အပြောင်းအလဲဟူသော စကားလုံးကို အကောင်းဖက်ချည်းဟု မြင်လေ့မရှိကြပါ။ ကမ္ဘာကြီးတခုလုံး၏ ငွေ ကြေးစနစ်က မငြိမ်မသက် တုန်ခါလှုပ်ခတ်မှုများဖြင့် ပြောင်းလဲနေချိန်၊ ကမ္ဘာမြေကြီးအပူချိန်ကလည်း အလျှင်အမြန် မြင့်တက် ပူပြင်းလာ နေချိန်တွင် ရွေးချယ်ခံရသူ သမ္မတအသစ် အိုဘားမားက ဆိုလာခဲ့သည့် "အပြောင်းအလဲ" ဟူသော စကား ရပ်သည် မျှော်လင့်ချက်ကို သယ်ဆောင်လာရုံမျှမက အနာဂတ်တွင် ကြုံတွေ့ရမည့် မသေချာမရေရာမှုများအတွက် စိုးရိမ် ပူပန်မှု ကိုလည်း ပြသနေပါသည်။
မြန်မာပြည်သူများအတွက်မူ အပြောင်းအလဲလိုအပ်နေပြီဆိုသည်မှာ သူတို့အားလုံးက ရင်ထဲမှ သေချာ ရေရာ နားလည် သဘောပေါက်ထားကြသည့် ကိစ္စဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၂၀ က မြန်မာပြည်သူတို့က လမ်းမများပေါ် ထွက်၍ စီမံခန့်ခွဲအုပ်ချုပ်မှုလွဲမှားနေသော စစ်အစိုးရ၏ ကာလကြာရှည် အုပ်ချုပ်ရေးကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြ သည်။ ရက်စက်ကြမ်းကြုတ်၍ ခေတ်နောက်ပြန်ဆွဲနေသော စစ်အစိုးရကို သေရေးရှင်ရေး ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ သူတို့က အတိတ်မှလမ်းခွဲ၍ အပြောင်းအလဲသစ်ကို ပေးရန် တောင်းဆိုခဲ့ကြသည်။
၁၉၈၈ ခုနှစ် မတိုင်ခင်နှစ်များတွင် တိုင်းပြည်၏ တိုးတက်မှုက ရပ်ဆိုင်းနေခဲ့ပြီး တဖြည်းဖြည်းဆုတ်ယုတ် ကျဆင်းလာနေခဲ့ သည်။ မြန်မာ့လူမှုအဖွဲ့အစည်းတခုလုံးပင် လုံးဝပြိုဆင်းလုနီးပါး အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ အခြေအနေ တောင်းဆိုချက်များအရ အပြောင်းအလဲကို ဆာလောင်ငတ်မွတ်လာကြသည့် မြန်မာပြည်သူများ၏ ကနဦးဆန္ဒသည် များ မကြာမီဆိုသလို ပြည်သူအများစု၏ လိုလားချက်ဖြစ်လာခဲ့သည်။ သူတို့က စစ်အစိုးရ၏ထိန်းချုပ်ထားမှုများမှ ရုန်းထွက် လွတ်မြောက်လိုကြသည်။
သို့သော် အဆုံးတွင် မြန်မာပြည်သူများ မျှော်လင့်ထားသလို အပြောင်းအလဲများ ဖြစ်ပေါ်မလာခဲ့ပါ။ အကြောင်းတခုမှာ မြို့ကြီးများနှင့် နယ်အ၀ှမ်းတွင် အုံကြွတောင်းဆိုခဲ့ကြသည့် သိန်းသန်းချီသည့် လူထုအုံကြွမှုကြီးက အပြောင်းအလဲကို မည်သည့်ဦးတည်ချက်သို့ ချီတက်ကြမည်ဟု အစောပိုင်းနေ့များတွင် မသဲကွဲနိုင် မရှင်းလင်းနိုင် ရှိနေကြ သောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ သာမာန်လူထုအများစု ကိုယ်စား ပြောရေးဆိုခွင့် ရှိသူသဖွယ် ဖြစ်လာခဲ့သည်။ ရှေ့လျှောက်လှမ်းမည့်လမ်းကို ပို၍ ထင်ရှားလာစေခဲ့ပါသည်။ စစ်အစိုးရက လမ်းမများကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့်တိုင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု လိုက်လျောခဲ့ရသည်။ နောက် ဆုံး ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အရှုံးကို ထိပ် တိုက် ရင်ဆိုင်လိုက်ရသည့်အခါ၊ စစ်အစိုးရက မြန်မာပြည်သူများ၏ ဒီမိုကရေစီ မျှော်မှန်းချက်ပန်းတိုင်ကို ပိတ်ဆို့၍ ကာလ အကန့်အသတ်မရှိ နောက်သို့ ရွှေ့ဆိုင်းထားလိုက်တော့သည်။
