စုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာရေးအတွက် မည်သို့ဆောင်ရွက်မည်ကို အမေရိကန်အစိုးရက ဒေသတွင်းနိုင်ငံများ အပါအ၀င် ၎င်း၏ မိတ်ဆွေ၊ မဟာမိတ်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ စတင်နေပြီဟု အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဘင်ဂျမင် ချန်း က အတည်ပြု ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂၂ နှစ် ကာလအတွင်း စစ်အစိုးရက စနစ်တကျနှင့် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ အတွက် နိုင်ငံ တကာက ထပ်ခါတလည်းလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုပြစ်တင်ဝေဖန်မှုများကို ငြင်းပယ်ခဲ့သော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အဓိကပစ်မှတ်ထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အပေါ်ထောက်ခံသည့် ဆုံးဖြတ်ချက်ကိုသမ္မတ အိုးဘားမား အစိုးရအနေနှင့် ကာလ အတော်ကြာကတည်းက ချမှတ်ခဲ့သင့်သည်။
သို့ရာတွင် ကယ်လီဖိုးနီးယား လွှတ်တော်အမတ် ဒိုင်ယန် ဖိန်းစတိန်း ဦးဆောင်သည့် ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် အထက် လွှတ်တော် အမတ် ၃၂ ဦးက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို ထောက်ခံသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံသို့ ဇူလိုင် ၃၀ ရက်နေ့၌ စာရေးတိုက်တွန်းပြီး နောက်ပိုင်းမှသာ အမေရိကန်အစိုးရက ယင်း ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ်မှစတင်၍ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယင်းကျူးလွန်မှုများအတွက် စစ်အစိုးရ အနေနှင့် ဒဏ်ခတ်အရေးယူမှုမှ လုံးဝ ကင်းလွတ်ခွင့်ရနေသည့်အပေါ် ပြည်ပအခြေစိုက်သတင်းဌာနများ အပါအ၀င် ပြည်တွင်း ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက အဆက်မပြတ် အစီရင်ခံတင်ပြခဲ့ကြသည်။
စစ်အစိုးရသည် ကလေးသူငယ်များကို စစ်သားအဖြစ် အဓမ္မ စုဆောင်းခဲ့သည့်အပြင် တိုင်းရင်းသား ဒေသများရှိ ကျေးရွာ ထောင် ပေါင်းများစွာကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ အကျိုးဆက်အဖြစ် ဒေသခံပြည်သူများမှာ တောတောင်များထဲနှင့် အိမ်နီးချင်း ထိုင်း နိုင်ငံတွင် လုံခြုံရေးအတွက် ခိုလှုံခဲ့ကြရသည်။ ထို့အပြင် စစ်အစိုးရစစ်တပ်က အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက် သဖွယ် အသုံးပြုခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ စစ်တပ် စီမံကိန်းများအတွက် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများအား စစ်ဆင်ရာ၌ အရပ်သားများကို “မိုင်းရှင်းကိရိယာ” အဖြစ် အသုံးပြုခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့သည်။
စစ်အစိုးကို ထောက်ခံသည့် ပြည်သူ့စစ် လူရမ်းကားများသည် စစ်အစိုးရက ၎င်းနှင့် သဘောထားကွဲလွဲသူများကို နှိမ်နင်းသည့် အခါတိုင်း ပူးပေါင်း ဆောင်ရွက်လေ့ ရှိကြသည်။ ဤဖြစ်ရပ်များကို ၂၀၀၃ ခုနှစ် ဒီပဲယင်း အရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့် သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ဆန္ဒပြပွဲများ အတွင်း တွေ့နိုင်သည်။
မတ်လတွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးတခု၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ က မြန်မာစစ်အစိုးရအနေနှင့် စစ်ရာဇ၀တ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း နိုင်ရေး အပေါ် ကုလသမဂ္ဂအနေနှင့် စဉ်းစားသင့်ကြောင်း တရားဝင် တိုက်တွန်းခဲ့သည်။
“နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော စနစ်တကျကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက် မှုများစွာနှင့် ယင်း ကျူးလွန်မှုများအပေါ် စစ်အစိုးရက အရေးယူဆောင်ရွက်မှု မရှိကြောင်း၊ ယင်းသို့ အရေးယူမှုမရှိသည်ကို ကြည့်ခြင်းအားဖြင့် လူ့ အခွင့်အရေး ချိုးဖောက်မှုများကို စစ်အစိုးရက မူဝါဒတရပ်ချမှတ်၍ ကျူးလွန်ခဲ့သည့်အပြင် အုပ်ချုပ်ရေး၊ စစ်တပ် နှင့် တရားရေး အာဏာပိုင်များ ပါဝင် ပတ်သက်မှု ရှိသည်ကို ညွန်ပြရာ ရောက်ပေသည်”ဟု ကင်တာနာ က ဆိုခဲ့သည်။
၁၉၉၀ ခုနှစ် အစောပိုင်းကာလများကတည်းက စတင်ထုတ်ဝေခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာများတွင် စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများကို စဉ်ဆက်မပြတ် ထည့်သွင်းဖော်ပြခဲ့ကြချည်းသာ ဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နှင့် အာဆီယံနိုင်ငံများအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောထားချမှတ်ရာတွင် စုစည်းညီညွတ်မှု အားနည်းသဖြင့် မြန်မာပြည်သူတို့၏ အခြေအနေမှာ ဆယ်စုနှစ် နှစ်ခု ကျော်လာ သည့်တိုင် တိုးတက်လာခြင်း မရှိသေးချေ။
ပြီးခဲ့သည့်ကာလများအတွင်း အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာမှ စစ်အစိုးရအပေါ်ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် စစ်အစိုးရနှင့် ထိတွေ့ဆောင်ရွက်မှုများ အောင်မြင်မှုမရှိသည်ကို ပြန်လည်သုံးသပ်၍ သမ္မတ အိုဘားမား အစိုးရက ပျော့ပျောင်းသည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ချမှတ်ခဲ့သည်။ ဤမူဝါဒအသစ်သည် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးနှင့် စစ်အစိုးရအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများအား ဆက်လက်ထိန်းသိမ်းသွားရေးတို့ကို ပေါင်းစပ်ထားသည့် မူဝါဒဖြစ်သည်။
သို့ရာတွင် ယင်းမူဝါဒအသစ်က မည်သည့်ရလဒ်မျှ မစွမ်းဆောင်နိုင်သဖြင့် အစီအစဉ်ရှိပြီးဖြစ်သည့်အတိုင်း အမေရိကန် အစိုးရက ယခုကဲ့သို့ ပိုမိုပြင်းထန်သော အရေးယူမှုကို ချမှတ်ဆောင်ရွက်ခြင်းဖြစ်သည်။
ဗြိတိန်၊ သြစတြေးလျ၊ ချက်နှင့် ဆလိုဗက်ကီးယား နိုင်ငံများကလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံကြသည်။ ထို့ကြောင့် ယခုအချိန်၌ အမေရိကန်ပြည်ထောင်စု လိုအပ်နေသည်မှာ ကနေဒါ၊ ဥရောသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် အာဆီယံနိုင်ငံများ၏ ထောက်ခံမှုပင်ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအပေါ် အာဆီယံနိုင်ငံများ၏ ထောက်ခံမှုမှာ ဖြစ်နိုင်ချေ နည်းလှသည်။
စစ်အစိုးရ ကျူးလွန်သည့် ရာဇဝတ်မှုများမှာ နိုင်ငံတခု၏ ပြည်တွင်းရေးကိစ္စမျှသာ မဟုတ်။ ယင်းရာဇဝတ်မှုများသည် တရားမျှတမှု အတွက် နိုင်ငံတကာသို့ တင်ပြခွင့်မရသော အဖိနှိပ်ခံ မြန်မာပြည်သူလူထုပေါ် စာနာထောက်ထားသင့်သည့် ယဉ်ကျေးသော ကမ္ဘာ့လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အရာများလည်း ဖြစ်ပေသည်။
A Good Move by Washington ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
Set as favorite
Bookmark
Email this
Hits: 5168
Comments (0)

Write comment
| < Prev | Next > |
|---|







