မြန်မာလယ်သမားထု ဆင်းရဲမွဲတေမှုမှလွတ်မြောက်ခြင်း လေးပါး

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခု အဖြစ် မြန်မာပြည် ဒေ၀ါလီခံခဲ့ရတဲ့ ၁၉၈၇ ခုနှစ်က စပြီး တွက်ကြည့်မယ် ဆိုရင်  မြန်မာပြည်သူတွေ ဆင်းရဲနေတာ ရာစုနှစ်ရဲ့ လေးပုံတပုံခန့် ရှိနေပေမယ့် တိုင်းပြည်ကို အစဉ်အဆက် အုပ်ချုပ်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက မနေ့တနေ့ကမှ ဒီကိစ္စကို အရေးတယူ ဆောင်ရွက်လာကြပါတယ်။

၃ ရက်ကြာ ကျင်းပခဲ့တဲ့ “ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တတ်ရောက် ဖွင့်လှစ်ပေးခဲ့သလို မူဝါဒရေးရာ မိန့်ခွန်းလည်း ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အစိုးရ၀န်ကြီးတွေ၊ အဆင့်မြင့် အရာရှိကြီးတွေ၊ ပညာရှင်တွေနဲ့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ သမ၀ါယမ လို အသင်းအဖွဲ့များမှ ကိုယ်စားလှယ်တွေအပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ သမ္မတရဲ့ စီးပွားရေးအကြံပေး အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်၊ ဒေါက်တာစိန်လှဗိုလ်၊ ဦးဆက်အောင်တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်တာကာလ စစ်အစိုးရလက်ထက် မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ဟာ ဘယ်ဘက်က ကြည့်ကြည့် တိုးတက် ပြောင်းလဲလာတာကို မြင်ရခဲပါတယ်။ ဒါပေမယ့် စစ်အစိုးရကာလကို မေ့ထားခဲ့ချင်ပြီး အခုမှ အာဏာရလာတာ ရက်ပိုင်းပဲ ရှိသေးလို့ အစိုးရသစ်ကို မကောင်းတဲ့အမြင်နဲ့ မဝေဖန်ချင်တဲ့၊ စောင့်ကြည့်ပါဦးလို့ အကြံပြုချင်ကြတဲ့ ပြည်တွင်းပြည်ပက မြန်မာ့အရေး စိတ်ဝင်စားသူတချို့ရဲ့ လက်သုံးစကားကို ယူသုံးရရင် “ဘာမှ မလုပ်တာနဲ့ စာရင် တခုခု လုပ်တာ ကောင်းပါတယ်” (Something is better than nothing) လို့ ပြောရမလိုပါပဲ။

သမ္မတဦးသိန်းစိန်မိန့်ခွန်းရဲ့ ထူးခြားချက်က စစ်အစိုးရလက်ထက် “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းကြီး ၅ ရပ် ဆောင်ရွက် ခဲ့လို့ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိခဲ့သော်လည်း ယခင်လုပ်နည်း လုပ်ဟန်များထက် ပိုမို ထိရောက်စွာ ပြောင်းလဲ တိုးတက်အောင် အဖြေရှာ ဆောင်ရွက်သင့်တဲ့ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေး ညှိနှိုင်း ဖော်ထုတ်သင့်တယ်” လို့ ဆိုပြီး လမ်းညွှန်ချက်အသစ် ၁၀ ချက်ကို ချပေးခဲ့တာပါပဲ။

“ယခင် လုပ်နည်း လုပ်ဟန်များထက် ပိုမိုထိရောက်စွာ” လို့ သုံးနှုန်းလိုက်တဲ့ အတွက် ယခင် စစ်အစိုးရလုပ်နည်း လုပ်ဟန်တွေက ထိရောက်သင့်သလောက် မထိရောက်ခဲ့ဘူးလို့ ၀န်ကြီးချုပ် တဖြစ်လဲ သမ္မတအသစ်ရဲ့ ပထမဆုံး လူသိရှင်ကြား မလုံမလဲ ပြောခဲ့ရတဲ့ စကားပါပဲ။

