ဗိုလ်ချုပ်မှူးကြီး စာပို့လုလင်

မြန်မာ့ တပ်မတော် ထဲကို စစ်မှုထမ်းဖို့ မဝင်ခင်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စာပို့လုလင် ဝန်ထမ်းအနေနဲ့ မြန်မာပြည် အလယ်ပိုင်းမှာ တာဝန် ထမ်းဆောင် ခဲ့တယ်ဆိုတာ သူနဲ့ နီးစပ်သူတွေရော သူ့ရဲ့ တရားဝင် ကိုယ်ရေးရာဇဝင် အကျဉ်းချုပ် အရရော သိကြပါတယ်။

စာပို့လုလင်ရဲ့ အလုပ်ကတော့ စာပို့သူနဲ့ စာပြန်ကြားသူ အကြားမှာ Messenger တာဝန်ကို ထမ်းရသူ ဆိုပါတော့။

စာတွေ၊ ပါဆယ်ထုပ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့အပြင် လိပ်စာအတိုင်း တိတိကျကျ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် စာတွေကို ပို့ပေးရမယ့် တာဝန်က စာပို့လုလင်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။

အခု တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ တာဝန်ကို ယူထားရတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ နေ့စဉ်လိုလို သူ့ရဲ့ လက်အောက်ငယ်သားတွေဆီက လာတဲ့ အစီရင်ခံစာတွေ၊ ဖိုင်တွဲတွေ၊ ထိပ်တန်းလျှို့ဝှက်ချက် စာဖိုင်တွေ၊ စစ်တပ်ရဲ့ အရေးကြီးတဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာဆိုင်ရာ သုံးသပ်ချက်တွေအပြင် ဆွေမျိုးမိတ်သင်္ဂဟတွေဆီက စာတွေ နေ့တိုင်းရနေမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနဲ့ နိုဝင်ဘာလထဲမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စာ ၂ စောင် ဆက်တိုက် ပို့ခဲ့ပါတယ်။

စာတွေထဲမှာ အရင်ကလိုပဲ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ထိုင်ပြီး စကားပြောဆို ဆွေးနွေးချင်ကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။

ဒီလို တွေ့ဆုံတယ်ဆိုတာကလည်း အာလာပ သလ္လာပ စကားပြောဖို့ထက် မြန်မာပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စရပ်အပြင် အနောက်နိုင်ငံများက မြန်မာစစ်အစိုးရအပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ပြန်ပြီး ရုပ်သိမ်းအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ ဆိုတာလည်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတွေအရ သိရပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်မှာ အနောက်က စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးပါလို့ တောင်းဆိုနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံရေးအရ အပြုသဘောရှိတဲ့ လုပ်ဆောင်မှုတွေကို ခြေလှမ်းအစပျိုးတော့မယ်ဆိုရင်တော့ ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ လျော့ပါးသွားမယ်လို့ ကျနော် နားလည်ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ ၂ စောင်ကို ကျောက်ဆည်က စာပို့လုလင် ဝန်ထမ်းကောင်းလေးက ဘယ်လို တုံ့ပြန်သလဲ ဆိုတာ ဆက်ပြီး လေ့လာကြည့်မယ် ဆိုရင်တော့ အခုအချိန်အထိ သေသေချာချာ လုံးစေ့ပတ်စေ့ ဖတ်ပြီးတယ်လို့ ယူဆလို့ မရပါဘူး (အလုပ်တွေပဲ များနေသလား၊ များချင်ယောင်ပဲ ဆောင်နေသလား၊ ဒါမှမဟုတ် တရုတ်သိုင်းကားတွေ၊ ကိုရီးယားကားတွေပဲ ကြည့်ပြီး ဘယ်သူနဲ့မှ စကားမပြောဘဲ တနေကုန် ထိုင်နေသလား ဘယ်သူသိနိုင်မှာလဲ)

