မေး။ ။ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ပြောပြပါဦး။ အခြေအနေတွေက စိုးရိမ်နေရတုန်းပဲလား၊ မကြာခင် တည်ငြိမ်အေးချမ်းလာမယ်လို့ ထင်သလား။ ဖြေ။ ။ ကိုးကန့်ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိချင်တယ်ဆိုတော့ ကောင်းတာပေါ့။ နိုင်ငံတကာ အသိုင်းအ၀ိုင်း နဲ့ ကိုးကန့်ဒေသ၊ ကိုးကန့်လူထုကို ဂရုစိုက်တဲ့သူတွေကို ကျနော်တို့ကလည်း အခြေအနေတွေကို ရှင်းပြချင်ပါတယ်။
သြဂုတ်လ ၈ ရက်နေ့မှာ အဖြစ်အပျက်က စစ်အစိုးရက ဆင်ခြေပေးပြီး လုပ်ခဲ့တာပဲ။ ဟိုးအရင်ကတည်းက စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အကောက် ကြံခဲ့တာပဲ။ လူမျိုးစုအငယ်တွေကို အနိုင်ကျင့်နေတာပဲ။ ဒါဟာ လူမျိုးကြီးဝါဒပဲ။ အစုလိုက် အပြုံလိုက် သတ်တာပဲ။ ကျနော်တို့ရဲ့ ကိုးကန့် ပြည်သူတွေ ထပ်ပြီးတော့ ထိခိုက်မှာ စိုးလို့ ကျနော်တို့ တပ်တွေ ကိုးကန့် ဒေသကနေ ဆုတ်ပေးလိုက်တယ်။ ဒီလိုမျိုး ကျနော်တို့ မဖြစ်စေချင်ပါဘူး။ ထို့အတူပဲ ကိုးကန့်ဒေသနဲ့လူထုကို ဂရုတစိုက်ရှိတဲ့ နိုင်ငံတကာကလည်း ဒီလို ဖြစ်စေချင်မှာ မဟုတ်ပါဘူး။
အခုဆိုရင် ကိုးကန့်မှာ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးနေတယ်။ ကိုးကန့်ဒေသခံတွေရဲ့ အခြေအနေကလည်း တော်တော်လေးကို မကောင်းဘူး။ စစ်အစိုးရတပ်က ကိုးကန့်ဒေသကိုရောက်တာ ၁၀ ရက်လောက်ပဲ ရှိဦးမယ်နော်၊ စစ်သားတွေက လုတယ် ယက်တယ်၊ မုဒိမ်းကျင့်တယ်၊ ပြီးတော့ အရပ်သားတွေကို သတ်တယ် ဆိုတဲ့ သတင်းတွေ အများကြီး ကြားနေရပြီ။
လူတွေက အိမ်ပြန်မလာရဲကြသေးဘူး။ တရုတ်တွေပိုင်တဲ့ ဆိုင်တွေဆိုရင်လည်း အများအားဖြင့် အဖျက်ခံရ ဒါမှမဟုတ် အလုခံရတယ်။ တကယ့်ကို အကြီးအကျယ် ဒုက္ခရောက်တာပဲ။ ပြီးခဲ့တဲ့လတွေအတွင်း ကြီးပွား တိုးတက်တဲ့ ကိုးကန့်ဒေသအခြေအနေတွေဟာ အခုဆိုရင် လုံးဝ မရှိတော့ဘူး။ လူတွေက တကယ့်ကို စိတ်ဓာတ် ကျနေကြပြီ။
ကျနော် ပြောခဲ့သလိုပေါ့၊ လူမျိုးကြီးက လူမျိုးငယ်တွေကို နှိပ်ကွပ်ချင်တယ်။ ဒီ ပဋိပက္ခကြောင့် ကိုးကန့်လူထုရဲ့ စိတ်မှာ ဒဏ်ရာ အကြီးအကျယ် ရသွားပြီ။ စစ်ပွဲက ကြာဦးမယ်၊ ပြီးဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး။
မေး။ ။ ဦးဖုန်ကြားရှင်က ၁၉၈၉ မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့တယ်၊ ခုတော့ သဘောတူညီချက်က ပျက်သွားပြီ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေက ဘာကြောင့် ဖြစ်လာတာလဲ၊ စစ်အစိုးရက ခင်ဗျားကို ဘာကြောင့် ဖမ်းဖို့ ကြိုးစားရတာလဲ။
ဖြေ။ ။ ၁၉၈၉ ခုနှစ် မတ်လမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူခဲ့တာ ကိုးကန့်တွေပဲ။ အဲဒီနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ကြတယ်။ ဒါနဲ့ပဲ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြီးတွေ အဆုံးသတ်သွားတာ မဟုတ်လား။
ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ အနှစ် ၂၀ အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်တာကို ရပ်ဆိုင်းတော့မယ်လို့ နိုင်ငံတကာကို ကတိပေးနိုင်ခဲ့တဲ့ ပထမဦးဆုံးသော အဖွဲ့က ကိုးကန့်အဖွဲ့ပါ။ ၂၀၀၂ ခုနှစ်မှာဆိုရင် ကျနော်တို့ ဒေသတခုလုံး ဘိန်းမစိုက်ရေး ဆိုတာကို အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့တယ်။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေ၊ အောင်မြင်မှုတွေကိုလည်း ကုလသမဂ္ဂကရော နိုင်ငံတကာကပါ အသိအမှတ် ပြုကြတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၊ တရုတ်နိုင်ငံအစိုးရ၊ နိုင်ငံတကာ အထောက်အပံ့ပေးရေး အေဂျင်စီတွေရဲ့ အကူအညီနဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံကိန်းတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ကြံ၊ လက်ဖက်၊ သစ်ကြားသီး နဲ့ တခြား သီးနှံတွေ စိုက်တယ်။ ကျနော်တို့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးက အရမ်းကို ဖြစ်ထွန်း အောင်မြင်ပါတယ်။
တဖြည်းဖြည်းနဲ့ ကျနော်တို့ ဒေသမှာ ဆင်းရဲတွင်းကနေ လွတ်လာကြတယ်။ ဒါတွေကိုတော့ အားလုံး သိကြပါတယ်။ ဒါပေမယ့် စစ်အစိုးရက တနိုင်ငံလုံးကို ထိန်းချုပ်ချင်တာ။ အပစ်ရပ်အဖွဲ့တွေကို တိုက်ခိုက်ချင်တာ။
မေး။ ။ စစ်အစိုးရတပ်တွေက လောက်ကိုင်မြို့ကို သိမ်းပြီးတဲ့အခါမှာ စစ်အစိုးရ စာနယ်ဇင်းတွေကနေ ဦးဖုန်ကြားရှင်ဟာ တရားမ၀င် လက်နက်စက်ရုံ နဲ့ မူးယစ်ဆေးဝါးလုပ်ငန်း လုပ်နေတယ်လို့ အဆက်မပြတ် ထုတ်လွှင့်လာတယ်။ ဒီလို စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ မြန်မာပြည်မှာ စစ်မှန်တဲ့ အစိုးရတရပ် မရှိသေးဘူး။ စစ်တပ်ဆိုတာက အစိုးရကို ကိုယ်စား မပြုဘူး။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အာဏာကို ဆက်ကိုင်ထားတာပဲ။ အဲဒီကတည်းက မြန်မာပြည်မှာ အစိုးရတရပ် ကောင်းကောင်း မွန်မွန် မပေါ်သေးဘူး။ စစ်အုပ်စုက သူတို့ကိုယ်သူတို့ ရွေးကောက်ခံထားရတဲ့ အစိုးရလို့ မပြောဘူး။ နိုင်ငံတကာကလည်း သူတို့ကို ရွေးကောက်ခံထားရတဲ့ အစိုးရလို့ အသိအမှတ် မပြုဘူး။ ခုချိန်ထိ မြန်မာပြည်ဟာ စစ်အုပ်စုက ဖွဲ့ထားတဲ့ ယာယီ ကောင်စီတခု စီမံခန့်ခွဲနေတဲ့ နိုင်ငံတခု ဖြစ်နေတုန်းပဲ။ ဒီကောင်စီကို န၀တ လို့ ခေါ်တယ်၊ ခုတော့ နအဖ လို့ ပြောင်းထားတယ်။ မြန်မာ့တပ်မတော်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပဲ။ ဒါဆို နိုင်ငံကို ကိုယ်စား မပြုဘူးပေါ့။
