ပန်းချီ ကြီးမြင့်စောသည် နိုင်ငံတကာ ပြပွဲများ အနေနှင့် တရုတ်၊ ဂျပန် ၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ အမေရိကန်၊ စင်္ကာပူ စသည့် နိုင်ငံများတွင် အဖွဲ့လိုက် ၁၉၈၃ ခုမှ စတင်၍ ၂၀၀၈ ခုနှစ်အထိပြသခဲ့ပြီး ယခုထိုင်းနိုင်ငံ ချင်းမိုင် မြို့ သုဝဏဘူမိ ပန်းချီပြခန်း ၌ ဧပြီ ၂၅ ရက်မှ စတင်ပြသနေသော Light တကိုယ်တော်ပြပွဲ အပါအ၀င် ပြပွဲ ပေါင်း ၁၀ ပွဲခန့် ရှိပြီဖြစ်သည်။
မေး။ ။ Light အလင်းရောင်လို့ အမည်ပေးထားတဲ့ ဆရာ့ရဲ့အသက် ၇၀ ပြည့် မွေးနေ့ အထိမ်းအမှတ် တကိုယ်တော် ပြပွဲမှာပြသတဲ့ ပန်းချီကားတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ရွေးချယ် ပြသတာပါလဲ။
ဖြေ။ ။ အလင်းရောင်နဲ့ဆိုင်တဲ့ သဘာဝ အလင်းရောင်တို့ ၊ လူလုပ်တဲ့ အလင်းရောင်တို့ကို ဖော်ပြထားတဲ့ ရန်ကုန်ည Yangon Night စီးရီးထဲကကားတွေရယ်၊ Nude ကားတွေရယ် ၁၆ ကားလောက်ကိုရွေးချယ် ပြသတာပါ။
ရန်ကုန် ည ဆိုရင် လူလုပ်အလင်းရောင်ပါတယ်၊ Nude တွေဆိုရင်လည်း ကိုယ်ပေါ်မှာ အလင်းရောင်တွေ ကျနေ တာ ပါတယ်၊ အဲဒီတော့ ကျနော်က ခေါင်းစဉ် အနေနဲ့ Light ပေါ့၊ အလင်းရောင်ဆိုပြီးတော့ လုပ်တာ၊ ဒီဘက်ပိုင်း မှာ ကျနော်က Nude နဲ့ Yangon Night ရေးတာများတယ်။
အလင်းဆိုတာတော့ အရမ်းကျယ်ပြန့်တဲ့ စကားလုံးဖြစ်တယ်၊ အရမ်းကောင်းတဲ့ စကားလုံး၊ အဲဒီ Light နဲ့ ပတ် သက်ပြီး ကျနော်ကိုယ်တိုင်က အလင်းကို တပ်မက် နေလို့လား၊ ကျနော်ကိုယ်တိုင် အလင်းကို တွေ့နေလို့လား ကျနော်ကိုယ်တိုင် မသိပါဘူး၊ မသိတဲ့အတွက် ကျနော်ကိုယ်တိုင်က ဒီဟာကို လုပ်နေတယ်၊ ကျနော် ည တွေ တော့ ရေးဖြစ်နေတာပဲ၊ ဆိုလိုတာက ကျနော်ကိုယ်တိုင်က အလင်း တောင်းတနေတာလည်း ဖြစ်နိုင်တယ်၊ ဒါမှ မဟုတ်ရင် ကျနော်ကိုယ်တိုင်က အလင်းတွေ့နေတာလည်း ဖြစ်နိုင်တယ်၊ အလင်းကို တွေ့တယ်ဆိုတာ ဘာသာ ရေး ရှုထောင့်ကဆိုရင်တော့ ကိစ္စကပြတ်သွားတာ၊ အနုပညာမှာ အလင်းကို တွေ့သွား ပြီဆိုရင်လည်း နည်းတာမှ မဟုတ်တာ၊ သူ့ဘဝက အမှောင်ထဲ ရောက်နေတယ်၊ အလင်း မရှိဘူး၊ ဒါကြောင့် အလင်းကို ရှာနေရတယ်လို့ လည်း ဖြစ်နိုင်တယ်၊ သူ့ အဓိပ္ပာယ်က အများကြီးပဲ၊ အတွေးအခေါ် ရှုထောင့်ပေါ့။
မေး။ ။ Yangon Night နဲ့ Nude ကားတွေကို ဘယ်လိုသဘောနဲ့ရေးဖြစ်လာတာပါလဲ။
