ဒု ၀န်ကြီး လက်မှတ်ထိုးမှ သံဃာများ ပြည်ပထွက်ခွင့်ရ

E-mail Print
သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုအပြီးမှစ၍ နအဖ စစ်အစိုးရက တင်းကျပ်စွာ ကိုင်တွယ် လျက် ရှိရာ ဇူလိုင် ၆ ရက်နေ့မှစ၍ သာသနာရေး ဒု ၀န်ကြီးကိုယ်တိုင် လက်မှတ်ထိုး ပေးမှသာ ခွင့်ပြုချက်ရမည် ဖြစ်ကြောင်း သိရသည်။

“အခု ပတ်စ်ပို့အသစ်လုပ်တဲ့ သံဃာတွေရော ၊ ပတ်စ်ပို့ သက်တမ်းတိုးတဲ့သံဃာတွေရော သာသနာရေး ဒုဝန်ကြီး လက်မှတ်ပါမှ ပတ်စ်ပို့ရုံးက လုပ်ပေးတယ် ၊ နောက်ပြီး သံရုံးကို ဗီဇာဝင်တဲ့အခါမှာလည်း သာသနာရေးဒုဝန်ကြီးရဲ့ လက်မှတ်ပါရမယ်လို့ ထုတ်ပြန် ထားတယ် ၊ သံဃာတွေ ပြည်ပထွက်ခွာခွင့်က တစထက်တစ ပိုတင်းကျပ်လာတယ်"ဟု ရန်ကုန် သံဃာတော်တပါးက မိန့်သည်။

monk_protest07ယခင်က သံဃာတော်များ ကြွရောက်မည့်နိုင်ငံသံရုံးသို့ ဗီဇာဝင်ရာတွင် သာသနာ ထွန်းကားပြန့်ပွားရေး ဦးစီးဌာန(သာ-ထွန်း-ပြန့်) ၏ ထောက်ခံချက်လိုသော်လည်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ရာတွင်မူ မလိုခဲ့ကြောင်း သိရသည်။

မကြာမီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် သံဃာတော်တပါးက “ဒီလပိုင်းမှ တိုးလာတာက ပတ်စ်ပို့လုပ်ရာမှာ ဒုဝန်ကြီး သူရအောင်ကို လက်မှတ်ပါမှ ၊ သံရုံးဗီဇာအတွက်လည်း ဒုဝန်ကြီးလက်မှတ်ပါမှ ၊ ဒုဝန်ကြီးလက်မှတ်ရဖို့ကလည်း အောက်က ဗိုလ်မှူးရဲရင့်စိုးအပါအ၀င် ညွှန်ကြားရေးမှူးတွေရဲ့လက်မှတ် ရဖို့ လိုသေးတော့ ပြည်ပကို ထွက်ပြီး စာသင်မယ့် သံဃာ တွေ အတွက်က တကယ့် အခက်အခဲ ၊ ပြည်ပကို မကြာခဏထွက်နေတဲ့ ဆရာတော်ကြီးတချို့တောင် အခုလို မူပြောင်းလိုက်တဲ့ အတွက် အချိန်ကြန့်ကြာနေရတာတွေ ရှိတယ်လို့ ဦးပဉ္ဇင်း တို့ ကြားရတယ်"ဟု မိန့်သည်။

သံဃာတော်များ ပတ်စ်ပို့ပြုလုပ်ခွင့်နှင့် ပြည်ပထွက်ခွာခွင့်အတွက် ဒုဝန်ကြီးလက်မှတ်ပါမှသာ ခွင့်ပြုကြောင်းကို သာ-ထွန်း-ပြန့် မှ အရာထမ်းတဦးက အတည်ပြုသော်လည်း ဒုဝန်ကြီးလက်မှတ်ရရှိရန် ကြန့်ကြာခြင်း မရှိပါဟု ဆိုသည်။

“လေးငါးရက်နဲ့ ရနိုင်ပါတယ် ၊ ဆရာတော်ကြီးတွေဆို မကြာပါဘူး ၊ စာသင်သား သံဃာတွေအတွက်ကတော့ ထေရုပ္ပတ္တိကိုပါ  သေချာစစ်ရတာတော့ ရှိမှာပေါ့"ဟု ၄င်းက ပြောသည်။

နအဖ စစ်အစိုးရသည် ၂၀၀၉ ခုနှစ် ဇွန်လအတွင်းကလည်း သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ယာယီပိတ်ထားခဲ့ဖူးပြီး ၂၀၀၉ အောက်တိုဘာလမှစ၍ ပြည်ပထွက်ခွာမည့် သံဃာတော်များ၏ ထေရုပ္ပတ္တိကိုပါ တောင်းယူလာသည်။

“ဦးပဉ္ဇင်း တို့ သံဃာတွေ ပြည်ပထွက်ခွာခွင့်ကို တစထက်တစ တင်းကျပ်လာတာဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ သံဃာတွေ ပြည်ပထွက်ပြီး လှုပ်ရှားမှုတွေ လုပ်မှာစိုးလို့ ထင်တယ် ၊ သံဃာတွေကို ကြည်ညိုလို့ ပြည်တွင်းက အထွက်မခံတာတော့  မဖြစ်နိုင် ဘူး"ဟု ဘန်ကောက်ရှိ စာသင်သားသံဃာတော်တပါးက မိန့်သည်။

စစ်အစိုးရနှင့် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

မကြာမီက ဘန်ကောက်သို့ ရောက်ရှိလာသည့် သံဃာတော်က"ဒီနှစ် ရန်ကုန်မှာဆိုရင် ဘုန်းကြီးကျောင်းလေးကနေ စာသင်တိုက် အကြီးကြီးတွေအထိ ၀ါဆိုမယ့် သံဃာတွေကို ကြံ့ဖွံ့ကနေ တကျောင်းဆင်း တကျောင်းတက် ဓာတ်ပုံလိုက်ရိုက်တယ် ၊ အထဲမှာ နေရတဲ့ သံဃာတွေလည်း ကောင်းကောင်းစာဝါ မလိုက်ရဘူး ၊ အာရုံပျက်ကြရတယ်"ဟု မိန့်သည်။


နအဖ စစ်အစိုးရသည် သံဃာတော်များအား ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းအပြီးမှစ၍ တင်းကျပ်စွာ ကိုင်တွယ်လျက်ရှိပြီး သံဃာတော်များ၏ လှုပ်ရှားမှုကိုစောင့်ကြည့် ချုပ်ကိုင်နိုင်ရန်၂၀၀၈ ခုနှစ်တွင် သာသနာ့ဝန်ထမ်းကတ်ပြား(သံဃာမှတ်ပုံတင်) အသစ် ထုတ်ပေးခဲ့သည်။

ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သော အရှင်ဂမ္ဘီရကို စစ်အာဏာပိုင်များက ၂၀၀၇ နိုဝင်ဘာ လဆန်းတွင် ဖမ်းဆီးခဲ့ပြီး အမှုပေါင်း ၁၇ မှုနှင့် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခဲ့သည်။

အယူခံဝင်သော်လည်း ထောင်ဒဏ် ၅ နှစ်သာ လျှော့ပေးခဲ့ပြီး ထောင်ဒဏ် ၆၃ နှစ်ဖြင့် စစ်ကိုင်းတိုင်း ကလေးထောင်တွင် အကျဉ်းချထားသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော သံဃာတော် အပါး ၂၅၀ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
Comments (1)Add Comment
0
A challange to Sanhga
written by Ko Maung, July 22, 2010
This is totally unacceptable. This new regulation is Than Shwe's War Declaration against all Buddhist monks inside and out side of Burma.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်