မေး။ ။ အာဏာပိုင်တွေဘက်က အမှုခိုင်လုံနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတယ်လို့ မထင်ဘူးလား။ ဖြေ။ ။ အမှုက ဘာမှ မခိုင်လုံဘူးခင်ဗျ။ ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေးကိစ္စတခုလုံးဟာ သူတို့လက်ထဲမှာ ရှိတာပဲ။ လူတယောက် ဝင်လာအောင်လုပ်တယ် ဆိုတာ သူတို့ဖွင့်မပေးရင် ဘယ်လိုမှ ဝင်လို့မရဘူး။
ဒေါ်စုက လွတ်ခါနီးပြီဗျ၊ ရက်ပိုင်းပဲ လိုတော့တာ၊ ဒီအချိန်မှာ အယူခံအမှုကို ပယ်တယ်၊ အမှုတခု ထပ်တင်တယ် ဆိုတော့ အမှုဆင်တယ် လို့ပဲ ယူဆရတယ်။ ဒီအမှုဟာ ခိုင်လုံခြင်း မခိုင်လုံခြင်းတို့ ဆိုတာ သူတို့အပေါ်မှာ တည်တယ်၊ သူတို့က ဒေါ်စုကို လွှတ်မပေးချင်ဘူး၊ ဒေါ်စုရဲ့ ရှေ့လျှောက် လုပ်နိုင်တဲ့ နိုင်ငံရေးကို တားဆီးချင်တာကြောင့်လို့ ကျနော် ယူဆတယ်။
မေး။ ။ ဒီအမှုက နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ။ စီရင်ချက် ဘယ်လိုချမယ်လို့ ထင်သလဲ။
ဖြေ။ ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြောရမယ်ဆိုရင် ထောင်ချဖို့ပဲ ရှိတာပေါ့ဗျာ။ သို့သော် နိုင်ငံရေးမျက်စိနဲ့ ကြည့်မယ် ဆိုရင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ကမ္ဘာကလည်း ကန့်ကွက်တာမှ ဒီအမှုတခုလုံးကို ဖျက်သိမ်းဖို့ ကန့်ကွက်နေတယ်။ ကျနော်တို့ကလည်း လက်မခံဘူး၊ အမှုကို ဖျက်သိမ်းဖို့၊ ရပ်ဆိုင်းဖို့ တောင်းဆိုတယ်။
အမှု မဖျက်သိမ်းနိုင်ဘူး ဆိုရင်တောင်မှ ရိုးသား ဖြောင့်မတ်မှု ရှိတဲ့ တရားစီရင်ရေး ဖြစ်ပါစေလို့ တောင်းဆိုတယ်။ အများပြည်သူ ကြားနာနိုင်တဲ့ တရားစီရင်မှု ဖြစ်ရမယ်။ ရှေ့နေ ရှေ့ရပ်တွေ လုံလောက်စွာ ပါဝင် ဆောင်ရွက်ခွင့် ရှိရမယ်။
တရားရုံးတက်ပြီး စကားပြောတဲ့ ရှေ့နေတင် မဟုတ်ဘူး၊ နောက်ကွယ်ကနေ အမှုနဲ့ ပတ်သက်ပြီး အမှု တည်ဆောက်ဖို့၊ အမှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ဖို့၊ အချက်အလက်တွေ ရှာဖို့ ရှေ့နေ ရှေ့ရပ်တွေ ရှိရမယ်။
လွတ်လပ်တဲ့ တရားခွင် ဆိုရင် အများပြည်သူကို၊ မိသားစုကို နားထောင်ခွင့် ပြုရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ့ရဲ့ သားတွေ အင်္ဂလန်မှာ ရှိတယ်၊ သူတို့ လာနိုင်အောင် ဗီဇာတွေ ပေးရမယ်။ အလားတူပဲ ဒေါ်ခင်ခင်ဝင်းမိသားစုလည်း နိုင်ငံခြားမှာရှိတယ်၊ သူတို့ လာချင်ရင် လာခွင့်ပေးရမယ်။ နိုင်ငံခြားသား ဖြစ်ဦးတော့ သူ့မိသားစုကို တွေ့ခွင့်ပေးရမယ်။
စာနယ်ဇင်းသမားက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမယ်။ ဒါကို ပေးကို ပေးရမယ်။ စာနယ်ဇင်းက ရှေ့နေတွေကို မေးမြန်းခွင့် ရှိရမယ်၊ တရားခံတွေကိုပင်လျှင် တွေ့ဆုံ မေးမြန်းခွင့် ရှိရမယ်။ တရားခွင်ကို လာနားထောင်သူတွေရဲ့ ထင်မြင်ချက်ကို မေးမြန်းခွင့် ရှိရမယ်။ ဒါ ကျနော်တို့ တောင်းဆိုတယ်။