သမ္မတဦးသိန်းစိန်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမူ ၁၀ ချက်ကို အတိုချုပ် ပြောရရင်
(၁) လယ်မြေ တိုးချဲ့ဖို့ထက် ရှိပြီးသားမြေမှာ အထွက်နှုန်း တိုးအောင် သီးနှံမျိုး ပြောင်းလဲပေးဖို့၊
(၂) ဈေးကွက်ဝင် မျိုးစေ့ကောင်းများ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲ စိုက်ပျိုးပြီး တောင်သူများ ၀င်ငွေတိုးပွားစေဖို့၊
(၃) ထုတ်လုပ်စရိတ် နည်းပါးအောင် နည်းလမ်းရှာဖို့၊
(၄) သီးနှံ ရိတ်သိမ်းသိုလှောင်မှု အဆင့် ဆင့်တွင် အလေအလွင့် နည်းပါအောင် စက်မှုနည်းပညာ သုံးစွဲဖို့၊
(၅) မျိုးစေ့မှစပြီး အခြားစိုက်ပျိုးကရိယာ အရင်းအနှီးများ ညီတူညီမျှ လက်လှမ်းမီဖို့၊
(၆) အသေးစားငွေချေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့၊
(၇) လယ်ယာလုပ်သားအစု အဖွဲ့လိုက် နည်းပညာသင်တန်း ပေးဖို့၊
(၈) စိုက်ပျိုးရေးက ရတဲ့ ပထမ၀င်ငွေ (Primary Income) ကို ကာလတခုကြာ စောင့်ရတဲ့အတွက် တပိုင်တနိုင် မွေးမြူရေး လုပ်ပြီး ဒုတိယ၀င်ငွေ (Secondary Income) ရှာဖို့နဲ့ အခြေအနေပေးရင် ပေါင်းစည်း လယ်ယာ (Integrated Farming) တိုးချဲ့ဆောင်ရွက်ဖို့၊
(၉) ကျေးရွာတရွာ ထွက်ကုန်တမျိုး (One Village One Product) ဖြစ်လာအောင် ဆောင်ရွက်ဖို့နဲ့
(၁၀) ထိုသို့ ထုတ်လုပ်နိုင်အောင် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းနှင့် အသေးစား စက်မှုလုပ်ငန်းတွေကို အားပေး မြှင့်တင်ဖို့ တို့ ဖြစ်ပါတယ်။

သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးမူ ၁၀ ချက်ဟာ ရုတ်တရက်ကြည့်ရင် ကောင်းမွန်တဲ့အချက်တွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေကို အကောင်အထည် မဖော်ခင် မြန်မာလယ်သမားထု လက်ရှိ ရင်ဆိုင်နေရတဲ့ လက်တွေ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နဲ့ စစ်အစိုးရခေတ် ၂ ခေတ်စလုံးမှာ ကျေးလက်က မြန်မာ လယ်သမားထု ဆင်းရဲ မွဲတေမှုနွံထဲက ရုန်းမထွက်နိုင်ခဲ့တာဟာ အစိုးရ အဆက်ဆက်က ၎င်းတို့ရဲ့အခြေခံ အခွင့်အရေး ၄ ရပ်ကို ပိတ်ပင်ထားခဲ့လို့ ဖြစ်ပါတယ်။

အဲ့ဒီ အခြေခံ အခွင့်အရေးတွေက လယ်ယာမြေ ပိုင်ဆိုင်ခွင့်၊ စိုက်ပျိုးသီးနှံကို လွတ်လပ်စွာ ရွေးချယ် စိုက်ပျိုးပိုင်ခွင့်၊ လယ်ယာ ထွက်ကုန်တွေကို လွတ်လပ်စွာ ရောင်းချပိုင်ခွင့်နဲ့ ဈေးကွက် လွတ်လပ်ခွင့် တို့ပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အတွက် ကျေးလက် လယ်သမားထုဟာ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ခဲ့တဲ့ သာဓကတွေ အများအပြား ရှိနေခဲ့တာ အထင် အရှားပါပဲ။

လက်တလော ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ပြဿနာက ဘိုးစဉ်ဘောင်ဆက် ထွန်ယက် စိုက်ပျိုးလာခဲ့ကြတဲ့ လယ်ယာမြေတွေ  အတင်းအဓမ္မ သိမ်းယူခံနေရပြီး ဒါကို အစိုးရသစ်အနေနဲ့ ဘယ်လို ကာကွယ်ပေးမှာပါလဲ။ သိမ်းယူတဲ့သူတွေက ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးပြီးနောက် ပေါ်ထွန်းလာတဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီး မြုပ်နှံလာကြတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 

