ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်စဲရေး လှုပ်ရှားမှုကြီးသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ် မြင့်မားစွာ နိုးကြွမှုဖြစ်ခဲ့သကဲ့သို့ အစိုးရအနေဖြင့်လည်း ပထမဦးဆုံး ပြည်သူ၏ဆန္ဒကို လိုက်လျောခဲ့ရခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်သားတပိုင်းအစိုးရအနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုသည့် သဘောထားမှ ပြည်သူ၏သဘောထားကို လက်ခံလာသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် သဘောတူ လက်မှတ်ရေးထိုးခဲ့သော စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်ကို ဆိုင်းငံ့ပစ်ခဲ့သော သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်။

ယနေ့ဖြစ်ပေါ်နေသော အခြေအနေမှ ဒီမိုကရေစီခရီး ဆက်လက်လျှောက်လှမ်းရေးနှင့် ပတ်သက်၍ ယခင် စစ်တပ်၏ သဘောသဘာဝ၊ အခြေခံ ခံယူထားသည့်စိတ်ဓာတ်တို့ကို ဆွေးနွေးတင်ပြလိုပါသည်။ ယနေ့ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည်ပင်လျှင် ၁၉၇၄ ခုနှစ်မှစ၍ စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၉) ကို တက်ရောက်ပြီး တပ်မတော်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာရေးသူတို့၏ အသက်အရွယ်တန်းများ ဖြစ်ကြပါသည်။

ကျနော်တို့နှင့်ခေတ်ပြိုင် အရာရှိများသည် တော်လှန်ရေးကောင်စီခေတ်မှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ပြောင်းကာစတွင် တပ်မတော်၌ ဝင်ရောက်အမှုထမ်းခဲ့ကြသည်။ ဆိုရှယ်လစ်စနစ်၏ ဝါဒမှိုင်းအတိုက်ခံထားရသော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဘဝတို့ဖြင့် ကြီးပြင်းလာခဲ့ရပြီးမှ စစ်တပ်အတွင်း ရောက်ခဲ့ကြသူများဖြစ်သည်။ တံခါးပိတ်ဝါဒ ကျင့်သုံးစဉ် ကြီးပြင်းလာခဲ့သူများဖြစ်၍ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့၊ ခိုင်းတာလုပ် ဆိုသည့် ဆောင်ပုဒ်ဖြင့် ခေါက်ရိုးကျိုးနေပြီး စစ်အာဏာရှင်ကြီးများ ခိုင်းတာမှန်သမျှကို တပ်မတော်သစ္စာ (၄) ချက်တွင် တချက်ဖြစ်သည့် အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ဝတ္တရားများကို နာခံရမည် ဆိုသည်ကို လွဲမှားစွာ မှတ်ယူလိုက်နာခဲ့ကြရသူများ ဖြစ်သည်။

နိုင်ငံတကာအတွေ့အကြုံရှိသူနှင့် လေ့လာသူ စစ်အရာရှိတချို့မှလွဲ၍ အများစုသည် စစ်အာဏာရှင်ကြီးများပြောသမျှ ဝါဒမှိုင်းတိုက်မှု (Brain Wash) ကိုသာ ကြားနေရပြီး သူတို့ပြောသမျှကိုသာ အမှန်ထင်ခဲ့ကြပါသည်။ အစိုးရ၏လမ်းစဉ် မှားမှန်းသိနေသူ အရာရှိများအနေဖြင့်လည်း စိတ်ထားတူသူ အချင်းချင်းတွေ့သောအခါမှ ရှေ့နောက်ကြည့်ပြီး ပုန်းလျှိုးကွယ်လျှိုး ပြောဆိုဝံ့ကြသည်။

