“ဒူဘိုင်းမှာ သံရုံးမရှိတော့ Passport သက်တမ်း တိုးမယ် ဆိုရင် အီဂျစ် ကိုပို့၊ မပို့ရင် ဆော်ဒီကို ပို့ရတယ်၊ အဲဒီ လိုမျိုး ကျတော့ အလုပ်က နည်းနည်း ရှုပ်သွားတယ်၊ သက်တမ်း တိုးရမှာက တမျိုး၊ အခွန် ဆောင်ဖို့ အတွက်က တမျိုး အလုပ် ရှုပ်ရတယ်”ဟု ဒူဘိုင်း နိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာ နိုင်ငံသား တဦးက ပြောသည်။၎င်းကပင် ဆက်လက်၍ အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံးတွင် Passport သက်တမ်း တိုးရန် အဆင်ပြေ သော်လည်း အခွန်ဆောင်ရန် အတွက် သတိထားရန် လိုအပ်ကြောင်း ဆက်လက် ပြောဆိုသည်။
“အမေရိကန် ဘဏ်တွေနဲ့ ချိတ်ထားတဲ့ ဘဏ်ကနေ ဆောင်မယ် ဆိုရင် ပိုက်ဆံ မရောက် တော့ဘူး၊ အခွန် ဆောင်ဖို့ အတွက်ကို အစိမ်း (အမေရိကန် ဒေါ်လာ) ၅၀၀၊ ၆၀၀ လောက် ပေးရတော့ ကြားထဲမှာ ပျောက်သွားရင် ပြဿနာ ရှိတယ်၊ ဆော်ဒီကို ကျတော့ ပိုက်ဆံလွှဲ ရတာ အဆင်ပြေတယ်၊ ဒါပေမယ့် သံရုံးက အလုပ်မလုပ်ဘူး၊ အခုဆိုရင် သူတို့တွေ အလုပ်မလုပ်တာ တလလောက် ရှိပြီ” ဟု ၎င်းက ဆိုသည်။
Passport သက်တမ်းတိုးခြင်းကို အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်မသွားကြဘဲ စာတိုက်မှ တဆင့်သာ ပို့ဆောင်၍ သက်တမ်းတိုးကြောင်း ဒူဘိုင်းနိုင်ငံရှိ ဟိုတယ်တခုတွင် အလုပ်လုပ်နေသူတဦးကပြောသည်။
၎င်းက “ဒီကမြန်မာတွေ အားလုံးလိုလိုက သံရုံးကို ကိုယ်တိုင် မသွားကြဘူး၊ စာတိုက်ကနေပို့ကြတယ်၊ အဲဒီလိုပို့ရင်တော့ စာအုပ်မှန်း မသိအောင် ထုပ်ပိုးပြီး ပို့ကြတယ်၊ စက္ကူနဲ့ အရင်ဆုံးပတ်တယ်၊ ပြီးမှ စာအိတ် ထဲ ထည့်တယ်၊ တချို့တွေ က လေးငါးခြောက်ယောက်စုပြီး ပါဆယ်ထုပ်နဲ့ ပို့ကြတယ်”ဟု ပြောသည်။
အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးမှလည်း သက်တမ်းတိုးရန်အတွက် Passport များ ပို့မည် ဆိုပါက ပစ္စည်းပို့ဆောင်ပေးသည့် ကုမ္ပဏီတခုဖြစ်သော DHL ကုမ္ပဏီကို အသုံးမပြုရန် မြန်မာများကို မှာကြားထားကြောင်းလည်း သိရှိရသည်။
“စာအုပ်ပို့တော့မယ်ဆိုရင် DHL နဲ့မပို့ဖို့ သံရုံးကလူတွေကိုယ်တိုင် မှာထားတာမျိုးရှိတယ်၊ အဲဒါနဲ့ ပို့တာက ပစ္စည်းတွေ ပျောက်တယ်လေ”ဟု ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတဦးကပြောသည်။
ဒူဘိုင်းတွင် မြန်မာများ ကြုံရလေ့ရှိသော ပြဿနာများမှာ အေးဂျင့်များ၏ မမှန်မကန် ပြုလုပ်မှုများဖြစ်သည်ဟု ဒူဘိုင်းမှ မြန်မာနိုင်ငံသား ဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။
“မြန်မာပြည်မှာ စာချုပ်ချုပ်တုန်းကတော့ အေးဂျင့်တွေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ လုပ်ရမယ် ဘာညာ ဆိုပြီး စာချုပ်ချုပ်လိုက်တယ်၊ ဒီရောက်လာတော့ shopping mall လိုနေရာမျိုးတွေ ဖြစ်နေတယ်၊ အဲဒီလိုဆိုရင် အလုပ်လုပ် ရတဲ့ သူအတွက် နေစရာ အဆောင်ငှားရတော့မယ်၊ အဲဒီမှာ သူ့အတွက် ပိုက်ဆံက မကျန်တော့ဘူး”ဟု အဆိုပါ ဟိုတယ် ဝန်ထမ်းက ဆိုသည်။
