နေပြည်တော်က ရွေးချယ်တဲ့ ၂၀၀၉ ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူး

၂ဝဝ၉ ခုနှစ်အတွက် ပုဂ္ဂိုလ်ထူး ရွေးချယ်ပွဲကြီးကို နေပြည်တော်တွင် ပြုလုပ်လျက် ရှိသည်။ အခမ်းအနား ကျင်းပရာ ဥတ္တရဟေဝန် ဟိုတယ်ကြီးမှာ ပရိသတ်များဖြင့် ပြည့်လျှံနေသည်။ သတင်းထောက် ဖိုးရှုပ်နှင့် သူ၏ မိတ်ဆွေ ဦးရုက္ခစိုးတို့လည်း ဧည့်ပရိသတ်များ ကြားတွင် ရောက်နေကြသည်။

ပုဂ္ဂိုလ်ထူး ရွေးချယ်ပွဲကြီးကို ချိုကုပ်ဒူးကြီးကိုယ်တိုင် အခမ်းအနား အကြီးအကျယ် ပြုလုပ်ပြီး စီစဉ်ခြင်း ဖြစ်သည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးရေ …  နှစ်သစ်မှာ အခုလို ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာဟာ အင်မတန် မင်္ဂလာရှိတယ်နော်။

ရုက္ခစိုး။     ။ ဟိုက် … သတင်းထောက်ကလည်း လူရွှင်တော်လေသံပေါက်နေပါလားကွ။ ဒီပွဲမှာ ဘယ်သူ့ကို ဂုဏ်ပြုမှာလဲ မင်း သိလား။

ဖိုးရှုပ်။     ။ ဘယ်သူတွေ ဂုဏ်ပြုခံရမလဲ ဆိုတာတော့ မသိဘူး။ ချိုကုပ်တွေလည်း ဒီဆုကြီးကို သူရနိုးနိုး ငါရနိုးနိုး စိတ်ကူးတွေ ယဉ်ပြီး ရင်ခုန်နေကြတယ်ဆိုပဲ။

ရုက္ခစိုး။     ။ အင်း … ကောင်းတယ်၊ ကောင်းတယ် …၊ ချိုကုပ်တွေ စိတ်ချမ်းသာမှ ကမ္ဘာကြီး ငြိမ်းချမ်းမယ် ဆိုတော့ ရင်ခုန်ကြပါစေလေ။

ဖိုးရှုပ်။     ။ တိုးတိုးပြောပါဗျ … ၊ ကျနော်တို့ရဲ့ ရှေ့တန်းမှာ ထိုင်နေတာ ချိုကုပ်တွေချည်းပဲ။ ကြားသွားရင် အားနာစရာကြီး၊ ဟီးဟီး  … … ။

ဖိုးရှုပ်ပြောသလိုပင် သူတို့၏ရှေ့တွင် ချိုကုပ်များ တန်းစီပြီး ထိုင်နေကြသည်။

မကြာမီ အခမ်းအနား အစီအစဉ် စတင်လေသည်။ အခမ်းအနားမှူးက ဖိတ်ခေါ်သဖြင့် ချိုကုပ်ဒူးကြီး စင်ပေါ်တက်ပြီး မိန့်ခွန်း ပြောလေသည်။ အသင့် ပြင်ဆင်ပေးထားသော မိန့်ခွန်းစာရွက်ကို စတင် ဖတ်ကြားခြင်း ဖြစ်သည်။

ချိုကုပ်ဒူးကြီး။     ။ ရဲဘော်တို့ … နိုင်ငံတော်ဟာ ဘယ်တုန်းကနဲ့မှ မတူအောင် တည်ငြိမ် အေးချမ်းနေပြီဆိုတာ ရဲဘော်တို့အသိပဲ ဖြစ်တယ်။ …ရဲဘော်တို့ … …