စစ်ထောက်လှမ်းရေးက စစ်ဘက်နယ်ဘက် အရာရှိကြီးများအပြင် စစ်ထောက်လှမ်းရေး အဖွဲ့အတွင်းမှာပင် ဖုန်းကြားဖြတ်နားထောင်ခြင်း၊ သူလျှိုများထားခြင်းဖြင့် အစိုးရပေါ်လစီအပေါ် ဝေဖန်သူများကို ထောက်လှမ်းလေ့ရှိသည်။ အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း အထူးကြားဖြတ် ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး တပ်မတော်အရာရှိကြီးများနှင့် နယ်ဘက်ဝန်ကြီးများ၊ စစ်ထောက်လှမ်းရေးများ၏ လှုပ်ရှားမှုကို တပ်မတော်ဆက်သွယ်ရေးတပ်အား တာဝန်ပေး ထောက်လှမ်းစေခဲ့သည်။ အပြန်အလှန် ထောက်လှမ်းမှုများ ရှိခဲ့ကြ၍ အစိုးရကို နည်းနည်းဝေဖန်မိသည်နှင့် ဒုက္ခရောက်သွားကြရသည်။

ယနေ့အခြေအနေကို လေ့လာသုံးသပ်မည်ဆိုလျှင် အတိတ်ကာလနှင့် မတူတော့သည်ကို တွေ့မြင်ရသည်။ တချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှန်သမျှကို နာခံခဲ့သော သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်တို့နှင့် အပေးအယူလုပ်၊ လက်ဖြင့်ချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူတို့၏ဆန္ဒအရ ရဲရဲဝံ့ဝံ့ ခြေဖြင့်ဖျက်လိုက်ပါသည်။ အဆိုပါ အလုပ်မျိုးကို ဦးနေဝင်း ပြုတ်ပြီးနောက် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွန့်တို့ မလုပ်ရဲခဲ့ကြပါ။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် တချိန်က မော့်၍မကြည့်ဝံ့သူ၊ မအေနှမနှင့် အဆဲသန်သူ၊ တပ်မတော်တွင် မိုက်ရိုင်းသူဟူ၍ နာမည်ကြီးသော ဗိုလ်ချုပ်ကြီးဟောင်း ရှစ်လုံး ခေါ် ယခု ဒု သမ္မတ ဦးတင်အောင်မြင်ဦးအား ယခုအခါ ပြန်ပြောဝံ့သည်ဟု သိရပါသည်။

အစိုးရဝန်ကြီး အဖွဲ့အတွင်းမှာလည်း မှားသည် မှန်သည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်ကို မြင်တွေ့နေရပါသည်။ လက်ရှိ အစိုးရအဖွဲ့အတွင်းနှင့် တပ်မတော်အတွင်း အရာရှိ ကြီးငယ်များသည်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် များစွာခေတ်နောက်ကျနေရသည်ကို ဝန်ခံရဲသည့်သတ္တိ၊ ဝေဖန်ရဲသည့်သတ္တိများ ရှိလာကြသည်ကို တွေ့မြင်ရပါသည်။

တပ်မတော်သည် ၁၉၆၂ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၅၀ နီးပါး စစ်အာဏာရှင်ကြီးများ၏ ကျွန်ပြုခံထားရသော စစ်ကျွန်များသဖွယ် ဖြစ်ခဲ့ကြပါသည်။ ယနေ့အချိန်တွင် တပ်မတော်နှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကပါ နိုင်ငံရေး အပြောင်းအလဲ လိုလားနေသည်ကို တွေ့မြင်ရပါသည်။ မပြောင်းလဲလိုသူ၊ သဘောထားတင်းမာသူများ လက်ရှိ တပ်မတော်နှင့် အစိုးရအဖွဲ့အတွင်း ရှိနေသေးသည်ကိုလည်း သတိထားရမည်ဖြစ်သည်။

မကြာသောနှစ်ကာလများအတွင်း နအဖအဖွဲ့တွင် သဘောထားပျော့ပြောင်းသူဟု နိုင်ငံတကာက အထင်ခံခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် သဘောထားတင်းမာသူများ၏ ဖိအားပေးမှုကြောင့် လက်ရှိ အခြေအနေသို့ ဆိုက်သွားရပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး သမ္မတကြီး ဦးသိန်းစိန် ရောက်ခဲ့မည်ဆိုပါက မြန်မာ့နိုင်ငံရေးသည် ပိုနေမြဲ ကျားနေမြဲဘဝမျိုး ပြန်ရောက်ပြီး အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်သွားရနိုင်ပါသည်။