ဈေးကွက်စီးပွားရေးနဲ့ လိုက်လျော ညီထွေအောင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ပိုမို ရင်းနှီးမြုပ်နှံဖို့ အစိုးရက တွန်းအားပေးနေသလို ကုမ္ပဏီတွေဘက်ကလည်း စီးပွားဖြစ် သီးနှံတွေကို ဧက ထောင်နဲ့ချီပြီး စိုက်ပျိုးဖို့ ရင်နှီးမြုပ်နှံလာပါတယ်။

ဒါပေမယ့် ကုမ္ပဏီတွေဟာ သူတို့လိုအပ်တဲ့ လယ်မြေတွေအတွက် အသစ် ရှာဖွေဖော်ထုတ်မှုအပိုင်းမှာ ရင်းနှီမြုပ်နှံမှု မလုပ်ဘဲ တည်ဆဲမြေယာဥပဒေကို အလွဲသုံးစား လုပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ  အဆင်သင့် ထွန်ယက် စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေကို တောင်သူတွေဆီက အတင်းအဓမ္မ သိမ်းယူနေသလို ဒီလို သိမ်းယူတာကို အစိုးရက ခွင့်ပြုနေတာ တွေ့မြင်နေရပါတယ်။

ဥပမာပြရရင် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှာ ယခု အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စီးပွားရေး လုပ်ငန်းရှင် ယူဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ဟာ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းမှာ ကြံနဲ့ ပီလောပီနံကို စီးပွားဖြစ် စိုက်ပျိုးဖို့ အတွက် ဒေသခံ တောင်သူ ၆၀၀ ခန့် ထွန်ယက် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ကျော်ကို လျော်ကြေး အနည်းငယ်သာ ပေးပြီး အတင်း အဓမ္မ သိမ်းယူခဲ့ပါတယ်။

ထို့အတူ ကြံ့ဖွံ့ပါတီရဲ့ နောက်ထပ် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေဟာ မွန်ပြည်နယ် ကျိုက်မရော မြို့မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ အတွက် လယ်မြေဧက ၆၀၀ ခန့်ကို ကာလပေါက်ဈေးထက် အများကြီး လျော့နည်းတဲ့ တန်းဖိုးနဲ့ လျော်ကြေးပေးပြီး သိမ်းယူခဲ့ပါတယ်။

အဆိုပါဖြစ်ရပ် နှစ်ခုစလုံးမှာ လယ်သမားတွေ လယ်မြေတွေ ပြန်ရဖို့ တရား စွဲကြပေမယ့် အခု အချိန်အထိ ဥပဒေ အကာအကွယ် မရရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ လယ်မြေကို ဘာကြောင့် အစိုးရပိုင် ပြုလုပ်ခဲ့ရပါသလဲ။ ကိုလိုနီခေတ် မြေယာပိုင်ဆိုင်မှုမှာ အင်္ဂလိပ် ကိုလိုနီတွေ အိန္ဒိယက ခေါ်လာတဲ့ ငွေတိုးချေးစားတဲ့ အိန္ဒိယ ချစ်တီး ကုလားတွေလက်ထဲ လယ်မြေ အများအပြား ကျရောက်ခဲ့တဲ့ အတွက် မြန်မာတိုင်းရင်းသား လယ်သမားထုဟာ လယ်မဲ့ယာမဲ့ ဘ၀ ရောက်ခဲ့ရတယ်။ ဒီအဖြစ်ကို ပြောင်းပြန်လှန်ဖို့ လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက လယ်ယာမြေ အားလုံးကို နိုင်ငံတော်ပိုင် ပြုခဲ့ပြီး တိုင်းရင်းသား လယ်သမားတွေလက်ထဲ ပြန်လည် အပ်နှံခဲ့ပါတယ်။