မိန့်ခွန်းနားထောင်နေသူများ အူကြောင်ကြောင် ဖြစ်သွားကြသည်။

ရုက္ခစိုး။     ။ ဗိုလ်သင်တန်းဆင်းပွဲမှာ မိန့်ခွန်းပြောသလို ဖြစ်နေပါလားကွ။

ဖိုးရှုပ်။     ။ အင်း  … တခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီ။

ချိုကုပ်များလည်း လှုပ်လှုပ်ရွရွ ဖြစ်လာပြီး တယောက်မျက်နှာ တယောက်ကြည့်ကာ ပွစိပွစိဖြစ်နေကြသည်။ ရေးပြီးသား မိန့်ခွန်းဟောင်းတခု မှားပြီး ပေးမိခြင်းဖြစ်မည်ဟု အများက ယူဆကြလေသည်။ စင်ပေါ်မှ ချိုကုပ်ဒူးကြီးက မျက်မှောင်ကုပ်ပြီး မိန့်ခွန်းကို ဆက်လက် ဖတ်ကြားနေဆဲ ဖြစ်သည်။

ချိုကုပ်ဒူးကြီး။     ။ … … … နိုင်ငံတော်မှာ မြစ်ကူးတံတားပေါင်း ၉၉၉၉ စင်း၊ ရေလှောင်တမံပေါင်း ၆၆၆၆ ခု၊ ဆေးရုံပေါင်း ၇၇၇၇ ခု တည်ဆောက်ပြီး ဖြစ်ပါတယ်။ အခုလို နိုင်ငံတော်ရဲ့ … နိုင်ငံတော်ရဲ့ …

မိန့်ခွန်းဖတ်သံက တဖြည်းဖြည်း တိုးသွားသည်။ ထို့နောက် ချိုကုပ်ဒူးကြီးက ဒေါသတကြီး အားရပါးရ ဆဲလေသည်။

ချိုကုပ်ဒူးကြီး။     ။ ဘယ် q#!@$<5 လဲကွ၊ ငါ့ပြောမယ့် မိန့်ခွန်းကို ဒီ&*%?wx#a မိန့်ခွန်းနဲ့ မှားပြီး လာချထားတာ … ။

ဆဲဆိုသံကို အသံချဲ့စက်မှ အတိုင်းသား ကြားလိုက်ရသဖြင့် ပရိသတ်တချို့ ငြိမ်ကျသွားသည်။ တချို့က ပါးစပ်ကို လက်ဖြင့်ပိတ်ပြီး အသံတိတ် ရယ်ကြလေသည်။ ဒေါသူပုန်ထနေသည့် ချိုကုပ်ဒူးကြီးက လက်ထဲမှ မိန့်ခွန်းစာရွက်များကို လွှင့်ပစ်ပြီး အင်္ကျီလက်မောင်းနှစ်ဘက်ကို အပေါ်သို့ ပင့်တင်လိုက်သည်။

ချိုကုပ်ဒူးကြီး။     ။ ကျုပ် လက်တန်းပြောတာ ပိုကောင်းမယ်။ မိန့်ခွန်းစာရွက်တွေ မှားပြီး လာပေးတဲ့သူတွေကိုတော့ ထမင်း ဝအောင် စားထားဖို့ သတိပေးလိုက်မယ်။

ကျေနပ်အားရအောင် ဟိန်းဟောက်၊ ခြိမ်းခြောက်၊ ဆဲဆိုပြီးနောက် များမကြာမီမှာပင် ချိုကုပ်ဒူးကြီး၏ ဒေါသများ တဖြည်းဖြည်း လျော့ပါးသွားသည်။

