“နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး”

စစ်အစိုးရ၏ တင်းမာသော သဘောထားများကို ဝေဖန်ပြောဆိုရာတွင် အထင်ရှားဆုံး နိုင်ငံရေးသမား တဦး ဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို စတင် တည်ထောင်သူ များထဲတွင် ပါဝင်သော ခေါင်းဆောင်တဦးဖြစ်သည်။ ၎င်းသည် မြန်မာ စာနယ်ဇင်းလောက၏ အထင်ကရ သတင်းစာဆရာ တဦးလည်း ဖြစ်သည်။


ဦးဝင်းတင်သည် နိုင်ငံရေးနယ်ပယ်သို့ ရောက်ပြီး တနှစ်မပြည့်မီမှာပင် အထိန်းသိမ်းခံရသည်။ အင်းစိန်ထောင် တွင် ၁၉ နှစ်ကျော် ချုပ်နှောင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာလ က ပြန်လည်လွတ်မြောက်လာသည်။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု၊ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၊ စစ်အစိုးရ၏ အခြေခံဥပဒေ၊ NLD ၏ လက်ရှိ အခြေ အနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ်မေးမြန်းရာတွင် ဦးဝင်းတင်က ပြောပြ ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။    ။အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ထားတာတွေ ပြန်လည် ရုပ်သိမ်းရေး နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက ဘယ်လောက် ဆက်စပ်နေပါသလဲ။

ဖြေ။    ။နိုင်ငံရေးမှာတော့ နှစ်ခုစလုံး ဆက်စပ်နေတယ်၊ တွေ့ဆုံ ဆွေးနွေးမယ် ဆိုရင် စစ်အစိုးရက ပါနေတယ်၊ ဒီ Sanction (စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု) က သူတို့ကို ချုပ်ကိုင်ထားတဲ့ဟာ။ အဲဒီတော့ ဒီနှစ်ခုက ဆက်စပ်နေ မှာပဲ။ ဒီ Sanction က ကျနော်တို့ကို အားဖြည့်ပေးတယ်လို့ မဆိုနိုင်ရင်တောင် ကျနော်တို့ကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အင်အားကြီးတဲ့ ရန်သူကို ချုပ်ကိုင်ရာ ရောက်တယ်။ ဘာနဲ့တူလဲဆိုရင် ကျနော်တို့ကို ဘီလူးကြီးက နှိပ်စက်နေတဲ့ အခါမှာ ဘီလူးကြီးကို Sanction လိုဟာမျိုးနဲ့ ကြိုးကွင်းစွပ်တယ် ဆိုရင် ကျနော်တို့ကတော့ အသက်ရှူချောင်တာ အမှန်ပဲဗျ။

ဒီ Sanction ဟာ ၃ မျိုးရှိမယ်လို့ ထင်တယ်၊ တမျိုးက အများပြည်သူတွေကို ထိခိုက်တဲ့ ဥပမာ အမေရိကန်က ပိတ်ဆို့တဲ့အတွက် အထည်ချုပ် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာ။  နောက်တမျိုးက စစ်ဗိုလ်နဲ့ အပေါင်း အပါတွေ ထိခိုက်တယ်၊ နောက်တခုက နိုင်ငံပေါင်း တော်တော်များများက လက်နက်ရောင်းဝယ်တာ မလုပ်တော့ တာ ရှိတယ်။ သုံးမျိုးထဲမှာ စစ်ခေါင်းဆောင်တွေကို၊ စစ်တပ်ကို ထိခိုက်တာ ဘာမှ ပြောစရာမရှိဘူး၊ သို့သော် ပြည်သူလူထုကို ထိခိုက်စေတဲ့ Sanction မျိုးဆိုရင်တော့ ကျနော်တို့ ဝင်ပြီးတော့ ပြေရာပြေကြောင်း ပြောမှာပဲ။