ဖြေ။ ။ Yangon Night ကတော့ ညဆိုတော့ မှောင်ထဲမှာပေါ့နော်၊ မှောင်ထဲမှာ အလင်းနဲ့ဆိုတော့ အထူးသဖြင့် တော့ ရုပ်ပုံတွေကို တိတိကျကျ ပြတ်ပြတ်သားသား မမြင်နိုင်ဘူးလေ၊ အဲဒီအတွက်ကြောင့် သူ့ရဲ့သဘောကိုက Abstract (ဒြပ်မဲ့)ပေါ့နော်၊ ကျနော် အသက် ၆၀ ပြည့် Yangon Night ကားတွေ one man show ပြတုန်းက ကျနော် ဘာပြောဖူးလည်းဆိုတော့ ဒီကားတွေဟာ Abstract လည်းဖြစ်ပါတယ်၊ Impressionist ရင်ထဲမှာ ခံစားရ တာတွေကို ဖွင့်ထုတ်တာလည်း ဖြစ်ပါတယ်၊ ဒါကြောင့် ကျနော့်ရဲ့ ရန်ကုန်ညကားတွေဟာ Abstract and Impression ပေါ့၊ ဒါ သူ့ရဲ့ အဓိပ္ပာယ်။
Yangon Night ကတော့ လမိုင်းကပ်တယ်လို့ ခေါ်ရမှာပေါ့၊ ကျနော် ပန်းချီလောက အနှစ် ၃၀ ကျော်မှာ ပထမ တုန်း ကတော့ ဈေးကားတွေ ရေးတာပေါ့၊ လူတွေ လှုပ်ရှားသွားလာမှု၊ လူတွေရဲ့ စရိုက်လက္ခဏာပေါ့၊ အထူးသ ဖြင့်တော့ အလင်းရောင်နဲ့ အမှောင်ပေါ့၊ အဲဒါတွေကို ရေးချင်လို့ ရေးတာ၊ ပထမပိုင်းအနေနဲ့ ဈေးကား။
၁၉၉၈ ခုနှစ်လောက်မှာတော့ အမှတ်မထင်ပေါ့၊ ကျနော် ရန်ကုန်မြို့လယ် တရုတ်တန်း၊ ကျနော် ငယ်ငယ်လေး ကတည်းက ရောက်ဖူးပါတယ်၊ မြင်နေကျပဲ၊ ဒါပေမယ့် အဲဒီ ည ဘက်သွားတဲ့ အခါကျတော့ တရုတ်တန်းမှာ ထွန်းထားတဲ့ အလင်းရောင်တွေမြင်ပြီး ကျနော့် ခေါင်းထဲ ဝင်လာတယ်၊ ဟာ ဒီညဟာ ပန်းချီရေးဖွဲ့လို့ ကောင်း တာပဲ၊ ငါ ပန်းချီရေးမယ်၊ အဲဒီလို အိုင်ဒီယာ ရသွားတာ၊ အဲဒါကို ပန်းချီရေးပြီးတော့ အသက် ၆၀ မှာ Yangon Night ကို one man show ပြဖြစ်သွားတာပဲ၊ အခု ၁၀ နှစ်အတွင်း ကျနော် ဖြောက်ဖြောက် ဖြောက်ဖြောက် ရေးလာတာ၊ Yangon Night ကား ၆၀ ၊ ၇၀ လောက်ရှိသွားပြီ။
မေး။ ။ အခုပြပွဲမှာ Soul of Night ဆိုတဲ့ ကားလေးတွေလည်း တွေ့ရတယ်၊ အဲဒီ ကားတွေကရော။
ဖြေ။ ။ အခုပြပွဲမှာပါတဲ့ ကားအသေးလေးတွေကို ကျနော်က Soul of Night လို့ ပေးထားတယ်၊ ည ရဲ့ ဝိညာဉ် ဆိုပြီး တော့ စတိုင် အသစ်ကလေးပေါ့ဗျာ၊ နောက်ဆုံးရေးတဲ့ ကျနော့် စတိုင်က အဲဒါပဲ၊ အဲဒီ Soul of Night က တော်တော်လေး Abstract ဖြစ်လာတာတွေ့ရတယ်။
Soul of Night ကို ကျနော် ဘာကြောင့်ရေးလည်း ဆိုတော့ Instinct ဆိုတဲ့ ပင်ကို သိစိတ်နဲ့တဲ့ Intuition ဆိုတဲ့ အလိုအလျောက် ထိုးထွင်းသိမြင်တတ်သော ဉာဏ်၊ အဲဒီ နှစ်ခုအပေါ်ကို အခြေပြုပြီးတော့ ကျနော် Soul of Night ဆိုတဲ့ ပန်းချီကားလေးတွေကို ရေးပါတယ်၊ ၇ ကားလောက်ရေးဖြစ်တယ်။