အဲ့ဒီအချိန်က သမိုင်း လိုအပ်ချက်အရ လယ်ယာမြေ အားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်း တပါတီအာဏာရှင် ဖြစ်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက တိုင်းရင်းသား လယ်သမားထု လက်ထဲက လယ်မြေအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်လိုက်ပြီး လယ်ယာ စီးပွားရေး ကဏ္ဍ တခုလုံးကို အစိုးရက ထိန်းချုပ်တဲ့ စီမံကိန်း စိုက်ပျိုးရေးစနစ် သွတ်သွင်းခဲ့တဲ့ အတွက်  လယ်သမားတွေ ပိုင်ဆိုင်မှုမဲ့ကာ ဆင်းရဲတွင်း နက်ခဲ့သလို တိုင်းပြည် စီးပွားရေးလည်း ပြိုလဲခဲ့ပါတယ်။

ဒီသင်ခန်းစာကိုယူပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ လမ်းစဉ်ပါတီကနေ အသွင် ပြောင်းခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ (တစည) က  “လယ်လုပ်သူ လယ်ပိုင်ခွင့်” မူဝါဒကို ပြောင်းလဲ ကိုင်စွဲလိုက်သလို ရွေးကောက်ပွဲဝင်တဲ့ တခြား နိုင်ငံရေးပါတီတွေကလည်း  ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဒီမူဝါဒကို ကြွေးကြော်ရင်း လယ်သမားထုရဲ့ဆန္ဒမဲကို ရယူဖို့ စည်းရုံး လှုပ်ရှားခဲ့ကြပါတယ်။

ဒါပေမယ့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ဖွံ့ပါတီက လယ်ယာမြေ အားလုံးကို နိုင်ငံတော်ပိုင် အဖြစ်ပဲ ဆက်လက် ကျင့်သုံးမယ် လို့ ကြွေးကြော်ခဲ့ပြီး ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေ ဦးဆောင်နေတဲ့ အခု အစိုးရသစ်ကလည်း ဒီမူဝါဒကိုပဲ ဆက်လက် ကျင့်သုံးနေပါတယ်။ 

အဲ့ဒါကြောင့်  ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ မွဲတေမှု လျော့ချရေး ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ကထဲက ကြွေးကြော်လာခဲ့ပေမယ့် နိုင်ငံ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့် မရှိလို့ အခု အထိ အောင်မြင်မှုလမ်းစ ရှာမတွေ့နိုင်ပဲ ဖြစ်နေပါတယ်။

ဒုတိယ အကြီးဆုံးပြဿနာက စိုက်ပျိုးသီးနှံကို လွတ်လပ်စွာ ရွေးချယ် စိုက်ပျိုးခွင့် မရရှိခြင်းပါပဲ။ လယ်သမားတွေဟာ သူတို့ဒေသရဲ့ ရာသီဥတု၊ မြေအမျိုးအစားတို့နဲ့ ကိုက်ညီတဲ့ ဘယ်လို သီးနှံမျိုး စိုက်ပျိုးရမယ် ဆိုတာ အသိဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရပိုင်းက ဘယ်သီးနှံကိုပဲ စိုက်ပျိုးရမယ်လို့ အမိန့် ပေးလာတဲ့အခါမှာ ရွေးချယ်ခွင့်မရှိဘဲ အရှုံးခံ စိုက်ပျိုး ကြရပါတယ်။ ဥပမာ နွေစပါး စိုက်ပျိုးလို့ မဖြစ်နိုင်တဲ့ဒေသမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီမံကိန်း ဖြစ်တဲ့ အတွက် မဖြစ်မနေ စိုက်ပျိုးရပါတယ်။ ရလဒ်အနေနဲ့ နွေစပါး မအောင်လို့ တောင်သူတွေ ကြွေးတင်ကြပါတယ်။ နောက်ဆုံး စိုက်ပျိုးစရိတ် အရင်း အနှီး မရှိတော့ အတိုးနှုန်းမြင့်မြင့်နဲ့ ဒေသခံ ငွေချေးသူတွေဆီက စိုက်စရိတ် ချေးငှားရာကအစ အကြွေး သံသရာထဲက ရုန်း မထွက်နိုင်တော့တဲ့အဖြစ် ရောက်ပါတော့တယ်။

