ယခင် အကျဉ်းသား အမြောက်အမြား လွှတ်ပေးခဲ့စဉ်ကလည်း နိုင်ငံရေး အကျဉ်းသား အနည်းငယ်မျှသာ ပါဝင်ခဲ့သည်။ အများစုမှာ အငယ်စား ရာဇ၀တ်မှုဖြင့် အကျဉ်းကျနေသူများသာ ဖြစ်သည်။ ယခု ထုတ်ပြန် ကြေညာခဲ့သည့် လွတ်ငြိမ်း ချမ်းသာခွင့်တွင် ပါဝင်မည့် အကျဉ်းသားများ၏ အမည်စာရင်း မထုတ်ပြန်သည့် အတွက်လည်း၊ ကြေညာသည့် အရေအတွက် အတိုင်း လွှတ်ပေးမှု ရှိမရှိကိုပင် အတည်ပြုရ ခက်နေသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) ၏ ပြောဆိုချက်အရ ဆိုလျှင် နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦးကို လွှတ်ပေးခဲ့ပြီဟု ဆိုသည်။ တခြားသတင်းရင်းမြစ်များအရ နိုင်ငံရေး အကျဉ်းသား ၂၅၀ အထိ လွှတ်ပေးလာဖွယ် ရှိနေသည်ဟုလည်း ဆိုနေကြသည်။
သို့ဆိုလျှင် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုအတွက် သတင်းကောင်းပင် ဖြစ်သည်။ မိမိတို့က ကြိုဆိုရမည်သာ ဖြစ်သည်။ သို့သော်လည်း အကျဉ်းသားတချို့အား လွှတ်ပေးချိန်သည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ယခုနှစ် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရေးအတွက် ပြင်ဆင်နေချိန် ဖြစ်သောကြောင့် စိတ်ကောင်း စေတနာရှိကြောင်း ပြသသည့် လုပ်ရပ်တခုဖြစ်သည် ဟူသော အချက်ကို မိမိတို့ မမေ့သင့်ပေ။ ဤသို့ဖြစ်လာမည့် အရေးကို လွန်ခဲ့သည့် လပေါင်း များစွာကပင် ကြိုတင် တွက်ဆထားခဲ့ကြပြီး ဖြစ်သည်။ ဇူလိုင်လတွင် ကုလသမဂ္ဂသံအမတ်ကြီး ဦးသန်းဆွေက ၎င်း၏ အစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်၊ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် ပေးပါမည်ဟု လုံခြုံရေးကောင်စီသို့ ကတိပေး ပြောကြားခဲ့ဖူးသည်။
ဗိုလ်ချုပ်သိန်းစိန်သည် ပြီးခဲ့သည့် ဆယ်စုနှစ်တခု အတွင်း ကုလသမဂ္ဂ အစည်းအဝေးသို့ တက်ရောက်သည့် မြန်မာစစ်အစိုးရ၏ ရာထူးအမြင့်ဆုံး ကိုယ်စားလှယ် ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ၎င်း၏ခရီးစဉ် မတိုင်မီ ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများအား တိုက်ရိုက်ဝေဖန်ပြောဆိုခြင်းများကို ရှောင်လွှဲနိုင်ရန်အတွက် စစ်အစိုးရက တခုခု လုပ်ပြခြင်းမှာ အံ့သြဖွယ် မရှိပေ။ စိုးရိမ်ဖွယ် အခြေအနေမှာ ၂၀၀၇ ခုနှစ် သံဃာများ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက် ချေမှုန်းခဲ့ချိန်မှစ၍ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ပိုမို ဖိနှိပ် ဖမ်းဆီးနေခြင်းပင်။ ထို သံဃာ့လှုပ်ရှားမှု နှောင်းပိုင်း နိုင်ငံရေးအကျဉ်းသား အရေအတွက်လည်း ၂ ဆ တိုးလာခဲ့သည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေသူများက ဆိုကြသည်။