၁၉၈၉ မှာ နိုင်ငံ ငြိမ်းချမ်း သာယာရေးအတွက် ကျနော်တို့ ကိုးကန့်တွေက စစ်အုပ်စုရဲ့ ကောင်စီကို ချဉ်းကပ်ခဲ့တာပါ။ နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့၊ ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ပါ။ အနှစ် ၂၀ လုံးလုံး ကျနော်တို့ စစ်အုပ်စုကို ယုံကြည်ခဲ့ကြတာပါ။ နိုင်ငံရေးအရ ကျနော်တို့ တောင်းဆိုတာက အပြောင်းအလဲ မရှိပါဘူး၊ ဗဟိုအစိုးရကို ထောက်ခံတယ်၊ ငြိမ်းချမ်းရေး နဲ့ တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်၊ တိုင်းရင်းသား တန်းတူ ညီမျှရှိရေးကို ထိန်းသိမ်းမယ်၊ တမျိုးသားလုံး ညီညွတ်မှုကို ထိန်းသိမ်းမယ်၊ ကိုးကန့်ပြည်သူတွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ အကောင်းဆုံး လုပ်ဆောင်မယ်။ ကျနော်တို့ ဘယ်တုန်းကမှ နိုင်ငံကနေ ခွဲထွက်တာမျိုး မလိုလားခဲ့ဘူး။ မြန်မာပြည်က တိုင်းရင်းသားတွေကြားထဲမှာ ကိုးကန့်တွေကို အသိအမှတ်ပြုဖို့ ဆိုတာကိုပဲ လိုပါတယ်။
မေး။ ။ တိုက်ပွဲကာလအတွင်း အသေအပျောက် ဘယ်လောက် ရှိခဲ့သလဲ။
ဖြေ။ ။ ကိုးကန့်ပြည်သူတွေပဲ အများဆုံး ဆုံးရှုံးရတာပေါ့ဗျာ။ တိုက်ပွဲဖြစ်တုန်းက ကိုးကန့်တပ်ဖွဲ့ဝင် ၁၄ ယောက် ကျတယ်လို့ သိရတယ်။ စစ်အစိုးရတပ်က ပစ်လို့ သေကြရတဲ့ အရပ်သား အရေအတွက်ကိုတော့ ကျနော်တို့ မသိပါဘူး။ ဥပမာ တချို့ မိုက်မဲတဲ့ ကောင်လေးတွေက သစ္စာဖောက် ပယ်စောက်ချိန်ရဲ့ တပ်ထဲကို ၀င်ကြတယ်။ တိုက်ပွဲတွေ ဖြစ်တော့ စစ်အစိုးရတပ်တွေရဲ့ ရှေ့ကနေပြီး ကျနော်တို့ကို တိုက်ရတယ်။ ဒီကောင်လေးတွေက သူတို့ကလည်း ကိုးကန့်တွေပဲ ဆိုတော့ ကိုယ့်အချင်းချင်း မသတ်ချင်ဘူးလို့ ပြောတယ်၊ ငြင်းတယ်။ ဒီတော့ စစ်အစိုးရတပ်က ဒီကောင်လေးတွေရဲ့ လက်နက်တွေကို လွှင့်ပစ်လိုက်ပြီးတော့ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ သြဂုတ်လ ၂၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ကိုးကန့် လူငယ်လေးတွေ ၂၃ ယောက် တချိန်တည်းမှာ အသတ်ခံရတယ်။
မေး။ ။ စစ်အစိုးရက ခင်ဗျားတို့ တဖွဲ့ထဲကိုရွေးပြီး ဘာကြောင့် တိုက်ရတာလဲ။ မူးယစ်ဆေး နဲ့ လက်နက် ကိစ္စမှာ ခင်ဗျားတို့ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်အပြင် တခြား အကြောင်းအရာများ ရှိနေလို့လား။
ဖြေ။ ။ ပြီးခဲ့တဲ့လထဲမှာ ကျနော်တို့ ထင်မထားတာတွေ အများကြီး ဖြစ်ခဲ့တယ်။ ကိုးကန့်တပ်ဖွဲ့က တရားဝင် အပစ်ရပ်ထားတဲ့ အဖွဲ့ တဖွဲ့ပဲ။ ကျနော်တို့မှာ ရှိတဲ့ လက်နက်တွေက ဗမာပြည် ကွန်မြူနစ်ပါတီကနေ ရထားတာ ဟောင်းနေပြီ။ တော်တော်များများက ပြင်ဖို့ လိုတယ်။ လက်နက်တွေပြင်တဲ့ စက်ရုံတခုရှိရမယ်။ ဒီစက်ရုံရှိတယ် ဆိုတာကိုလည်း ကိုးကန့်ဒေသမှာ ရှိတဲ့ နအဖ အရာရှိတွေ အကုန်လုံး သိကြပါတယ်။ စက်ရုံကိုလည်း သူတို့ အရင်တုန်းက ရောက်ဖူးပါတယ်။ ခုတော့ သူတို့က ဒီစက်ရုံကိုပဲ ရမယ်ရှာပြီးတော့ ကျနော်တို့ကို ၀င်တိုက်တာပါ။ ဒါကြောင့် ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်းနေတာပဲ။ သူတို့က ကိုးကန့်နဲ့ တခြား တိုင်းရင်းသား တပ်ဖွဲ့တွေကို ဖျောက်ပစ်လိုက်ချင်တယ်၊ ပြီးတော့ သူတို့ရဲ့ “စည်းလုံးညီညွတ်တဲ့” နိုင်ငံတော်ကြီး ပေါ်ပေါက်အောင် လုပ်မယ်ပေါ့ဗျာ။ စစ်အစိုးရက ကိုးကန့်တပ်ဖွဲ့တွေကိုတင်မကဘူး၊ တခြားတပ်ဖွဲ့တွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ၀င်တိုက်မယ် ဆိုတာ ရှင်းနေတာပဲ။ စွပ်စွဲချင်ရင်တော့ အပြစ်တခုခုကို ရှာပြီပေါ့။ မြန်မာ့တပ်မတော်က ဒီနိုင်ငံမှာ အင်အား အကြီးဆုံး လက်နက်ကိုင်အဖွဲ့ပဲ။ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို သူတို့ ချေမှုန်းလိုက်လို့ ရတယ်။ ဘယ်အပစ်ရပ်အဖွဲ့ကိုဖြစ်ဖြစ် မူးယစ်ဆေးလုပ်တယ်၊ စက်ရုံရှိတယ် စသဖြင့် စွပ်စွဲနိုင်တယ်။
ဥပမာ ရှမ်းပြည်နယ် အထူးဒေသ ၄ ခုရဲ့ မူးယစ်ဆေးဝါးအခြေအနေကို ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီဒေသမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီဗျာ။ ဒါပေမယ့် စစ်အစိုးရ ထိန်းချုပ်တဲ့ နေရာတွေမှာ ဆိုရင် ဘိန်းခင်းတွေက မူပေါင်း ၂၅၀ ၀၀၀ ကျော် (၆၆၇ စတုရန်းမီတာနှင့်ညီမျှသည့် တရုတ်နိုင်ငံသုံး အတိုင်းအတာ) ရှိတယ်။ ဒါက စစ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေပဲ။ သူတို့ ဒီလို လုပ်နေကြတာပဲ။
မေး။ ။ ကိုးကန့်တပ်ဖွဲ့အပါအ၀င် အပစ်ရပ်အဖွဲ့တွေက စစ်အစိုးရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို လက်မခံကြဘူး။ ဘာကြောင့် ဒီအစီအစဉ်ကို လက်မခံတာလဲ။ စစ်အစိုးရဆီကနေ ဘယ်လိုမျိုး သဘောတူညီချက်တွေ ရချင်တာလဲ။