အဲဒီလို Sanction တွေ လျှော့တယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စအထိ တခါတည်း ဆက်သွားနိုင် တယ်လို့ ကျနော် ထင်တယ်၊ အခု ဒီ အမေရိကန်ရဲ့ မူဝါဒသစ်ဟာ Sanction နဲ့ ပူးတွဲပြီးတော့ လျှောက်မယ့် ကိစ္စ ပဲ။ ဒါဟာ Drama (ပြဇာတ်) ကြီး တခုပဲ၊ ကြားထဲမှာ ငိုခန်း၊ ရယ်ခန်းတွေ ပါမယ်၊ နှစ်ပါးသွားတွေ ပါမယ်၊ အမျိုးစုံ ပေါ့။ ဒါပေမယ့် နှစ်ပါးသွားတွေရော ဘာတွေရော ဘယ်လောက်ပဲ ရှိရှိ နောက်ဆုံးမှာ ဇာတ်ပေါင်းခန်း ရောက်ရ မှာပဲလို့ ကျနော်တို့က မှန်းတယ်။ အဲဒါကြောင့် ဒီ Sanction ဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ အတွက် ဘယ် လောက်အထောက်အကူဖြစ်မလဲဆိုတာကမှန်းလို့မရဘူး၊ ရွေးကောက်ပွဲ မတိုင်ခင်တော့ ဖြစ်ရမယ်၊ ဖြစ်ဖို့လိုမယ်။

မေး။   ။ အာဏာပိုင်တို့က အဲဒီရွေးကောက်ပွဲ လုပ်ဖို့ကြေညာထား တဲ့၊ ပြင်ဆင်ထားတဲ့ အပေါ် ဦးဝင်းတင်ရဲ့အမြင် ကို သိ ချင် ပါတယ်။

ဖြေ။   ။ မတ်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေ ပြင်ဖို့ မပြောနဲ့၊ အထိတောင် မခံနိုင် ဘူးလို့ ပြောတယ်၊ အခုကျတော့ အခြေခံဥပဒေကို ပြည်သူလူထုက အတည်ပြုပြီး ဖြစ်တဲ့အတွက် ထပ်ပြော မနေ နဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးမယ်လို့ ကြေညာလိုက်တယ်၊ နိုင်ငံရေး ပါတီတွေ အခြေခံ ဥပဒေကို လေးစား လိုက်နာရမယ်။ ရင့်ကျက်တဲ့သူတွေကို စောင့်ရှောက်မယ် ဆိုတော့၊ သဘောကတော့ သူတို့က ရင့် ကျက် တဲ့ လူ မဟုတ်ဘူးလို့ သတ်မှတ်တဲ့လူတွေကို၊ ရွေးကောက်ပွဲပြီးရင် အဲဒီကောင်တွေကိုတော့ နှိမ်ပစ်မှာပဲ ဆိုတဲ့ သဘောမျိုးဖြစ်နေတယ် နော်၊ အဲဒီ ၂ချက်က ထူးထူးခြားခြား ဖြစ်နေတယ်။

ရေရှည် အလားအလာကို မျှော်ကိုးပြီးတော့ ဆင်ခြင်တုံတရား ရှိတာ တဲ့၊ သူပြောတဲ့ ဆင်ခြင်တုံဆိုတာ မင်းတို့ ငြိမ်ငြိမ်နေလို့ ပြောတဲ့ဟာမျိုး၊ ရွေးကောက်ပွဲ အကြိုကာလမှာ ပြောနေတဲ့ အခြေခံမူတွေ သူ ပြင်ဆင်ပြီးပါပြီ လို့ ပြောတာမျိုးတွေ၊ ရွှေဂုံတိုင်ကြေညာချက်ထဲက တောင်းဆိုချက်တွေ ဒါတွေ အကုန်လုံး ပြောမနေနဲ့တော့၊ အနာဂတ်ကတော့ ပြီးနေပြီ။  တစည တို့ ဘာတို့ ပြောနေတဲ့ အနာဂတ်ကျရင် ပြင်သွားမယ်တို့ ဘာတို့ ဆိုတာ တွေ၊ ကျနော် ထင်တယ်၊ အဲဒီလူတွေကိုပါ ပြောရာရောက်တယ်။ သတ်မှတ်တဲ့အတိုင်း လိုက်လုပ် ဆိုတဲ့ ဟာမျိုး ဖြစ်နေတယ်။

မေး။   ။ အာဏာပိုင်တွေက အဲဒီလိုမျိုးလုပ်မယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း တွေကရော ဘာလုပ်သင့်တယ်လို့ ထင်မြင်ပါသလဲ။