ဒူဘိုင်းတွင် မြန်မာနိုင်ငံသားများ၏ သာရေး၊ နာရေးကိစ္စများကို Myanmar in Dubai နှင့် သာသနာ့ရောင်ခြည် ဟု ခေါ်သည့် အဖွဲ့နှစ်ဖွဲ့တို့မှ အဓိကဆောင်ရွက်နေပြီး မြန်မာတို့၏ အဓိကပွဲတော်ဖြစ်သော သင်္ကြန်ပွဲတော်ကိုလည်း ယင်းအဖွဲ့နှစ်ဖွဲ့တို့မှ ကမကထပြု ကျင်းပကြကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံသားများသည် ဒူဘိုင်းတွင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင် နေကြပြီး မြန်မာနိုင်ငံသားတဦး၏ လစာငွေသည် အနိမ့်ဆုံး ၈၀၀ ဒါဟမ် (Dh) (၂၁၈ ဒေါ်လာ) မှ အမြင့်ဆုံး ၇၀၀၀ ဒါဟမ် (Dh) (၁၉၀၆ ဒေါ်လာ) ခန့် ရရှိသည် ဟုလည်း သိရှိရသည်။
ဒူဘိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်လိုမှုများသည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ကျဆင်းလာ သောကြောင့် ရန်ကုန်မြို့တွင်းရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အချို့သည်လည်း အဆိုပါ နိုင်ငံသို့ အလုပ် သမား ပို့ဆောင်ပေးမှုကို ရပ်နား ထားရကြောင်း ပြည်တွင်း ဂျာနယ်တစောင်က ဖော်ပြထားသည်။
ဒူဘိုင်းနိုင်ငံတွင် လက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများမှာ ၂၀၀၀ မှ ၃၀၀၀ ကြား ရှိကြောင်းနှင့် အခြား နိုင်ငံသားများဖြစ်သော နီပေါနှင့် ဖိလစ်ပိုင် နိုင်ငံသားများလည်း ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
Set as favorite
Bookmark
Email this
Hits: 6038
Comments (2)

written by ko shwe, July 30, 2010
ပြေလည်အောင်ဖြေရှုင်းေ ပးနိုင်ရင် ကောင်းမှာ သက်တမ်း ကုန်တောမှာ မိုလို့ လစာက ကောင်းနေေ သးတော့ ပြန်ချင်ေ သးဘူးဗျ
written by a guest, July 30, 2010
dear sirs,
i am sorry to read of the inconviniences of our nationals in dubai. i had served in our embassy in riyadh, saudi arabia and have now transferred to cairo.
the temporary halt of consular services in riyadh was because all myanmar missions worldwide switched its consular services to machine readable system . the consular staff had to be trained first and after that , the machines were sent to each mission from germany. these processes took time and actually , all mm nationals were forewarned of the temporary slowing down. in early july , just before i left, all machines safely arrived at our riyadh mission , and they probably would be in running condition by august.
cairo was the hub of the training center in the midle east and europe region and therefore , was among the first missions to run the machine readable systems .
we had discouraged our nationals to use the DHL because the company had said that it cannot take responsibility of any losses. the US FEDEX mailing system runs in egypt and will so too in dubai , i am sure. we encourage our nationals in dubai to use that mailing service.
once again , we are sorry for any inconviniences .
thanking you,
a burmese diplomat in middle east

Write comment
| < Prev | Next > |
|---|