နောက်တခုက ကျနော် လုံခြုံရေးကိစ္စလည်း တောင်းဆိုချင်တယ်။ ထောင်ထဲမှာလုပ်တဲ့ တရားခွင် ဆိုပေမယ့် လုံခြုံရေး စိတ်ချရမှုနဲ့ ပတ်သက်ပြီး ကျနော် မပြောနိုင်ဘူး၊ ထောင်ထဲမှာ လုပ်ပြီး ဒေါ်စုကို သူတို့ ရန်မမူဘူးလို့ စိတ်ချ လက်ချ ကျနော်တို့ ယုံကြည်မှု မရှိဘူး။ ဒေါ်စုရဲ့ လုံခြုံရေးကိုလည်း အခိုင်အမာ ပေးရမယ်။ ဒေါ်စုတင် မကဘဲနဲ့ ဒေါ်စုဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေ ရှေ့ရပ်များကိုလည်း လုံခြုံမှု ပေးရမယ်။
ကျနော်တို့ ပြောချင်တာက အမှုကို ဆင်ပြီးလုပ်တဲ့အတွက် မတရားတဲ့အတွက် ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး။ တရား စီရင်မယ် ဆိုရင်လည်း လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်အောင် စောစောက ပြောတဲ့အချက်တွေ ပေးပါလို့ ကျနော်တို့က တောင်းဆိုတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း တိုက်ခိုက်ခံရ၊ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံရ၊ အခု လွတ်ရက်စေ့ခါနီးမှာ အစိုးရက ထောင် ၅ နှစ် ထပ်ချဖို့ ပြင်နေတယ် ဆိုတော့ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လို အခြေအနေ ရှိတယ်လို့ သိရသလဲ။
ဖြေ။ ။ ကျနော်ကတော့ တွေ့ခွင့် မရဘူး။ သို့သော် ပထမဦးဆုံးအချက် ပြောချင်တာက ရှေ့နေဦးကြည်ဝင်းနဲ့ တွေ့တယ်။ ရှေ့နေဦးကြည်ဝင်းရဲ့ ပြောကြားချက်က ဘာလဲ ဆိုတော့ ဒေါ်စုရဲ့ စိတ်ဓာတ်က အလွန် ကောင်းမွန်နေတယ်၊ ခိုင်ခိုင်မာမာပဲ ရှိနေတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး သူဘာပြောလဲ ဆိုတော့ ဘာဥပဒေချိုးဖောက်မှုမှ သူ မလုပ်ဘူး ဆိုတာကို သူက ရှေ့နေကို အတိအလင်း ပြောတယ်၊ အပြစ်မရှိဘူး ဆိုတာကို ခိုင်ခိုင်မာမာ ပြောတယ်။ ဒီအချက်တွေကို ထောက်ရင် ဒေါ်စုရဲ့ စိတ်ဓာတ်က ခိုင်မာဆဲပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။
ဒေါ်စုနဲ့ ကျနော် တွေ့နိုင်ခြင်း မရှိသော်လည်း လွန်ခဲ့တဲ့ နှစ်တွေက ကျနော်တို့ တွေ့ကြ ကြုံကြတဲ့ အတွေ့အကြုံတွေကို ထောက်ထားလို့၊ ပြီးတော့ မတွေ့တဲ့ ကာလမှာလည်း ဒေါ်စုက ထောင်ထဲရောက်လိုက် အပြင်ကို ရောက်လိုက် အနှစ် ၂ဝ ကာလ တလျှောက်လုံး သူ့ရဲ့ ရပ်တည်ခဲ့တဲ့ အချက်တွေ၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ထောက်ရင် ဒေါ်စုက ဒီလိုဖြစ်တာနဲ့တော့ စိတ်ဓာတ် ဘာမှ ထိခိုက်စရာ၊ ပြောင်းလဲစရာ၊ စိတ်ဓာတ်ကျစရာ၊ လျော့ပါးစရာ ဘာမှ မရှိဘူးလို့ ကျနော် ပြောနိုင်ပါတယ်ဗျာ။
မေး။ ။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဆက်ပြီး ထိန်းသိမ်းထားချင်ရတာလို့ ထင်သလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုတွေ၊ ကမ္ဘာက အသိအမှတ်ပြုမှုတွေ၊ အမှန်အတိုင်းပြောရရင် စစ်အစိုးရရဲ့ အဓိက ရန်သူ ဖြစ်နေတယ် ဆိုတဲ့ အချက်တွေကို ကျနော်တို့ ထည့်ပြီးပြောရမှာပဲ။