နွားကွဲလျှင် ကျားကိုက်မည်ဆိုသည့် မြန်မာစကားပုံကို မမေ့သင့်ပါ။ နိုင်ငံတချို့သည် မြန်မာနိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုကို မျက်စေ့ကျလျက် ရှိပါသည်။ အိမ်နီးနားချင်း တရုတ်၊ အိန္ဒိယတို့သည် စီးပွားရေးအင်အားကြီးလာသည့် နိုင်ငံများဖြစ်လာကြပြီး ပြိုင်ဘက်ရန်ဘက်များလည်း ဖြစ်ကြသည်။ စွမ်းအင်ရရှိရေးအတွက် မြန်မာနိုင်ငံကို အာရုံကျလျက်ရှိသည်။

တရုတ်နိုင်ငံဆိုလျှင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် မကျေမနပ်ဖြစ်ကာ ဗိုလ်သန်းရွှေ ကာလတလျှောက်လုံး ဘာဖြစ်ဖြစ်ထောက်ခံခဲ့ရာမှ ယနေ့ အပြစ်တင်ပြောဆိုလာသည်ကို မြင်တွေ့နေရသည်။ အိန္ဒိယအနေဖြင့်လည်း မြန်မာနိုင်ငံ၏စွမ်းအင်ကို ဈေးပေါပေါဖြင့်ရရန် စောင့်နေသည်ကို သတိချပ်စေလိုပါသည်။

စာရေးသူ ယခင်က တင်ပြခဲ့ဖူးပါသည်။ ၁၉၈၈ ခုနှစ် အရေးခင်းကာလ အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာရေပိုင်နက် ရောက်ရှိလာချိန်တွင် တရုတ်တို့သည် “ဝ” ကိုးကန့် နယ်မြေသို့ တရုပ်တပ်မများစေလွှတ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း  မန္တလေးတိုင်းအထိသိမ်းပိုက်ရေး မဟာဗျူဟာများ ချမှတ်ခဲ့ဖူးပါသည်။

အိန္ဒိယအနေဖြင့်လည်း ခြိမ်းခြောက်လာနိုင်သည့်အတွက် စစ်ရေးအရ မြန်မာနိုင်ငံ၏ ဦးတည်ရန်သူ (Potential Enemy) ဖြစ်သည်ဟု သတ်မှတ်ပြီး စစ်နည်းဗျူဟာများကို လေ့ကျင့်ခဲ့ကြရသည်။ စစ်အာဏာရှင်ကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံကြီးများ၏ လျစ်လျူရှုခြင်းခံရပြီး အိမ်နီးချင်း ၂ နိုင်ငံစလုံးကို မယုံရသော်လည်း မျက်နှာချိုသွေးနေရပါသည်။

ယနေ့ ဗီယက်နမ် ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စသည့် အာဆီယံနိုင်ငံများပင်လျှင် တရုတ်တို့၏ရန်ကို ခုခံနိုင်ရန် အမေရိကန်၏ အကူအညီကို လိုနေကြသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နှင့် ပြဿနာဖြစ်နေသော တောင်တရုတ်ပင်လယ်ပြင်အတွင်း Spratly ကျွန်းစုအရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအား တရုတ်နိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးရန် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိဘဲ အာဆီယံနိုင်ငံများနှင့်သာ လက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုတ်ခေါင်းဆောင်များ မကျေမနပ်ဖြစ်နေကြသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသော နိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုတ်တို့ကို ရင်ဆိုင်ရန် အမေရိကန်ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။

သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုတ်အစိုးရကို အလွန်အမင်း မဆန့်ကျင်ရဲသကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရကိုလည်း ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ရောက်ရှိလာပြီး သမ္မတအိမ်တော်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ နောက်ကြောင်းပြန်လှည့်မည့် အပြောင်းအလဲများ မဟုတ်ပါကြောင်း အာမခံချက်များပေးပြီး အမေရိကန်၏ အကာကွယ်ကို တောင်းဆိုနေရပြီဖြစ်သည်။

စစ်ဆိုသည်မှာ မည်သည့်အခါမှ မကောင်းပါ။ ပြည်ပစစ်ဖြစ်စေ၊ ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်သူပြည်သားအားလုံး ဒုက္ခရောက်ကြရပါသည်။ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုအားလုံး၊ ငြိမ်းချမ်းမှုအားလုံး ဆုံးရှုံးသွားပါသည်။ ယနေ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ကြုံတွေ့နေရသည့် ပြည်သူများ၏ဒုက္ခကို မျှဝေခံစားကြည့်လျှင် စစ်၏အနိဋ္ဌာရုံကို သိရှိနိုင်သည်။ ပြည်တွင်းစစ်ပွဲများ ရပ်စဲရေးနှင့် ပြည်ပစစ်ပွဲများ မဖြစ်ရေး လက်ရှိအစိုးရနှင့် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။

ပထမဦးစွာ အစိုးရအနေဖြင့် ကိုယ့်တိုင်းရင်းသားချင်းများအား ရိုးသားမှု၊ သဘောထားကြီးမှုကိုပြပြီး ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းကြောင်း ကြေညာသင့်သည်၊ ဆွေးနွေးပွဲများ ခေါ်သင့်သည်။ အဆိုပါ ဆွေးနွေးပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမာသမတ်ရှိသော၊ လူအများ လေးစားယုံကြည်မှုရှိသော တိုင်းရင်းသားများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စစ်ဘက်၊ နယ်ဘက် အငြိမ်းစားအရာရှိကြီးများ၊ အစိုးရတာဝန်ရှိသူများနှင့် အဖွဲ့ဖွဲ့ပြီး တာဝန်ပေးသင့်သည်။ ပြည့်အားသည် ပြည်တွင်းမှာသာရှိသည်အဆိုအရ မိမိတို့အချင်းချင်း ညီညွတ်မှုကို ပထမဦးစွာ တည်ဆောက်ဖို့လိုပါမည်။

