မပြီးဆုံးသေးတဲ့ ကရင့် တော်လှန်ရေး

E-mail Print
ဒီအပတ်မှာ ကျရောက်တဲ့ (၆၁) နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား တပ်မတော် (KNLA) ရဲ့ တပ်မဟာ (၆) ဋ္ဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကရင်လူမျိုး အရပ်သားနဲ့ ရဲဘော် (၂၀၀) ခန့် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

အခမ်းအနား ကျင်းပရာ မြန်မာ - ထိုင်း နယ်စပ် အနီးက တောင်ကြော တခုရဲ့ထိပ်မှာ ဗျူဟာမြောက် တည်ထားတဲ့ စခန်းတခုလုံး စိတ်လှုပ်ရှားမှု တွေနဲ့ ပျံ့လွင့်လို့ နေပါတယ်။ ရဲဘော်တွေက ရယ်ရယ် မောမောနဲ့ ရှိနေကြပြီး တချို့ဆိုရင် ပုခက်လွှဲစီးရင်း ဂစ်တာ တီးနေတာကို တွေ့ရပါတယ်။ အလည်လာသူ တွေကတော့ တနေရာကနေ တနေရာ ကူးချည် သန်းလှည့် လုပ်ရင်းနဲ့ သူတို့ရဲ့ မိတ်ဆွေ တွေကို ဓာတ်ပုံ ရိုက်ယူ နေကြပြီး မိသားစုဝင် တွေကလည်း သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ အတူ ပျော်ပျော် ပါးပါး ရှိနေကြပါ တယ်။

တချို့ရဲဘော် တွေဆိုရင် ကရင့် တော်လှန်ရေး နေ့မှာ ပျော်ပျော် ရွှင်ရွှင် တရက်လေး အနားရဖို့ သူတို့ရဲ့ရှေ့တန်း နေရာတွေ တည်ရှိရာ တောနက် ထဲကနေ မကြာခင်ကမှ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ်လို့ ဆိုနိုင်ပေမယ့် တပ်မဟာရှိတဲ့ နေရာက တိုးတက်သော ဗုဒ္ဓာဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နဲ့ အစိုးရ တပ်တွေရဲ့ စခန်းတွေနဲ့ နီးတာမို့ အမြဲတမ်း လုံခြုံရေး အထူးဂရု စိုက်ရတဲ့ နေရာဖြစ်ပါတယ်။


ကျနော်တို့ တပ်မဟာကို အသွား တောင်ကုန်း ထိပ်တခုပေါ်က မြေပြန့်လေးပေါ် ခြေချမိချိန်မှာတော့ ကျနော့် ခရီးဖေါ် စောမူတူးက "DKBA စခန်းက အဲ့ဒီ တောင်တွေရဲ့ ဟိုဘက်လေးမှာပဲလေ၊ အဲ့ဒီဘက်ကို ဆက်သွားရင် အရမ်း အန္တရာယ်ကြီး သွားပြီ"လို့ ကျနော့်ကို ပြောပြပါတယ်။

ကရင့် တော်လှန်ရေး နေ့ရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး တော့လည်း သူက"ဒီအချိန်ဟာ ကရင်လူထုကို ကာကွယ်ရင်း ဘ၀တွေ ပေးဆပ် သွားကြတဲ့ သူတွေကို ကျနော်တို့ အမှတ်ရ နေရမယ့် အချိန် ပြီးတော့ ကျနော်တို့ ဘာ့ကြောင့် ဒီနေရာကို ရောက်နေ ရသလဲ ဆိုတာကို သတိရ နေရမယ့် အချိန်ပဲဖြစ်တယ်"လို့ ပြောပါတယ်။

