လက်နှိပ်ဓာတ်မီး ဝန်ကြီးနဲ့ မြစ်ဆုံက ဖြစ်ပုံ

“ဒီမှာ ဦးရုက္ခစိုး … ဒါက ဘာအချိုးလဲဗျ”

ဆောက်လက်စ မြစ်ဆုံဆည်ကြီးကို ကြည့်ရင်း ကြားဖူးသမျှ ပွားနေကြသော ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့နားသို့ လူတဦး ရောက်လာကာ ပြောလိုက်သောကြောင့် ဦးရုက္ခစိုး ရုတ်တရက် လန့်သွားသည်။

cmnat“ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းကျတော့ ဇာတ်ထောင်ပေးပြီး အင်တာဗျူးလုပ်တယ်။ ကျုပ်ကျတော့ ဒီလို မသိကျိုးကျွံလုပ်တာ ကောင်းလား”
“... …”
“ဒီမှာ ဦးရုက္ခစိုး … မှင်စာလောက်တော့ လူတိုင်းသေးပါတယ်ဗျ … အဲ … လဒလောက်တော့ ငှက်တိုင်းထိပ်ပြောင် ...”
“နေ … နေပါဦး … ခင်ဗျားက ဘယ်သူလဲ”
“အဲဒါပဲ … ခင်ဗျားတို့က အသံကျယ်တဲ့သူကိုပဲ ရော့ခ် သီချင်းဆိုတတ်တယ် ထင်နေကြတာ။ အဲဒါကြောင့် ကျုပ်က စင်ပေါ်တက်ပြလိုက်တာ သိလား”

ရုက္ခစိုး။     ။ ဘာတွေလဲ … ဖိုးရှုပ်ရေ ...။ ငါတော့ နားမလည်တော့ဘူး။ ဒါ ဘယ်သူလဲဟ”

ဖိုးရှုပ်။     ။ သြော် … ဦးရုက္ခစိုးကလည်း။ မျက်နှာသစ်ကလေး မို့လို့ မသိတာနေမယ်။ အဲဒါ လက်နှိပ်ဓာတ်မီးဝန်ကြီး ဦးဇော်ပင်းလေ။

ရုက္ခစိုး။     ။ သူက ပြူးတူးပြဲတဲနဲ့ ဘာဖြစ်တာလဲ။ စင်ပေါ်တက် ပြတယ်လည်း ပြောနေတယ် …။ သူလည်း ဇာတ်မင်းသား လုပ်ချင်လို့လား။

ဇော်ပင်း။     ။ လုပ်မှာပဲ … လုပ်မှာပဲ … ငါ့ကိုလာမတားနဲ့ … ဆောက်မှာပဲ … ဆောက်မှာပဲ … ငါ့ကိုလာမတားနဲ့။ စားမှာပဲ … ဝါးမှာပဲ ငါ့ကိုလာမတားနဲ့ ...။

ရုက္ခစိုး။     ။ သီချင်းဆိုနေပြန်ပြီ။ အဆိုတော် လုပ်မလို့နဲ့တူတယ်။

ဇော်ပင်း။     ။ ဟာ … ဝေးပါ့ဗျာ။ မြစ်ဆုံဆည်ကို ဆက်ဆောက်မယ်၊ သိကြားမင်းလာတားလည်း မရဘူး၊ ဆောက်မှာပဲ ဆိုတဲ့ အကြောင်း ပြောနေတာဗျ။

ရုက္ခစိုး။     ။ ဆောက်မှာပဲကတော့ ဟုတ်ပါပြီ။ နောက်က ဝါးမှာပဲဆိုတာကဘာလဲ။

ဇော်ပင်း။     ။ တရုတ်တွေဆီက ပွဲခရတယ်လေ … အဲဟုတ်ပါဘူး ယောင်လို့ … ဒါက သီချင်းဆိုတာပါ။ ကဲ သားကို ဗျူးလို့ရပြီ။

ရုက္ခစိုး။     ။ ဟင် … ဒီအရွယ်ကြီးကလည်း သားတဲ့။ စကားမစပ်ကလေး ဘာလေးတောင် မခံပါလား။ အတင်းကြီးပဲ။ ကဲ ဗျူးလိုက်ပါ ဖိုးရှုပ်ရာ။ မဟုတ်ရင် ဒီနေရာက ခွာမှာမဟုတ်ဘူး။

