နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အလှူရှင် ပိုများပြားလာ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ကို ကူညီထောက်ပံ့မည့် အလှူရှင်များ ထပ်မံ ရရှိထားပြီဖြစ်သည်။

dassk_met_with_relatives_of_pp400အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က “ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာပဲ NLD က စာရင်းရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို မဲဖောက်ပြီး ကူညီစောင့်ရှောက်မှုတွေ လုပ်သွားဖို့ စီစဉ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲစနှိုက်တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေ တိုးလာတယ်” ဟု ပြောသည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများအနက် လွတ်လပ်ရေးနေ့တွင် ပါတီရုံးချုပ်၌ NLD က စာရင်းပြုစုထားသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်၏ ဓာတ်ပုံ၊ အမည်နှင့် ထောင်ကျမှတ်တမ်းအကျဉ်း ပါရှိသော ရင်ထိုးတံဆိပ်များကို ဖလားတလုံးအတွင်း ထည့်ကာ ပါတီဝင်များက မဲနှိုက်၍ မိမိကူညီစောင့်ရှောက်ရမည့် နိုင်ငံရေးအကျဉ်းသားများကို ရွေးချယ်ခဲ့ကြသည်။

“အဲဒီနေ့က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်လောက်ကို ကူညီစောင့်ရှောက်မှုပေးဖို့ ရွေးချယ်နိုင်ခဲ့ပြီး  နောက်ပိုင်းမှာ ပြည်တွင်း ပြည်ပက အလှူရှင်တွေကပါ သူတို့ကိုယ်စား မဲနှိုက်ပြီး ရွေးချယ်ပေးဖို့ တောင်းဆိုလာကြလို့ မဲနှိုက်လိုက်တာ။ အခု မဲမနှိုက်ရသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ကျန်ပါတော့တယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုကို ၁၉၉၃ ခုနှစ်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား တဦးလျှင် တလ ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးနေရာမှ အလှူငွေတိုးမြင့် ရရှိလာမှုကြောင့် မကြာမီတွင် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

NLD က ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ပါတီသို့ ဆက်သွယ် အမည်စာရင်းပေးထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းသာဖြစ်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ရှိနေသည်။

နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသည့် သံဃာတော်များကို ကူညီထောက်ပံ့ရေး လုပ်ဆောင်နေသည့် သာသနာ့ဥသျှောင်အဖွဲ့မှ ပြည်တွင်းတာဝန်ခံ ဦးဇ၀နက “ဦးပဉ္ဇင်းတို့ ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေတဲ့ သံဃာ ၂၅ ပါးစာရင်းကို မကြာမီကပဲ ထုတ်ပြန် အလှူခံထားတယ်။ တကယ်ဆို လူထုဆင်းရဲကြပ်တည်းမှုကို လျစ်လျူမရှုနိုင်လို့ မေတ္တာပို့ လမ်းလျှောက်ရာကနေ ဖမ်းဆီးခြင်းခံရတဲ့ သူတို့တွေဟာ မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့အတွက် အမည်ဖော်ပြီး လှူနိုင်သလို အမည်မဖော်ဘဲလည်း လှူနိုင်ပါတယ်” ဟု မိန့်သည်။

သာသနာ့ဥသျှောင်အဖွဲ့က ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေသည့် သံဃာ ၂၅ ပါး စာရင်းကို မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယခုအခါ ပြည်ပမှ တသီးပုဂ္ဂလအလှူရှင်များက သံဃာ ၈ ပါးအတွက် တာဝန်ယူထားပြီဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက သံဃာတချို့ကို နိုင်ငံရေးပုဒ်မ မတပ်ဘဲ တခြားပုဒ်မတွေတပ်ပြီး ထောင်ချထားတာတွေလည်း ရှိတော့ တချို့သံဃာတွေက နိုင်ငံရေးအကျဉ်းသားစာရင်းထဲက လွတ်နေတာတွေလည်း ရှိတယ်” ဟု ဦးဇ၀နက မိန့်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း ကျောင်းတိုက်၌  နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို စုစည်းတွေ့ဆုံ အားပေးစကား ပြောဆိုခဲ့ပြီးနောက် မန္တလေးတိုင်းတွင်လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို အလှူရှင်များက ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။

မန္တလေးတိုင်း NLD စည်းရုံးရေးမှူး ဦးကိုကိုလေးက “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးတွေ လုပ်နေတာကို ရေဒီယိုကတဆင့် ကြားသိရလို့ဆိုပြီး လာလှူကြတဲ့သူတွေ ရှိလာပါတယ်။ အလှူငွေလည်း တိုးမြှင့်ရရှိလာပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးရှိနေရာ NLD မှ ပေးအပ်သည့် တဦးလျှင် တလ ကျပ် ၅၀၀၀ အပြင် ဦးကိုကိုလေး သီးသန့်စုဖွဲ့ထားသည့် နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ယက်မှလည်း တဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးနေကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ကတော့ လစဉ်ထောက်ပံ့တာတော့ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ တလုံးတခဲတည်း ရရှိနိုင်ပါစေတော့ဆိုပြီး တဦးကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးတာပါ။ အခု ကူညီပေးပြီးတာ နိုင်ငံရေးအကျဉ်းသား ၃၀ ရှိသွားပါပြီ။ အလှူငွေတွေ ထပ်ရရင်လည်း ထပ်တိုးပေးသွားမှာပါ” ဟု ဦးကိုကိုလေးက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် မြန်မာရေးရာအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ထောက်ပံ့သွားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီး စင်ကာပူရောက် မြန်မာမိသားစုများကလည်း နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် နိုင်ငံရေးအကျဉ်းသား ကူညီရေး ဆောင်ရွက်နေသူတဦးက “စင်ကာပူမှာ ရှိနေတဲ့ မြန်မာမိသားစုတွေကလည်း အရင်ကတည်းက ထောက်ပံ့ပေးနေပါတယ်။ အခုလည်း NLD က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား ၃၀ ကို လစဉ်ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။ အလှူရှင်ပိုများလာရင် ပိုထောက်ပံ့ပေးသွားမှာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပြီး မကြာသေးမီက ပြည်ထောင်စု လွှတ်တော်တွင်  နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် ပြည်ပရောက် မြန်မာအတိုက်အခံများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဆိုနှစ်ခုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးသိန်းညွှန့်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်အမတ်တချို့က တင်သွင်းခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပေ။
Comments (2)Add Comment
0
reqt address
written by koekoe, March 09, 2011
Pls send to me how can i contact and donate in side myanmar.
How can i contact person or ph no. or email?
0
နယ်သာလန်က အလျူ
written by U Aung Min, March 08, 2011
နယ်သာလန်နိုင်ငံ မင်္ဂလာဒါန လူမူရေး အသင်းကလည်း မတ်လကုန်မှ စတင် ပြီး တတ်အားသရွေ့ ထောက်ပံ့ ကူညီသွားမည်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်