ချိုကုပ်ဒူးကြီး။     ။ အားလုံးသိတဲ့အတိုင်း ဒီနေ့ အခမ်းအနားဟာ ၂၀၀၉ ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူး ရွေးချယ်တဲ့ အခမ်းအနား ဖြစ်ပါတယ်။ မကြာသေးခင်က ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက  Person of the Yearလို့ ခေါ်တဲ့ တနှစ်တာအတွက်ပုဂ္ဂိုလ်ထူးရွေးတဲ့နေရာမှာ ကျုပ်ကို မရွေးတာတော့ မမိုက်ဘူး၊ အဲလေ ယောင်လို့ … Time မဂ္ဂဇင်းကြီးက၂ဝဝ၉ အတွက် ပုဂ္ဂိုလ်ထူးအဖြစ် အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌကို ရွေးလိုက်သတဲ့။ ကြားလို့မှ ကောင်းသေးရဲ့လား။ ဒီလူက ဘာတွေများ လုပ်နိုင်ခဲ့လို့လဲ။

ရှေ့ဆုံးတန်းတွင် ထိုင်နေကြသော ချိုကုပ်များထံမှ “ဟုတ်တယ်၊ ဟုတ်သားပဲ၊ သောက်တလွဲ” ဟူသော တီးတိုး ထောက်ခံသံများ တဝေါဝေါဖြင့် ပေါ်ထွက်လာသည်။

ချိုကုပ်ဒူးကြီး။     ။ ဘဏ်မန်နေဂျာလို လူတယောက်ကိုများ တနှစ်တာအတွက် ပုဂ္ဂိုလ်ထူး ဆိုပြီး ရွေးချယ်လိုက်တာကို ကျုပ်ဖြင့် အံ့အားသင့်လို့ မဆုံးဘူး။

ချိုကုပ်ဒူးကြီးက ရေပုလင်းကို လှမ်းယူပြီး ရုပ်ရှင်ထဲမှ လူကြမ်း အရက်သောက်သည့်ဟန်ဖြင့် တကျိုက် မော့သောက်လိုက်သည်။ ထို့နောက် ပရိသတ်အား ခေတ္တခဏ ဝေ့ကြည့်လိုက်ပြီး ဆက်ပြောလေသည်။

ချိုကုပ်ဒူးကြီး။     ။ တနှစ်တာအတွက် ပုဂ္ဂိုလ်ထူးအဖြစ် ရွေးချယ်ခံရသူဟာ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဒါမှမဟုတ် အုပ်စုတခုအတွက် စွမ်းစွမ်းတမံ ကြိုးစား၊ လုပ်ကိုင်၊ လုံ့လစိုက်၊ ဖန်တီး၊ အားထုတ်၊ စွန့်စား၊ ကူညီ၊ စီစဉ်၊ ဆောင်ရွက်ခဲ့သူ ဖြစ်ရမယ်။ ဒီကနေ့ ကျုပ် ရွေးချယ်မယ့် ပုဂ္ဂိုလ်ဟာ ဒီလို အင်္ဂါရပ်တွေနဲ့ ကိုက်ညီရမှာ ဖြစ်တယ်။

တုပ်တုပ်ခိုင်ခိုင် ချိုကုပ်ကြီးတဦးက တချက်ပြုံးလိုက်သည်။ “နိုင်ငံခြားသွားပြီး သေနတ်တွေ၊ လေယာဉ်တွေ ဝယ်ခဲ့တယ်ဆိုတော့ ငါ့ကို ရွေးမယ်ထင်တယ်၊ အဟိ” ဟုလည်း တွေးလိုက်သေးသည်။

ချိုကုပ်ဒူးကြီး။     ။ ဒီလိုမျိုး ကျုပ်က ရွေးချယ်ပေးတာဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အလားအလာကောင်းတွေ တည်ဆောက်ပေးတဲ့သဘော ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် လုပ်ကိုင်ပေးတဲ့သူကို နိုင်ငံတော်ကလည်း ပစ်မထားဘူး ဆိုတဲ့ သဘောဖြစ်တယ်။

ချိုကုပ်ဒူးကြီး ထိုသို့ အာဝဇ္ဇန်းရွှင်နေခိုက် ဖိုးရှုပ်က ရုက္ခစိုးကို လက်တို့ပြီး တီးတိုး ပြောလိုက်သည်။