ဖြေ။   ။ ထွက်ပေါက်လေး တပေါက်ကျန်နေတယ်။ အခြေခံဥပဒေ ပြင်လို့ တောင်းဆိုတာ သူတို့က မပြင်ဘူးလို့ ပြောတယ်ပေါ့၊ သို့သော် ကျနော်ကတော့ မျှော်လင့်ချက် မကုန်သေးဘူးဗျ။  ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တောင်း ဆိုမယ့်ဟာ ပေါ့ဗျာ၊ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုမယ် ဆိုရင်၊ ကျနော်တို့က ဖိနိုင်ရင် တစုံတရာသော နည်း ကျန်သေးတယ်လို့ ယူဆပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ ဒီစကားဟာ အမေရိကန် ပေါ်လစီ အသစ်နဲ့ ပတ်သက်မယ် ထင်တယ်ဗျ၊ အမေရိကန်က လည်း တောင်းဆို ထားတာပေါ့၊ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာတွေပါမယ်၊  ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်ဆံရေးတွေလည်း ပါမယ် ဆိုတော့ ဒါကို ရည်ရွယ်ပြီးသူ့ဘက်က အပြတ်ပြောတာလို့ ထင်တယ်၊ အဲဒီတော့ ဘယ်လောက်ပဲ အပြတ်ပြောပြော နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး၊ အခြေအနေ ပေါ်မှာပဲ မူတည်မှာကိုး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်းထားတာ ရှိတယ်။  အမေရိကန်အစိုးရအနေနဲ့  ဟိုဘက်နယ်နဲ့ စစ်ဘက် နယ်နဲ့ ဆက်ဆံပါ။ သို့သော် တချိန်တည်းမှာပဲ ကျမတို့နဲ့လည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု လုပ်ပါလို့ ပြောထား တဲ့ဟာ ရှိတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘယ်လိုပဲပြောပြော ကျနော်တို့နဲ့ စစ်အစိုးရ ဆက်ဆံရေးက အခု ဒီ အမေရိကန် ပေါ်လစီကနေပြီးတော့ လမ်းဖွင့်ပေးနိုင်လိမ့်မယ်လို့ ကျနော်မှန်းတယ်။

မေး။   ။ အဲဒီ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတဲ့ နိုင်ငံရေးသမားတချို့ရဲ့ အယူဆကိုရော ဘယ်လို မြင်လဲ။

ဖြေ။   ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်ကတော့ နည်းနည်း NLD နဲ့တောင် မတူချင်ဘူးပေါ့ဗျာ။ NLD ကို ဒီ ရွှေဂုံတိုင် ကြေညာစာတမ်း အထိကတော့ ကျနော်က လက်ခံတယ်၊ အကျဉ်းသားတွေ လွှတ်ဖို့၊ အခြေခံ ဥပဒေ ကို ပြင်ဖို့၊ နိုင်ငံတကာ ကွပ်ကဲမှုပါတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့၊ တွေ့ဆုံ ဆွေးနွေး ဖို့ပေါ့။ တွေ့ဆုံဆွေးနွေးရေးကတော့ ကျနော်တို့ အဓိက တောင်းဆိုချက်ပေါ့။

ဦးသုဝေတို့၊ တစညက ဦးခင်မောင်ကြီးတို့ ပြောနေသလို ၁ဝ နှစ် ၁၅ နှစ်မှာ ပြောင်းသွားမယ်၊ သူတို့ကတော့ ကျနော်တို့နဲ့ မပြောဘဲနဲ့ ကျနော်တို့ကို ချန်ပြီးတော့ သူတို့ကတော့ ရွေးကောက်ပွဲကို ဝင်မှာ။ အဲဒီတော့ ကျနော်က ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတဲ့သူကို လက်မခံဘူး၊ ဝင်သင့်တဲ့ အနေအထား ရှိအောင် ဖန်တီးကြပါ။ ပြင်လွယ် ပြောင်းလွယ်တဲ့ အခြေခံဥပဒေဖြစ်အောင် အခုကတည်းက စပြီးတော့ ဝိုင်းပြီးတော့ တောင်းခံကြရ အောင်လို့ ပြောတာပါ။

