ကရင်တိုင်းရင်းသားများ ထောင်နှင့်ချီ၍ နေရပ်ကို စွန့်ခွာနေရ

လွန်ခဲ့သည့် သတင်းပတ်များအတွင်း မြန်မာစစ်တပ်က ကရင်လက်နက်ကိုင် တပ်များကို အကြီးအကျယ် ထိုးစစ် ဆင်လာသောကြောင့် ထောင်နှင့်ချီသော ကရင်ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေး ခိုလှုံကြရသည်။

ပြင်းထန်သည့် တိုက်ပွဲများနှင့် စဉ်ဆက်မပြတ် ဆိုသလို ပစ်ခတ်နေသည့် လက်နက်ကြီး မော်တာကျည်များက ထိုင်း နိုင်ငံ နယ်စပ်ဘက် တိုး၍တိုး၍ နီးကပ်လာရာ၊ ယခုလဆန်းပိုင်းတွင် ကျေးရွာများကို စွန့်၍ ထွက်ပြေးရသူ ကရင်တိုင်းရင်းသား ၄၀၀၀ ခန့် ရှိလာသည်။

“နေ့စဉ်နဲ့အမျှ လူတွေ ရောက်လာကြတယ်။ ခိုလှုံလို့ရတဲ့ နေရာ လိုက်ရှာကြတယ်” ဟု ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) မှ ဖိုးရှဲက ဧရာဝတီသို့ ပြောပြသည်။ “ထပ်ပြီး ရောက်လာကြဦးမယ်လို့ ယူဆရတာပဲ” ဟု ဆိုသည်။

ယခု လာသမျှသော ဒုက္ခသည်များမှာ ထိုင်းမြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ဘေးတွင် ရှိနေသော ကျေးရွာ ၇ ရွာမှ ဖြစ်သည်။ ဤဒေသအတွင်း ရွာပေါင်း ၄၀ ကျော် ရှိပြီး၊ တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားနေသည်။
 
“တိုက်ပွဲတွေ ဆက်ဖြစ်နေရင်၊ အနည်းဆုံး ရွာသား ၈၀၀၀ ကျော်လောက် နယ်စပ်ကိုဖြတ်ပြီး ပြေးလာကြဦးမယ်” ဟု ကရင် အမျိုးသား အစည်းအရုံး (KNU )၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဆိုသည်။

 


“အခု အဓိကကျတဲ့ အချက်ကတော့ ဒီဒုက္ခသည်တွေ အတွက် အမိုးအကာတွေ ပိုပြီး ထောက်ပံ့ပေးဖို့ပါပဲ” ဟု ထိုင်း မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ဒု တာဝန်ခံ ဆယ်လီ သွမ်ဆင်က ပြောသည်။ “သူတို့အတွက် အစားအသောက်နဲ့ ဆေးဝါး ကူညီပေးတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ အခု သူတို့ နေထိုင်ရတဲ့ ယာယီ တဲတွေက ရာသီဥတု ဒဏ်ကို ခံနိုင်ဖို့ မလွယ်လှဘူး” ဟု ဆိုသည်။

ဒေသခံ ထိုင်းအာဏာပိုင်များကမူ ဆက်လက် လုပ်ဆောင်ရမည့် အစီအစဉ်များ ရေးဆွဲနေကြသည်။ သူတို့က နိုင်ငံတကာ အကူ အညီ ပေးရေး အဖွဲ့များ၊ ဒေသခံ အစိုးရ မဟုတ်သည့် အဖွဲ့များ (အန်ဂျီအိုများ) နှင့် မည်သို့ အကောင် အထည် ဖော်ကြမည်ကို ဆက်လက် ဆွေးနွေး ညှိနှိုင်းကြမည် ဖြစ်သည်။   

ဒုက္ခသည် အများစုမှာ မြန်မာနယ်စပ်မှ ကီလိုမီတာ အနည်းငယ်မျှသာဝေးသည့် ထိုင်းဘုန်းတော်ကြီးကျောင်း ပရ၀ဏ် အတွင်း၌ ပြွတ်သိပ် ကျပ်ညှပ်၍ နေထိုင်နေကြကြောင်း၊ အခြေခံ လိုအပ်ချက်များလည်း မပြည့်စုံကြောင်း အကူအညီပေးရေး ၀န်ထမ်းများက ဆိုကြသည်။

“သူတို့အခြေအနေ ကောင်းပါတယ်” ဟု မဲဆောက်မြို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒေသဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ ကစ်တီ မက်ကင်းဆေး (Kitty McKinsey) က ပြောသည်။

“မြန်မာစစ်တပ်ရန်ကနေ လွတ်ဖို့ သူတို့ ၇ ရက်မက လမ်းလျှောက်လာခဲ့ကြရတယ် ဆိုပေမယ့်၊ သူတို့က အားပြတ် ပိန်လှီ နေကြတာမျိုး မဟုတ်ပါဘူး” ဟု သူက ဧရာဝတီသို့ ပြောပြသည်။ "သူတို့က အလျင်စလို ဘာပစ္စည်းမှ မသိမ်းနိုင်ဘဲ အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြရတယ်" ဟုလည်း ဆိုသည်။

