ဗိုလ်မှူးကြီး စောကျော်သက်သည် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် နေထိုင်သော SSA တောင်ပိုင်း ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းသို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်း တွေ့ဆုံ ဆွေးနွေးပွဲကို DKBA မှ စောကျော်သက် အပါအ၀င် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ကိုယ်စားလှယ် တချို့ တို့ တက်ရောက်ခဲ့ပြီး စစ်ရေး ကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း DKBA မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီ သို့ ပြောသည်။
SSA တောင်ပိုင်း အနေနှင့် စစ်ရေး အတွက် လိုအပ်သည့် အကူအညီများ ပေးရန် သဘောတူခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့ဝင် များသည် ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိက လှုပ်ရှားနေသော တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော် (MTA) မှ ခွဲထွက် အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်း SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA တောင်ပိုင်း တွင် တပ် အင်အား ၇၀၀၀ ကျော် ရှိကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့ခဲ့ကြသော်လည်း SSA တောင်ပိုင်း ပါဝင်ခဲ့ခြင်း မရှိပေ။
အဆိုပါ မဟာမိတ် အဖွဲ့တွင် ချင်း အမျိုးသားတပ်ဦး(CNF)၊ ကချင်လွတ် မြောက်ရေး တပ်မတော်(KIA)၊ ကရင်နီ အမျိုးသား တိုး တက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန် ပြည်သစ် ပါတီ(NMSP) နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တို့ ပါဝင်ကြသည်။
နောက်ဆုံး ရရှိသည့် သတင်းများအရ ယနေ့ နံနက်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီခရိုင် ကျောက်ခက် ဒေသအတွင်း DKBA တပ်များ စစ်ရေးလှုပ်ရှားသည့် နေရာများသို့ နအဖ တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိကြောင်း ဗိုလ်မှူး စန်းအောင်က ပြော သည်။
“မြ၀တီကြားက ဝေါ်လေဒေသကို သူတို့ရိက္ခာသယ်ရမယ်၊ ဒီလမ်းကြောင်းကို သူတို့ရှင်းနေတယ်၊ ပြောက်ကျားစနစ်နဲ့ နေ့တိုင်း တိုက်နေတယ်”ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာ အင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။
Set as favorite
Bookmark
Email this
Hits: 4583
Comments (1)

Write comment
| < Prev | Next > |
|---|