ကမ္ဘာကျော်ပန်းချီဆရာ စေဇန်းတို့၊ မားတီး တို့ကို ကျနော်က ကြိုက်တော့ ကျနော့်ကားတွေကို ကြည့်လိုက်မယ် ဆိုရင် သူတို့ သြဇာကမလွတ်ဘူး၊ ကျနော့်ရဲ့ပန်းချီဆင့်ကဲဖြစ်ပေါ်မှုမှာ စေဇန်း မားတီးက ပါမှာပဲ၊ အရောင်အသုံး အနှုန်းတွေ၊ ပန်းချီကား ဖွဲ့စည်းပုံတွေ စသဖြင့် ပေါ့၊ အဲဒါတွေက မားတီး၊ ရေးချက် စုတ်ချက်တွေက စေဇန်း ရဲ့ သြဇာတွေ ၀င်ဝင်သွားတယ်၊ သိပ်ကြိုက်လွန်းတော့ ဝင်ကုန်တာပေါ့၊ ကြီးမြင့်စော ပန်းချီ အနုပညာ ဖန်းတီးမှုကို ကြည့်လိုရှိရင် စေဇန်းနဲ့ မားတီးတို့ ရဲ့ အငွေ့အသက်က တနည်းမဟုတ် တနည်း တွေ့ရတာပေါ့။
မေး။ ။ အခုပြပွဲ ဖိတ်စာမှာ သုံးထားတဲ့ မိန်းကလေးတယောက် ထိုင်နေတဲ့ Nude ပုံ၊ အလင်းရောင်က ကျောပေါ် ကို ကျနေတဲ့ ပန်းချီကားကရော ဆရာ ဘယ်လိုရေးဖြစ်သွားတာလဲ။
ဖြေ။ ။ ပန်းချီဆရာက Nude ရေးချင်တာက သဘာဝ ပဲလေ၊ Still Life သက်ငြိမ်တွေရေးတယ်၊ သဘာဝ ရှုခင်း Scenery တွေရေးတယ်ပေါ့၊ နောက်ကျတော့ ဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီးတော့ ရေးတယ်၊ အစုံပေါ့၊ Nude ကျ တော့ ပန်းချီဆရာတိုင်းလိုလိုက ရေးချင်တယ်၊ Figure နဲ့ ပတ်သက်ပြီး လူရုပ်ပုံကိုရေးချင်ရင် Nude ကိုပဲလေ့လာ ရတာ၊ တချို့ အနောက်နိုင်ငံ ပန်းချီကျောင်းတွေမှာဆိုရင် Nude က မရေး မနေရပဲ၊ သင်ရိုးမှာကိုထည့်ထား တာ၊ ကျနော်လည်း ပန်းချီဆရာဖြစ်တော့ တခါတခါ Nude ရေးချင်တာပေါ့၊ လွန်ခဲ့တဲ့ ၃၃ နှစ် ၁၉၇၆ ခုနှစ် လောက် က ကျနော် Nude တခါ ရေးဖူးတယ်၊ ပြပွဲလည်း အဲဒီ Nude ကားကို တင်ပြဖူးတယ်၊ အဲဒီတုန်းကလည်း ပြပွဲက ခွင့်ပြု တယ်၊ ခွင့်ပြုတော့ ကျနော်တို့ အများပြည်သူတွေကို ပြခွင့်ရခဲ့တယ်၊ အဲဒီ Nude နာမည်က White Nude ၊ အဲဒါ ကျနော် သိမ်းထားတယ်၊ ကျနော့် ဆီမှာ။
အဲဒါပြီးတော့ မေ့မေ့ ပျောက်ပျောက်နေကြတာ၊ နေပြီးတော့ ဘယ်လို ဘယ်လို ဖြစ်လာသလဲ မသိဘူး၊ အခြေ အနေ တရပ်ကြောင့် ၂၀၀၇ ခုနှစ်ကျတော့ Nude ရေးချင်တဲ့ စိတ်တွေ ပြန်ပေါ်လာတယ်၊ အသက် ၆၀ ကျော်မှ Nude တွေ ရေးချင်လာတယ်၊ ရေးချင်တော့ ကျနော် ထရေးတာပဲ၊ သိပ်ရေးချင်လာရင် နေလို့ မရဘူး၊ ၂၀၀၇ ခု နှစ်ကနေ အခု ၂၀၀၉ ခုနှစ်အထိ ၂ နှစ်အတွင်းမှာ ကျနော်ရေးထားတဲ့ Nude ကား ၂၄ ကားလောက်ရှိတယ်၊ အဲဒါ ရေးချင်စိတ်နဲ့ ရေးလိုက်တာပါပဲ။
မေး။ ။ တချို့ Nude တွေက ရဲတင်းတယ်၊ အရှေ့က မြင်ရတဲ့ မြင်ကွင်းကိုဖော် ရေးထားတာ၊ ဒါပေမယ့် အလင်း ရောင်ကို ထည့်ရေးထားတာတော့ တွေ့တယ်၊ အဲဒီ ကားမျိုးတွေကရော။