ဖြေ။ ။ ကျနော်တို့က နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေက အရမ်းကို တင်းကျပ်တယ်။ ဥပမာဗျာ အသက် ၅၀ အထက် အရာရှိတွေကို အနားပေးလိုက်ရမယ်၊ သူတို့ကိုယ်တိုင် လုပ်ကိုင်ရှာဖွေ စားသောက်ရမယ်။ ဒေသ အုပ်ချုပ်ရေးပိုင်း အရေးပါတဲ့ အရာရှိ နဲ့ တပ်မှူးတွေကို စစ်အစိုးရက ခန့်ထားမယ်။ ဒီကမ်းလှမ်းချက်တွေက ဘယ်အပစ်ရပ် အဖွဲ့တွေအတွက် မဆို လက်ခံနိုင်စရာမရှိဘူး။ ဒေသခံတွေအတွက်လည်း မသင့်တော်ဘူး။ ကျနော်တို့ လိုချင်တာက ရိုးရိုးလေးပါ၊ ကိုးကန့်ပြည်သူတွေကို ကာကွယ်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လိုချင်တယ်။
မေး။ ။ ကိုးကန့် နဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူးလို့ သိရတယ်။ ဒီ အခြေခံ ဥပဒေအကြောင်း ဘာပြောစရာ ရှိသလဲ။
ဖြေ။ ။ ၂၀၀၈ ခုနှစ် စစ်အစိုးရ အဆိုပြုတဲ့ အခြေခံ ဥပဒေ ဆိုတာက စစ်အစိုးရ အကျိုးအမြတ်ရှိဖို့ နဲ့ အာဏာ အတွက်ပဲလေ။ လူမျိုးစုငယ်တွေရဲ့ အခွင့်အရေးကို အဲဒီထဲမှာ ပြဌာန်းထားတာ မတွေ့ရဘူး။ ဒီနိုင်ငံထဲက ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ ဒီလို အခြေခံ ဥပဒေမျိုးကို ကျနော်တို့ ဘယ်လို လက်ခံနိုင်မှာလဲ။ အခြေခံ ဥပဒေကို အတည်ပြုတဲ့နေရာမှာလည်း တခြားနိုင်ငံကလူတွေ မသိလိုက်တာတွေ အများကြီး ဖြစ်ခဲ့တယ်။ ဥပမာ ပြောရရင် ကိုးကန့်ရွာတချို့မှာ စစ်အစိုးရက ဆန္ဒခံယူပွဲလုပ်ဖို့ အရာရှိတွေ ပို့လိုက်တယ်။ ဒေသခံတွေက ၀င်မပါချင်တဲ့ အခါကျတော့ အစိုးရ အရာရှိတွေက မဲတွေကို သူတို့ကိုယ်တိုင် ရေးခြစ်ပြီး ပေးလိုက်ကြတယ်။ ကန့်ကွက်မဲ ရာနဲ့ချီ ပေးလိုက်တဲ့ရွာတွေ ရှိတယ်။ ဒါပေမယ့် အဖြေထွက်လာတော့ ထောက်ခံမဲ ၃၀၀၀ ကျော်ရတယ်ဆိုပြီး ထွက်လာတယ်။ အဲဒီနည်းနဲ့ အခြေခံ ဥပဒေကို အတည်ပြုလိုက်တာပဲ။
မေး။ ။ ဗကပ နဲ့ အရင်တုန်းက ပူးပေါင်းခဲ့ပြီး ၁၉၈၉ မှာ ဦးဖုန်ကြားရှင်ရဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်စွာ ခွဲထွက်နိုင်ခဲ့တယ်။ ဘေကျင်းမြို့တော်ကို သွားခဲ့ပြီး တရုတ်အရာရှိတွေနဲ့လည်း နီးစပ်မှု ရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက စစ်အစိုးရနဲ့ နီးစပ်မှု ရှိသလို နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း နီးစပ်မှု ရှိနေတယ်။ ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ အနေအထားကို ဘာပြောစရာရှိသလဲ။ တရုတ်အစိုးရဆီက အကူအညီ ရသလား။ သူတို့မထောက်ခံတော့မှာကို စိုးရိမ်နေသလား။ သူတို့ဆီက အကာအကွယ် ရသလား။
ဖြေ။ ။ စစ်အစိုးရက စီစဉ်ခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ပဋိပက္ခ နဲ့ နောက်ပိုင်းတိုက်ပွဲတွေအတွင်း တရုတ်အစိုးရ ကျနော်တို့ကို မကူညီပါဘူး။ အကာအကွယ်ပေးဖို့၊ ခိုလှုံခွင့်ပေးဖို့ တရုတ်အစိုးရကို ကျနော်တို့ မပြောနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကိုးကန့်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ထွက်ပြေးကြတော့ ဒေသခံ အာဏာပိုင်တွေက သူတို့ကို တော်တော်လေး ဂရုတစိုက်ရှိပါတယ်။ ဒီအတွက်ကြောင့်တော့ ကျနော်တို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။
မေး။ ။ ကိုးကန့် ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ကျနော်တို့ဟာ တရုတ်တိုင်းရင်းသားတွေပါ၊ ကျနော်တို့ရဲ့ ဇစ်မြစ်က တရုတ်နိုင်ငံမှာပါ။ ဒါကို ကျနော်တို့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိတဲ့ တရုတ်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။
မေး။ ။ မြန်မာပြည် နဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ် အလားအလာကို ဘယ်လို မြင်သလဲ။
ဖြေ။ ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ တော်တော်ကို ရှုပ်ထွေးတဲ့ကိစ္စပဲ။ မြန်မာပြည်မှာ လူထုက ရွေးကောက်တင်မြှောက်တဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ် မရှိဘူး ဆိုရင် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်ကတော့ ကောင်းမှာ မဟုတ်ဘူး။
မေး။ ။ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေဆီကနေ နိုင်ငံရေးအရ၊ စစ်ရေးအရ ကျောထောက် နောက်ခံ ပေးတာ၊ အကူအညီပေးတာတွေ ရခဲ့သလား။ အားလုံး ညီညွတ်မှု ရနေကြသလား ဒါမှမဟုတ် စုစည်းမှု ရအောင် လုပ်ဖို့ အခက်အခဲတွေ တွေ့နေကြတာလား။
ဖြေ။ ။ ဟိုတုန်းကတည်းက တရုတ်မြန်မာနယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ ဆက်ဆံရေး ကောင်းကြပါတယ်၊ အကူအညီ ပေးကြပါတယ်။ ကျနော်တို့ကြုံခဲ့ရတာတွေ၊ ကြုံရဦးမှာတွေက အတူတူပါပဲ။ ဒါပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျနော်တို့ရဲ့ စုစည်းမှုက သိပ်ပြီးတော့ အားမကောင်းပါဘူး။ ဒီအချက်ကို စစ်အစိုးရက အခွင့်အရေး အဖြစ် အသုံးချလိုက်လို့ ကိုးကန့်ဒေသက စစ်အစိုးရ ချုပ်ကိုင်မှုအောက် ရောက်သွားတာပါ။
မေး။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ဦးဖုန်ကြားရှင်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို မစိုးရိမ်ဘူးလား။
ဖြေ။ ။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရက သိမ်းယူထားပါတယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ငန်းတွေကိုလည်း တရုတ်အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ ကျနော် စိတ်သောကရောက်ရုံကလွဲလို့ ဒီပြဿနာကို ကျနော် ရှင်းလို့ မရပါဘူး။