ဖိုးရှုပ်။     ။ ကျနော် ပြောဖို့ မေ့နေလို့။ ချိုကုပ်ဒူးကြီးက သတင်းလွှင့်ထားတာရှိတယ်၊ ဒီနေ့  ပုဂ္ဂိုလ်ထူးအဖြစ် အရွေးခံရမယ့်သူဟာ သူ့အရိုက်အရာကို ဆက်ခံရမယ် တဲ့။ ယုံတဲ့သူကလည်း ယုံတာပဲ။ ဟီးဟီး … ဒါကြောင့် ဟိုရှေ့က ချိုကုပ်တွေ တက်တက်ကြွကြွ နားထောင်နေကြတာပေါ့။ ၂၀၀၉ ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူးဘွဲ့ကို သူတို့က အသည်းအသန် ရချင်နေကြတာ။ ခြေသလုံး ဖက်ကိုက်ပြီး ပြိုင်လုကြဖို့လည်း ဝန်မလေးတဲ့ အနေအထားတွေ တွေ့တယ် မဟုတ်လား။

ရုက္ခစိုး။     ။ သြော်  အင်း … ဒါကြောင့် ဒီဆရာတွေ ဂဏှာမငြိမ် ဖြစ်နေတာကိုး။

စင်ပေါ်တွင် ချိုကုပ်ဒူးကြီးက ရေပက်မဝင် ပြောကြားနေဆဲဖြစ်သည်။

ချိုကုပ်ဒူးကြီး။     ။ ကျုပ် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ရွေးချယ်လိုက်တဲ့သူက ၂ ယောက် ရှိပါတယ်။ “၂၀၀၉ ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူး” ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကို ရရှိတဲ့သူ ၂ ဦးရဲ့ နာမည်ကို မကြာခင် ကြေညာမှာ ဖြစ်ပါတယ်။

၂ ဦးကို ရွေးချယ်မည်ဟူသော စကားကြောင့် ချိုကုပ်ရွှေပန်း ဆိုသူက ဒေါသ ထွက်သွားသည်။ သူက ထိုဆုကို သူတဦးတည်း ရမည်ဟု အပိုင်တွက်ထားသူဖြစ်သည်။ တပြိုင်နက်တည်းတွင် ချိုကုပ်ဒူးကြီးက တပည့်၂ဦးမွေးတတ်သည်ဟူသောစကား မှန်ကန်ကြောင်း သတိချပ်လိုက်မိသည်။ ဒေါသထွက်သော်လည်း ရင်ခုန်စွာဖြင့် မိန့်ခွန်းကို ဆက်လက် နားထောင်လေသည်။

သူ့နည်းတူပင် ချိုကုပ်ရှစ်လုံး ဆိုသူကလည်း ဒေါသထွက်နေသည်။ သူကလည်း ကြေညာမည့်ဆုက သူ့တဦးတည်း အတွက် ဖြစ်ရမည်ဟု ကြုံးဝါးထားသူဖြစ်သည်။ ယခုတော့ ဘာမှ မတတ်နိုင်ဘဲ စိတ်ထဲမှသာ ကျိန်ဆဲလိုက်သည်။

ချိုကုပ်ဒူးကြီး။     ။ ပရိသတ်ကြီး မျှော်လင့် စောင့်စားနေတဲ့၊ အင်မတန် သိချင်နေကြတဲ့ person of the year 2009 ဘယ်သူဖြစ်မလဲ၊ ၂၀၀၉ ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူး ၂ ယောက်ဟာ ဘယ်သူလဲ၊ နိုင်ငံတော်အတွက် လုပ်ကိုင် ဆောင်ရွက်ပေးတဲ့ ၂ယောက်က ဘယ်သူလဲ ဆိုတာကို အခုချက်ချင်း ကြေညာမှာ ဖြစ်ပါတယ်။ ဒီ ၂ ယောက်ကိုလည်း စင်မြင့်ပေါ်ကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။

