လွန်ခဲ့သည့် တပတ်ကျော်၌ စာပေစိစစ်ရေးက ဂျာနယ် အယ်ဒီတာ တချို့ကို ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ရွေးကောက်ပွဲနှင့် ဆိုင် သော သတင်းကို ယခုတပတ်ထုတ် ဂျာနယ်များတွင် ဖော်ပြခွင့်ပေးခဲ့သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးက ဧရာဝတီသို့ ပြောသည်။
“ဘယ်လောက် အတိုင်းအတာထိ ရှိလဲဆိုတော့ အခု NLD(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)က၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်ဆိုတဲ့ ဟာမျိုး၊ တချို့ကတော့ ဦးသုဝေ အင်တာဗျူး၊ ဒေါ်ချိုချိုကျော်ငြိမ်း အင်တာဗျူး အဲဒါမျိုးလေး တွေပေးတယ်” ဟု ၎င်းက ပြောသည်။
အင်တာဗျူးများကို အားလုံးဖော်ပြခွင့်မရကြောင်း စာပိုဒ် တပိုဒ်ချင်း သို့မဟုတ် အပုဒ်လိုက် ဖြတ်တောက်မှုများရှိကြောင်း ၎င်းက ဆိုသည်။
ယခုတပတ် အတွင်း ထုတ်ဝေခဲ့ကြသည့် The Voice Weekly အပါအ၀င် Flower News နှင့် တချို့အပတ်စဉ်ထုတ် သတင်းဂျာ နယ်များတွင် ရွေးကောက်ပွဲ ဥပဒေနှင့် ဆိုင်သော သတင်းများ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
“ဂျာနယ်တွေမှာ ဖော်ပြခွင့်ရတယ်ဆိုတာ တော်တော်ကြီးတော့ မဟုတ်ပါဘူး၊ အကန့်အသတ်ပါပဲ၊ အကန့် အသတ်ဆိုတာက ဘက် ပေါင်းစုံကနေ မျှမျှတတဖြစ်အောင် လုပ်ပေးတာပေါ့၊ အခုထွက်လာတဲ့ ဥပဒေအပေါ် ဘယ်လိုသုံးသပ်လဲ အားသာချက် ဘာညာ၊ အားနည်းချက်တွေကို ဝေဖန်ထောက်ပြတဲ့ ဟာတွေဆိုရင် မရဘူး အဲဒီလိုမျိုးရှိတယ်”ဟု ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ယခုပြဋ္ဌာန်းလိုက်သော ရွေးကောက်ပွဲ ဥပဒေတွင် ပါတီများအပေါ် ရွေးကောက်ပွဲကော်မရှင်က တင်းကျပ်သော ထိန်းချုပ်မှုများ ရှိ သည်ဟု ဥပဒေပညာရှင် တချို့က သုံးသပ်ကြသည်။
ထိုကဲ့သို့ ထိန်းချုပ်မှုများ ရှိနေသောကြောင့် သတင်း မီဒီယာများက စောင့်ကြည့်ရေးသားရန် လိုအပ်သော်လည်း စာပေစိစစ်ရေး ကြောင့် ပြည်တွင်းမီဒီယာများတွင် ဖော်ပြနိုင်ခြင်း မရှိပေ။
ရန်ကုန်ရှိ သတင်းထောက်အများစုက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ပွင့်လင်းစွာ ထုတ်ဖော် ရေးသားခွင့် ရလို ကြကြောင်း ပြောဆိုကြသည်။
အစိုးရက လွတ်လပ် ပွင့်လင်း တရားမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ကတိ ပေးထားသော်လည်း ယခုအချိန် အထိ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မရသေးကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 2666
Comments (0)

Write comment
| < Prev | Next > |
|---|