ရွေးကောက်ပွဲကို   ဝင်သင့်တယ်လို့ ပြောတာ ကျနော်သဘောမတူဘူး၊ ရှေ့မှာဘာမှ မရှိတော့ဘူးဗျ။ အခြေခံ ဥပဒေ ပြင်လိုက်ရင် သင့်တင့်တဲ့ အသက်ရှူပေါက် သို့မဟုတ် ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီ သဏ္ဌာန်နဲ့ ပေါ့ဗျာ၊ လွှတ်တော်ထဲ လောက်တော့ ပြောခွင့်ဆိုခွင့် ရှိမယ်၊ လွှတ်တော်ထဲ ပြောခွင့်ဆိုခွင့် ရှိရာကနေပြီးတော့ လုပ်ငန်း တွေ လုပ်နိုင်မယ်။ ဒီအတိုင်းသာ သွားလို့ကတော့ ပြင်လို့ကို မရနိုင်ဘူး။ ဘာ အခွင့်အရေးမှမရှိဘူး၊ တိုင်းရင်းသား ဘက်ကလည်း ဘာမှ မရှိဘူး၊ ဒီမိုကရေစီ အင်အားစု ဘက်ကလည်း ဘာမှ မရှိဘူး။

အဲဒီတော့ အဆုံးအဖြတ် ပေးနိုင်တဲ့ နေရာဆိုတာ လွှတ်တော် ပေါ်လာမယ်၊ လွှတ်တော်ထဲ ရောက်ရင် ခင်ဗျားတို့ ပြောခွင့်ဆိုခွင့် ရှိမယ်၊ ဟုတ်တယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုတာက ဘာကို ဆုံးဖြတ်မှာလဲ ဆိုတော့ ဘာမှ မရှိဘူး။ ဘာမှ မလုပ်နိုင်ဘူး၊ သူတို့ရဲ့ နိုင်ငံရေးသဘောထားတွေ ပြောရဲလို့ စင်မြင့်ပေါ်က ပြောရတာမှတပါး   ရှေ့ကို တိုးလို့ မရဘူးဗျ။ အဲဒါကြောင့် ရွေးကောက်ပွဲ မဝင်စဉ် ကာလမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်း ကြရအောင် လို့ ကျနော်က ပြောတာ။

မေး။   ။ ၂ဝဝ၈ အခြေခံ ဥပဒေထဲက ဘယ်အချက်တွေကို အရေးတကြီး ပြင်ဆင်စေချင်တာလဲ။

ဖြေ။   ။    အချက်ပေါင်း ၁၂ ချက်လောက် ရှိတယ်။ ပြောနိုင်တာက တပ်မတော်သည် နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ရမယ် ဆိုတဲ့ အခြေခံမူ အမှတ် ၆ ကို လက်မခံဘူးဗျ။ အခြေခံဥပဒေကို ၇၅ ရာခိုင်နှုန်း အထက်မှာ ရမှသာ ပြင်နိုင်မယ် ဆိုတဲ့ အချက်ကိုလည်း ပြင်ဖို့ပါတယ်။ နောက်တခုက တိုင်းရင်းသားဘက်ကို ကြည့်တဲ့ အခါကျတော့   ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာအတွက် ဗိုလ်သမ္မတ ကနေ ချပေးတာကို ဒီ အောက်ခြေက ငြင်းခွင့် မရှိဘူး။ အဲဒီလိုမျိုးဟာလေးတွေက ဒီ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ လည်း အဓိက အကျဆုံး ဖြစ်တယ်၊ ပြင်ဖို့ လို တယ်။

မေး။   ။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနဲ့ ပတ်သက်လို့ NLD ထဲမှာ သဘောထား ကွဲလွဲနေတာ၊ အငြင်းပွားဖွယ်  ဖြစ်နေတာတို့နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။   ။    ကိုယ့်ခေါင်းဆောင်တွေကလည်း အရေးတော်ပုံက ထွက်လာတဲ့ ခေါင်းဆောင်တွေဗျ၊ ကျနော်လည်း အရေးတော်ပုံ ကာလတုန်းက စာနယ်ဇင်းသမဂ္ဂမှာ ခေါင်းဆောင်ခဲ့တယ်၊ ထောင်ထဲမှာ အနှစ် ၂ဝ လောက် နေခဲ့တဲ့သူ။ အဲဒီတော့ ဒီအရေးတော်ပုံ စံနဲ့ပဲ တိုင်းတာပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်က နည်းနည်း ခပ်ပြင်းပြင်းလေး စဉ်းစားတယ်၊ ပြောဆိုတယ်။