ကလေး ၅ ဦး၏ မိခင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မသိင်္ဂီက "ကျမတို့ အရေးတကြီး လိုနေတာက ဆပ်ပြာ၊ သွားတိုက်တံ၊ ချက်ပြုတ်ဖို့ အိုးခွက်တွေ လိုနေပါတယ်။ အလိုအပ်ဆုံးကတော့ ကလေးတွေအတွက် အ၀တ်အစားတွေပါပဲ" ဟု ပြောပြသည်။

ထွက်ပြေးလာသူ ဒုက္ခသည်အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။ အမျိုးသားတချို့က တောင်ယာများ၊ ခြံများကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ကြသည်ဟု အကူအညီပေးရေး လုပ်သားများက ပြောသည်။ တချို့က ထိုင်းနိုင်ငံတွင်း တရားမ၀င် အလုပ်သမားများအဖြစ် ရောက်နေကြပြီး၊ နယ်စပ်တလျောက်ရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေကြသည်။ တချို့က KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ တပ်သားများ ဖြစ်ကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) နှင့် မြန်မာစစ်တပ်တို့က KNUအဖွဲ့၏ စခန်းများကို ထိုးစစ်ဆင်ပြီးချိန် မှစ၍ ယခုလို အစုအပြုံလိုက် ထွက်ပြေးလာကြခြင်း ဖြစ်သည်။

ယခုထိုးစစ်သစ်က လွန်ခဲ့သည့် နှစ်ပတ်ခန့်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး၊ စစ်တပ်က နယ်စပ်ဒေသများကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့သည်။ KNU မှ ခွဲထွက်ခဲ့သည့် DKBA ၏ အကူအညီဖြင့် ရွာသားများကို ကြောက်လန့် ထွက်ပြေးရလေအောင် ခြိမ်းခြောက်ကြသည်။

လွန်ခဲ့သည့် ၂ ပတ်က DKBA အဖွဲ့က ရွာသူကြီးများကို အစည်းအဝေးခေါ်ပြီး သူတို့အဖွဲ့က စစ်သား ၁၀၀၀ ကျော် စုဆောင်းမည် ဖြစ်ကြောင်း၊ တရွာလျှင် လူ ၁၀ ဦးခန့် ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဤသို့စစ်သား စုဆောင်းမှုကြောင့်လည်း ယခုလို အစုအပြုံလိုက် ထွက်ပြေးလာကြခြင်းဖြစ်သည်။ ထို့အပြင် ကျေးရွာတခုလျှင် လက်ကိုင် စကားပြောစက် ၂ လုံးစီ DKBA အတွက် ၀ယ်ပေးရမည်ဟု ကျေးရွာလူကြီးများကို အမိန့်ပေးခဲ့သေးသည်။

 “သူတို့ ဘာဆိုလိုတယ်ဆိုတာ ကျနော်တို့ သိတာပေါ့။ သန်စွမ်း လုပ်နိုင်ကိုင်နိုင်တဲ့ ယောက်ျားအားလုံးက စစ်တပ်မှာ အမှု ထမ်းကြရမယ်။ အဲဒါအပြင် ကျနော်တို့က ငွေကြေးနဲ့ ရိက္ခာလည်း ထောက်ပံ့ရဦးမယ်” ဟု ဇနီး၊ ကလေးများနှင့်အတူ ထွက်ပြေးလာသူ အသက် ၄၁ နှစ်အရွယ်ရှိ ပါးနော်နော်က ပြောသည်။ သူက အသက် ၁၁ နှစ်အရွယ် သားတော်မောင်ကို လယ်ယာ နှင့် မွေးထားသော တိရစ္ဆာန်များအား စောင့်ရှောက် ကြည့်ရှုရန် ချန်ထားရစ်သည်။

ကုလသမဂ္ဂကမူ ယခုအခါ ထိုင်းနိုင်ငံအတွင်း ပြေးဝင်ခိုလှုံလာသူ ဒုက္ခသည် အသစ် ၂၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။  အကူအညီပေးရေးအဖွဲ့တချို့ကမူ ၄၀၀၀ ခန့်အထိ ရှိမည်ဟု တွက်ဆထားသည်။  ဒုက္ခသည် တချို့က မိတ်ဆွေများထံတွင် လျှို့ဝှက် တည်းခိုနေထိုင်၍ ဖြစ်စေ၊ နယ်ခြား နှစ်ဘက်လုံးရှိ တောတောင်များထဲ ပုန်းအောင်း၍ ဖြစ်စေ ရှိနေကြမည်ဟု ခန့်မှန်းကြသည်။