လွန်ခဲ့သည့်နှစ်ကလည်း စစ်အစိုးရ၏ အတင်းအကျပ် အင်အားသုံး မူဝါဒများကြောင့် မြန်မာပြည်သူများ နစ်နာခံစားခဲ့ကြ ရပြီး စီးပွားရေးအကျပ်အတည်းက ပို၍ နက်ရှိုင်းလာခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ထောက်ခံဆန္ဒပြသူ များက ရန်ကုန်နှင့် နိုင်ငံ၏ အခြားမြို့ကြီးများတွင် အများအပြားလမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည့်အခါ အပြောင်းအလဲလို လားနေကြသည့် ပြည်သူများ၏ မျှော်လင့်ချက်များကို ပြန်၍ သက်ဝင်ရှင်သန်စေခဲ့သည်။
ဤရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကို မျက်မြင်တွေ့ခဲ့ရသူများတွင် သမ္မတ အိုဘားမားသည်လည်း တဦးအပါအ၀င်ဖြစ် သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ၎င်း၏ကြေညာချက်တွင် သူက ဆန္ဒပြသူများကို လေးစားအားပေးကြောင်း ဖော်ပြခဲ့ပြီး၊ "လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ခွန်အား၊ ဗုဒ္ဓနည်းနှင့် အညီ အကြမ်းမဖက်ဆန္ဒပြပွဲ များ၏ အင်အား" ကို ပြသနိုင်ခဲ့ကြောင်း ဖော်ပြပြောဆိုခဲ့သည်။
နောက်ရက်သတ္တပတ် တပတ်အကြာတွင် စစ်အစိုးရက လက်နက်မဲ့ဆန္ဒပြနေသူ ရဟန်းသံဃာများကို အကြမ်းဖက်ဖြိုခွင်း ခဲ့သည်။ ဤအခါ အိုဘားမားက နိုင်ငံတကာ၏ ကန့်ကွက်မှုကို ဖော်ပြသည့်အနေနှင့် အောက်ပါအတိုင်းလည်း ပြောခဲ့သေး သည်။
" ယနေ့ခေတ်တွင် အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းသည့် ပြည်သူများ၏ အင်အားကို သံသယရှိနေကြသူများ ရှိနိုင်ပါသည်။ သတ္တိ၊ မျှော်လင့်ချက်များကိုသာ လက်နက်သဖွယ်တပ်ဆင်ထား ကြသည့် သာမာန်ပြည်သူများမှာ ခွန်အားအာဏာမဲ့နေသူ များ မဟုတ်ကြပါ။ သမိုင်းအရ သူတို့သည် စွမ်းပကားကြီးမားသည့် အင်အားဖြစ်ကြောင်း ပြသခဲ့ပေပြီ။ ရက်စက်ကြမ်းကြုတ် သည့် စစ်တပ်များ၏ သေနတ်ပြောင်းများရှေ့တွင်ပင် သူတို့၏ စွမ်း ပကားကို ပြသခဲ့ကြပြီး ဖြစ်ပါသည်။ မိမိတို့အနေနှင့် သူတို့၏ သတ္တိဂုဏ်ပြောင်မှု၊ သူတို့၏ အရေးကို ဆက်လက်ကြံ့ကြံ့ခံ၍ အမှန်တရားဖက်က ထောက်ခံရပေလိမ့်မည်" ဟု ဆိုခဲ့သည်။
ဤပြောကြားချက်သည် မျှော်လင့်အားတက်ဖွယ် ကောင်းလှသည်။ အိုဘားမား၏ အပြောင်းအလဲတောင်းဆိုသည့် အောင်ပွဲက ၎င်း၏နိုင်ငံတွင် အောင်ပွဲခံခဲ့သည်နှင့်အညီ လွန်ခဲ့သည့် တနှစ်ကထက်စာလျှင် ဤအပြောင်းအလဲဟူသော စကားရပ်ကို ပို၍ပဲ့တင်ပြန် ကြားရဖို့ ရှိနေပါသည်။
အမေရိကန်သမ္မတသစ်၏ သတ္တိပြောင်မြောက်သည့် ကမ္ဘာသစ်၏ ကတိက၀တ်စကားဟု လူအများက ယူနေကြချိန်တွင် မြန်မာပြည်သူများကလည်း ယခုကတိစကားသည် မိမိတို့နိုင်ငံအတွက် မည်သည့်အဓိပ္ပါယ်ဆောင်လာလေမည်နည်းဟု သေချာ စောင့်ကြည့်နေကြပါသည်။
လွန်ခဲ့သည့်နှစ် ၂၀ ကတောင်းဆိုခဲ့သည့် အပြောင်းအလဲသည် ယခုအခါ ရရှိခံစားချိန် ထိုက်တန်နေပြီ ဖြစ်ပါတော့သည်။
Set as favorite
Bookmark
Email this
Hits: 6138
Comments (0)

Write comment
| < Prev | Next > |
|---|