နောက်တပိုင်းကလည်းဘာလဲဆိုတော့ ၁၉၉ဝရွေးကောက်ပွဲ ရလဒ်က ကျန်နေတယ်ဗျ၊ ဒါကြီး ကို ကျနော်တို့ လက်ထဲမှာရှိတဲ့ စက္ကူစုတ်လေးလို၊ သစ်ရွက်ခြောက်လို၊ သစ်ကိုင်းခြောက်လို လွှင့်မပစ်နိုင်ဘူးဗျ၊ ဒါကြီးဟာ ကျနော်တို့တွေ ညံ့လို့၊ အခြေအနေမပေးလို့ သို့မဟုတ် စစ်အစိုးရ ဖိနှိပ်ချုပ်ချယ်လို့ ဘယ်လိုပဲပြောပြော အကောင်အထည် မဖော်နိုင်သေးဘူး။ အမျိုးသား ညီလာခံကြီးသာ ပြီးသွားတယ်၊ အခြေခံ ဥပဒေသာ ပြီးသွားတယ်၊ ဒီ ၁၉၉ဝ ရလဒ်ကို ဒီနေ့အထိ ပယ်ဖျက်ခြင်း မလုပ်နိုင်သေးဘူး၊ လုပ်လို့လည်း မဖြစ်ဘူးဗျ။

NLD ထဲမှာလည်းပဲ ဒီပါတီကို နှစ်ပေါင်း ၂ဝ လောက် ထိန်းသိမ်းလာတဲ့ လူတွေ ရှိတယ်၊ ကျနော်ကတော့ အရေးတော်ပုံမာန်နဲ့ လုပ်နေပါတယ်၊ ဒီ NLD ထဲမှာရှိတဲ့ တချို့ ပုဂ္ဂိုလ်တွေကတော့ ဆင်ခြင်တုံတရားဉာဏ်နဲ့ စဉ်းစားနေတယ်၊ မာန် နဲ့ ဉာဏ်နဲ့ကတော့ နည်းနည်းလေး တခါခါကျတော့ မာန်က နည်းနည်းတင်းတင်း ရှိမယ်၊ ဉာဏ်ကတော့ နှိုင်းနှိုင်းချိန်ချိန် ရှိမယ်။

ဒီစစ်အစိုးရက ပြောင်းမယ်လို့ သူတို့က နည်းနည်း ထင်နေတာ၊ ကျနော်ကတော့ မပြောင်းဘူးလို့ ထင်နေတယ်၊  အဲမှာ နည်းနည်း ကွဲနေတာပေါ့ဗျာ။ စစ်အစိုးရက သူတို့ကို လိုက်လျောမယ်၊ သက်ညှာမယ်၊ စစ်အစိုးရ ပျော့ ပြောင်းလာနိုင်တယ်၊ နားလည်မှုရှိလာနိုင်တယ်၊ အကောင်းဘက်ကို ရှေ့ရူလာနိုင်တယ်လို့ အဲဒီလို ထင်နေကြ တဲ့လူတွေပဲ။ စစ်အစိုးရကတော့ ခါတိုင်းခေါင်းမာသလို ခေါင်းမာနေတာပဲ၊ သူတို့ရဲ့သက်ဆိုးရှည်ဖို့၊ စစ်အုပ်ချုပ် ရေး ကို သက်တမ်းရှည်ဖို့ လုပ်တာပဲရှိတယ်။

ပြည်ပမှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ ရဟန်းတွေ၊ ဒီမိုကရေစီ အင်အားစု၊ လူမျိုးစုတွေကတော့ ဒီရွေးကောက်ပွဲ ကို သပိတ်မှောက်ကြမယ် ဆိုတဲ့ အသံမျိုးတော့ ထွက်နေတာပဲ။