ပြောမှာဖြင့် ပြောတာမဟုတ်ဘူးဟူသော အမူအယာဖြင့် ရှေ့ဆုံးတန်းမှ ချိုကုပ်များက စင်ပေါ်သို့ မျှော်လင့်တကြီး စိုက်ကြည့်နေကြလေသည်။

ချိုကုပ်ဒူးကြီး။     ။ နိုင်ငံတော်အတွက် အကျိုးဆောင်ပေးခဲ့ကြသူ တဦးက မြန်မာပြည်မှာ နေထိုင်ပါတယ်။ နောက်တယောက်ကတော့ ယူအက်စ်၊ United States လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပါတယ်။

“ရှစ်၊ သေလိုက်ပါတော့၊ ဟိုက်၊ ဟာ၊ ဟင်” ဟူသော အာမေဋိတ်သံများမှာ ရှေ့ဆုံးတန်းရှိ ပရိသတ်ထံမှ အလန့်တကြား ထွက်ပေါ်လာလေသည်။ ချိုကုပ်ရွှေရမ်းမှာ ဒေါသထွက်သဖြင့် အသားများ တဆတ်ဆတ် တုန်သွားသည်။ “အမေရိကန်မှာ နေထိုင်တယ် ဆိုတော့ မိုးသီးဇူလိုင် ဖြစ်လေမလား” ဟု တွေးလိုက်မိသည်။ “ဒီငနဲက ငါတို့လူတွေကို ဖိနပ်နဲ့ ပေါက်ထားတာပဲ” ဟုလည်း သတိရလိုက်သည်။ ဒီလူ စင်ပေါ်တက်လာရင်တော့ ငါ့ဖိနပ်နဲ့ တွေ့မယ် ဟု ဆိုကာ သူ၏ ဖိနပ် ၂ဘက်ကို ချွတ်ပြီး အသင့်ကိုင်ထားလိုက်သည်။

ချိုကုပ်ဒူးကြီး။     ။ ပထမတယောက်ရဲ့ အမည်ကို အရင်ဦးဆုံး ကြေညာပါ့မယ်။ သူက အမေရိကန်မှာ နေတဲ့သူပါ။ နိုင်ငံတော် အတွက် စွန့်စားခဲ့လို့ ၂ဝဝ၉ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ် အဖြစ် ရွေးချယ်လိုက်သူကတော့  “မစ္စတာ ကြက်တော” ဖြစ်ပါတယ်။

ချိုကုပ်ဒူးကြီးက ပရိသတ်ကြီးကို လက်ခုပ်တီး အားပေးရန် လှုံ့ဆော်လိုက်သည်။ ထို့နောက် “အင်းလျားကန်က ရေကူးချန်ပီယံ စင်မြင့်ပေါ်ကိုကြွပါ” ဟူသော သူ၏ ကြေညာချက်အဆုံးတွင် အခမ်းအနား တနေရာမှ အသက် ၅၀ ကျော် အရွယ် အနောက်တိုင်းသားတဦးက မတ်တတ်ရပ်လိုက်သည်။ သတင်းထောက်တို့၏ ကင်မရာများကလည်း သူ့ထံသို့ ဝိုင်းဝန်း ချိန်ရွယ်လိုက်ကြသည်။ ထိုအခါ သူက ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်သန်းနှင့် လက်ညှိုးကို ထောင်ပြလိုက်ရာ ကင်မရာမီးများ တဖျပ်ဖျပ် ပွင့်သွားလေသည်။

ချိုကုပ်ဒူးကြီးက နိုင်ငံခြား ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များတွင် မြင်ရတတ်သည့် အစီအစဉ်မှူးများကဲ့သို့ ဟန်ပါပါ  မြူးကြွ သွက်လက်စွာ  တင်ဆက်လျက်ရှိသည်။ အရှိန်ရလာသဖြင့် စင်မြင့်ပေါ်တွင် ပြေးလွှားခုန်ပေါက်ပြီး တင်ဆက်နေခြင်း ဖြစ်သည်။ ထို့နောက် အထူးခြားဆုံးပုဂ္ဂိုလ် နောက်တဦး၏ အမည်ကို ကြေညာလေသည်။