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အထာကို သိလို့လား၊ ဒါမှမဟုတ် တယောက်ယောက်ကပဲ အကြံပေး ထားလို့လား မသိပါဘူး နိုဝင်ဘာလထဲမှာ စာတစောင် ထပ်ပို့ပါတယ်။ အထဲမှာ ကျေးဇူးတင်ကြောင်းတွေလည်း အထပ်ထပ် ဖော်ပြ ထားတာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ အသိုင်းအဝန်းကလာတဲ့ ကောလာဟလ သတင်းတခုကတော့ သူဟာ သူ့ရဲ့ ဘဝ နေဝင်ချိန်မှာ သူငယ်မလေး ဆီက လေးစား ဂါရဝပြုတယ် ဆိုတာကို လိုချင်တယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာယောက်ျား ဗိုလ်ချုပ် တွေရဲ့ သဘောကို ခုတော့ နည်းနည်း သဘောပေါက်လာပုံ ရပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ နေအိမ်သက်တမ်းကို အမေရိကန် ရေကူးသမား ဂျွန်ဝီလျံယက်ထော နဲ့ အမှုဆင်ပြီး မရ ရအောင် တိုးခဲ့တဲ့ကြားက သူ့ရဲ့စာထဲမှာ အတော်ကို ချေချေငံငံ ရေးထားတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကတော့ သူ့ရဲ့ NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တွေနဲ့ တပေါင်းတစည်းတည်း ပေးတွေ့ဖို့၊ အိပ်ရာထဲ လဲနေတဲ့ ဦးအောင်ရွှေ၊ ဦလွင်အပါအဝင် ခေါင်းဆောင် သုံးဦးကို ဂါရဝ ပြုခွင့် ပေးဖို့ ကိစ္စတွေ ပါပါတယ်။

ထူးခြားတာကတော့ ဒီစာတွေထဲက တချို့အချက်တွေကို လိုက်လျောခဲ့တာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ရွှေတို့နဲ့ တွေ့ခွင့် ပေးခဲ့ပါတယ်။ အိမ်မှာတော့ မဟုတ်ပါဘူး၊ အစိုးရ ဧည့်ဂေဟာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်မှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝန်းက မထိခလုပ်၊ ထိခလုပ် ပြောနေတာကတော့ စာပို့လုလင်ဟောင်းလေးက စာတကြောင်း နှစ်ကြောင်းတော့ ဖတ်ပြီးပြီလို့ ယူဆရမယ်လို့ ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတွေကိုဖတ်ရတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာအသွင်အပြင် အနေအထားက ဘယ်လို ဖြစ်သွားမလဲ၊ ဘယ်လို တုံ့ပြန်မလဲ၊ နှုတ်ခမ်းကို လျှာနဲ့ သပ်ပြီး ပြုံးနေမလား၊ ဒါမှမဟုတ် လာပြန်ပြီ ဒိုင်ယာလော့ ဆိုပြီး စားပွဲကို လက်သီးနဲ့ ထုနေမလား၊ ဒါမှမဟုတ် ငါဆင်တဲ့ အကွက်ထဲတော့ ဒီသူငယ်မ ဝင်လာနေပြီလို့ တွေးပြီး ဆင်ကြံကြံနေမလား … ဒါဆေတွကတော့ စာဖတ်သူတွေ စိတ်ကူးချဲ့ကြည့်ဖို့ အပိုင်းပါ။ ကိုယ်ရေးအရာရှိက လွဲလို့ ဘယ်သူမှ မသိနိုင်တဲ့ ကိစ္စပါ။

ပြီးခဲ့တဲ့ အပတ်ကတော့ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရှေ့နေတွေကို ပေးတွေ့ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ အမှုကို အယူခံတင်ဖို့ ကိစ္စ၊ ပြီးတော့ ဦးအောင်ဆန်းဦးက အမွေဆိုင်နေအိမ်ကို အမှုဆိုင် ထားတဲ့ကိစ္စကို ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။