ပြည်တွင်းမှာလည်း ဒီ ရွေးကောက်ပွဲကို ဝင်တော့မယ်လို့ ပြောတဲ့ နိုင်ငံရေး အင်အားစုပေါ့ သိပ်အင်အား ကြီးကြီး မားမားတော့ မဟုတ်ဘူး၊ သူတို့ရဲ့ ခေါင်းဆောင်မှု၊ သူတို့ရဲ့ သိက္ခာ သမာဓိ ကြီးတာတော့ မှန်ပါတယ်။ မြန်မာ ပြည် နိုင်ငံရေးကို ခြုံကြည့်လိုက်ရင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ ပြည်တွင်းရော ပြည်ပမှာရော သဘောထားက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြတ်ပြတ်သားသားပဲ၊ No လို့ အော်နေတာပဲ။  တဘက်ကလည်း တတိယ အင်အားစုလို့ ခေါ်တဲ့ အင်အားစုတွေ နောက်တခါ ငြိမ်းချမ်းရေး အဖွဲ့ တချို့ပေါ့၊ မွန်ထဲမှာ၊ ကချင်မှာ စသဖြင့် အဲဒီလိုဟာတွေကလည်း ရွေးကောက်ပွဲဘက်ကို ဆွဲနေတာပေါ့ဗျာ။

NLD က ၉ဝ တုန်းက ရွေးကောက်ပွဲ နိုင်ထားတယ်၊ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်နိုင်ခြင်း ဘာမှ မရှိဘူး။ အခုတခါ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ကျောခိုင်းပြီးတော့ ဒီ အသစ်ဖြစ်တဲ့ ရွေးကောက်ပွဲကို ထပ်ပြီးတော့ အော်ရဦးမယ်ဆိုရင် NLD က တော်တော်ကို မျက်နှာပြောင်တိုက်ပြီး လုပ်မှသာ ဖြစ်မယ့် အနေထား မျိုး ဖြစ်နေတာကိုးဗျ။

NLD ကတော့ အခုထိတော့ ဘယ်ဘက်ကိုမှ မပါသေးတာ၊ အဲဒီဟာက လက်ရှိ နိုင်ငံရေး အနေထားပဲ၊ NLD ရွေးကောက်ပွဲ ဝင်တော့မယ်၊ သို့မဟုတ် မဝင်ဘူးဆိုရင် နိုင်ငံရေး ပိုပြီးတော့ ပြတ်ပြတ်သားသား ဖြစ်လာမယ်။

Comments (11)Add Comment
0
...
written by ထက်အောင်, January 30, 2010
ရွေးကောက်ပွဲ မ၀င်ရင် အဖွဲ့ချူပ် ကျန်ခဲ့မှာပေါ့။ ကြည့်လုပ်ကြပါ ဆရာတို့ရယ်။ ဘာပဲပြောပြော အဖွဲ့ချုပ်ကို လေးစားပါတယ်။
0
Burma's 2010 Elections and Beyond
written by Mr Archimedes, December 19, 2009
Very enlightening and special thanks to Sayar Gyi U Win Tin. The 2010 election is no more than an attempt by the Burmese junta to trick the international community into recognizing the army as a legitimate government. However, this attempt will destabilize a geopolitical fault line, provoking a massive political earthquake in the country. After the 2010 elections, the political profile of ethnic minorities could rise in unpredictable ways, reshaping the political landscape in the country. When this happens.. no matter how powerful the army is, it will not be able to handle problems in ethnic areas when they grow into full-blown crises.
0
...
written by Andrew, November 14, 2009
Agree to Saya U Win Tin.
0
ဒါမျိုးမှကြိုက်တာ... အဘိုးရ
written by လူရယ်လွန်း, October 30, 2009
Y0U ARE SECOND WISE PERSON FOR DEMOCRACY IN BURMA
0
...
written by Ko Maung Maung Lwin, October 29, 2009
U Win Tin is really wise man and I absolutely agree with his idea. If U Win Tin lead N L D , Democracy for BURMA is not far away.
0
ဦးဝင်းတင်ကိုထောက်ံတယ်။
written by Yannaung, October 28, 2009
တော်သေးတာပေါ့ ဦးဝင်းတင်လို ခေါင်းဆောင်မျိုး မြန်မာပြည်မှာ ရှိနေသေးလို့။ ဒီဖိုင်ကိုPDFနဲ့ရရင် ကောင်းမယ်။ ကောင်း
ကောင်းလွန်းလို့ မိတ်ဆွေတွေဆီ ဖြန့်ချင်လို့။
0
...
written by nailynn, October 26, 2009
bravo....bravo.....bravo........
0
Ms
written by Shinmin Oo, October 26, 2009
Can we have this interview in English please.
0
Support U Win Tin to liberate Burma
written by bigcat, October 24, 2009
NLD has been seen as hopeless because of its ineffective leadership. We hope to see it changing course in recent years but it has so far proven no significant works. It seems that NLD will be recorded as similar status in the history as military junta who are responsible for misery and sufferings of the people.
0
မာန်တင်းထားမှ...တော်ကာကျမယ်.........
written by Ko J J, October 24, 2009
မာန်ရှိတဲ့ နိုင်ငံရေးသမား ပြောတာကို ပိုလက်ခံတယ် အဘရေ...ဥာဏ်ရှိတဲ့ နိုင်ငံရေးသမား ကတော့ ချင့်ချိန်တတ်
တာမို့ ပျော့တယ် လို့ဘဲ ပြောရမှာဘဲ... စစ်အစိုးရဆီက အခွင့်အရေး ရဘို့ဆိုတာ မာန်တင်းတင်းနဲ့ ပြောမှ တော်ကာ
ကျမယ်....အောက်စည်းက ဝင်လို့ကတော့ ကော့နေအောင် ခံရမှာပါဘဲ...
0
နိုင်ငံရေးသမားစစ်စ်ကြီး
written by နိုင်ငံသား, October 24, 2009
ဦးဝင်းတင်မှ တကယ့်နိုင်ငံရေးသမား စစ်စစ်။ ဆရာ ဦးဝင်းတင် ဝေဖန်ပိုင်းခြားမှုတွေက ပြတ်သားတယ်၊ ရှင်းတယ်၊ ရဲရင့်တယ်၊ လက်ရှိ အခြေအနေကို ထင်ဟပ်တယ်။

