စစ်အစိုးရ နှင့် UWSA တို့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ပြီးခဲ့သည့် စနေနေ့ က တွေ့ဆုံ ဆွေးနွေးခဲ့ရာ မပြီးပြတ်သေးသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို အထူးအလေးပေး ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီတခါတော့ နယ်ခြားစောင့်တပ် ကိစ္စကို အပြတ်ဆွေးနွေးတာပဲ၊ ဒါပေမယ့် တဘက်နဲ့တဘက် တင်းမာမှုတော့ နည်းနည်းရှိတယ်။ တခြား အဖွဲ့တွေ လက်ခံကုန်ပြီ၊ ၀တပ်ဖွဲ့ပဲ ကျန်တော့တယ်လို့ပြောတယ်” ဟု UWSA နှင့် နီးစပ်သူ တဦးကပြောသည်။
ထိုဆွေးနွေးပွဲတွင် စစ်အစိုးရက အချက်သုံးချက် တင်ပြဆွေးနွေးခဲ့ပြီး ၀နယ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်နေခြင်း၊ UWSA အတွက် လက်နက်များ ထုတ်လုပ်နေခြင်း၊ စစ်သားစုဆောင်းနေခြင်းတို့ကို ရပ်ဆိုင်းရန် တောင်းဆိုကြောင်း၊ ထို့အပြင် UWSA အဖွဲ့က မူလတောင်းဆိုထားသည့် ၀ပြည်နယ်ဖွဲ့စည်းရေးသည်လည်း ၂၀၀၈ ခုနှစ် မေလက အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဖြစ်နိုင်တော့ဟု ငြင်းဆိုခဲ့ကြောင်း သူကဆက်ပြောသည်။
UWSA အဖွဲ့ကလည်း မူးယစ်ဆေးဝါး အမြစ်ပြတ်ရန် လုပ်ဆောင်နေကြောင်း၊ လက်နက် စက်ရုံနှင့်ပတ်သက်၍လည်း လူအင်အားနှစ်သောင်းကျော်ရှိသည့် တပ်ဖွဲ့တခုအတွက် မရှိမဖြစ်လိုအပ်သည့် စက်ရုံဖြစ်ကြောင်း အကြောင်းပြ ငြင်းဆိုခဲ့သည်ဟု သိရသည်။
အဆိုပါဆွေးနွေးမှုတွင် စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် တို့ပါဝင်ပြီး၊ UWSA ခေါင်းဆောင်ပိုင်းမှ ဒုဥက္ကဋ္ဌ ရှောက်ညီလျံ၊ ကျောက်ယုံကွမ်း၊ ဒုတိယစစ်ဦးစီးချုပ် အိုက်လွန်းနှင့် နိုင်ငံခြားရေးဆက်သွယ် ရေး ဌာနမှူး အိုက်ကောတို့ တက်ရောက်ကြောင်းသိရသည်။
စစ်အစိုးရသည် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N) အဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ SSA – N အဖွဲ့အနေဖြင့် နယ်ခြား စောင့်တပ်ဖွဲ့ဝင်စာရင်းကို စစ်အစိုးရအား ပေးအပ်ခဲ့သော်လည်း လူအရေအတွက် မပြည့်သည့်အတွက် စစ်အစိုးရက လက်မခံခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းစာမှ ဦးစိန်ကြည်ကပြောသည်။
မကြာသေးမီကလည်း ကိုးကန့်တပ်ဖွဲ့များက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလက်ခံခဲ့ပြီး ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ) အဖွဲ့တို့က နယ်ခြားစောင့်တပ် ရာထူးအပ်နှင်းခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 4919
Comments (0)

Write comment
| < Prev | Next > |
|---|