သဘောကတော့ မြန်မာပြည်မှာ တရားဥပဒေပဲ စိုးမိုးနေသယောင်ယောင်၊ ဒါမှ မဟုတ် သူ့ကိုယ်သူ မဟာ ကရုဏာတော်ရှင် ကြီးလို့ပဲ အထင်ခံရလေအောင် လုပ်သလားတော့ မသိဘူးလို့ မြန်မာ့အရေး လေ့လာသူ အသိုင်းအဝန်းက သရော်ခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ စာတွေဆက်ရေး၊ ဆက်ပို့ နေဦးမှာပဲလို့ ထင်မိပါတယ်။ သူ့စာတွေ ပုံမှန်ရောက်နေတယ်၊ ဖတ်နေတယ်ဆိုတာကိုတော့ သူလည်း သတိထားမိပုံရပါတယ်။

အရေးအသားကို ပိုပြီး ညက်အောင် ချောအောင်၊ ဗိုလ်ချုပ်မှူးကြီးရဲ့ အတ္တကို နှလုံးပီတိ ဂွမ်းဆီထိ ဖြစ်သွားအောင် ရေးနိုင်ရင် ပိုကောင်းမယ်လို့ ရန်ကုန် သတင်းရပ်ကွက်က ကျီစယ်ပြောဆိုနေတာ ကြားမိပါတယ်။

တခြား အစီးအရင်ခံစာတွေ၊ စာတွေကို ဗိုလ်ချုပ်မှူးကြီး ဘယ်လိုတုံ့ပြန်တယ်ဆိုတာ သိရဖို့ ခက်ခဲပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့စာကို သူ ဘယ်လို စဉ်းစား တုံ့ပြန်နေတယ် ဆိုတာကိုတော့ အခုလတ်တလော ရေးရေးလေးတော့ ခန့်မှန်းတွက်ဆလို့ ရပြီလို့ ယူဆရပါတယ်။
Comments (2)Add Comment
0
Another post man rule our nation.
written by Htain Lynn Oo, January 21, 2010
Ne Win also a post man of Dagon Post office.net Than Shwe.Now i decided i will advice to my one and only son to be a post man.He can be a ruler of Burma in future.
0
ပြည်သူချစ်တဲ့ ကိုကို (အဲလေ) ဖိုးဖိုး …..
written by မန်းကိုကို, January 21, 2010
ဗမာများ ပြောလဲ ပြောတတ် ကြတယ်၊

အသိ ခေါက်ခက် အဝင်နက် တဲ့၊
ကျွဲပါး စောင်းတီး တဲ့၊

ကိုယ့်ထက် အသက် အများ ကြီး ကြီးသူကို ဒီစကားတွေနဲ့ သုံး၇တာ အားလဲ တော်တော် နာတယ်၊
ဒါပေမယ့် မပြောမပြီး၊ မတီး မမည် လို့  ဆိုစကားကလည်း ရှိပြန်တော့ သကိုး။

စာ အဖောက် ခံ၇တာတွေနဲ့ ပစ္စည်း ပျောက်တတ်တဲ့ စာတိုက်၇ဲ့ သဘော သဘာဝတွေကို ဘေးခဏ ဖယ်ပြီး နိုင်ငံ၊ ချုပ်ချုပ်ကြီး နဲ့ အပေါင်း အပါများ အကြောင်းပဲ နဲနဲလေး မေး၊ ပြောမယ်နော။

အ၇င်ဆုံး မေးချင် တာကတော့ -
လက်ရှိ အုပ်ချုပ်သူ၊ အထက်စီး အခြေအနေ မျိုးကို ထာဝ၇ ၇နေသွား လိမ့်မယ်လို့ များ ထင်ပါသလား၊
အုပ်ချုပ် အစိုး၇ သူများ၇ဲ့ လုပ်ဆောင်ချက်တွေဟာ တစ်ချိန်မှာ လိမ်လို့ မ၇ပဲ သမိုင်း မှတ်တမ်းဝင် သွားမယ် ဆိုတာ သတိပြုမိ ပါ၇ဲ့ လား။