ဖြေ။ ။ Nude ကို ကမ္ဘာ့ပန်းချီလောကမှာလည်း အများကြီးရေးကြတယ်၊ ဒါပေမယ့် Nude ကို Light ထည့်ပြီး တော့ ရေးတာက တော်တော်ရှားတယ်၊ အဲဒီတော့ Nude ကို Light ထည့်ပြီးတော့ ရေးဖို့ အိုင်ဒီယာလေး ကျနော် က ရထားတာပေါ့၊ အထူးသဖြင့် Natural Light သဘာဝ အလင်းရောင်ပေါ့၊ အဲဒါကြောင့် ကျနော့် Nude ကား အတော်များများက Light နဲ့ တွဲနေတယ်၊ အဲဒီ Light တွေမှာ အတော်များများက Hight Light ပေါ့ အမြင့်ဆုံး အလင်းကို ရေးထားတယ်၊ အဲဒါကို ကျနော်က ရိုးရိုး စုတ်တံလေးနဲ့ ရေးထားတာမဟုတ်ဘူး၊ ဓါး (ပန်းချီရေးတဲ့ သံလျက်ပုံ ကိရိယာ) နဲ့ အတုံးလိုက်အတစ်လိုက် အပြားလိုက်တွေ တင်ထားတာ၊ အဲဒီလို တင်ထားတော့မှ ကျနော့် ပန်းချီ ကားသည် တပေါင်းတစည်းတည်း ဖြစ်သွားပြီဆိုပြီး စိတ်က ကျေနပ်သွားတာ။
မေး။ ။ Nude ကိုများသောအားဖြင့် မော်ဒယ်လ်တဦးတည်းကိုပဲ ရေးကြတာတွေ့ရတယ်၊ အခု ဆရာ့ကားတွေမှာ မော်ဒယ်လ် မိန်းကလေး ၂ ဦး ၊ ၃ ဦး Group လိုက်ရေးတာတွေ့ရတယ်၊ အဲဒါကရော ဘယ်လို စိတ်ကူးရတာလဲ။
ဖြေ။ ။ အဲဒါကလည်း ကျနော့် အိုင်ဒီယာလေးပေါ့နော်၊ ဒီလိုဗျ၊ Nude ဆိုတာ တယောက်တည်းပဲ ရေးတယ်၊ ရှေး တုန်းက Nude တွေက လှလှ ပပ လေးပေါ့၊ ယဉ်ယဉ်ကျော့ကျော့လေး ရေးတယ်၊ နောက်ပိုင်းမှာ အမေရိကက ပန်းချီဆရာကြီးတဦးက Nude တွေကို၂ ယောက်တွဲရေးတယ်၊ အမြဲတမ်းရေးတယ်၊ ကျနော်ကလည်း အရမ်း ကြိုက်တယ်၊ ကျနော်က ပန်းချီဆရာ သူငယ်ချင်း တယောက်ကို တခါမှာကြုံလည်းကြုံတုန်း မော်ဒယ်လ်ကလည်း ၃ ယောက်ရလို့ ၊ အဲဒီ ၃ ယောက်အတွဲကို ငါ Nude ပန်းချီကား ဖြစ်အောင်ရေးချင်တယ်၊ ကြိုးစားကြည့်ရအောင် ဆိုပြီးတော့ ချဉ်းကပ်ရေးတာ၊ အဲဒါပဲ။ ဖွဲ့စည်းပုံကတော့ ၃ ယောက်ဆို ဘယ်လိုထားမလဲ၊ ၂ ယောက်ဆို ဘယ်လို ထည့်မလဲ၊ ဘယ်လို ကြည့်ကောင်းအောင်လုပ်မလဲ ဆိုတဲ့ ပြဿနာလေးတွေတော့ ရှိတာပေါ့။
Nude နဲ့ပတ်သက်လို့ အင်တာဗျူးတခုမှာလည်း ကျနော်ပြောဖူးတယ်၊ အဲဒီ Nude တွေဟာ ကျနော်နဲ့ တထပ် တည်း ကျအောင် ကျနော်ရေးချလိုက်တာ၊ တထပ်တည်းကျတယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာတွေ အပါအဝင် အများ ကြီး ရှိ မှာပေါ့၊ Nude ကားထဲ က မိန်းမတွေရဲ့ ခံစားမှု ပုံရိပ်တွေဟာ ကျနော်ပေါ့၊ ဓာတ်ပုံထဲက မျက်နှာ လည်းဖြစ်မယ်၊ လူကိုယ်တိုင်ရဲ့ မျက်နှာလည်း ဖြစ်မယ်၊ ကျနော့်ရင်ထဲက ကျနော် ဖွင့်ထုတ်ချင်တဲ့ Expression ပေါ့ ၊ အဲဒီခံစားချက်လည်း ဖြစ်ရင်ဖြစ်မယ်၊ ကျနော် အဲဒီလို ပြောထားတယ်။