ဒုက္ခသည်များကို မဲဆောက်မြို့၊ နို့ဖိုးဘုန်းကြီးကျောင်း အပါအ၀င် နေရာ ၅ ခုတွင် လက်ခံ နေရာချထားပေးသည်။ ထိုင်းအာဏာပိုင်များက ကျန်းမာရေး ဌာနများ ဖွင့်လှစ်ထားပြီး၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကုသခြင်းများ ပြုလုပ်ပေးသည်။ TBBC အဖွဲ့က ဆန်၊ ပဲ၊ ငါးပိနှင့် ဆား စသည့် အခြေခံ ရိက္ခာများ ထောက်ပံ့ပြီး ကရင် ဒုက္ခသည် ကောင်စီ (KRC) က စောင်နှင့် အ၀တ်အထည်များ ထောက်ပံ့နေသည်။ UNHCR က ပလတ်စတစ် အမိုးစများ၊ အမိုးအကာ ပစ္စည်းများ ထောက်ပံ့ပေးသည်။  

အများအားဖြင့် မိုးက နေ့စဉ် သည်းသည်းမည်းမည်း ရွာနေသည်။ ထို့အတွက်ကြောင့်လည်း နေထိုင်ရေး ပို၍ အခက် တွေ့ကြရသည်။ ဒုက္ခသည် အများစုကလည်း နယ်စပ်နှင့် ဝေးရာသို့ မပြောင်းရွှေ့လိုကြပေ။

“"သူတို့အားလုံးက ဖြစ်နိုင်ရင် အမြန်ဆုံး အိမ်ပြန်ချင်ကြတယ် ပြောတယ်” ဟု မက်ကင်းဆေး က ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ စိုက်ပျိုး မွေးမြူထားတာတွေကို အာဏာပိုင်တွေက သိမ်းပြီးသွားပြီ။ သေချာတာကတော့ သူတို့ အားလုံး စိတ်ထိခိုက်ပြီး စိတ်ဒဏ်ရာရနေကြတယ်။ သူတို့ဘ၀တလျှောက်လုံးလည်း ဒီလို ဒုက္ခတွေနဲ့ချည်း နေထိုင်လာကြရတာ မဟုတ်လား” သူက ဆက်ပြောပြသည်။

အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်သည့် နိုတေမေက ဧရာဝတီသို့ ပြောပြရာတွင် “ကျမ အသက် ၅ နှစ် အရွယ် ကတည်းက တချိန်လုံး ရွှေ့ပြောင်း ထွက်ပြေးနေရတာ၊ အခုတော့ အသက်လည်း ကြီးပြီ။ သိပ် နေရတော့မှာ မဟုတ်ဘူး။ ကျမ နောက်တခါတော့ ထပ်မရွှေ့ချင်တော့ဘူး” ဟု ဆိုသည်။

ဤအတောအတွင်း မြန်မာပြည်ဘက်အခြမ်း၌မူ ကျေးရွာလူထုများက တိုက်ပွဲများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပို၍ ကြုံတွေ့ကြရမည်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြသည်။ လာမည့်ရက်များတွင် မြန်မာစစ်တပ်က ထိုးစစ်များ တိုး၍ ဆင်နွှဲ လာဖွယ် ရှိနေသည် ဟုလည်း ထိုင်းစစ်ဘက် အရာရှိများက ဒေသခံသတင်းထောက်များကို မကြာသေးမီက ပြောပြသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ကရင်တိုင်းရင်းသား အများအပြား ထိုင်းနိုင်ငံဘက်သို့ ပို၍ ထွက်ပြေး ခိုလှုံလာကြဖွယ် ရှိနေသည်။

“ဒီတိုက်ပွဲတွေအားလုံး ပြီးသွားရင် ကောင်းမယ်” ဟု  နို့ဖိုးဘုန်းကြီးကျောင်းတွင် ခေတ္တခိုလှုံနေရသူ အသက် ၃၀ အရွယ် ပါးကျော်က ပြောသည်။ "ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။ အိမ်ကို ပြန်လို့ ရရင် ပြန်ချင်တယ်" ဟု ပြောလေသည်။

LARRY JAGAN ရေးသားသည့် Thousands of Karen Seek Safety in Thailand ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

Comments (5)Add Comment
0
...
written by Ayetee, September 24, 2009
The killing peole are not human. They are different from us. Do not forget to take record for them. We will see what is going to happing for the next. Pray for them until they get their's prize.smilies/sad.gifsmilies/shocked.gifsmilies/cry.gif
0
heal the world
written by Gloria, September 11, 2009
We all are living in the world is so short. Why don't have passion each other?
God want us to help each other.

May you all be blesses by God.

0
Please stop killing
written by kusala, August 26, 2009
Please do not kill each others. We are all Burma. Please Please Please stop killing one and another. And try to find the best way to solve problems for all withing killing.
Kusala with metta
0
to give kindness
written by moethathtun, July 10, 2009

all peoples should help them.
0
Very Sad
written by Ahmad, June 24, 2009
All sounds are SAD. Have a Peaceful life in the Future soon.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်