DKBA ဟာ စတင်ဖွဲ့စည်းကတည်းက KNLA အတွက် အဓိကပြဿနာတော်တော်များများကို ဖြစ်စေခဲ့တာပါ၊ KNLA ရဲ့စခန်းတွေ နယ်စပ်နဲ့ပိုနီးလာအောင် တွန်းပို့ခံရတာလည်း သူတို့ကြောင့်ပါပဲ။ မနှစ်တုန်းကလည်း DKBAအကူအညီနဲ့ နအဖက တပ်မဟာ (၇) ဋ္ဌာနချုပ်ကို သိမ်းယူခဲ့ပါသေးတယ်၊ အဲ့ဒီတိုက်ခိုက်မှုက KNLA  ရဲ့ တပ်မဟာ (၅) နဲ့  (၆) ဆက်သွယ်မှုလမ်းကြောင်းကို ဆိုးဆိုး ၀ါးဝါး ပြတ်တောက်စေခဲ့ပါတယ်။

အခုဆိုရင် DKBAတပ်တွေဟာ နအဖတပ်တွေရဲ့ ရှေ့မှာနေရာယူထားပြီး တပ်မဟာ (၅) ကို အတူချီတက်နေကြပါပြီ။ သူတို့ဟာ တပ်မဟာဋ္ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မိုင်းရှင်းတာတွေကိုလည်း လုပ်နေကြပါပြီ။ ဒီစစ်ဆင်ရေးက KNLA အတွက် နောက်ထပ်နယ်မြေတခု ဆုံးရှုံးသွားနိုင်တဲ့အနေအထားကို ဦးတည်နေပါတယ်။

ဒါပေမယ့် KNLA ခေါင်းဆောင်တွေကတော့ သူတို့ မမှုဘူးလို့ဆိုပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ သားကြီး ဗိုလ်မှူးကြီး နယ်ဒါမြ က KNLA မှာ နည်းဗျူဟာအသစ်တွေရှိတာမို့ လာမယ့် ဒီနှစ်စစ်ပွဲတွေမှာ KNLA က အသာစီးရမယ်လို့ သူ့အနေနဲ့ယုံကြည်စိတ်ချမှုရှိကြောင်း ပြောပါတယ်။

"တပ်မဟာ (၇) ဋ္ဌာနချုပ်ကို လက်လွှတ်လိုက်ရတာဟာ ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး၊ သူတို့ နယ်မြေရသွားတာကို ကျနော်တို့ စစ်ရှုံးတယ်လို့ မဆိုနိုင်ပါဘူး"လို့ သူကရှင်းပြပါတယ်။

တော်လှန်ရေးနေ့အခမ်းအနားပြီးလို့ စစ်ရေးပြကွင်းမှာ လူတွေရှင်းသွားတဲ့အချိန် ခုံတန်းတခုမှာ ထိုင်မိကြတော့ သူက "ကျနော်တို့ က ပြောက်ကျားတပ်ဖြစ်တယ်၊ တကယ်လို့ ကျနော်တို့က နယ်မြေ အကျယ်ကြီးကို ထိန်းထားတယ်ဆိုရင် အစိုးရတပ်တွေအတွက် အဲ့ဒါကို ပြန်သိမ်းဖို့လွယ်တယ်လေ၊ အခုတော့ ကျနော်တို့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး နည်းဗျူဟာအသစ်၊ တပ်မဟာအသစ်တွေနဲ့ လှုပ်ရှားနေကြတာ"လို့ ဆက်ပြောပါတယ်။

KNLA ရဲဘော်တွေရဲ့ စိတ်ဓာတ်ရေးရာမြင့်မားမှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သူယုံကြည်ကြောင်း နယ်ဒါမြက ပြောပါသေးတယ်။

"DKBAက ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တိုက်တာ၊ ဒါပေမယ့် KNLAကတော့ သူတို့ ပြည်သူလူထုအတွက် တိုက် တာ ဖြစ်တယ်၊ ကျနော်တို့ တိုက်ပွဲက ပြည်သူလူထုအတွက်ဖြစ်တယ်"လို့ သူကဆိုပါတယ်။