တတိယအချက်က လယ်ယာထွက်ကုန်တွေကို လွတ်လပ်စွာ ရောင်းချခွင့် မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ရာသီသုံးပါး အပင်ပန်းခံ စိုက်ပျိုး ထွန်ယက်ခဲ့ရပြီး ထွက်ရှိလာတဲ့ သီးနှံတွေ ဈေးကောင်းကောင်း ရရှိဖို့ ကိုယ်ကြိုက်တဲ့ ဈေးကွက်မှာ ရောင်းချချင်ပေမယ့် ဒေသခံ အာဏာပိုင်တွေက စည်းကမ်း ဥပဒေ အမျိုးမျိုးကို ထုတ်ပြန် တားမြစ်ထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ၀န်ထမ်း ရိက္ခာအတွက် အစိုးရ ကိုယ်တိုင်က ဈေးနှိမ် သတ်မှတ်ဝယ်ယူတာ၊ ဈေးကွက်ပေါက်ဈေးကို အာဏာနဲ့ ထိန်းချုပ် သတ်မှတ်တာတွေဟာ တောင်သူတွေ ရသင့်တဲ့ အကျိုးအမြတ် မရရှိအောင် ပိတ်ပင် တားမြစ်တာဖြစ်ပြီး ဆင်းရဲမွဲ တေမှု ပိုမို ဆိုးရွားအောင် ဖန်းတီးထားတာပဲ ဖြစ်ပါတယ်။

စတုတ္ထအချက်က ဈေးကွက် လွတ်လပ်မှု မရှိတာပါ။ ဒီနေရာမှာ တောင်သူတွေ အဓိက ရင်ဆိုင်နေရတာက သူတို့ရဲ့ လယ်ယာ ထွက်ကုန်တွေအပေါ် ဈေးနှုန်း သတ်မှတ်မှုဟာ သူတို့ရဲ့ လက်ထဲမှာ မရှိတာပါပဲ။ အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဈေးနှုန်း သတ်မှတ်ပါတယ်။

လွတ်လပ်တဲ့ ဈေးကွက်မှာ  ထွက်ကုန် ဈေးနှုန်းတွေဟာ ဈေးကွက် လိုအပ်ချက်အပေါ် မူတည်ပြီး နှုန်းရှင် အဖြစ် နေစဉ်ပြောင်းလဲ နေပေမယ့် အစိုးရက ဈေးကွက် ပေါက်ဈေးထက်နိမ့်ပြီး နှုန်းသေ သတ်မှတ် ၀ယ်ယူလာတဲ့အခါမှာ မရောင်းမနေရ ဖြစ်တဲ့အတွက် တောင်သူတွေ ရရှိသင့်တဲ့ အကျိုး အမြတ် မရရှိဘဲ ဆုံးရှုံးနေကြရပါတယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်ဟာ ကျေးလက် ဖွံ့ဖြိုးရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့ကို တကယ် ထိထိ ရောက်ရောက် ဆောင်ရွက်ချင်တယ် ဆိုရင် တောင်သူလယ်သမားတွေ ဆုံးရှုံးနေတဲ့ အထက်ပါ အခြေခံအခွင့်အရေး ၄ ရပ်ကို လက်တွေ့ ကျကျ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုက်ပါမှ သမ္မတကြီး ပြောသလို လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်လာမှာပါ။
Comments (7)Add Comment
0
သိပ္မွန္တာေ ပါ့ဗ်ာ
written by 1, July 01, 2011
လယ်သ မားတွေမှာ အခုဆိုရင် နွား တစ်ရှဉ်းတောင် ပိုင်ဖို့ မဖြစ်နိုင်ေ တာ့ဘူးဗျ။ အကြွေးတွေနဲ့ ရုန်းနေရတယ်။
0
Myanmar is Agricultural country.
written by thet, June 24, 2011
It is bloodily true and facts that Htet Aung's pin point of four basic farmer's right. How can we bring all these right for farmer? Any workshops and any new projects of Thein Sein will be heavy burdens for our gracious farmers as Nay Win had same things he had do , but corrupted and fail. And Saw Maung and Than Shwe were same, they did very good projects that were only good to reading and listening.
By their Sugarcane projects, thousands of farmers are still suffering, its projects for China.
By their summer rice production projects, only the big players like traders and export controllers are in good prosperous. This new government is privatizing our country in market economy only for the small groups of people who are relatives and families of generals and it followers.