ဖိုးရှုပ်။     ။ ဗျူးဆိုလည်း ဗျူးရတာပေါ့လေ။ ဒါနဲ့ ဝန်ကြီးက ဘာလို့ ဒီလောက်တောင် ဗျူးခံချင်နေရတာလဲ။

ဇော်ပင်း။     ။ နာမည်ကြီးချင်လို့ပေါ့ဗျ။ ပြည်ထောင်စု ဝန်ကြီးချင်းတူတူ တမူး ပိုရှူချင်တဲ့ ဆော်ကြမ်းကိုလည်း အမြင်ကတ်လို့။ ဆော်ကြမ်း ကျတော့ ငို … ငိုပြန်ပြီ၊ ဇာတ်က ကပြန်ပြီနဲ့ သူလုပ်သမျှ အကုန် လိုက်ရေးနေကြပြီး ကျုပ်လည်း ဂျာနယ်တွေ၊ သတင်းစာတွေမှာ ပါချင်တာပေါ့။

ရုက္ခစိုး။     ။ ဟုတ်တော့ ဟုတ်တယ်နော် … ဦးဆော်ကြမ်းက သူ့ပုံကျတော့ မြန်မာ့အမှောင်ထဲမှာ ပုံကြီးတွေ၊ ပုံသေးတွေ ထည့်၊ သူပြောတာတွေထဲက ကောင်းတာတွေရွေးပြီး ဖော်ပြနေပြီးတော့ ဦးဇော်ပင်း ပြောတာကျတော့ တလုံးမှလည်း မထည့်ဘူး။

ဇော်ပင်း။     ။ အဲဒါပဲ။ ကျုပ်ကို မနာလိုလို့လေ။ ကျုပ်က သူ့ထက် အများကြီးချောတာကို မနာလိုတာ။ တကယ်ဆို မင်းသားလုပ်မလို့၊ အသက်ကလေး နည်းနည်း ကြီးသွားလို့ စာပဲ ရေးနေတာ။ ဒါကိုလည်း ဆော်ကြမ်းက မနာလိုဖြစ်ပြီး ကျုပ် ဆောင်းပါးတွေ မသုံးပေးဘူး။ ဒါပေမယ့် ဘယ်ရမလဲ၊ သူ့လောက်ကတော့ သနားတယ်ဗျ။ ကျုပ်က လက်နှိပ်ဓာတ်မီး ဆိုတဲ့ ကလောင်နာမည်နဲ့ ဆောင်းပါးတပုဒ် ရေးပြီး ထည့်လိုက်တာ သူတောင် မသိလိုက်ဘူး။ ဟဲဟဲ။

ဖိုးရှုပ်။     ။ ဒါနဲ့ လက်နှိပ်ဓာတ်မီးနဲ့ ဖရောင်းတိုင်အကြောင်း ဝန်ကြီးလောက် သိတဲ့သူ မရှိဘူးဆိုတော့ ဒီပညာရပ်တွေကို ဘယ်မှာ သွားသင်လာတာလဲဟင်။

ဇော်ပင်း။     ။ အဲဒါ ပြောရရင် တော်တော်ရှည်မယ်ဗျ။ ဘယ်မှာမှ သင်စရာမလိုပါဘူး။ ကျုပ်တို့နိုင်ငံကလွဲရင် ဘယ်နိုင်ငံမှာမှ ဒီပညာကို သေသေချာချာ သင်ပေးနိုင်တဲ့ နိုင်ငံမရှိသေးပါဘူး။ လာမယ့်ပညာသင်နှစ်မှာ ကျုပ်တို့နိုင်ငံက တောင်းစုတ်၊ ပလုံးစုတ် တက္ကသိုလ်နဲ့ ခွက်စောင်းခုတ် တက္ကသိုလ်တွေမှာ ဒီပညာရပ်ကို ထည့်သွင်းပြီး ဒေါက်တာဘွဲ့ ပေးနိုင်တဲ့ထိ လုပ်သွားမှာပါ။

ရုက္ခစိုး။     ။ အဲဒီပညာအကြောင်း နည်းနည်းရှင်းပြပါလား။ ဘယ်လိုဖြစ်လို့ ဒီပညာကို ဝန်ကြီးက တဖက်ကမ်းခတ် တက်သွားတာလဲဆိုတာ။