တခြားရဲဘော်တွေကလည်း နယ်ဒါမြနဲ့ ဆင်ဆင်တူတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြကြပါတယ်။ စောချူချူက တီးလက်စ ဂစ်တာကို ရပ်လိုက်ပြီး သူ့စားသောက်ဆိုင်မှာ ကရင်အလံချိတ်မိတဲ့အတွက် သူအဖမ်းခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့မျိုးချစ်စိတ် ထက်သန်မှုအတွက် အစိုးရရဲဘော်တွေရဲ့စော်ကားမှုကို ခံခဲ့ရကြောင်း ကျနော့်ကို ပြောပြပါတယ်။

"ကျနော့်ပြည်သူကို ကျနော်ချစ်တယ်၊ ပြီးတော့ ကရင်ဖြစ်ရတာကို ကျနော်ဂုဏ်ယူတယ်၊ ဒါပေမယ့် ဗမာအစိုးရက ခွင့်ပြုမှာ မဟုတ်ဘူး"လို့ သူကဆိုပါတယ်။

"ကျနော်က ကျနော့်ဆိုင်ကလေးကို ဂရုစိုက်ရင်း ရော့ခ် အင်န် ရိုးလ် သီးချင်းတွေကို ဆိုချင်နေခဲ့တာပါ၊ ဒါပေမယ့် ကျနော်နေလို့ မရခဲ့ဘူး၊ ကရင်ပြည်နယ်မှာဖြစ်နေတဲ့ သတင်းတွေကြားရတာမို့ ကျနော်တို့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဒီကို ထွက်လာခဲ့တာ"လို့ သူကဆက်ပြောပါတယ်။

၂၀၁၀ အတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ဘာတွေဖြစ်မလဲလို့ ကျနော်ကမေးကြည့်တော့ တခြားရဲဘော်တယောက်ဖြစ်တဲ့ စောကီတိုးက DKBAရဲဘော် အများအပြား သေမှာပေါ့လို့ လွယ်လွယ်ပဲ ဖြေပါတယ်။

"ကျနော်တို့ ပြင်ဆင်ရင်းစောင့်နေကြတယ်၊ ကျနော်တို့ ရန်သူကို တချိန်လုံးစောင့်ကြည့်နေတယ်၊ မကြာခင် သူတို့ကို တိုက်ပြီးတော့ ကျနော်တို့ ကိုယ့်နယ်မြေ ကိုယ်ပြန်သိမ်းဖို့လုပ်နေကြတယ်"လို့ သူကဆိုပါတယ်။

စစ်ဆင်ရေးအစီအမံတွေက နယ်မြေသိမ်းပိုက်ရေးထက် ပြောက်ကျားနည်းဗျူဟာအပေါ် ပိုပြီး အခြေခံလာတာမို့ KNLA စခန်းတွေ ဟာ မကြာခဏဆိုသလို လက်လွှတ်ရလိုက် ပြန်သိမ်းလိုက် ဖြစ်နေတတ်ပါတယ်။ တပ်မဟာ (၆) ဋ္ဌာနချုပ်ဖြစ်တဲ့ ဝေါလေခီးကို ကေအဲန်အယ်လ်အေက ပြန်သိမ်းတဲ့အခါ ရဲဘော်တွေ စိတ်ဓာတ်ရေးရာ တက်လာတယ်လို့ ဗိုလ်မှူးကြီးနယ်ဒါမြက ပြောပါတယ်။ KNLA တပ်မှူးတွေရဲ့အဆိုအရ အဲ့ဒီတိုက်ပွဲမှာ KNLAဘက်က ရဲဘော် နှစ်ဦးကျဆုံးပြီး DKBAက(၇၂)ဦး သေဆုံးတယ်လို့ သိရပါ တယ်။

