အဆိုပါ လက်ပစ်ဗုံး ပေါက်ကွဲမှုသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)မှ အရာရှိ တဦးနှင့် မြ၀တီမြို့ခံ အမျိုးသမီးတဦး ပြဿနာဖြစ်ပွားမှုမှ စတင်ခြင်းဖြစ်သည်ဟု ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးတွင် နေထိုင်သူ မျက်မြင်သက်သေတဦးက ပြောပြသည်။
“ဗိုလ်တင့်လွင်လို့ခေါ်တယ်၊ (၉၀၆) DKBA ကလေ၊ သူက ဒီ သူ့ရည်းစားအိမ်ကို တပတ်တခါ အမြဲတမ်း လာတာ၊ မနေ့က သူနဲ့ ဘာတွေဖြစ်ကြလဲတော့ မသိဘူး၊ စကားများပြီးတော့ လက်ပစ် ဗုံးနဲ့ ခြိမ်းခြောက် တယ်၊ အဲဒါ သူနဲ့ လုံးလုံးထွေးထွေးဖြစ်ပြီး လက်ပစ်ဗုံးလွတ်ကျပြီး ကပ်လျက် အခန်းထဲမှာ ဗုံး သွားကွဲတယ်၊ အိမ်ထဲမှာရှိနေတဲ့ ကိုရခိုင် ပွဲချင်းပြီးသေတယ်၊ မိန်းမနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားလို့ အခု မြ၀တီ ဆေးရုံမှာ တင်ထားရတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ပစ်ဗုံး ပေါက်ပြီးသည်နှင့် ဗိုလ်တင့်လွင်သည် ၄င်း၏ကားကို အပြင်းမောင်းနှင်ကာ ထွက်ပြေးသွားသည် ဟုလည်း ဆိုသည်၊
မြ၀တီမှ ရဲဝန်ထမ်းတဦးကလည်း“မနေ့ က (၃)ရပ်ကွက်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်၊ ငြိမ်းချမ်းရေးအဖွဲ့ က အရာရှိတယောက် သူ့အဆက်အိမ်ကိုသွားရင်းဖြစ်ခဲ့တာ၊ ကျနော်တို့ အဲသလောက်ပဲသိတယ်”ဟု ပြောသည်။
မြ၀တီမြို့ခံများ၏ ပြောပြချက်အရ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ကိုရခိုင်မှာ ဆိုက္ကားသမား တဦး ဖြစ်ကြောင်းနှင့် ဆေးရုံတင်ထားရသူများမှာ ကိုရခိုင်၏ဇနီး မအုန်းနှင့် အခြားအမျိုးသမီးတဦးဖြစ်ကြောင်း၊ ယခုဗုံးကွဲရာ အိမ်ခန်းမှ အမျိုးသမီးသည် အရာရှိများ၊ သြဇာအာဏာရှိသူများ၏ ပျော်တော်ဆက်ဖြစ်ကြောင်း၊ ဗိုလ်တင့်လွင်သည် သူမထံသို့ အပတ်စဉ်လာလည်လေ့ ရှိကြောင်း သိရသည်။
ဗုံးပေါက်ကွဲသည့် လူနာများနှင့် ပတ်သက်၍ မြ၀တီဆေးရုံသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည် ဖြေဆိုခြင်းမပြုခဲ့ချေ။
ယခု ဗုံးကွဲမှုအား မြ၀တီရဲတပ်ဖွဲ့ မှ မည်သို့အရေးယူဆောင်ရွက်မည် ဆိုသည်ကိုလည်း မသိရှိရသေးပါ။
DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 9519
Comments (2)

written by Chit Zaw Everest, October 26, 2009
DKBA အများစုသည် စစ်သားတို့၏ ခိုင်းတာလုပ် ပြည်သူတွေ အနိုင်ကျင့် ၉၉၉ ဂိတ်မှာဆိုရင် ထိုင်းနိုင်ငံမှ အလုပ်လုပ် ပြန်လာတဲ့ ပြည်သူတွေ ထဲမှာ ဒုက္ခနဲ့ကြုံပြီး ပြန်လာတဲ့ လူတွေလည်း ရှိတယ် ထိုင်းနိုင်ငံမှာ အလုပ်လုပ်စား အစဉ်ေ ပြလည်း ရှိကြတယ်။ ပြန်လာတဲ့ လူတိုင်း ပိုက်ဆံတွေ ကောက် မိမိနှစ်သက်ရာ ပစ္စည်းတွေ သိမ်းဆည်း ကြတယ်။ ကံကောင်းတာက တချို့လူတွေ ကရင်စကား ပြောလို့ရသည့် အတွက် (ပက်ကညော+ အဖလုံ) ကြတော့ ဘာမှ မမေးမြန်းပဲ လွှတ်ပေးသည်။
Write comment
| < Prev | Next > |
|---|