ဒီနေ၇ာမှာ မေးပါများ စကား၇ ဆိုတဲ့စကားပုံမျိုး လာပြီး အကျုံး ဝင်နိုင် လိမ့်မယ် လို့ မထင် မိပါဘူး။

ပထမဆုံး အနေနဲ့  တပ်ချုပ်ကြီး တစ်ယောက် အာဏာကို ဆုပ်ကိုင်ပြီး ၇ာဇ ပလ္လင်ပေါ် ငုတ်တုတ်ကြီး သေသွား နိုင်၇င်တောင် ကိုယ့်၇ဲ့ သားသမီး၊ မြေးမြစ်တွေ အတွက် အာမခံချက် မရှိဘူး ဆိုတာ သတိ ဝင်စေလိုပါတယ်။
တစ်ခါ အုပ်ချုပ်နေသူ အစိုး၇အနေနဲ့  နောင် သမိုင်းမှာ ကိုယ့်၇ဲ့ မှတ်တမ်း တွေဟာ အကောင်း
ဘက် မဟုတ် ၇င်လဲ အဆိုးဘက်မှာ ကျန်၇စ် မလား ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ပညာရှိတို့  တွေးကြည့်၇င် ပြေးကြည့် တာထက် မှန်တယ် လို့ ဆိုထားပေမယ့် ဒီနေ၇ာမှာတော့ သာမန် လူတွေ၇ဲ့ အတွေး အမြင် (common sense) နဲ့ တင် လုံလောက်ပါတယ်။
ဒို့ ကတော့ မ၇ဘူး စစ်စစ် ပေါက်ပေါက် အတွေး (critical thinking) မျိုး သုံး၇မှ ကြေနပ်မယ် ဆို၇င် တော့လည်း ကြိုဆို ၇မှာပေါ့လေ။

ဒါနဲ့ စကားမစပ် တပ်ချုပ်ကြီး၇ဲ့ လေးစားမှု ခံယူလိုတဲ့ ကိစ္စ ပြောလိုပါတယ်။
လေးစားမှု ဆိုတာမျိုးကလဲ ကြိုးပမ်းပြီး ၇ယူ ၇တဲ့ အ၇ာမျိုးပါ။ လေးစား လောက်တဲ့ အပြုအမူနဲ့  ဆောင်ရွက်မှုတွေ လုပ်၇ပါတယ်။ ခပ်မြင့်မြင့်မှာ တင်ထားတဲ့ ရွှေကွပ် ကုလားထိုင်မှာ ဆောင့်ကြောင့် ထိုင်ပြီး အမိန့်  ပေးလို့ ကတော့ ကြောက်လို့ ဖြစ်ဖြစ်၊ အခြေ အနေအ၇ ဖြစ်ဖြစ် အလေး ပြုတာ လက်အုပ်ချီ ခံ၇တာမျိုးလောက်ဘဲ ၇မှာပါ။

ဒီနေ၇ာမှာ အဆုံးသတ် အနေနဲ့ ပြောချင်တာက -
လက်ရှိ အကြပ် အတည်းနဲ့ ပြဿနာေ တွကနေ ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ တဲ့ ထွက်ပေါက်တွေ ရှိပါတယ်။ အာဏာ စွဲကိုင်ထားသူတွေ ဘက်က ရှာဖွေပြီး စေတနာ မှန်မှန်နဲ့  အကောင် အထည် ဖေါ်၇င် စားပိုးနင့်မယ့် အနာဂတ်မျိုးကို ရှောင်ရှား နိုင်ပါလိမ့်မယ်လို့  အကြံ ပြုလိုက်ပါ၇စေ။

အားလုံးဘဲ အေးချမ်း ကြပါစေ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်