ဒါပေမယ့် ပုဂ္ဂိုလ်ရေး ခိုင်မာမှု၊ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီးတော့ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေး ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် နိုင်ငံရေး အခြေအနေက အများကြီး ပြောင်းလဲနေပြီ။ အရင်တုန်းက ဆိုရင် လွှတ်တော်ခေါ်ပေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တစက်ကလေးမှ ကျနော်တို့ မလျှော့ဘူး၊ ဥပဒေအတိုင်း လွှတ်တော်ကို ခေါ်ပေးပါ၊ ဒီလွှတ်တော်ကနေ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဆိုတာတွေကို ကျနော်တို့ ပြောခဲ့တယ်။ ဒါဆိုရင် ကောင်းပြီ ဆွေးနွေးကြမယ်လို့ ကျနော်တို့ ပြောတယ်၊ အဲဒီလို ပြောင်းလဲလာတယ်။ အလုပ် လုပ်ဖြစ်အောင် တွေ့ဆုံ ဆွေးနွေးရေးကို ပြောတယ်။
တွေ့ဆုံ ဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းတဲ့ ပုံသဏ္ဌာန်မှာ ဒေါ်စုဟာ အလွန် အရေးကြီးတဲ့ နေရာမှာ ရှိတယ်။ အခုမှ ရှိတာမဟုတ်ဘူး။ ၁၉၈၈ ကတည်းက ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောတယ်၊ ပါတီတွေ ဒီလောက်များနေတာ ဘယ်လို တွေ့ဆုံ ဆွေးနွေးရမှာလဲ လို့ ပြောဖူးတယ်။ အဲဒီတော့ ပါတီတွေက ဒေါ်စုကို မန်းဒိတ် (mandate) ပေးတယ်၊ ဒေါ်စုနဲ့ ပြောပါ၊ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါ၊ ဒေါ်စုကို သူတို့ ယုံတယ် ဆိုပြီးတော့ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော၊ NLD ရော အားလုံးက ဒေါ်စုကို တာဝန် ပေးခဲ့ဖူးတာ ရှိတယ်။ ဒီနေ့ ဒီအချိန်လည်း ကျနော် ထင်တယ် တိုင်းရင်းသားတွေရော အားလုံးက စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတဲ့အခါ ဒေါ်စု ကိုယ်စားပြုပြီးတော့ ပြောပါ ဆိုပြီးတော့ ပြောမှာပဲ။
အခု ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ အဓိကဇာတ်ကောင်က ဒေါ်စုပဲ။ အခု ဒေါ်စုကို တရားစွဲလိုက်ခြင်းဟာ ဘာကိုရည်ရွယ်လဲ ဆိုရင် ဇာတ်ကောင်ဖြစ်နေတဲ့ ဒေါ်စုကို ဇာတ်ခုံပေါ်ကနေ၊ စားပွဲခုံကနေ ဆွဲချပစ်လိုက်တယ်၊ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး တို့ ဆိုတဲ့ လမ်းကြောင်းတွေကိုလည်း အကုန်လုံး ဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ် လို့ ကျနော်က သဘောထားတယ်ဗျ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းလည်း အဖမ်းခံနေရတာ တပတ် ကျော်သွားပြီ၊ သူ့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ သူက ဒီအမှုမှာ ဘယ်လို ပတ်သက်နေသလဲ။
ဖြေ။ ။ ကျနော်တို့ ပထမ ကြားတာကတော့ ဒေါက်တာ တင်မျိုးဝင်းကို အမှုစွဲတင်မယ်၊ စုစုပေါင်း ၅ ယောက် ပေါ့ဗျာ။ သို့ပေမယ့် နောက်ပိုင်းကျတော့ ဒေါက်တာ တင်မျိုးဝင်း မပါတော့ဘူး။ ဖြစ်နိုင်တဲ့ အခြေအနေကို ဆက်တွေးရင် ဒေါက်တာ တင်မျိုးဝင်းကို အမျိုးမျိုး စစ်ကြောရေး လုပ်နေတယ်ပေါ့ဗျာ အဲသလို ယူဆတယ်။ ကျနော်တို့ ပြောချင်တာက ဒေါက်တာ တင်မျိုးဝင်း ညှဉ်းပန်းနှိပ်စက်ခြင်း တို့ ဘာတို့များ ခံရဦးမှာလားပေါ့။ ဟိုတုန်းကလည်း