အဆိုပါ SSA – N အဖွဲ့ကတင်ပြသည့် နယ်ခြားစောင့်တပ်တွင် ပါဝင်မည့် လူဦးရေနှင့် လက်နက်စာရင်းမှာ နည်းပါးလွန်း သည့်အတွက် စစ်အစိုးရက မကျေနပ်ခြင်းဖြစ်သည်ဟု(SSA – N) နှင့် နီးစပ်သူတဦးက ဧရာဝတီကိုပြောသည်။
“လူအင်အားထောင်ချီပြီး ရှိတဲ့အဖွဲ့က စာရင်းပေးတော့ လူ၂၀၀ ကျော်လောက်နဲ့ လက်နက်စာရင်းတချို့အပ်တော့ ဘယ်ကျေနပ်မှုရှိပါ့မလဲ”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်စနေနေ့က လားရှိုးမြို့တွင် ပြုလုပ်ခဲ့သော ယင်းအစည်းအဝေးကို စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် SSA – N အဖွဲ့မှ ဥက္ကဋ္ဌ စ၀်လွယ်မောင်း နှင့် စ၀်ကိုင်ဖှတို့သာ တက်ရောက်ခဲ့ပြီး အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်သည့် SSA – N တပ်မဟာ ၁ ၏ တပ်မဟာမှူး ဗိုလ်မှူးကြီး ပန်ဖမှာ အစည်းအဝေး တက်ရောက်ခြင်းမရှိကြောင်းသိရသည်။
SSA – N အဖွဲ့က တရုတ်နိုင်ငံနယ်စပ်အနီးရှိ နမ့်ခမ်း၊ မူဆယ်ဒေသ ၊သီပေါမြို့နယ် တပ်မဟာ ၃ဒေသ နှင့် ရှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့ နယ်အတွင်းရှိ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတို့တွင် နယ်ခြားစောင့် တပ်ဖွဲ့ စည်းမည် ဟု စစ်အစိုးရထံ အဆိုပြုခဲ့သော်လည်း ပါဝင်မည့်လူအင်အားမှာ ၃၀၀ခန့်သာတင်ပြခဲ့ကြောင်း SSA – N နှင့် နီးစပ်သူက ပြောသည်။
SSA – N အဖွဲ့သည် တပ်မဟာ ၃ခုဖြင့်ဖွဲ့စည်းထားပြီး အင်အား ၄၀၀၀ခန့်ရှိကြောင်းသိရသည်။
ဤကိစ္စနှင့်ပတ်သက်၍ (SSA – N) အဖွဲ့အားစစ်အစိုးရက အတင်းအကျပ်ဖိအားပေးရန်မဖြစ်နိုင်ကြောင်း၊ ဗိုလ်မှူးကြီး ပန်ဖသည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA – S နှင့် နီးစပ်သကဲ့သို့ ၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) အဖွဲ့နှင့်လည်း စစ်ရေးအရ အဆက်အသွယ်ရှိကြောင်း တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောသည်။
“စစ်အစိုးရကလည်း အဲ့သည့်အဖွဲ့ကို အတင်းအကျပ်ဖိအားမပေးရဲဘူး၊ ဗိုလ်မှူးကြီး စိုင်းရီ လုပ်သလို တောင်ပိုင်း SSA နဲ့ ပေါင်းသွားမှာကိုစိုးရိမ်တယ်”ဟု ၎င်းကပြောသည်။
၂၀၀၅ ခုနှစ်က ဗိုလ်မှူးကြီးစိုင်းရီ ဦးဆောင်သည့် အဖွဲ့က SSA-S နှင့် သွားရောက်ပူး ပေါင်းခဲ့ဖူးသည်။
တပ်မဟာ ၁ ( SSA – N )အဖွဲ့ အခြေစိုက်သည့် ကျေးသီး၊ မိုင်းနောင်ဒေသတွင် SSA မြောက်ပိုင်းတပ်များသာမက တောင်ပိုင်းတပ်များလည်း လှုပ်ရှားနေသည်ဟု အဆိုပါ SSA – N အဖွဲ့နှင့် နီးစပ်သူကလည်းဆိုသည်။
စစ်အစိုးရက ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ကိုလည်း အင်အားသုံးရာကျော်ပါဝင်သည့် နယ်ခြားစောင့်တပ် ရင်းသုံးရင်းသာ ဖွဲ့စည်ခွင့်ပြုမည်ဟု ပြီးခဲ့သည့်စနေနေ့က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ပြုလုပ်သည့် ဆွေးနွေး ပွဲတွင် ပြောဆိုကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှဦးစိန်ကြည်ကပြောသည်။
“ကျန်တဲ့အင်အားက ဒေသခံ ပုလိပ်နဲ့ပြည်သူ့စစ်လုပ်ရမယ်ထင်တယ်”ဟု ၎င်းကဆိုသည်။
UWSA အဖွဲ့ဘက်မှလည်း ၀နယ်မြေဖြစ်သည့် ပန်လုံးနှင့် မော်ဖဒေသတွင် လာရောက်တပ်စွဲထားသည့် စစ်အစိုးရတပ်များ ရုပ်သိမ်းပေးရန် ပြန်လည်တောင်းဆိုခဲ့သည်ဟုသိရသည်။
SSA-N အဖွဲ့နှင့် ဦးစိုင်းလင်းခေါင်းဆောင်သည့် အထူးဒေသ( ၄ ) မိုင်းလားအဖွဲ့တို၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးသည် အင်အားကြီးမားသည့်UWSA အဖွဲ့ အပေါ်တွင်မူတည်ကြောင်း၊ ၀တပ်ဖွဲ့မှ အဖွဲ့ငယ်များအား ဦးဆောင်ပြီး တသွေးတသံ တည်း ညီညွတ်စွာရပ်တည်နိုင်လျှင် စစ်အစိုးရအတွက် အခက်အခဲကြုံနိုင်သည်ဟု ဦးစိန်ကြည်ကသုံးသပ်သည်။
စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်ရေးကို ဒီဇင်ဘာလကုန်အထိ နောက်ဆုံးထားပြီး ဆုံးဖြတ်ရန်အတွက် UWSA အဖွဲ့၊ မိုင်းလားအဖွဲ့၊ SSA – N အဖွဲ့တို့ကို ပြောဆိုထားကြောင်းသိရသည်။
နယ်ခြားစောင့်တပ်ဖွဲ့ တစ်ဖွဲ့တွင် အရာရှိ အဆင့် ၁၈ဦးအပါအ၀င် အင်အား (၃၂၆) ပါဝင်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့်အရေးကြီးသည့် နေရာနှင့် ရုံးတာဝန်များတွင် မြန်မာ့တပ်မတော်မှ အရာရှိ ၃၀ခန့်ပါဝင်ရမည်ဟု စစ်အစိုးရက သတ်မှတ်ထားသည်။
Set as favorite
Bookmark
Email this
Hits: 6669
Comments (2)

Write comment
| < Prev | Next > |
|---|