မေး။ ။ မြန်မာပြည်မှာ Nude ပန်းချီ ရေးရတဲ့ အခက်အခဲ အတွေ့အကြုံကို ပြောပြပေးပါဦး။
ဖြေ။ ။ Nude နဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ဘာသာ ရေးကရော၊ ယဉ်ကျေးမှုကရော အများပြည်သူကို မပြသင့် ဘူးလို့ သတ်မှတ်ထားတာ၊ တကယ်ကလည်း မပြသင့်ဘူး၊ ကျနော့် လက်တွေ့၊ ကျနော့်အိမ်မှာ ကျနော့် Nude ပန်းချီကားကြီးကို Open ကြီးပေါ့ ဒီအတိုင်း ထောင်ထား တယ်၊ ကျနော့် မိန်းမရှေ့မှာ အိုကေ၊ ကျနော့် သားတွေ သမီးတွေ ရှေ့မှာ အိုကေ၊ ကျနော့် သမီးကလည်း သိတယ်၊ အဖေ အရူးထတာ၊ အဖေသိပ်ရေးချင်လို့ ရေးတာ၊ ပန်းချီပဲ၊ ညစ်ညမ်းတာ မပါဘူးပေါ့၊ သို့သော် အပြင်က ကျနော့် ချွေးမတွေ လာမယ်၊ တခြား မိန်းမတွေ လာမယ် ဆိုရင် ကျနော် အဲဒီ ပန်းချီကားကို မှောက်ထားရတယ်၊ သူတို့ မြင်ရင် ပန်းချီနဲ့ နီးစပ်မှုမရှိတဲ့အတွက် ကျနော့်ကို နားလည်မှု လွဲနိုင်တယ်၊ အဲဒီလိုမျိုးတွေ ရှိတယ်။
ကျနော်က Nude ရေးတယ် ဆိုတာက ပန်းချီ ဆရာဆိုတာ Nude ရေးသင့်တယ်၊ Figure တွေ ရေးတဲ့အခါမှာ Nude ဟာ အခြေခံ အဆင့်ပဲ ဒါကို မသိဘဲနဲ့ လူရုပ်ကို ကောင်းကောင်း မရေးနိုင်ဘူး၊ ပန်းချီ ရှုထောင့်အနေနဲ့ ကျနော်က ရေးတာ၊ ကျနော်ရေးတဲ့ တချို့ Nude ကားတွေက အရမ်းကြမ်းတယ်၊ ဒါပေမယ့် မညစ်ညမ်းဘူး ဆိုတာတွေ့ရ မယ်၊ အနုပညာ ဖန်းတီးမှု တခု အဖြစ်ဖော်ပြတာ။
မေး။ ။ Yangon Night ကားတွေရေးတာနဲ့ Nude ကားတွေရေးတဲ့ အတွေ့အကြုံခံစားမှု ဘယ်လိုကွာခြားပါ သလဲ။
ဖြေ။ ။ လူတဦးရဲ့ အကျင့်ကတော့ ပါစမြဲပါပဲ၊ အခြေခံ ကျကျ ကြည့်မယ်ဆိုရင် Yangon Night ပဲဖြစ်ဖြစ်၊ Nude ပဲဖြစ်ဖြစ် အလင်းနဲ့ ပတ်သက်ပြီး တခုခုပြောချင်တဲ့သဘော
အခြေခံအားဖြင့်တော့ အတူတူပဲ၊ Nude ဆိုတာက လူရုပ်၊ Yangon Night က ရှုခင်း၊ အကြောင်းအရာအရ ခြားနားတာပါ၊ အကြောင်းအရာပေါ်မှာ သုံးတဲ့ နည်းစနစ် လည်း မတူဘူးပေါ့၊ ည ကို ရေးတဲ့အခါမှာ ဝေဝါးတဲ့ အမြင်ကို ရဖို့ ဘီးလေးနဲ့ ခြစ်ပြီး သုံးရတာမျိုးတော့ ရှိတယ်၊ တနည်း ပြောရင် ဘီးဘေးနဲ့ ခြစ်လိုက်တော့မှ ညလေးနဲ့ ပိုတူသွားတယ်၊ Yangon Night တချို့ကားတွေမှာ ဝိုးတဝါး အလင်းကလေးက ဖြတ်သွားတာမျိုး စက္ခုအာရုံ ရတာပေါ့ဗျာ၊