ညှဉ်းပန်းနှိပ်စက်တာတွေ သူ ခံခဲ့ရတာ ရှိတယ်ဗျ။ ဒေါက်တာတင်မျိုးဝင်းကို သူတို့လိုချင်တဲ့ လမ်းကြောင်း နဲ့ အသံတွေ ထွက်အောင်လို့ ဒေါက်တာတင်မျိုးဝင်းကို လုပ်နေသလားလို့ ကျနော်တို့ စိုးရိမ်တယ်။ စစ်ဆေးပြီးတော့ သူ့ကို သီးခြား အမှု ဆင်မလား။ ဒီအပြစ်က ၃ နှစ် နဲ့ ၅ နှစ်လောက်ပဲ အပြစ်ပေးနိုင်တဲ့ အမှုကိုး၊ ဒါ့ထက် ကြီးမားတဲ့ အမှုများ ထပ်တွဲချင်လို့ ကြံစည်နေသလားလို့ ဒီလိုတွေးမိတယ်။
နောက်တမျိုးကလည်း ဒေါက်တာတင်မျိုးဝင်းကို သက်သေ အဖြစ် ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျနော်တို့ မစိုးရိမ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းဟာ လွယ်လွယ်ကူကူနဲ့ သူများ ပြောခိုင်းတိုင်း ပြောတဲ့လူစားမျိုး မဟုတ်ဘူးဗျ။ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက်၊ သမိုင်း အစဉ်အလာတွေကို ကျနော်တို့က ယုံလည်း ယုံကြည်တယ်၊ လေးလည်း လေးစားတယ်၊ ဒါအတွက် မစိုးရိမ်ဘူး။
ဒေါက်တာတင်မျိုးဝင်းကို သက်သေထွက်ခိုင်းရင် သူဟာ လုပ်ခဲ့တာကို ထွက်မှာပဲ၊ သူလုပ်ခဲ့တာလည်း များများ မရှိဘူး၊ ဒီအမှုမှာ ပြီးခဲ့တဲ့ နှစ်တွေက တွေ့တယ် ဆိုတုန်းက ဒေါ်အောင်ဆန်းစုကြည်က ရှင် သွားပြီးတော့ အစိုးရကို အသိပေးပါ လို့ ညွှန်ကြားတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း ပြည်ထဲရေး ဌာနကို အကြောင်းကြားတယ်၊ ဒါ့အပြင် ဘာမှ ထွက်စရာအကြောင်း မရှိဘူး။ ဒေါက်တာတင်မျိုးဝင်းက ကျနော်နဲ့ ဒီ လူနဲ့ နေထိုင်ခဲ့ဖူးပါတယ် ဘာညာ ဆိုတဲ့ဟာမျိုးတွေ ထွက်ဆိုလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူးဗျ။ ။

written by Burmese, May 18, 2009
written by မောင်မောင်စိုး, May 18, 2009
written by aung san thit, May 18, 2009
written by myo chit thu, May 18, 2009
written by Rahmat, May 18, 2009
written by Thataw, May 17, 2009
written by ရန်ကင်း, May 17, 2009
သူလိုလူ အယောက် ၂၀ လောက် ဒီချုပ်မှာ ရှိသင့်တာ အမှန်ပဲ။
ဦးဝင်းတင် ကို ပါးစပ် ပိတ်ဘို့ စစ်အုပ်စု က လုပ်လိမ့် မယ် လို့ ခန့်မှန်းတယ်။
written by KMM, May 17, 2009
written by Monlay, May 17, 2009
written by Tin Thiri, May 16, 2009
His concepts and ways of thinkings are very acceptable and seems as guide lines to follow
written by Thet Oo, May 16, 2009
written by ပြည်ချစ်, May 16, 2009
written by Ko Gyi, May 16, 2009
written by pro, May 16, 2009
Most of his opinions are closer to reality and constructive.
| < Prev | Next > |
|---|








ဖြန့်ဝေသော စာများသည် ရှည်လျားခြင်းမရှိစေရ။ (အကြီးဆုံး A4 တစ်မျက်နှာ) သို့လျှင် လူတိုင်း ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်မည်။ တို့တွေ တစ်နေ့ လွတ်မြောက်ရမည်။