မေး။ ။ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ စစ်အစိုးရတပ်က အရာရှိတွေ၊ ရဲဘော်တွေက တရုတ်နိုင်ငံသားတွေကို အနိုင်ကျင့်နေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတော့ စစ်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးမဟုတ်ဘူးဆိုတဲ့ သဘောလား။
ဖြေ။ ။ ကိုးကန့်ဒေသပဋိပက္ခကို စစ်အစိုးရက ဖန်တီးခဲ့တဲ့ အကြောင်းရင်းတွေ ရှိတယ်။ ပထမအချက်က စစ်အစိုးရက အမေရိကန်၊ အိန္ဒိယ နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ချင်နေတယ်၊ အထူးသဖြင့် အမေရိကန်နဲ့ပေါ့ဗျာ။ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့အတွက် စစ်အစိုးရက သူတို့ဟာ တရုတ်အစိုးရရဲ့ လက်ဝေခံ မဟုတ်ပါဘူး ဆိုတာကို သိပ်ပြီးတော့ သက်သေပြချင်နေတာ။ ဒါကြောင့် ကိုးကန့်ဒေသကို တိုက်တာပဲ။
သူတို့က တရုတ်အစိုးရ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုလည်း စမ်းကြည့်ချင်ပုံ ရပါတယ်။ ကိုးကန့်နဲ့ တရုတ်လူမျိုးတွေက ဆွေမျိုးတွေပဲလေ။ ကိုးကန့်တွေက အခြေခံအားဖြင့် တရုတ်တွေပဲ၊ တရုတ်လူမျိုးတွေရဲ့ အစိတ်အပိုင်း တခုပဲ။ စစ်အစိုးရက အရာသွင်းတာ မဟုတ်တဲ့အတွက် မြန်မာပြည်က တရုတ်တွေက ဆယ်စုနှစ်ပေါင်း အတော်ကြာအောင် အနှိမ်ခံနေရတယ်။
မြန်မာ အမျိုးသား အစိုးရ အသိအမှတ်ပြုတာ ခံရဖို့ ၁၉၄၇ ခုနှစ်မှာ လုပ်တဲ့ အစည်းအဝေးကြောင့်သာ ဒီဒေသမှာ နေထိုင်တဲ့ တရုတ်တွေကို ကိုးကန့် လို့ ခေါ်ခဲ့ကြတာပဲ။ တကယ်တမ်း ပြောရရင်တော့ ကိုးကန့်တွေ ဆိုတာ တရုတ်တွေပဲပေါ့။
၁၉၆၇ ခုနှစ် တရုတ်မြန်မာအရေးအခင်းဆိုတာ မနေ့တနေ့က ဖြစ်ခဲ့သလိုပါပဲ။ ဒီကနေ့အထိ မြန်မာပြည်မှာနေတဲ့ တရုတ်တွေက သူတို့ဟာ တရုတ်ဖြစ်ကြောင်း မကြေညာရဲကြသေးဘူး။ ၁၉၈၉ မှာ ကိုးကန့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်လိုက်တဲ့အခါမှာ မြန်မာပြည်မှာ ရှိတဲ့ တရုတ်တွေက ဒီတပ်ဖွဲ့အပေါ် မျှော်လင့်ချက် ထားခဲ့ကြတယ်။ ခုတော့ အဲဒီ မျှော်လင့်ချက်က ရေစုန်မျောပြီပေါ့။
ဒုတိယအချက်ကတော့ စစ်အစိုးရတပ်တွေ ကိုးကန့်ဒေသထဲ တပ်စွဲထားတာ ၁၀ နှစ် ကျော်သွားပြီ။ ဒေသ အခြေအနေတွေကို သူတို့ ကောင်းကောင်း သိထားတယ်။ ကိုးကန့်ဒေသ အတွင်းရေးတွေကိုပါ သိသွားကြတာ။ ဒါကြောင့် သူတို့က သစ္စာဖောက် ပယ်စောက်ချိန် နဲ့ ဝေချောက်ရင်း (Wei Chaoren) တို့ကို မွေးလိုက်တာပဲ။ ရလဒ်ကတော့ ကိုးကန့်အဖွဲ့ထဲမှာ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက ကွဲပြဲကုန်တာပဲ။ ပယ်စောက်ချိန် နဲ့ ဝေချောက်ရင်း တို့က လူထုကို သစ္စာဖောက်ပြီး စစ်အစိုးရဆီမှာ အညံ့ခံသွားကြတာပဲ။
တတိယအချက်ကတော့ ဒီအချိန်မှာ စစ်အစိုးရက ကိုးကန့်ဒေသကို ချုပ်ကိုင်ထားလိုက်ပြီ၊ တရုတ်အစိုးရက ဘယ်လို တုံ့ပြန်သလဲ ဆိုတာလည်း စစ်အစိုးရက ရှင်းရှင်းလင်းလင်း သိသွားပြီ။ ဒီတော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းကတော့ နယ်စပ်မှာ ရှိတဲ့ လူနည်းစု အဖွဲ့အစည်းတွေကို ချေမှုန်းရေး ဆိုတဲ့ သူတို့ရဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ပဲ။ မြန်မာစစ်အစိုးရက ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ပါလိမ့်မယ်၊ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပါပြီ။
မေး။ ။ ဦးဖုန်ကြားရှင် အခု ဘယ်မှာ ပုန်းရှောင်နေပါသလဲ။
ဖြေ။ ။ ကျနော်က ကိုးကန့် ဒေသမှာ နှစ်ပေါင်း အတော်ကြာအောင် လုပ်ကိုင် နေထိုင်ခဲ့တာပါ။ မြန်မာပြည်က မြို့ကြီးပြကြီးတွေကို ခရီးထွက် လည်ပတ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ကျနော့်မှာ အခု အချိန်တွေ အများကြီး ရှိလာပြီမို့ မြန်မာပြည်ထဲက မြို့ကြီးတွေကို သွားပြီး လည်ပတ်နေပါတယ်။ ကျနော်တို့နိုင်ငံဟာ အင်မတန် သာယာလှပပါတယ်၊ လူထုကို ကိုယ်စားပြုတဲ့၊ နိုင်ငံကို ဖွံ့ဖြိုးအောင်လုပ်မယ့် အစိုးရမျိုးနဲ့ ထိုက်တန်တယ်လို့ ကျနော် ခံစားရပါတယ်။ လောလောဆယ်တော့ ကျနော် ကိုးကန့်ဒေသကို မပြန်သေးပါဘူး။ ။
Set as favorite
Bookmark
Email this
Hits: 11781
Comments (34)

written by Lu Pyo Kyi, January 24, 2010
မြန်မာတွေဘာလို့ ဒီမိုကရေစီမရသလဲဆို ရင် ထစ်ခနဲဆိုတခြားလူမျိုးတွေကိုပဲ လိုက်စော်ကားနေလို့ပဲ တရုတ်ကွန်မြူနစ် အစိုးရလုပ်ရက်တွေက တရုတ်တွေအားလုံးကို ကိုယ်စားပြုနေလို့လား မင်းတို့ စစ်အစိုးရလုပ်တာတွေကော မင်းတို့လူမျိုးအားလုံးကို ကိုယ်စားပြုနေလို့လား ထစ်ခနဲဆို လူမျိုးနဲ့ချီပြီးမစော်ကားပါနဲ့ အဲဒီအစိုးရကြောင့် မြန်မာပြည်က အပြစ်မဲ့ တရုတ်ပြည်သူတွေလဲ အသက်ခံရတာပဲလေ။ တရုတ်မုန်းတီးရေး လုပ်နေမဲ့အစား ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက်လုပ်ကြပါ။ မင်းတို့တနိုင်ငံလုံး ကို ဆင်းရဲအောင် လုပ်နေတဲ့ သန်းရွှေဆိုတာ မင်းတို့ဗမာလူမျိုးစစ်စစ်ပါကွာ ။ လူမျိုးရေးမုန်းတီးအောင် မှိုင်းမတိုက်စမ်းပါနဲ့။
written by georgeorwal, September 23, 2009
ဘာပဲဖြ စ်ဖြစ်ပါ
