်မျိုးဆက် များအတွက် ကျန်ရှိတော့မည် မဟုတ်ပေ။
ကလောမြို့ကို လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားများကလည်း ထင်းရှူးပင်များ ထင်သလောက် မတွေ့ရ တော့ သည်ကို မေးခွန်းထုတ်နေကြပြီ။ နာမည်ကျော် မြို့ကလေး၏ သတင်းစကား ယခင်လောက် မမွှေးတော့ပြီ။
ကျောက်ဆန် သဲဆန် သောမြေတွင်ပင် ပေါက်ရောက်ရှင်သန်နိုင်သော၊ ရာသီဥတုဒဏ်ကို ခံနိုင်သော ထင်းရှူးပင်များ တစစ ပျောက်ကွယ်မှုကြောင့် မြို့ကလေးတွင် ဆက်လက်နေထိုင်ကြမည့် နောက်မျိုးဆက်ကို သဘာဝ ဥတုရာသီ၏ ရိုက်ခတ်မှုမှ အကာကွယ်ပေးမည့် အဖော်မွန်ကောင်းတရပ် ပျောက်ကွယ်ရ ပေတော့မည်။
“သက်တမ်းရှည် ထင်းရှူးပင်တွေဆို ဘုရားကျောင်းထဲမှာပဲ ရှိတော့တာ”ဟုမြို့ခံ တဦးကရှင်းပြသည်။
“ဆောင်းဆိုရင် အရင် တဖြည်းဖြည်းမှ အေးလာတာ။ နောက်ပိုင်းဆောင်းက ၀ုန်းဆို အေးလာရော၊ အပင်တွေ မရှိတာ တော်တော် သိသာတယ်”ဟူသည့် အလယ်တန်းပြ ဆရာမ တဦး၏ ပြောဆိုချက်မှာ ထင်းရှူးပင်များ အသက်ငင်သံနှင့် အတူ မြို့ကလေး၏ တံခါးဝသို့ ရာသီဥတု ကျိန်စာ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးနေသည့်နှယ်။
ဒေသခံ သစ်တောအာဏာပိုင်တို့၏ “သစ်မခုတ်ရ၊ ထောင် ၃ နှစ်” ဟုသော ထင်းရှူးပင်များတွင် ချိတ်ဆွဲ သတိပေးထားမှုကို ဒေသခံများက “ဒါက အရပ်သားတွေ အတွက်ပါ၊ တပ်အတွက်မပါဘူး”ဟုပင် နောက်ပြောင် ပြောဆိုလေ့ရှိသည်။
သစ်တော အာဏာပိုင်တို့ အနေဖြင့်လည်း စစ်ဦးစီးတက္ကသိုလ် အကြီးအကဲကသာ အရာရာကို စီမံသော ကလောမြို့၏ ဖြစ်ခြင်း ပျက်ခြင်းတို့ကို ၀င်စွက်နိုင်ရန် စွမ်းသာမည်မဟုတ်ပေ။ ဥပဒေ၏ အထက်တွင် တစုံတရာ တန်ခိုးထွားနေသည် မဟုတ်ပါလော။
* * * * *
ခပ်ရီရီ အမှောင်နှင့်အတူ အအေးဓာတ်ထူထူ ရောက်လာလေ့ရှိသော မြို့ကလေးတွင် ညအမှောင် စွန်းသည်နှင့် မြို့လယ်နေရာ တချို့မှအပ လူသူပါးလျသွားတတ်သည်။ ည ၈ နာရီခန့် ဆိုလျင်ပင် မြို့လမ်း တော်တော်များများမှာ ရှင်းနေတတ်သည်။
ထိုအချိန်ဆိုလျင် မြို့အနီးတ၀ိုက်ရှိ တောင်ကုန်း တောင်တန်းများပေါ်တွင် နီနီရဲရဲ လောင်မြိုက်နေသော တောမီးများကို ထင်းရှင်း စွာ မြင်တွေ့ရမည်။ စောစော အိပ်ရာ ၀င်တတ်သော မြို့ကလေးမှ လူတော်တော်များများ သတိပြုမိမည် ဆိုသည်ကတော့ သံသယရှိဖွယ်ပင်။
အသက် ၆၀ ကျော်အရွယ် အငြိမ်းစားအဘိုးအိုအတွက်မူ မြို့ကလေး သူ့မျက်စိအောက်တွင်ပင် အရာရာပြောင်းလဲခဲ့သည်ကို သတိ ထားမိနေသည်။
ကျိုးတိုးကျဲတဲ ထင်းရှူးပင်များကြား စောစောအိပ်ရာဝင်တတ်သော မြို့သူမြို့သားများ သတိလက်လွတ် ဆက်နေပါက ရန်သူမျိုး ငါးပါးကြောင့် ဖြစ်သင့်သော အနေအထားထက် ပို၍ တစစပြောင်းလဲ ပျက်ယွင်းနေသော မြို့ကလေးအတွက် စိုးရိမ်ရပါသည်။
ထင်းရူးမြိုင်မြို့ကလေး၏ ကျန်းမာရေးအတွက် ပြောရေးဆိုခွင့် တစုံတရာ မရရှိသေးသရွေ့တော့ ဆက်လက် တိုးဝင် လောင်မြိုက် နေဦးမည်သာ။ ။
Set as favorite
Bookmark
Email this
Hits: 5596
Comments (6)

written by ပိုးစုန်းကြူး, March 22, 2010
ကျွန်မတို့ အန်တီ တွေ ပြောသံကြားဖူးပါတယ် .. သူတို့ ငယ်ငယ် Kingswood ကျောင်းသူဘဝ ကျောင်းကို လမ်းမ အတိုင်း မသွားဘဲ လျှိုထဲက ဖြတ်ဖြတ်ပြီး သွားသတဲ့ .. လျှိုကြီး ထဲမှာ ဂျပန်ခေတ်က စစ်သား ဦးထုပ်တွေ အရိုး အစ အနတွေ .. ကားဘီးလို ဟာတွေ တွေ့ ရတယ် တဲ့ ။ ကြောက်စရာ ကြီးနော် ..။
written by The Master, March 18, 2010
I spent some time in this little town Kalaw in 1978, stayed at a place in downtown area. The town was filled with the scent of pine (or) eucalyptus as the town was surrounded by such trees. I remember they had a special "market day" every 5 days, the fruits and vegetables were organic and fresh, and people were friendly. It was such a pleasant experience and that memory brought me back when I smelled a similar scent here in San Francisco as they have similar weather there.
Now it's terrible to know that the town is ruined by human.
The Master
U.S.A.
Now it's terrible to know that the town is ruined by human.
The Master
U.S.A.
Write comment
| < Prev | Next > |
|---|