ချိုကုပ်ဒူးကြီး။     ။ ၂ဝဝ၉ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ် နောက်တဦးကတော့ ဘယ်သူ့ကို ပေးရမလဲ ဆိုတာ ဆုံးဖြတ်ရ အင်မတန် ခက်ခဲခဲ့ပါတယ်။ နောက်ဆုံးတော့ ကော်ဖီဆိုင် တဆိုင်ကို ပြားပြားဝပ်သွားအောင် ရိုက်ခွဲခဲ့တဲ့၊ ကျုပ်ရဲ့ မြေးတော်လေး “မျောက်မူးလဲ” ကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မျောက်မူးလဲ စင်ပေါ်ကိုကြွပါ။

စင်ပေါ်သို့ “မျောက်မူးလဲ” ဟူသော လူငယ်လေးက မျောက်က ကပြီး တက်သွားလေသည်။

နိုင်ငံတော် ပုဂ္ဂိုလ်ထူး ၂ ဦးအမည်ကို ကြေညာလိုက်ပါက လက်ခုပ်တီးအားပေးသံများ ပွက်လောညံသွားမည်ဟု ချိုကုပ်ဒူးကြီးက ယူဆထားခဲ့မိသည်။ သို့သော်လည်း သူ၏ တွက်ကိန်း မှားသွားလေသည်။ မည်သူမျှ အားပေးခြင်း မပြုကြပေ။ နောက်ဘက်ပိုင်းမှ ပရိသတ်ကလည်း ရှေ့ဆုံးတန်းမှ ချိုကုပ်များ လုပ်ကိုင်သည့်အတိုင်း မီးစင်ကြည့်ကရန် ဆုံးဖြတ်ထားသူများ ဖြစ်သည်။ ချိုကုပ်များ လက်ခုပ်မတီးသဖြင့် သူတို့လည်း ငြိမ်နေကြသည်။

ချိုကုပ်ဒူးကြီးက မျက်မှောင်ကုတ်ပြီး ပရိသတ်ကို ကြည့်လိုက်သည်။ ထိုသို့သော သောင်မတင် ရေမကျ အခြေအနေကို ပြောင်းလဲပစ်လိုက်သူများမှာ ရှေ့ဆုံးတန်းမှ ချိုကုပ်များ ဖြစ်သည်။  တနှစ်တာအတွင်း အထူးခြားဆုံးပုဂ္ဂိုလ်ဆုနှင့် အလွဲကြီး လွဲရသဖြင့် သူတို့အားလုံး ဝမ်းနည်းနေကြ၊ ဒေါသ ထွက်နေကြသည်။ ဒေါသ ထွက်လွန်းသဖြင့် ချိုကုပ်ရွှေပန်းက သူ၏လက်တွင် ဆုပ်ကိုင်ထားသည့် ရှူးဖိနပ်ကို စင်ပေါ်သို့ ပစ်တင်လိုက်သည်။ တခြားသော ချိုကုပ်များက သူတို့အနီးရှိ ရေပုလင်းများ၊ ဖန်ခွက်များကို  ကောက်ကိုင်ပြီး စင်ပေါ်သို့ အငြိုးတကြီး ပစ်ပေါက်ကြလေသည်။

ချိုကုပ်ရွှေပန်း၏ ဖိနပ်တဘက်က မျောက်မူးလဲထံသို့ ဝဲပျံသွားသည်။ ဖိနပ်က မျောက်က ကနေသည့် မျောက်မူးလဲ၏ ပခုံးပေါ်မှ ကျော်ပြီး ချိုကုပ်ဒူးကြီး၏ နဖူးကို ထိမှန်လေသည်။ ဖိနပ် နောက်တဘက်က မျောက်မူးလဲ၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် ရောက်သွားသည်။