တရုတ်နိုင်ငံမှာ မွေးဖွားတဲ့ ဗမာဆိုရင် ဗမာလူမျိုး တရုတ် နိုင်ငံသားပါ
မြန်မာ နိုင်ငံမှာမွေးဖွားတဲ့ တရုတ်ဆိုရင် တရုတ်လူမျိုး မြန်မာနိုင်ငံသားပါ
အဲဒါတွေ အဓိက မဟုတ်ဘူး
ဘယ်နိုင်ငံထဲမှာ မဆို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေမယ်၊ ဥပဒေနဲ့ ကင်းလွတ်အောင်နေမယ်၊ အများ သူငှာ ရဲ့အခွင့်အရေး
တွေကို မထိခိုက်အောင်၊ တိုးတက်အောင်၊ လုပ်ပေးပြီး နေထိုင်သွားမယ် ဆိုရင်
ဘယ်သူမဆို၊ ဘယ်တိုင်းရင်းသား မဆို
လက်ခံနိုင်ပါတယ်

written by HMW, September 20, 2009
Pitiable Shan State and Shan State people! the Burmese army take it' political advantage and ruling power. The Chinese has take it' economic advantage and good places to settle. This event has force Shan State people to move to Thailand, living poorly with low life status among the stranger in their own homeland. Shan State just like a beautiful garden without fence.
written by ရဲနိုင်, September 20, 2009
ဒီလို လူမျိုး တိုက်သင့်တာ ကြာဘီ ၊သူ့အင်တာဗျူး ဖတ်ရမှ ဘကမကြီးကို ကျေးဇူး တင်ရမလို ဖြစ်နေဘီ။
written by waizar, September 19, 2009
လက်နက်တွေ ထုတ်ပီး နိုင်ငံတကာကို ရောင်းစားနေတာ ဘယ်နား ချန်ထားခဲ့လဲဗျ
written by SHANLAY, September 18, 2009
Q.....တရုတ်တွေပိုင်တဲ့ ဆိုင်တွေဆိုရင်လည်း အများအားဖြင့် အဖျက်ခံရ ဒါမှမဟုတ် အလုခံရတယ်။ တကယ့်ကို အကြီးအကျယ် ဒုက္ခရောက်တာပဲ။
Ans...around 1991,1992 who are the insurgent in the country....they never care the Commander, people ....they can't speak Myanmar language, but they have money,gun and they know Khin Nyunt.....all the people are felt sad...especially northern Shan State and Mandalay.....

written by Who Am I ?, September 18, 2009
ကိုယ့်ရဲ့ Identity ကို ထုတ်ဖော် ပြောဆိုတာ မမှားပါဘူး။
တရုတ်မျိုးနွယ် မို့လို့ တရုတ်ပါ လို့ ပြောတာ လက်ခံပါတယ်။
ရွှေမြန်မာတွေ UK ရောက်ရင် အင်္ဂလိပ် ဖြစ်သွားလို့လား?
Singapore မှာ နေလို့ စလုံး ဖြစ်သွားလို့လား?
မွေးရာပါ Identity ကို ဘယ်သူမှ ပြင်လို့ မရပါဘူး။
Identity နဲ့ Citizenship က အကွာကြီးပါ။ Migration ကြောင့် မို့လို့သာ မြန်မာနိုင်ငံ လို့ သတ်မှတ်တဲ့ နယ်မြေထဲကို ရောက်လာ ခဲ့ကြတာပါ။

written by Jiang Tun, September 18, 2009
သူလည်း လက်နက် အားကိုးနဲ့ ကိုးကန့် ဒေသမှာ အုပ်ချုပ်နေတာပါ။ သူ့အဖွဲ့ နံမည်မှာ ဒီမိုကရေစီ ပါပေမဲ့ ကိုးကန့် အဖွဲ့မှာ ရွေးကောက်ပွဲ လုပ်တယ် လို့ တစ်ခါမှ မကြားဖူးဘူး။
အနှစ်(၂၀)လုံးသူပဲ ငှက်ကဌလုပ်နေတာ။
နအဖနဲ့ အတူတူပါပဲ။
အနှစ်(၂၀)လုံးသူပဲ ငှက်ကဌလုပ်နေတာ။
နအဖနဲ့ အတူတူပါပဲ။
written by sithusoe, September 17, 2009
တရုတ် အစိုးရ ကိုယ်တိုင် အခွင့်အရေး တောင်းတာနဲ့ ပတ်သက်ရင် သူ နိုင်ငံသားကို ရက်စက်စွာ နိမ်နင်းခဲ့တာ
ဦး ကျွန်တော်တို့ထက် ပိုသိမှာပါ၊ ဦးတို့ တရုတ် လူမျိုးကို စောင့်ရှောက်လို့ ရမဲ့ အခွင့်အရေးက နဲနဲပါ
မြန်မာ အစိုးရကို စောင့်ရှောက်လို့ ရမယ့် အခွင့်အရေးက ပိုများနေမယ် ဆိုရင် ဦးလေးကိုလည်း ဖမ်းပြီး မကြာခင် စစ်အစိုးရဆီ ပို့ဆောင်ပေးလိုက်မှာပါ။
ကျွန်တော်တို့ အားလုံးက သဘောထား ရေးရာမှာ ကွဲပြားပိုင် ခွင့်ရှိပါတယ်၊ တိုင်းပြည်ချစ် စိတ်၊
တိုင်းရင်းသား လူမျိုးတွေ အပေါ်မှာ သစ္စာရှိစိတ်ကတော့လုံးဝ ကွဲပြား ခြားနား လို့ မရပါဘူး၊
ဦး အားကိုးတဲ့ တရုတ်ကြီး ဦး ထွက်ပြေးလာတော့ ဘယ်လြို ကိုဆိုလိုက်လဲ ဆိုတာကို ဦးကိုယ်တိုင် ခံစားရမှာပါ။ ဦးရဲ့ သတိမမှု ပြောလိုက်တာလား တ ရုတ်ကြီးသ နား အောင်ပြောလို က်တာလားတော့ မသိပါ၊ ကျွန်တော်တို့ နိုင်ငံသမိုင်း တစ်ခုမှာ တိုင်းရင်းသား ချစ်ကြည်ရင်နှီးမှုတွေနဲ့ ပတ်သက်လို့ ပြောကြရင် ဦးရဲ့ အမဲစက်ကြီးက ဖျက်မရစွာ စွဲထင် ကျန်ရစ်နေမယ်ဆိုတာ ယုံကြည်ပါ။
တိုင်းရင်းသားများ အနေနှင့်လည်း ဦးဖုန်ကြားရှင်ရဲ့ အာဘော်ဟုသာ မှတ်ယူပြီး ရိုးသားသော ကိုးကန့် လူမျိုးများကို ဆက်လက် ချစ်ကြည်နိုင်ကြပါစေ။

written by %.8-/99, September 17, 2009
ဒီလူက မြန်မာ-တရုတ်တွေ အားလုံးကို တက်နင်း လိုက်တာပဲ။ ပြီးတော တရုတ်ပြည်ထဲ သွားနေနေပြီး မြန်မာပြည်ထဲ နေနေ သယောင် ပြောသေးတယ်။ ဗကပကို ပုန်ကန်ပြီး န၀တနဲ့ အရင်ဆုံး ပေါင်းတဲ့သူ၊ သစ္စာဆိုတာ ဂျိုနဲ့လား ပြောရမဲ့သူ၊ လူမျိုး အပေါ်ရော တိုင်းပြည် အပေါ်မှာပါ သစ္စာ မရှိတဲ့သူ
written by maungkagyi, September 17, 2009
In his interview, he said he don't do opium trade. Actually he did produced methamphetamine. He can't deny it. Because drugs earned big profit so to finance his army. He said he is Chinese. OK, go back there. He knows China has tough policy on drugs. He can get very easy visa of death. He also can't go to another country. DEA is waiting.
