Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။
ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။
ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။
နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။
၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 5384
Comments (1)

Write comment
| < Prev | Next > |
|---|