ဇော်ပင်း။     ။ ဒီပညာရပ်က မြန်မာနိုင်ငံမှာ နေတဲ့သူတိုင်း မသိမဖြစ် တတ်ထားသင့်တဲ့ ပညာပါ။ အခြေခံကတော့ လက်နှိပ်ဓာတ်မီး ခလုပ်ကို ဘယ်လိုနှိပ်ရမယ်၊ ဖရောင်းတိုင် မီးကို ဘယ်လို ညှိရမယ်ဆိုတာက စတာပါ။ ဒါပေမယ့် ကျုပ်လို ပညာရှင်ကတော့ ဘာကြောင့်လူတွေ လက်နှိပ်ဓာတ်မီးနဲ့ ဖရောင်းတိုင်ကို တွင်တွင်ကျယ်ကျယ် သုံးရတယ် ဆိုတာက အစ ပြောနိုင်တယ်ဗျ။

ပြောရင်းဖြင့် လည်ကတုံးအင်္ကျီကော်လာကို ထောင်လိုက်သေးသည်။

ဖိုးရှုပ်က “လျှပ်စစ်မီး မရှိလို့ ဒါတွေကို တွင်တွင်ကျယ်ကျယ်သုံးရတာများ လူတိုင်းသိတယ်” ဟု ခပ်တိုးတိုး ပြောလိုက်သော်လည်း ဝန်ကြီးက ကြားသွားသည်။

ဇော်ပင်း။     ။ နိုး နိုး နိုး … အဲဒီလို လွယ်လွယ် မပြောပါနဲ့။ လျှပ်စစ်မီးက မရှိတာမဟုတ်ပါဘူး။ ရှိလွန်းလို့ ဟိုဘက်ကမ်းကို ရောင်းစား … အဲ ရှိလွန်းလို့ ပိုလျှံနေရတာပါ။

ရုက္ခစိုး။     ။ ရှိတယ်၊ ပိုတယ်သာပြောတယ် … လူတွေက မှောင်ထဲကကို မတက်ဘူး။ အခုဆို မှောင်ထဲမှာ ထမင်းစားနည်းတို့၊ မှောင်ထဲမှာ အိမ်သာတက်နည်းတို့၊ အမှောင်ထဲမှာ လိုချင်တဲ့ပစ္စည်းကို ရှာနည်းတို့တောင် ကျွမ်းနေပြီ။ ဘာဖြစ်လို့ ပြည်သူလူထု ကျတော့ မီးမှန်မှန် မပေးလဲ။

ဇော်ပင်း။     ။ ပေးလို့မရလို့ပေါ့ ဦးရုက္ခစိုးရယ်။ တကယ်က လျှပ်စစ်က အများကြီး ပိုလျှံနေတာ။ ဒါပေမယ့် မီးပေးဖို့ ကျတော့ မြေအောက် မီးကြိုးတွေနဲ့ ထရန်စဖော်မာတွေက ဒုတိယကမ္ဘာစစ်တုန်းက သမိုင်းဝင်ပစ္စည်းတွေ ဖြစ်နေတယ်။ အဲဒါတွေနဲ့ မနိုင်တော့ဘူးလေ။

ဖိုးရှုပ်။     ။ အဲဒါတွေကို အသစ်မလဲဘူးလား။

ဇော်ပင်း။     ။ ဟာ ပြောရက်လိုက်တာ။ ကျုပ်က သမိုင်းဝင်ပစ္စည်းကို အရမ်း တန်ဖိုးထားတာဗျ။ မဟာဗန္ဓုလရဲ့ အရိုးအိုး ဘယ်နေရာမှာ ရှိလဲ ခင်ဗျားတို့သိကြလား။ သိမယ့်ပုံလည်း မပေါ်ပါဘူး။ အဲဒီအရိုးအိုး ရေတိုက်စားတဲ့ထဲ ပါသွားမှာစိုးလို့ ကျုပ် ရွှေ့ပေးခဲ့တာဗျ။ ဒီလောက်ထိ တန်ဖိုးထားတာ။ တခြားဟာတွေ မပြောတော့ပါဘူး။ ပြောရင် ကြွားမှာစိုးလို့။ ကျုပ်အဘိုး ဆိုရင် သီပေါမင်း ပါတော်မူတုန်းက ကျန်ခဲ့တဲ့ ခြေနင်းတဖက်ကို ရောင်းစားခဲ့တာပေါ့ … အဲ အမျိုးသားပြတိုက်ကို လှူခဲ့တာပေါ့။