He, his brothers and only some few elite of KoKang are rich but 90% of the people are still very poor.
He act like a Warlord for 20 years is not for KoKang people but for his wealth and absolute power.

written by Truth, September 17, 2009
-----မြန်မာ နိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ကျနော်တို့ဟာ တရုတ် တိုင်းရင်းသားတွေပါ၊ ကျနော်တို့ရဲ့ ဇစ်မြစ်က တရုတ် နိုင်ငံမှာပါ။ ဒါကို ကျနော်တို့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။
မြန်မာပြည်မှာ ရှိတဲ့ တရုတ် လူမျိုးတွေရဲ့ အခွင့်အရေး အတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားမှာပါ။ ------
ဒီစကားအရ ဆိုရင် ကိုးကန့် တွေဟာသူတို့ ရဲ့ 
လွတ်လပ်ခွင့်၊ အချုပ်အခြာ ပိုင်နိုင်ငံ ရဖို့ အတွက် တရုတ် အစိုးရ ဆီမှာပဲ တောင်းဆိုသ င့်ပါတယ်။
ဘာဖြစ်လို့ မြန်မာပြည်မှာ လာတောင်းေ နရသလဲ။ ကျယ်ပြောလှတဲ့ တရုတ်ပြည် မကြီးရဲ့  အစိတ်အပိုင်း တခုလောက်ကို ဆယ်စုနှစ် နှစ်စုစာလောက်ပဲ တောင်းနေကြည့်ပါဦး။ ဝေး
သေးတယ်လို့  ပြောချင်တယ်။ ဒါ သူပြောတဲ့စ ကားကိုပြန်နင်းပြီးပြောတာပါ၊ ကိုးကန့် တွေဟာ မြန်မာတိုင်း ရင်းသားအစစ်တွေ ဟုတ် မဟုတ် အငြင်းပွားတာ မဟုတ်ပါဘူး။ နားလည်း မလည်ပါဘူး။
နားလည် တတ်သိတဲ့ သူတွေ ဆုံးဖြတ်ပါ လိမ့်မယ်။

written by pusuma, September 16, 2009
i am also Burmese-born-chinese. even though i am Chinese ethnically, i love Burma as Burmese do and i lov burma more than China. i know that some kokang chinese made bad images. but i am sure that there are alot of chinese out there who lov Myanmar as their own country and wishing good things to Myanmar. Instead of being racist to each other, we should united and do something for our mother country....
written by maungkagyi, September 16, 2009
See, he is not confessed he and his brothers produced a methamphetamine. He imported raw chemical mostly from China and shipped to local and Thailand. It's clear he had to produced it to finance his army. He can't run into China because of the China government has tough policy on drugs. Also can't go another country, DEA is waiting him. His choice. RIGHT...?
written by Mandalay, September 16, 2009
While majority of Kokang people are still poor , uneducated but U Pheung Kyar Shin & family members are filthy rich.
Do you think U Pheung Kyar Shin is a good leader for his own Kokang people?
Is he just a manipulator , self benifitor at the cost of his own people lives?
Under great leadership of U Pheung Kyar Shin, Kokang people were so arrogant & so irresponsible,
just so proudly displaying their guns everywhere they go in Mandalay, Lashio & Nothern Shan State during their ceased fire period.

written by မြန်မာပြည်သား, September 16, 2009
မြန်မာ နိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ကျနော်တို့ဟာ တရုတ်တိုင်းရင်းသားတွေပါ၊ ကျနော်တို့ရဲ့ ဇစ်မြစ်က တရုတ်နိုင်ငံမှာပါ။ ဒါကို ကျနော်တို့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိတဲ့ တရုတ် လူမျိုးတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။
ဒီကတည်းက ရှင်းနေပါပြီ... မြန်မာ တိုင်းရင်းသား ပါလို့ မခံယူထားဘူး ဆိုတာ...
အံ့သြောတာက မြန်မာပြည်အရေး လုပ်နေပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပ ဒီမိုသမားတွေကဘာလို့ နာနေတာလဲ ဆိုတာပါပဲ...
ဒီကတည်းက ရှင်းနေပါပြီ... မြန်မာ တိုင်းရင်းသား ပါလို့ မခံယူထားဘူး ဆိုတာ...
အံ့သြောတာက မြန်မာပြည်အရေး လုပ်နေပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပ ဒီမိုသမားတွေကဘာလို့ နာနေတာလဲ ဆိုတာပါပဲ...
written by ညာဏ, September 16, 2009
ကိုးကန်တွေ ၀ တွေ ၁၉၈၉ မှာ ဘာလို ဗကပ နေ ခွဲးထွက်ရသလဲ?
၁- ၁၉၈၀ တိန်ရှောင်ဖိန် အစိုးရပာာ ဗမာပြည် ကွန်မြူနစ်ပါတီကို တိုက်ရိုက် ထောက်ပံမှူတွေရပ်ပါတယ်. ၁၉၈၅ ၀န်ကျင် စီစီဝမ်တာပန် တိုက်ပွဲးမှာ ဗပာိုစစ်ကော်မရှင်နဲ တပ်မပာာ ခေါင်းဆောင်တွေ သဘောထားကွဲးတယ်လို့ လဲ သိရပါတယ်။ ကျွန်တော်သိသလော ဗမာပြည် ကွန်မြူနစ်ပါတီပာာ ပါတီတွင်း ဝေဖန် နိင်မှူကို အားပေးတယ်လို့ သိရပါတယ်။ဒီအချက်တွေပာာ ကနဦး စတင်လာတဲ ဗပိာု စစ်ကော်မရှင် ပေါလစ်ဗျူရိုနဲ ဒေသခံ တိုင်းရင်သားတပ်တွေရဲ့ကြားက အက်ကြောင်းပါ။ အထူးသဖြင် သခင်ဗသိန်းတင်နဲ သခင်ဖေတင့်တို့ရဲ အာဘော်တွေကို မကြားရတော့ ပါဘူး. ရဲဘော်မောင်မောင်ကြီးရဲ အခန်းလဲ မတွေ့ မိဘူး။ ရဲဘော်ကျင်မောင်ရဲ အာဘော်တွေကိုပဲ ကြားနေရတော့တယ်
နောက်ပိုင်းမှာ တောခိုကျောင်းသားတွေကို လက်နက် ၁၀၀၀၀ ထောက်ပံမှူမှာ ဗမာကြီးတွေက ဗမာလေးတွေကို တော့ ပေးပြီ ငါတို့ အတွက်နေရာမရှိတော့ဘူးဆိုပြီး ပုန်ကန်ကြတယ်လိုဆိုပါတယ်။ အတ်တ မရှိရဘူးဆိုတဲ ကွန်မြူနစ်ဝါဒ ကို အနှစ်၃၀ လောက်ပျော်ဝင်နေတာတောင် ဘာလို သူတို့ ရပိုင်ခွင့်ကိုကြည့်ကြတာလဲ။ ဗမာတွေလာရင် ဆိုပြီ ဗမာကိုကြိုပြီးမုန်းတာက ဘာအဓီပါယ်လဲ၊ တကယ်လို ABSDF ပာာ ကရင်ဆီမှာ မီကြိုးမောင်းပျက် နဲ တိုက်ရမယ့်အစား ဗကပဆီက လက်နက်၁၀၀၀၀ နဲ တပ်မ ၅ ခုစာလောက် ရခဲ့မယ်ဆိုရင် သေချာတာကတော့ ဒီမိုကရေစီ တိုက်ပွဲးအတွက် ၁၀ ဆ မက အားရှိမှာပါ။ ၀ တွေ ကိုးကန်းတွေ က ဗမာဆိုတဲ အမြင်နဲ မလုပ်ဖြစ်အောင် ပုန်ကန်ကြခြင်းပာာ အရှိန်ရနေတယ် ဒီမိုကရေစီ အင်းအားတွေကို ရိုက်ချိုးခဲကြတာပါပဲ။ ခုမှ သာ ဘာညာအော်နေတာ.. အစက တော့ ပုလင်းတူဘူးဆို့လုပ်နေပီးတော့.