ဟီးလ်ဂဲ ပြောသလို "နိုင်ငံရေးမှာ ထာဝရ မိတ်ဆွေ၊ ထာဝရရန်သူ မရှိဘူး။ ထာဝရ အကျိုးစီးပွားပဲရှိတယ်"။

ပြည်သူ့အကျိုး စီးပွားဖြစ်မယ် ဆို SPDC ကို မော်ကွန်းတင်ဖို့ ၀န်မလေးဘူး။
ပြည်သူ့အကျိုး စီးပွား အလားအလာ မရှိလို့ကတော့ ဦးဝင်းတင် ဟာ မိုးခါးရည်ကို သောက်ဖို့မပြောနဲ့ လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။

မိုးခါးရည် သောက်ဖို့ြ ပင်နေသူများ နှုတ်ခမ်း အနာနဲ့ တည့်ပါ့မလား။

ဒီအခြေခံ ဥပဒေနဲ့ ၂၀၁၀ အလွန်မှာ ဘာဖြစ်မလဲ ဆိုတာ ရှင်းရှင်းလေးရယ်။
လက်ရှိ လစာ၊ လက်ရှိ စနစ်တွင်းမှာ လာဘ်မစားပဲ သီလ ဆောက်တယ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့အကျိုး ထမ်းပိုးမယ် ဆိုပြီး အမှုတော်ထမ်းနေတဲ့ ရဲဝန်ထမ်း တစ်ဦး ရင်ဆိုင်ရမယ် အကျပ်အတည်းပါပဲ။ မကြာခင်ကာလ မှာပဲ သူဟာ စနစ်ရဲ့ သားကောင်ြ ဖစ်သွားရတာပဲ။

ဒါက မဆလ ခေတ်မှာလည်း ဒီလိုဖြစ်ခဲ့ပြီးသား။ မဆန်းဘူး။ သမိုင်းက အလတ်ကြီး ရှိသေးတယ်။ အရင်းရှင် ဒီမိုကရေစီကနေ ဆိုရှယ်လစ်စနစ်ကို အပြောင်းအလဲမှာ ပြုပြင်ရေးသမားတွေ မဆလ အခြေခံဥပဒေ အောက်မှာ သားကောင်ြ ဖစ်ခဲ့ကြတာပဲ။

အဲဒီတော့ အပြုသဘော ဆောင်ချင်သူများ။ သားကောင် မဖြစ်ချင်ရင် ဦးဝင်တင်ပြောသလို အခြေခံ ဥပဒေကို အရင်ပြောင်းပါ၊ ပြီးမှ ကျက်သရေ ခေါင်းပေါင်း ဆောင်းဖို့လုပ်ကြပါ ခင်ဗျား။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်