နိုင်ငံရေးနယ်ပယ်မှာတော့ KNLA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား ပြည်ပရောက် အစိုးရတရပ် ဖွဲ့စည်းဖို့ အဆိုပြုထားပါတယ်။ တကယ်လို့ အခုလိုမျိုး တစုတစည်းတည်းဖြစ်မယ်ဆိုရင် KNLA အနေနဲ့ အတိုက်အခံတပ်မတော် တရပ်ရဲ့အစိတ်အပိုင်းတခုအဖြစ် တခြား တိုင်းရင်းသားတပ်တွေနဲ့ ပိုနီးနီးကပ်ကပ် အလုပ်လုပ်နိုင်မှာဖြစ်ပါ တယ်။ အဲ့ဒီလို ပေါင်းစည်းမှုက KNLA ကို အခုထက်ပို အားကောင်း မောင်းသန် ဖြစ်လာစေပါလိမ့်မယ်။

KNU တွဲဖက်အတွင်းရေးမှူး စောလှငွေက "အခုအချိန်ဟာ တိုင်းရင်းသားလက်ကိုင်တပ်တွေအားလုံးနဲ့ အစိုးရတရပ်ဖွဲ့ဖို့ ကျနော်တို့ စုစည်းရမယ့် အချိန်ဖြစ်တယ်။ တိုင်ရင်းသားတပ်တွေမှာ သူတို့ ဒေသဆိုင်ရာ တာဝန်ဝတ္တရားတွေ ဆက်ရှိနေလိမ့်ဦးမယ် ဒါပေမယ့် အစိုးရတခုလုံးအတွက် တပ်မတော်တခုပဲ ရှိမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ KNU အတွက်တော့ ဒါဟာ ကျနော်တို့ ဖြစ်စေချင်တဲ့အရာပါ" လို့ ပြောပါတယ်။

ဒီနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွေကို တပ်မဟာအသီးသီးမှာ ကျင်းပတာဖြစ်ပါတယ်။ တပ်မဟာ (၆) က ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်ကြသူတွေထဲမှာ KNLA ရဲဘော်ဟောင်းတွေ အုန်းဖြန်မိုင် ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေနဲ့ အခြားဖိတ်ကြားထားသူတွေ ပါဝင်ပါတယ်။ အခမ်းအနားကိုပေးပို့တဲ့ KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ မိန့်ခွန်းကိုတော့ ကျောင်းသူလေးတဦးက ဖတ်ကြားပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ သူက KNU အနေနဲ့ ပဋိပက္ခကို နိုင်ငံရေး နည်းအရဖြေရှင်းဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြောင်း နအဖ က KNU ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း အရေးတယူ ထည့်သွင်းပြောကြားထားပါတယ်။

"KNU က စစ်အာဏာရှင်နဲ့ အခါးအားလျှော်စွာ အကြိမ်တော်တော်များများ စကားပြောခဲ့ပြီးပြီ။ ဒါပေမယ့် ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းဖို့ဆန္ဒမရှိတဲ့ စစ်အာဏာရှင်ကတော့ ကရင်ပြည်သူလူထုရဲ့ ခုခံမှုကို စစ်ရေးနည်းနဲ့အမြစ်ဖြတ်ဖို့ ဆက်ကြိုးစားနေတုန်းပဲ" လို့ သူ့ရဲ့ မိန့်ခွန်းစာထဲမှာ ထည့်သွင်းထားပါတယ်။

ကရင်တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်လာတဲ့ အုန်းဖြန်မိုင်က ကျောင်းသူလေး အိုးစူး ကတော့ အခမ်းအနားကို သစ်ပင်တွေအောက်မှာ ကျင်းပရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နဲ့ "ကျမတို့မှာ စင်ပေါ်မှာ ကျင်းပနိုင်တဲ့ အခွင့်အလမ်း မရှိဘူးလေ"လို့ ဆိုပါတယ်။

သူက "ဒါပေမယ့် ကျမတို့အခမ်းအနားလုပ်နိုင်တာမို့ ကျမတော့ အရမ်းပျော်တယ်" လို့ ဆက်ပြောပါသေးတယ်။