*****ကျွန်တော် သိတာတွေ မှားနေရင် ပြင်ပေးကြပါ .. ********

written by ငတုံး, September 16, 2009
ခင်ဗျားပြောတော့ “လူမျိုးစုအငယ်တွေကို အနိုင်ကျင့်နေတာပဲ။ ဒါဟာ လူမျိုးကြီးဝါဒပဲ” ဆို..
ခင်ဗျားပြောလိုက်တာတွေကို ချုပ်လိုက်ရင် ခင်ဗျားကိုယ်တိုင် လူမျိုးကြီးဝါဒ၀င်နေပါလား။ မြန်မာပြည် ထဲမှာနေပြီး တရုတ်ဇာစ်မြစ်ကို မေ့ပစ်မှာမဟုတ်ဘူးဆိုတော့ ခင်ဗျားက မြန်မာမြေပုံကို ဖဲ့ပြီး တရုတ်ကွန်မြူနစ်အောက် သွင်းချင်တာလား။ ကျွန်တော်ကိုးကန့်တွေကို တွေ့ဖူးပါတယ် .. .လောက်ကိုင်ရောက်တုံးက.. သူတို့ကရိုးသား တယ်လို့ထင်တယ်။ ခင်ဗျားပြောနေသလိုတော့ မဟုတ်တာ သေချာတယ်။ သူတို့ကိုယ်သူတို့ ကိုးကန့်ပဲပြောတယ်။ ခင်ဗျားလို တရုတ်လူမျိုးကြီး အောက်ပြေးခိုချင်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ ခင်းဗျာတို့လိုသာ လူလည် ကြီး ဆိုရင် သူတို့တွေ အကုန်လုံးလည်း ဘိန်းကုန်ကူး ၊ ချမ်းသာပြီး မြန်မာပြည် အနှံ့ ဒီအချိန်လျှောက်လည်လို့ ရနေမှာ ပေါ့။
ခင်ဗျားကြည့်ရတာ.. တိဗက်တို့ ၊ uighurs ဒေသတို့ ကြီးစိုးလာတဲ့ ဟန်တရုတ်တွေကို အားကျပုံပဲ။ မြန်မာပြည်ကို လည်း သိမ်းပိုက်ချင်ပုံရတယ်။ အာဖရိကကို လည်းနယ်ချဲ့နေလို့ ဒေသခံတွေနဲ့ အဓိကရုတ်းတွေဖြစ်ခဲ့ရပြီ။
see this..
http://www.taipeitimes.com/News/world/archives/2009/08/07/2003450508
http://news.bbc.co.uk/2/hi/africa/7503428.stm (ဒါက ကုလသမ္မဂ လက်နက်ပိတ်ထားတဲ Sudan စစ်အစိုးရကို လက်နက်ရောင်းတဲ့ကိစ္စ)
အာရှတခွင် မှာလည်းခင်ဗျားတို့လို လူတွေကြောင့် မလေးမှာ၊ အင်ဒို၊ ဖိလစ်ပိုင်တွေမှာ လည်းပြသနာမီးပွားရှိခဲ့ကြပြီ။
ကိုးကန့်ပြည်သူတွေကိုလည်း ခင်ဗျားရဲ့ ”တရုတ် ဘိန်းကုန်သည်များအသင်းအောက်” ဆွဲမထဲ့ပါနဲ့။ သူတို့တွေဟာ vulnerable ဖြစ်ပါတယ်။ ခင်ဗျားတို့ကြောင့်လည်း သာမာန်ရိုးသား၊ကြိုးစားတဲ့ တရုတ်တွေကို မထိခိုက်ပါစေနဲ့။

written by ကိုကိုထိုက်, September 16, 2009
ဒီသတင်းကို ကျွန်တော် သိမ်းထားလိုက်ပါပြီ. ..... ဒီ အင်တာဗျူး ဟာ
သမိုင်းမှာ အရေးပါတဲ့ အထောက် အထား တစ်ခု ဖြစ်သွားပါပြီ.. အနှစ် နှစ်ဆယ် လုံးလုံး ပေါင်းစားခဲ့တုန်းက
ဘာသံမှ မကြားခဲ့ရပါဘူး.....
ကိုးကန့်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ထွက်ပြေးကြတော့ ဒေသခံ
အာဏာပိုင်တွေက သူတို့ကို တော်တော်လေး ဂရုတစိုက်ရှိပါတယ်။
ဆိုတာ ရယ်........
မြန်မာနိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ကျနော်တို့ဟာ တရုတ်တိုင်းရင်းသားတွေပါ၊ ကျနော်တို့ရဲ့ ဇစ်မြစ်က တရုတ်နိုင်ငံမှာပါ။
ဒါကို ကျနော်တို့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိတဲ့ တရုတ်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ .....
ဆိုတာလေးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး.....
. ပြီးတော့ အရမ်း ကြိုက်တဲ့ စကားလုံး ရှိပါတယ်. ....“ မြန်မာနိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ......”
ဆိုတာလေးပါ. ....... .သိပ်ချစ်ဖို့ ကောင်းပါလား.. ...... ဖုန်ကြားရှင်ရယ်...
ကိုကိုထိုက်

written by ABa, September 16, 2009
နောက်အနှစ် ၁၀၀ လောက်ကျရင် မြန်မာပြည်ဟာ တရုတ်ရဲ့ြ ပည်နယ်တခု အထိ ဖြစ်သွားနိုင်တာကို သတိပြု ကစေချင်တယ်။ ပြီးစလွယ် ခဏတာ ဖြေရှင်းမှုကြောင့် အနာဂတ် လူမျိုး ပျောက်ဖို့ ရှိနေပါပြီဗျာ . . .
written by zin yaw, September 16, 2009
You do not also represent Kokang people.
During 20 years, u and ur relatives, friends etc. getting rich and rich.
Kokang people relying on aids; they are still poor; struggling for day to day life.
During 20 years, u and ur relatives, friends etc. getting rich and rich.