Nude မှာက စုတ်ချက်အကြီးကြီးတွေနဲ့ ဝုန်းဒိုင်း ဘိုးဘတ် အဲဒီလို ရေးထားတာတွေ့ရမယ်၊ ဝုန်းဒိုင်းကြဲထားတာ မျိုးတွေ၊ ဒါပေမယ့် ပိနေတာပါပဲ၊ နှစ် ၃၀ လောက် အတွေ့အကြုံအရ၊ ကျနော့်စိတ်ထဲမှာ ရှိတဲ့ ခံစားချက်ကို Nude ကိုယ်ပေါ်ရောက်အောင် တင်လိုက်တာပါပဲ၊ ထပ်တူပြုလိုက်တာပါပဲ၊ အဲဒီသဘောဗျ၊ စုတ်အကြီးကြီးတွေ၊ ဆေး အထူကြီးတွေကို ကျနော် လိုအပ်တဲ့နေရာမှာ ဝုန်းဒိုင်းကြဲသုံးသွားတာ၊ တကယ်က အများကြီး ပျက်သွားနိုင် တယ်၊ ကံအားလျှော်စွာ ဖြစ်သွားတာပေါ့၊ အတွေ့အကြုံလည်း ပါတာပေါ့၊ Nude udk ကျနော် ရေးချက် ရဲရဲ တွေနဲ့ ဝုန်းဒိုင်းကြဲပြီးတော့ ဖြစ်အောင် ရေးသွားနိုင်တယ်၊ ဒါ ကျနော် ပန်းချီသမ္ဘာနဲ့ လုပ်သွားတာ ပေါ့၊ ကျနော့် ရင်ထဲမှာ ခံစားတာကို ကျနော့်ရေးချက်တွေနဲ့ ပြသွားတာပဲ၊
နိုင်ငံခြားမှာ ပန်းချီကား အတုလုပ်တဲ့ လူတွေကို ဖမ်းရင် ကျွမ်းကျင်တဲ့ သင်တန်း ပေးထားတဲ့ ရဲတွေက ဖမ်းတာ ပေါ့၊ ပန်းချီကား စစ်ဆေးတဲ့ အခါမှာ ပန်းချီဆရာရဲ့ အကျင့်တွေရှိတယ်၊ အဲဒီ အကျင့်ပေါ်မူတည်ပြီး စစ်လိုက်ရင် ပေါ်တာပဲ၊ ဥပမာ ကျနော် ဆိုရင် အရောင်ရဲရဲလေး ကြိုက်တယ်၊ ဆန့်ကျင်ဘက် အရောင်တွေနဲ့ ပန်းချီကားကို ရေးတာ ကြိုက်တယ်၊ သဟဇာတ ဖြစ်တဲ့ အရောင်မျိုးတွေနဲ့ ပန်းချီကားကို ချဉ်းကပ်တာနည်းတယ်၊ ကျနော့် ပန်းချီ ကားကို ကြည့်လိုက်မယ်ဆိုရင် လိမ္မော်ရောင်အနားမှာ အပြာလေး ဖြစ်ဖြစ်၊ အစိမ်းလေး ဖြစ်ဖြစ် ရှိတတ် တယ်၊ အနီရောင် ဘေးနားမှာ အပြာလေးဖြစ်ဖြစ် အစိမ်းလေးဖြစ်ဖြစ်ရှိတတ်တယ်၊ Yangon Night ကားတွေမှာ ဆိုရင် အလင်းလေးတွေမှာ အဝါ အဖြူလေးတွေ တွေ့ရမယ်၊ အမှောင်မှာ သွားရှာကြည့် သူတို့ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အနက်တို့ မရမ်းရောင်တို့ ၊ အဲဒါလေးတွေက ကျနော့်ရဲ့အထာပေါ့၊ ကျနော်ကတတ်နိုင်သမျှ အရောင် အစစ်ကို သုံးတယ်၊ ဆန့်ကျင်ဘက်အရောင် တွေနဲ့ သုံးပြီးတော့ ပန်းချီကားကိုရေးတာ၊ အဲဒါတွေကတော့ ကျနော့် ကိုယ်ပိုင်ချဉ်းကပ်မှုလေးတွေ။
မေး။ ။ Nude ရေးရင်း ဆန့်ကျင်ဘက် လိင်တဦးကို သဘာဝ အရှိအတိုင်း မြင်ရတဲ့ အချိန်မှာ အမြင်အာရုံခံစားမှု နဲ့ အလုပ်အာရုံခံစားမှုကို တပြိုင်တည်း ဆရာဘယ်လို ခံစားမိပါသလဲ။