နောက်ဘက်ပိုင်းမှ ပရိသတ်ကြီးကလည်း လက်လှမ်းမီရာ ဆွဲကိုင်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် နေရာသို့ ပစ်ပေါက်ကြခြင်းဖြင့် ၂၀၀၉ ခုနှစ်၏ ပုဂ္ဂိုလ်ထူး  ရွေးချယ်ပွဲအခမ်းအနားက မြိုင်ဆိုင်စွာ ပြီးဆုံးသွားလေသည်။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (6)Add Comment
0
ရွှေသေနတ်
written by အရည်းကြီး, January 03, 2010
ထိုသို့ ရုတ်ရုတ် သဲသဲ ဖြစ်နေစဉ်၊ "မျောက်မူးလဲ" သည် ဘယ်ညာ ခါးနှစ်ဖက်တွင် ချိတ်ဆွဲထားသော ရွှေရောင်ပစ္ဓတို နှစ်လက်ကို ဆွဲထုတ်ကာ၊ လေထဲသို့ ဒလစပ် ပစ်ဖေါက်လိုက်သည်။ သေနတ်သံကြောင့် ချိုကုပ် အပေါင်းတို့သည် ကုလား ထိုင်အောက်သို့ ဝင်သူက ဝင်၊ မြေပြင်တွင် ဝပ်သူက ဝပ်၊ ရှေ့က ချိုကုပ်ကို နောက်ချိုကုပ်က ဆွဲပြီး အကာ အကွယ် ယူသူက ယူ၊ နှင့် ပို၍ ရှုပ်ထွေးကုန်၏။ ဤအခြေ အနေကို စင်ပေါ်က ကြည့်နေသော 'မျောက်မူးလ'ဲ က၊ သူ့အဖိုးအား တီးတိုး ပြောလိုက် သည်မှာ "တွေ့လား ဖိုးဖိုး၊ ဒီမောင် တွေ သေနတ် မှ ဖိန့်ဖိန့် တုန်အောင် ကြောက်တာ"။
0
အကြိုက်ဆုံး တစ်နေရာ....
written by Burmese, January 03, 2010
ချိုကုပ်ရွှေပန်း၏ ဖိနပ်တဘက်က မျောက်မူးလဲ ထံသို့ ဝဲပျံသွားသည်။ ဖိနပ်က မျောက်က ကနေသည့် မျောက်မူးလဲ၏ ပခုံးပေါ်မှ ကျော်ပြီး ချိုကုပ်ဒူးကြီး၏ နဖူးကို ထိမှန်လေသည်။ ဖိနပ် နောက်တဘက်က မျောက်မူးလဲ၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် ရောက်သွားသည်။

မျောက်မူးလဲ မြန်မာပြည်မှာ သောင်းကျန်းနေတယ်ဆိုပဲ။ ဒါပေါ့လေ...စရိုက်ဆိုတာ ဖျောက်လို့ မှမရတာ။
0
သိပ်ကောင်းမှာပဲ
written by ကျော်ကျော်, January 01, 2010
အဲဒီပွဲ ကိုယ်တိုင် တက်ခွင့်ရ ရင် သိပ်ကာင်း မယ် နော်
ချိုကုပ်ဒူးကြီးရဲ့  တင်ဆက်မှုတွေ ကြည့်ချင်လို့ ။
ဒါဟာ သရောစာ မဟုတ်ဘူး။
တကယ့် အဖြစ်အပျက် လို့  ယူဆရတယ်။
ဘယ်သူပြော နိုင်မ လဲ နော်
0
...
written by ဒီဇင်ဘာလွမ်း, January 01, 2010
smilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gif
တကယ့် ပုဂ္ဂိုလ်ထူးတွေပဲ
0
Reflectoin
written by မြန်မာ, December 31, 2009
ဒီစာဟာ ရိုးရိုး သရော်စာ မဟုတ်ဘူး။ reflection တခုခု ရှိနေတယ် လို့ ခံစားရတယ်။
0
...
written by mmt, December 31, 2009
smilies/grin.gif hi hi hi

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်