လူငယ်တော်တော်များများက လေ့လာသင်ယူမှုတွေပြီးရင် KNLA ထဲဝင်ဖို့ ဆန္ဒရှိကြောင်း ပြောပြကြပါတယ်။ တချို့ က ဋ္ဌာနချုပ်မှာ အလုပ်လုပ်ချင်ကြပြီး တချို့ကျတော့လည်း တိုက်ပွဲဝင်ရဲဘော်တွေ ဖြစ်ချင်ကြောင်း သိရပါတယ်။

KNLA မှာ ပြဿနာတွေရှိနေပေမယ့် ကရင်လူငယ်တွေကြားမှာတော့ သူတို့မှာ သူတို့လူထုအတွက် တာဝန်ရှိတယ်ဆိုတဲ့ စဉ်းစားမှုမျိုး ရှိနေပုံရပါတယ်။ KNLA ရဲဘော်တွေဟာ ယုံကြည်စိတ်ချမှု ရှိပုံပေါ်နေပြီး တပ်မှူးတွေကလည်း သူတို့ရဲ့ ဆန်းသစ်ပြောင်းလဲမှုနဲ့ နည်းဗျူဟာအသစ်တွေက အစိုးရရဲ့ ထိုးစစ်တွေကို ချေဖျက်နိုင်လိမ့်မယ်လို့ ပြောနေကြပါတယ်။

စစ်ရေးပြကွင်းကို ကျော်လွန်လို့ နေလည်းဝင်သွားပြီမို့ အရပ်သားတွေဟာ အတော်လေးလမ်းလျှောက်ပြန်ရမယ့် သူတို့ရဲ့အိမ်တွေ ဆီ ခြေဦးလှည့်ကြပါပြီ။

အဲဒီအချိန်မှာပဲ "မနှစ်က အခမ်းအနားကျင်းပဖို့ အခက်အခဲရှိတယ်၊ ဒီနှစ်တော့ ကျနော်တို့ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်"လို့ ခပ်တိုးတိုးပြောလိုက်တဲ့ KNLA ရဲဘော် တယောက်ရဲ့ စကားသံကို ကြားလိုက်မိပါတယ်။

Alex Ellge ရဲ့ A Visit with Karen Rebels on Revolution Day ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြပါတယ်။
Comments (4)Add Comment
0
ရင်နာမိတယ်....
written by စိတ်, February 05, 2010
တိုင်းရင်းသား ပေါင်းစုံနဲ့...ဖွဲ့စည်းထားတဲ့... ဒို့ မြန်မာပြည်မှာ....အခု အချိန်အထိ စည်းလုံးမှု မရသေးတာကတော့.. .. အရမ်းကို ရင်နာ မိပါတယ်။
တကယ်တော့ ... ကရင်လဲ မြန်မာ.. ဗမာလဲမြန်မာ ပါဘဲလေ...
0
သေချာတာကတော့
written by Tin Maung Win, February 03, 2010
ကရင် တော်လှန်ရေးက ကျဆုံးသွားပါပြီ လူမျိုးရေးကို အခြေခံခဲ့လို့ပါ ပြောက်ကျားစစ် ဆိုတာလည်း အလစ်ချောင်း မိုင်းထောင် တာတွေပါပဲ
0
အောင် ပါစေ
written by sa aung, February 03, 2010
ကရင့် တော်လှန်ရေကြီး အောင် ပါစေ
0
...
written by Poekwar, February 03, 2010
(၆၁)နှစ်ကြာ စစ်အစိုးရရဲ့ တွန်းလှန်မှုကို ခံနိုင်တာ ဂုဏ်ယူပါတယ်။ ကရင် လူမျိုးတွေ အနေနဲ့ စည်းလုံး ညီညွှတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အောင်မြင်မှု ရမှာပါ။ ယုံကြည်ချက် တခု အတွက် စည်းလုံးစွာနဲ့ ဆက်လက် တိုက်ပွဲ ၀င်နိုင်ပါစေ လို့ ဆုတောင်းပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်