ဖြေ။ ။ Nude ကို မျက်စိရှေ့တည့်တည့်မှာထားပြီး ပန်းချီ ရေးနေတဲ့အချိန်မှာ Nude နဲ့ပတ်သက်ပြီး အမြင်အာရုံ ကြောင့် စိတ်နှိုးဆော်မှု ဖြစ်ဖို့နေနေသာသာ ကိုယ့် စုတ်တံ၊ ကိုယ့်ကင်းဗတ် ၊ ကိုယ့်ဆေးနဲ့ လုပ်ချင်တာလေး ဖြစ် လာဖို့အတွက် လုံးပန်းနေရတာ တခြားအာရုံ ခံစားမှုတွေက ဘယ်လိုဖြစ်တော့မှာလည်း၊ ဘာဖြစ်လို့လည်း ဆို တော့ တကယ့် အနုပညာဖန်တီးမှုနဲ့ စိတ်နှိုးဆော်မှုနဲ့ ဘာမှ မဆိုင်ဘူးဗျ သိလား၊ အဲဒီအချိန်မှာဘာမှ မရှိဘူး၊ ရှိရင်လည်း အနုပညာဖန်တီးမှု မဖြစ်ဘူး၊ ပန်းချီကား မဖြစ်ဘူး၊ သေချာတယ်၊ ပျက်မှာပဲ၊ တခြားအချိန်မှာ ပုထုစဉ် နော်၊ ပန်းချီတကယ်ရေးနေတဲ့အချိန်မှာ သူဟာ ဘာမှမရှိဘူး၊ သူရေးချင်တဲ့ ပန်းချီကားလေး ဖြစ်ဖို့၊ အဲဒီအာရုံပဲ သူ့မှာရှိတယ်၊ အဲဒီ အချိန်မှာတော့ တကယ်ရိုးသားရမယ်၊ အဲဒါကြောင့်လည်း အနုပညာ ဖန်တီးမှု ဖြစ်တာပေါ့ဗျာ၊ မရိုးသားရင် ဘယ်လိုလုပ်ပြီးကောင်းတဲ့ အနုပညာ ဖန်တီးမှု ဖြစ်တော့မှာလဲ၊ အဲဒါဟာ မှန်ကန်တဲ့ စကားတခုပါပဲ။
Nude နဲ့ပတ်သက်ပြီး ကျနော်ပြောရရင် ဖလော်ဘဲ ဆိုတဲ့ ပြင်သစ် စာရေးဆရာကြီး တဦးရှိတယ်၊ အဲဒီ ဖလော်ဘဲ က မဒမ် ဗိုဘာရီ ဆိုတဲ့ ဝတ္ထုကြီး တပုဒ်ကို ရေးတယ်၊ အဲဒီ ဝတ္ထုက အရမ်းနာမည်ကြီးတော့ ဝေဖန်ဆရာတွေက မေးတယ်၊ ဝတ္ထုထဲက ဇာတ်ကောင် မိန်းမ မဒမ် ဗိုဘာရီ ဟာ ဘယ်သူလဲလို့၊ အဲဒီတော့ ဖလော်ဘဲက ပြန်ဖြေ တယ်၊ I am ငါပဲ တဲ့ ၊ ဖလော်ဘဲကြီးက မဒမ် ဗိုဘာရီ ဟာ သူကိုယ်တိုင်ပါပဲတဲ့ ၊ အဲဒီလိုဖြေတယ်၊ ကျနော်လည်း အဲဒီ လိုပဲ ဖြေရမှာပဲ၊ အဲဒီ Nude တွေဟာ ဘယ်သူလဲ ဆိုရင်၊ ကျနော်ပဲ ပေါ့။ ။

written by Myo Lwin, October 18, 2009
written by No, October 11, 2009
written by A.S.H., October 05, 2009
1. I doubt Saya Saw's aim was to be "popular/modern", let alone "following the trends of the west". Like I said before, nude art has been a vital part of realistic art; paintings, sculpture or whatever sort of art that involves humans.
2. He's not being shallow-minded; on the contrary, he's being open-minded by PROMOTING A VITAL PART OF ARTISTRY in our little conservative cage called Burma, where pretty much everyone is afraid of changes and thinking. Have you tried drawing a decent full-body human? Even a comical (NOT cartoonishly disproportionate) one? Try it out. If you don't know body proportions, you'll do as well as a drunk monkey.
