မြန်မာ့ အမျိုးသမီးအရေး အလေးထားရန် တောင်းဆို

E-mail Print
မြန်မာ စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတွင်းရှိ အဖိနှိပ်ခံ အမျိုးသမီးများ အရေးကို အလေးထား ဆောင်ရွက်ရန် တောင်အာရှ အမျိုးသမီးများ အဖွဲ့က တောင်းဆိုတိုက်တွန်း လိုက်သည်။

တောင်အာရှနိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံမှ အမျိုးသမီးထုအရေးကို စစ်အစိုးရက အလေးထားမှုမရှိဘဲ ဖိနှိပ်မှုများ ဆက် လက်ဖြစ်ပေါ်နေသည်ဟုလည်း  နိုဝင်ဘာ ၃၀ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီတက္ကသိုလ် Sir Shanker Lal Concert Hall ၌ ယင်းအဖွဲ့က ကျင်းပသော ၇ နှစ်မြောက် တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသမီးတွေအရေးကို တကယ်ပဲ အလေးထားပြီး လုပ်ပေးဖို့ လိုနေပါတယ်။ နောက်ပြီးတော့ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးအတွက် လုပ်နေတဲ့သူတွေရဲ့ တောင်းဆိုနေတာတွေကိုလည်း ဖြည့်ဆည်းပေးပါလို့ ဒီနေရာကနေ ကျမတို့ တောင်းဆိုလိုပါတယ်”ဟု တောင်အာရှ အမျိုးသမီးများအဖွဲ့မှ Anchal Kapur က ဧရာဝတီသို့ပြောသည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသူ အမျိုးသမီးများအပေါ် ဖိနှိပ်နေမှုများ၊ အခြားဒေသများရှိ အမျိုးသမီးများ၏ အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးမှုများ မရှိခြင်း၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူ အမျိုးသမီးများကို ထောင်သွင်း အကျဉ်းချခြင်း၊ အကျဉ်းထောင် တွင်း၌ အမျိုးသမီး အခွင့်အရေးများ ဆုံးရှုံးရခြင်းတို့ကို ၎င်းက ထောက်ပြဝေဖန်သည်။

ထို့အတူ အိန္ဒိယနိုင်ငံ လေဒီရှရီရမ် ကောလိပ်ကျောင်းသူဟောင်းတဦးဖြစ်သည့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရ သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တစိတ်တ၀မ်းတည်းရှိကြောင်း အားပေး ပြောကြားလိုသည်ဟုလည်း  ဆိုသည်။

ဒေလီတက္ကသိုလ်၊ အမျိုးသမီးရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှု ပညာဌာနမှ ပါမောက္ခ Vibha Chaturvedi ကလည်း“ကျမတို့ တောင် အာရှ တိုင်းပြည်တွေက အမျိုးသမီးတွေအားလုံးဟာ တူညီတဲ့ ယဉ်ကျေးမှုတွေ ရှိကြသလိုပဲ ဖိနှိပ်ခံရမှုတွေမှာ လည်း အတူတူပဲ ဖြစ်တယ်။ တောင်အာရှ အမျိုးသမီးတွေအရေးကို နိုင်ငံတကာကလည်း ပစ်ပယ်မထားဖို့ လိုပါတယ်။ ဒီတောင် အာရှ အမျိုးသမီး နေ့ဆိုတာ ဖိနှိပ်မှုတွေခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ထပ်တူတစိတ်တ၀မ်းတည်းရှိနေတာကို ပြသလိုက်တာပါပဲ”ဟု ပြောသည်။

အိန္ဒိယ အစိုးရ အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေသော မြန်မာစစ်အစိုးရထံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ နေမှုကို ရပ်တန့်၍ မြန်မာ့ဒီမိုကရေစီရေးအတွက် ပူးပေါင်းပါဝင်သင့်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော Jawaharlal Nehru University မှ ပါမောက္ခ Kamal Mitra Chenoy ကလည်း တိုက်တွန်းပြောဆိုသွားသည်။

ယခုအခမ်းအနား တက်ရောက်လာသော နိုင်ငံအသီးသီးမှ အမျိုးသမီးအဖွဲ့များ၊ အမျိုးသမီးရေးရာ ဖွံ့ဖြိုးမှု လုပ်ဆောင်နေသူများက နိုင်ငံတကာမှ တောင်အာရှ အမျိုးသမီးများခံစားနေရသည်များကို လျစ်လျူရှုခြင်းမပြုရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ အမျိုးသမီး အခွင့်အရေးများကို လေးစားလိုက်နာရေး၊ လက်နက်နှင့် အနိုင်ကျင့်စိုးမိုးမှုများ ပပျောက်ရေး၊ လက်နက်  မှောင်ခိုနှင့် လက်နက်ရောင်းဝယ်ဖောက်ကားခြင်းများကို ရပ်တန့်ရန် လှုံ့ဆော်ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်ကလည်း“မြန်မာနိုင်ငံ အပါအ၀င် တောင်အာရှ နိုင်ငံတွေ အားလုံးမှာက အမျိုးသားတွေပဲ ကြီးစိုးတဲ့ ဖိုဝါဒ စနစ်က တူညီနေတယ်။ တချက် မတူတာကတော့ မြန်မာနိုင်ငံမှာက စစ်အစိုးရ ကိုယ်တိုင်ကိုက လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို လက်နက်သဖွယ်အသုံးချပြီး အမျိုးသမီး ထုကို ဖိနှိပ်မှုက ကြီးမားတယ်။ အခုလို တောင်အာရှအမျိုးသမီးတွေက ကျမတို့ကို ပူးပေါင်းတွဲခေါ်တာရှိတော့ ကျမတို့ အတွက် အားရှိပါတယ်”ဟု ပြောဆိုသည်။

မြန်မာစစ်အစိုးရက ဖွဲ့စည်းထားသော အမျိုးသမီးရေးရာအဖွဲ့မှာလည်း ထိရောက်သည့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေးများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း သူက ထောက်ပြပြောဆိုသည်။

အဆိုပါအခမ်းအနားတွင် မြန်မာတိုင်းရင်းသူ အမျိုးသမီးများခံစားနေကြရသည့် ဖိနှိပ်မှုများကို  မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ်မှ ဗီဒီယို မှတ်တမ်းခွေများဖြင့် တင်ပြခဲ့သည်။

ထို့အတူ တိဘက်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယ စသည့်နိုင်ငံများမှလည်း ဒေသ တွင်းရှိ အမျိုးသမီးများခံစားနေရသည်များ ကို တင်ပြခြင်း၊ ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ အခမ်းအနား အဆုံးသတ်ချိန်တွင် အဖိနှိပ်ခံ အမျိုးသမီးထုနှင့် ထပ်တူရှိကြောင်း ဖော်ပြသည့်အနေဖြင့် ဖယောင်းတိုင်မီးထွန်းညှိခြင်း တို့ကို ပြုလုပ်ကြသည်။

တောင်အာရှအမျိုးသမီးများနေ့ကို ၂၀၀၂ ခုနှစ်က တောင်အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာစသည့် နိုင်ငံများမှ ကျောင်းသူများက စတင်ကျင်းပခဲ့ကြပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်