မွန်တိုင်းရင်းသားများကို မှတ်ပုံတင်ထုတ်ပေးနေ

E-mail Print
အပစ်ရပ်အဖွဲ့ တခုဖြစ်သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသဖြစ်သော မွန်ပြည်နယ် ရေးမြို့နယ်တွင် နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးလျှက်ရှိရာ လာမည့်နှစ်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

ပြီးခဲ့သည့်လမှ စတင်၍ ထိုဒေသရှိ အသက် ၁၈ နှစ်ပြည့်ပြီး သူများကို ဒေသခံ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိများက နိုင်ငံသားကတ်များ ထုတ်ပေးနေခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။

နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးရာတွင် အရပ်သားများကိုသာမက မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များကိုလည်း ထုတ်ဝေပေးလျက် ရှိသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တဦးဖြစ်သူ ဗညားအိမ်က ၎င်းတို့ အဖွဲ့ဝင် အများစုမှာ နိုင်ငံသား စိစစ်ရေးကတ် မရှိကြဟု ဧရာဝတီသို့ ပြောပြသည်။ အဖွဲ့ဝင် ၃ဝဝ ခန့်သာ နိုင်ငံသား စိစစ်ရေးကတ် ရှိကြသည်ဟု ဆိုသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့၏ ပြီးခဲ့သည့်လအတွင်း ထုတ်ဝေခဲ့သည့် အစီရင်ခံစာတစောင်အရ မွန်ပြည်သစ်ပါတီ ဌာနချုပ်ဝန်းကျင်တွင် လူဦးရေ ၃ဝဝဝ ကျော် ရှိသည်ဟု သိရသည်။

ယခင်က မြန်မာအစိုးရ တပ်များနှင့် မွန်ပြည်သစ်ပါတီ တပ်တို့အကြား တိုက်ခိုက်မှုများကြောင့် နေရပ်ရင်း စွန့်ခွာခဲ့ရသဖြင့် ဒေသခံ အများအပြားသည် နိုင်ငံသား စိစစ်ရေးကတ် မရှိကြကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ နှင့် မြန်မာစစ်အစိုးရသည် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးပြုလုပ် ခဲ့ကြသည်။ သို့သော်လည်း အရပ်သား အများအပြားမှာ နေရပ်ရင်းသို့ ပြန်လည် သွားရောက် နေထိုင်ခြင်း မရှိကြပေ။ မွန်ပြည်နယ်အတွင်း စစ်အစိုးရ အာဏာပိုင်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၎င်းတို့ တိမ်းရှောင် ထွက်ပြေးနေသည့် ဒေသများတွင်သာ ဆက်လက် နေထိုင်လျက်ရှိကြသည်။

ပြီးခဲ့သည့် နှစ်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မတိုင်မီတွင် အာဏာပိုင်တို့က ၎င်းတို့အား နိုင်ငံသား စိစစ်ရေးကတ် အဖြူရောင်များကို ယာယီအဖြစ် အသုံးပြုရန် ထုတ်ပေးခဲ့သည်။

အဆိုပါ ယာယီကတ် မရရှိခင်ကမူ ရေး၊ မော်လမြိုင် စသည့် မြို့များသို့ သွားလာရာတွင် မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် ကတ်ပြားများကို အသုံးပြုကြသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တချို့သည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်းသို့ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိများကို ဝင်ရောက်ခွင့် မပြုလိုကြောင်း၊ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အနေအထားများကို အာဏာပိုင်တို့ လေ့လာ သိရှိသွားမည်ကို စိုးရိမ်ကြကြောင်း မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တဦးဖြစ်သူ ချေမွန်က ဧရာဝတီကို ပြောပြသည်။

သို့သော်လည်း နိုင်ငံသား စိစစ်ရေးကတ်သည် အရပ်သားများ ခရီးသွားလာရေး အတွက် လိုအပ်သဖြင့် အာဏာပိုင်တို့အား ၎င်းတို့ထိန်းချုပ်ရာ ဒေသများသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်ဟု ဆိုသည်။

ဤအတောအတွင်း မွန်ပြည်သစ်ပါတီက မြန်မာစစ်အစိုးရက လာမည့်နှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ထောက်ခံမည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ခဲ့သည်။

မြန်မာစစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများ ဆိတ်သုဉ်းနေကြောင်း မွန်ပြည်သစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

လူဝင်မှုကြီးကြပ်ရေး အရာရှိများက တခြား တိုင်းရင်းသားဒေသများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးလျက်ရှိသည်။ ပြီးခဲ့သည့်လက ရှမ်းပြည်နယ်အတွင်းရှိ ဝ တိုင်းရင်းသားများကို နိုင်ငံသားကတ်များ ထုတ်ပေးခဲ့သည်ဟု သိရသည်။
Comments (2)Add Comment
0
သတိတော့ရှိပါ
written by Monlay, March 12, 2009
ရန်သူက ပစ်လာသည့် မြှားမှန်းသိရက်နဲ့ မကိုင်တတ်ရင်တော့ အန္တရာယ်၊ ကိုင်ကတ်ရင်တော့ ကိုယ့်အတွက် အမြတ်ပေါ့
0
နိုင်ငံသားစိစစ်ရေး တ်များ
written by Carlvin, March 11, 2009
မြန်မာပြည် လွတ်လတ် ရေးရတာ ကြာလှပြီ ၊ တိုင်းရင်းသား တွေကို ခုမှ နိုင်ငံသားစိစစ်ရေး

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်