ပြည်ပရန်များကို ကျော်လွှားနိုင်ရန် ပြည်တွင်းအင်အားသည် အဓိကလိုအပ်ပါသည်။ အနောက်နိုင်ငံကြီးများ လိုလားသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို အလုပ်ဖြင့် သက်သေပြရပါလိမ့်မည်။ အဆိုပါကိစ္စများကို အကောင်အထည်ဖော်ရန် ပြည်သူများဘက်မှလည်း သမ္မတဦးသိန်းစိန်အား နားလည်မှုတစုံတရာပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူကာ ဝန်းရံပေးဖို့ လိုအပ်သည်။ အရေးကြီးသည်မှာ သမ္မတ ဦးသိန်းစိန်အား အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသည့်အုပ်စုက အနိုင်မရရှိသွားရေးဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖြစ်လိုသည်များကို ဆန္ဒစောပြီး နေ့ချင်းညချင်းဖြစ်ရမည်ဟု သဘောမထားဘဲ အစိုးရ၏ ခြေလှမ်းများကို တဆင့်ချင်း စောင့်ကြည့် ထောက်ပြဝေဖန်၍ သမ္မတ ဦးသိန်းစိန်အစိုးရကို အပြုသဘောဖြင့် တွန်းအားပေး၊ တောင်းဆိုသင့်ကြောင်း တင်ပြအပ်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
Comments (7)Add Comment
0
...
written by big, October 11, 2011
ဦးသိန်းစိန် ကို ဝန်းရံ ကြ ?
ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံ ကြ ?
0
great**
written by chanthar, October 11, 2011
thanks for good analysis
please write more
0
thanks for your article
written by Myat Aung, October 11, 2011
Thanks for your article.
0
Agree 100%
written by Tine Yin Thar, October 11, 2011
Agree 100% and we all need to support the process
Sudden in change would be a disaster and dangerous
0
ဆန္ဓမစော
written by soe lwin, October 11, 2011
ကိုအောင်လင်းထွဋ် ပြောတာ ထောက်ခံပါတယ်။ ကျနော်တို့မြန်မာလူမျိုးတွေက တဖက်ကလျှော့ပေးရင် အတင်းဖိလိုက်တဲ့ အကျင့်ရှိတတ်ပါတယ်။ ဒီအချိန်မှာ သူ့ဘက် ကိုယ့်ဘက် မျှတစွာကြည့်ပြီး သတိနဲ့ တဆင့်ပြီးတဆင့် တိုးလုပ်သွားဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဆန္ဓစောပြီး တကွက်မှားရင် ဒုံရင် ဒုံရင် ပြန်ရောက်ပြီး တစ်ကပြန်စရပါလိမ့်မယ်။ဒါကို မြန်မာ့အရေးကျွမ်းကျင်သူ မြန်မာနိင်ငံရေးသမားတွေ အထူ သတိထားရမယ့်အချက်လို့ ထင်ပါတယ်။ဒီလိုပြောလို့ လက်ရှိအစိုးရကို လုံးဝယုံကြည်ရမယ်လို့ မဆိုလိုပါ။ကျနော်တို့ ဘ၀တလျှောက်လုံး တသက်လုံး လိမ်ခံထိခဲ့တော့ အခုနေ ဒီမိုကရေစီပေးပါဆိုတောင် ချင့်ယုံရမှာပါ။
0
let do the best for our country.
written by trueman, October 10, 2011
thank a lot. now is time to do the right things for Burma.
0
ညီညွတ်ရေး ပထမ၊ ညီညွတ်ရေး အဓိက။
written by မောင်သန့်။, October 10, 2011
အားလုံး ညီညွတ်ကြမှ ဖြစ်ပါမယ်။
အင်မတန်မှ သိမ်မွေ့ တဲ့ အလှည့်အပြောင်းတခု ဖြစ်ပါတယ်။ အတ္ထနောမတိ subjective စိတ်တွေ လျှော့ပီး ဘဘ လူထုဦးစိန်ဝင်း ပြောတဲ့ ခဏငယ်လေးတခု စောင့်ကြဖို့  စိတ်ရှည်သည်းခံပေးကြပါ။ အပြောအဆို၊ အရေးအသား၊အပြုအမူ အားလုံး ဆင်ခြင်ကြစေချင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ၊အကြွင်းအကျန်မထား လွတ်မြောက်ရေး ။ ထိုးစစ် ရပ်စဲရေး မှသည် ပြည်တွင်းစစ် လုံးဝ ရပ်စဲ ရေး။ ---လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ပြည်ထောင်စု ကြီး ကို ပြာပုံဘ၀ က ပြန်လည်တည်ဆောက်ကြရပါဦးမယ်။

တပြိုင်တည်းမှာဘဲ အင်အား ကို မဖြုန်းတီးကြဘဲ ပိုမို ကျစ်လစ်ခိုင်မာအောင် စည်းလုံးညီညွတ်ကြရပါမယ်။

သမ္မတကြီး ၏ ကိုယ်ရေးလုံခြုံမှု၊ ရာထူး လုံခြုံ မှု ကို အလေးထားရမှာ ဖြစ်သလို လူထုခေါင်းဆောင် ဒေါ်စု ၊ ဘဘ ဦးတင်ဦး၊ ဘဘ ဦးဝင်းတင် တို့ ရဲ့  ကိုယ်ရေးလုံခြုံမှု ကို လဲ အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။

ဒါ တွေ ကို အားလုံး က ညီညီညွတ်ညွတ် ၀န်းရံကြရပါမယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်