In Myanmar, all major projects and major companies are owned by generals and its families.
There is no way out for farmers to get maximum profit as any new systems and new projects come out, it is set up already aimed for their own profits and corrupted.
0
လယ်သမားတဲ့
written by လယ်သမား, June 19, 2011
လယ်သမား ဆိုတာ ဘယ်လို ဆိုတာ သိရဲ့လားတော့ မသိဘူး။ ခုထိ ကြွေးမြီတွေနဲ့ ဘ၀ တိုင်ပတ်နေကြရတဲ့ အရင်းရှင်စနစ် အသေးစားလေးတွေ၊ ခေါင်းပုံဖြတ်တဲ့ ချစ်တီးတွေကို အကြွေး ဆပ်နေကြရတဲ့ လူစုတွေ။ အကြွေးယူပြီး သီးနှံစိုက်၊ မိုးခေါင်လို့ အကြွေးထူ။ စားစရာမရှိလို့ အကြွေးယူရ။ သားသမီးတွေ ပညာရေး အတွက်၊ အကြွေးယူရ။ အကြွေးတွေေ တာင်လိုပုံပြီး ဘ၀ကို ရုံးကန်နေရတဲ့ လူစုကို လယ်သမားလို့ ခေါ်ပါတယ်။ ဒီလူတွေအတွက် လက်တွေ့ ဘာမှ လုပ်မပြဘဲနဲ့ လူသိအောင် မိန့်ခွန်းေ ဟာနေလို့ကတော့.. .. ကြားရတာ အန်ချင်တယ်။..
0
supports required
written by myo, June 08, 2011
the farmers need supports from gov: systematically.
finicial supports ( effective supports for them ).
Modern technique for agri; ( easy and effectuve support )
Material , Machine ( including basic kniwledge of using machine and maintenane)
spport for their family ( special chances for their family , such as Medical , Educational,Traveling ,,,)
and so on, so that they can concentrate their job and can produce the product with low cost.
0
လယ်သမားများအတွက်လ်ုပိုင်ခွင့်
written by myolwin, June 07, 2011
လယ်သမား..ပြည်သူပိုင်ဖြစ်သင့်ပါတယ်. .ကျွန်တော်လည်း လယ်သမားသားသမီး တစ်ယော က်ပါ..
ကိုယ့်လယ်မှာ ဘာ သီးနှံ စိုက်ရင် ကော င်းမယ်..စီးပွားဖြစ်မယ် ဆို တာ ကိုယ်တိုင်ပဲ သိပါတယ်..ကုလားထိုင်ပေါ်က နေပြီး
စမ်းသပ်ချက် အမျိုးမျိုးတွေ လုပ်ပြီး.. တကယ်နားလည်တဲ့ လယ်သမားတွေကို မဖြစ်နိုင်တဲ့ သီးနှံ စိုက်ခိုင်းတာ ဟာ တစ်ကယ်တော့  မကော င်းလှပါ..
လယ်သမားတွေမှာ လည်း အာ ဏာ ကိုကြော က်လို့သာ လုပ်ရတာ ..မဖြစ်နိုင်ဘူး ဆိုတာ အသေ အခြာ သိထားတဲ့သူတွေပါ..
တစ်ကယ်လို့ စိုက်ခိုင်းမယ် ဆိုလည်း အဓိက လယ်သမားတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးသ င့်ပါတယ်..
0
Need macro-farms
written by Nyo Min Lwin, June 07, 2011
Ten strategies for the poverty reduction are good and Htet Aung's out looks are good too.
My opinion is that the farmer should have warrantee on their farms.And then farmers marge their
farms to become hectare farms and they have to manage themselves on their farms without gov: servants.Without macro-farms and without micro finance for the farmers, the production can't
increase.
0
the fundamental of Poverty Alleviation
written by Kyaw, June 02, 2011
The most important strategy for the poverty reduction is bottom up participatory planning for the rural development, to build the education capacity of the farmers the rural women, production capital support (Micro finance) and infrastructure supports, Marketing and the Community enterprise supports. All of them are not found in the guidance of the President which are not really fundamental but the list of activities.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်