ထို့ပြင် လွတ်မြောက်လာသူများ၏ အမည်စာရင်းတွင် မြန်မာနိုင်ငံ၏ နာမည်ကြီး နိုင်ငံရေး အကျဉ်းသားများ ကျန်ရစ်နေခြင်းပင်။ ဤအကျဉ်းသားများအပေါ် လိုက်လျောပျော့ပြောင်းလာပြီဟု ယူဆရန် ဝေးစွ၊ စစ် အစိုးရက ထိုသူများ ပို၍ဆင်းရဲ ကျပ်တည်းဒုက္ခရောက်စေရန် ကြိုးပမ်းလုပ်ဆောင်နေသည့် သတင်းများသာ ထွက်ပေါ်နေသည်။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ဝေးလံ ခေါင်သီသည့် ဒေသရှိ အကျဉ်းထောင် တခုသို့ ပြောင်းရွှေ့ခဲ့ပြီး၊ မိသားစုက ထောင်ဝင်စာ သွားရောက် တွေ့ဆုံရေး ခက်ခဲစေရန် တမင် ညစ်ထားခဲ့သည်။ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာမည်ကြီး လူရွှင်တော် ကိုဇာဂနာ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ မစုစုနွေး၊ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင် စသည့် အကျဉ်းသားများမှာလည်း စစ်အစိုးရ၏ မတရား ပြုမူ ဆက်ဆံမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက် ခံစားနေရမှုများ ရှိနေသည်ဟု AAPP အဖွဲ့က ကြေညာထားသည်။
နိုင်ငံရေးအကျဉ်းသားများမှာ စစ်အစိုးရ၏ နိုင်ငံရေး ကစားပွဲအတွင်း၌ နယ်ရုပ်များသဖွယ် အစဉ်သဖြင့် အသုံးချခံနေကြရသည်။ စစ်အစိုးရက မြန်မာနိုင်ငံ၏ အကျဉ်းထောင် ၄၃ ခုနှင့် အလုပ်ကြမ်းစခန်း ၅၀ ကျော်တွင် နိုင်ငံရေး အကျဉ်းသား လုံးဝ ရှိမနေပါဟု ဆက်လက် ငြင်းဆိုနေသည်။ သို့သော်လည်း အမှန်စင်စစ်တွင်မူ စစ်ဗိုလ်ချုပ်များက သူတို့ ၏ ရက်စက်ကြမ်းကြုတ်ပြီး မှားယွင်းနေသည့် အုပ်ချုပ်ရေးစနစ်အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုလာသူ မှန်သမျှကို ထောင်သွင်း အကျဉ်းချထားရန် လက်မနှေးခဲ့ကြပါ။ အကျဉ်းသားတချို့ လွှတ်ပေးကြောင်း ပြသည့် တချိန်တည်းတွင် နောက်ထပ် ဆက်လက်ဖမ်းဆီးမှုများလည်း ရှိနေပြန်သည်။ လွန်ခဲ့သည့် အပတ်ကပင် ဒီမိုကရေစီ အရေး လှုပ်ရှားသူများနှင့် သံဃာတချို့ ဖမ်းဆီးခံခဲ့ရပါသေးသည်။
ဤအချက်ကို အလေးအနက်ထား၍ နိုင်ငံတကာက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် စစ်အစိုးရအပေါ် ဆက်လက် ဖိအားပေး တောင်းဆိုနေရန် လိုအပ်ပါသည်။ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်လာခြင်း၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံး တိုင်းပြည်၏ နိုင်ငံရေး လုပ်ငန်းစဉ်အတွင်း လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသရွေ့ ကာလပတ်လုံး အကျဉ်းသားများအား ရံဖန်ရံခါ လွှတ်ပေးလေ့ရှိသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ လုပ်ရပ်ကို နိုင်ငံရေး ကစားကွက် အဖြစ်သာ သတ်မှတ် ယူဆရမည် ဖြစ်ပါကြောင်း။
ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာ့အာဘော် Don’t Let the Junta off the Hook ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
Set as favorite
Bookmark
Email this
Hits: 11906
Comments (0)

Write comment
| < Prev | Next > |
|---|