3. If you would just think back what you said, Saya Saw WASN'T trying to make traditional Burmese art. If he was, he'd have drawn a princess dancing with an oil lamp.
4. And what's wrong with accepting other people's cultures? A culture, by definition, is basically about what a group of people in a certain location on Earth accept as standard FOR THEM. What makes our culture so sacred? Or different from other cultures? (Don't give me that "We follow Buddhism" excuse. Our history's been as bloody as any other countries'; good kings save people, bad kings kill. And I don't even wanna talk about the years in Burma after 1962...) Do you still think the Norwegians (known as Vikings in early centuries) still sail across oceans to rob other villages? Or that the British are just a race of white-supremacists who keep taking one country or another for Queen Victoria?
written by Trevor Kyaw, August 11, 2009
Feedback are welcome! It's just a comment!
written by oakkar shwe(son of U ohm shwe), July 05, 2009
written by thanlwinaung, July 03, 2009
written by surfer, June 26, 2009
written by yesa kyo, June 20, 2009
written by Sap, June 12, 2009
There's no other way around. It's only for art's sake. Porn is shameless, but artistic nude is neat. Everyone should respect the work of both models and artist even if you don't like nude painting. It's not an easy work.
written by A.S.H., June 11, 2009
And what's wrong with the paintings anyway? People think it's shameful because of exhibiting nudity? Then we might as well start calling doctors and teachers in medicine school , who KNOW the human body from head to toe, shameless people. Or how about ALL the married couples in the world, who KNOW nudity WELL ENOUGH... Or how about calling OURSELVES, who were ALL born nude?
And before people start calling this "Pornography" again, think about its definition... Porn is media used to raise sexual desire/arousal in a user. This is just well-intentioned art. LEARN. THE. BLOODY. DIFFERENCE! Well, of course, if someone feels aroused from looking at Saya Myint's paintings... then it's not Saya's fault.
written by Responsible., June 08, 2009
written by ပန်းချီချစ်သူ, May 24, 2009
အဓိက ကတော့ ကြည့်တဲ့သူရဲ့ အမြင်ပါပဲ။
ဘယ်လို ခံစားချက်မျိုးနဲ့ ကြည့်လဲ။ ဒါပါပဲ။ ရတဲ့ ရသ ကွာခြားပါတယ်။
တကယ်က Porn နဲ့ ဖိုင်းအတ် ကွာပါတယ်။ အပုံကြီးကွာပါတယ်။
အနုပညာနဲ့ တဏှာ ကွာပါတယ်။
written by ZEAL, May 20, 2009
ဘဘရဲ့ ပုံတွေ မှာ ပါတဲ့ မိန်းမတွေ ရဲ့ မျက်နှာတွေ၊ သုံးထားတဲ့ အရောင်တွေ၊ အလင်း အမှောင် ပေးထားတာတွေဟာ သူဘာကို ပြောပြချင်လဲ ဆိုတာ ပေါ်လွင်ပါတယ်ဗျာ။ အင်တာဗျူးထဲမှာ လဲ ပြောပြထားတာပဲ။
ဘဘရဲ့ ကားသစ် တွေ နဲ့  အင်တာဗျူးကို ဖတ်လိုက်ရတဲ့ အတွက် ကျေးဇူး တင်ပါတယ်ဧရာဝတီ။
written by Saya Lay, May 12, 2009
Don't give up !
This is a kind of revolution in arts history of Burma.
You are the revolutionary leader.
Please don't let down the cause.
written by လေညင်းဝါ, May 08, 2009
ဆရာပြောတဲ့အတိုင်းပါပဲ။ ဆရာ့ nude ကားတွေကတကယ်ကိုပဲ အနုပညာရဲ့
အလှတရားကို ဖော်ကျူးနိုင်ပါတယ်။ ဆရာခင်ဗျား အိမ်မှာချိတ်ထားတဲ့ nude ကားကို မှောက်ထားစရာလိုမယ် မထင်ပါဘူး။ ဆရာ့ကားတွေနဲ့ porn nude ပုံတွေနဲ့တခြားစီပါ။
မြင်လိုက်ရတာနဲ့ခံစားရတဲ့အသိက ညစ်ညမ်းစေလိုတဲ့စိတ်နဲ့ ရေးထားတာမဟုတ်မှန်း
သိနိုင်ပါတယ်။ ကျနော်လည်းတတ်နိုင်တဲ့ အခါကျရင် တကားလောက် ၀ယ်သိမ်းထားချင်ပါသေးတယ်။
ဆက်ရေးပါဆရာ....
| < Prev | Next > |
|---|