Kokang people relying on aids; they are still poor; struggling for day to day life.
written by aungaung, September 16, 2009
if Kokang r chinese, why don't u bring back all ur people from our land to China.
Actually u also sucking blood of Myanmar civilian by pointing gun to us. i know that u all don't like war. what u like is opium & money. u all will do everything for money.
u r just insulting us by saying " WE R CHINESE" "WE R CHINESE"

written by sithusoe, September 16, 2009
ဦးဖုန်ကြားရှင် သိစေလိုပါသည်
တရုတ်တွေရဲ့ အစိတ်အပိုင်း တစ်ခုလို့ တရုတ် အလို ကျမှတ်ယူထားရင် ယူနန် နယ်ထဲမှာသာ သွားနေသင့်ပါတယ်၊
မြန်မာ နိုင်ငံပါလို့ အားလုံးက သတ်မှတ်ထားတဲ့ ပြည်ထောင်းစုထဲမှ သစ္စာမဲ့စွာ မနေ စေလိုပါဘူး၊ အခုအချိန်မှာ ဒီိလို သိလိုက်ရလို့ စစ်အစိုးရကို မထောက်ခံချင်ပေမဲ့ သူ ၀င်တိုက်တာ နောက်ကျတယ် လိုတောင် ထင်မိလာပါတယ်၊
ဦးဖုန်ကြားရှင်ပြောသလို လူမျိုးကြီးက လူမျိုးငယ်တွေကိုဒုက္ခပေးတယ်လို့ မထင်ပါဘူး၊ ဦး ခေတ်ကောင်းစဉ်က လူမျိုးကြီး တွေကို မလုပ်ရဲပါဘူး ဆိုတဲ့ စိတ်မျိုးမရှိဘဲ၊ တိုင်းရင်းသားအားလုံး အပေါ် မောက်မာခဲ့တယ်၊ ဘာဘဲဖြစ်ဖြစ် ခင်ညွန်နဲ့ဘဲ ရှင်းမယ် ဆိုပြီး အကြီးအကျယ် ဗိုလ်ကျခဲ့တာတွေ၊ ကိုးကန့်တပ်သား ဘယ်အဆင့်မှန်း မသိတဲ့ သူက ဆိုင်တွေမှာ ၀င်ရမ်း သောင်းကျန်တာတွေ၊ မမှတ်မိခဲ့ရင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးကို မေးနိုင်ပါတယ်၊
ဦးတို့ ကိုယ်တိုင် ဦးတို့လူမျိုး ကိုးကန့်တွေ အပေါ်မှာ ဘယ်လောက် သတ်ဖြတ် ခဲ့သလဲ၊ ဒုက္ခ ပေးခဲ့သလဲ၊ တရုတ်လိုသာေ ပြာတဲ့ ကိုးကန့် လူမျိုးတွေကို မေးကြည့် နိုင်ပါတယ်။
ဦးအနေနဲ့ မြန်မာ နိုင်ငံက မြို့ကြီးတွေကို လိုက်လည်နေတယ် ဆိုရင်လည်း အပြင် သိပ် မထွက်ပါနဲ့၊ တိုက်ခိုက် ခံရမဲ့ဘေး ရှိပါတယ်၊

written by Ko Phone, September 16, 2009
During last 20 years, KoKang have been colaborating with SPDC buying out our ancient capital, Mandalay, bullying the Burmese people. Now, SPDC turn on them.
Who will be the next.
written by sayar, September 16, 2009
don't think that man speaks fluent Burmese. the original answer is in Chinese and then Daywarli magazine translated it
written by မျိုးချစ်, September 15, 2009
ငြိမ်းချမ်းေ ရးယူပြီး တစ်လျှောက်လုံး စစ်အ စိုးရနဲ့ ပေါင်းပြီး လုပ်စား ခဲ့တာတွေ မပြော ပါ လား။
written by ကိုအောင်, September 15, 2009
ဦးဖုန်ကြားရှင်က ကြုံတုန်း ၀ါဒဖြန့်  လိုက်သေးတယ်
ဒါပေမဲ့ - မြန်မာလို ပြောတာ ချောနေတာဘဲေ နာ်။
ဒါပေမဲ့ - မြန်မာလို ပြောတာ ချောနေတာဘဲေ နာ်။
written by zml, September 15, 2009
Even though I hate myanmar military government, I support the army attack on Koe Kant army!!!!
written by ရော်ဆမ်း, September 15, 2009
ဦးဖုန်ကြားရှင်က ကိုးကန့် ဆိုတာ တရုတ် စစ်စစ် တွေပါလို့ ပြောသွားတဲ့ အတွက် မြန်မာ လူထုရဲ့ ထောက်ခံမှုကို ရမယ် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ (၁) အရင်တုန်းက လူအတော် များများက ကြားတောင် မကြားဖူးတဲ့ ကိုးကန့် တွေကို ဗိုလ်ချုပ် ခင်ညွန့်က တိုင်းရင်းသားပါ ဆိုပြီး ပြောတာကို တနိုင်ငံလုံးက လက်မခံချင်ကြဘူး (၂) ကွန်မြူနစ် အကြွင်း အကျန် ကိုးကန့် တွေဟာ မူးယစ်ဆေးဝါး လုပ်ပါတယ် ဆိုပြီး တံဆိပ် အခပ်ခံထားရပါတယ် (၃) မန္တလေးလို မြို့ကြီးမှာ ပညာ မတတ်ပဲ ပိုက်ဆံ ပေါတဲ့ ကိုးကန့်တွေက သေနတ်တွေ ခါးချိတ်ပြီး သောင်းကျန်း ထားပါတယ် (၄) ကိုးကန့်ရဲ့ မူလ နိုင်ငံ ဖြစ်တဲ့ တရုတ်ပြည်က နိုင်ငံတကာ မျက်နှာစာမှာ စစ်အစိုးရကို အကြီး အကျယ် အကာ အကွယ် ပေးထားပါတယ်။ ဒါတွေကို သိလို့ စစ်အစိုးရ ကလည်း ကိုးကန့် ကိုမှ ရွေးတိုက်ပြီး တခြား တိုင်းရင်းသား လက်နက်ကိုင် တွေကို နမူနာပြ ခြိမ်းခြောက်တာ လို့ ယူဆပါတယ်။
written by AUNG, September 15, 2009
မြန်မာပြည်မှာ စစ်မှန်တဲ့ အစိုးရတရပ် မရှိသေးဘူး။ စစ်တပ်ဆိုတာက အစိုးရကို ကိုယ်စား မပြုဘူး။ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ စစ်တပ်က အာဏာကို ဆက်ကိုင်ထားတာပဲ။ အဲဒီကတည်းက မြန်မာပြည်မှာ အစိုးရတရပ် ကောင်းကောင်း မွန်မွန် မပေါ်သေးဘူး။ စစ်အုပ်စုက သူတို့ ကိုယ် သူတို့ ရွေးကောက်ခံ ထားရတဲ့ အစိုးရလို့ မပြောဘူး။ နိုင်ငံတကာကလည်း သူတို့ကို ရွေးကောက်ခံ ထားရတဲ့ အစိုးရလို့ အသိအမှတ် မပြုဘူး။ ခုချိန်ထိ မြန်မာပြည်ဟာ စစ်အုပ်စုက ဖွဲ့ထားတဲ့ ယာယီ ကောင်စီတခု စီမံ ခန့်ခွဲနေတဲ့ နိုင်ငံတခု ဖြစ်နေတုန်းပဲ။ ဒီကောင်စီကို န၀တ လို့ ခေါ်တယ်၊ ခုတော့ နအဖ လို့ ပြောင်းထားတယ်။
Write comment
| < Prev | Next > |
|---|

no words to say about it ,just sad for the people.