ဖိုးရှုပ်။     ။ အဲဒါနဲ့ မြေအောက် ဓာတ်ကြိုးတွေနဲ့ ဘာဆိုင်လို့လဲ။

ဇော်ပင်း။     ။ ဆိုင်တာပေါ့ … ကျုပ်က သမိုင်းဝင်ပစ္စည်းတွေကို တန်ဖိုးထားလွန်းလို့ ရှေးမူမပျက် ဖြစ်ချင်တာနဲ့ အဲဒီ ဓာတ်ကြိုးတွေ ထုတ်မလဲတာ။ အဲဒီလို မလဲတဲ့အတွက် မီးက ပေးလို့မရဘူး၊ အဲဒီလို မီးပေးလို့ မရတဲ့အတွက် လျှပ်စစ်တွေက အရမ်းအရမ်းကို ပိုလျှံနေတယ်၊ အဲဒီလို ပိုလျှံနေတဲ့ လျှပ်စစ်တွေ အလဟသ ဖြစ်မှာစိုးလို့ သူများကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်။

ရုက္ခစိုး။     ။ ပိုနေတဲ့ လျှပ်စစ်တွေ ရောင်းလို့ရတဲ့ ပိုက်ဆံတွေက ဘယ်မှာသုံးလဲ။

ဇော်ပင်း။     ။ ကျုပ်မိသားစုအတွက် သုံး … အယ် ဟုတ်ပါဘူး … အဲဒါတွေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် ဖြစ်တဲ့ ဖရောင်းတိုင်၊ မီးခွက်၊ မီးဇာ၊ ရေနံဆီ၊ ဓာတ်ခဲ၊ အောက်လင်းဓာတ်မီး၊ လက်နှိပ်ဓာတ်မီးတွေ ပြန်ဝယ်ရတယ်လေ။

ရုက္ခစိုး။     ။ ရှိနေလက်စဟာတွေ ပိုလို့ ရောင်းတာတော့ ထားပါတော့ … ဘာဖြစ်လို့ အခု လူတွေဒီလောက် ကန့်ကွက်နေတဲ့ မြစ်ဆုံဆည်ကြီး ဆက်ဆောက်ပြီး လျှပ်စစ်ထပ်ထုတ်မှာလဲဗျ။

ဇော်ပင်း။     ။ ဒါက ဒီလိုရှိပါတယ်။ ကျုပ်တို့နိုင်ငံက ပြည်သူတွေကို လျှပ်စစ်မီး မပေးနိုင်တဲ့အတွက် ပြည်သူတွေမှာ ဖရောင်းတိုင်၊ လက်နှိပ်ဓာတ်မီး၊ အင်ဗာတာ၊ ဘထ္ထရီနဲ့ ကြည့်လို့ရတဲ့ တီဗီ၊ ဒီဗီဒီ အဲဒီလို ဓာတ်ပစ္စည်းတွေ ပေါပေါလောလော လိုအပ်လာပါတယ်။ ဒီ ပစ္စည်းတွေကို ပေါပေါချောင်ချောင် သွင်းတာဆိုလို့ အစ်ကိုတော် တရုတ်ပဲ ရှိပါတယ်ခင်ဗျာ။ သူတို့ကို လျှပ်စစ်ရောင်းပေးမှ သူတို့က ဒီပစ္စည်းတွေ ပြန်ရောင်းမယ် ဆိုလို့ ကျုပ်တို့က ဒါကို လုပ်ရခြင်း ဖြစ်ပါတယ်။ ဒါ အမျိုးသား အကျိုးစီးပွားဗျ … ဟွင်းဟွင်းဟွင်း။

ဖိုးရှုပ်။     ။ လူတွေက ဧရာဝတီမြစ်ကြီး တိမ်ကောတော့မယ်၊ ပျက်စီးတော့မယ်၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်တယ် ပြောပြီး ကန့်ကွက်နေတဲ့ ကြားက ဒီဆည်ကြီးကို ဆက်ဆောက်မယ်ဆိုတော့ ဝန်ကြီးက တော်တော်လေး အရေထူတာပဲနော်။

ဇော်ပင်း။     ။ ထူဆို ကျုပ်တို့က ဆင်မျိုးလေ … အဲ ဟုတ်ပါဘူး ယောင်ကုန်ပြီ။ ဒီမှာ … ကျုပ် ဘာကိုမှ ဂရုမစိုက်ဘူး။ ပွဲခက ယူပြီးနေပြီ ... အဲ စကားတွေလွန်ပြီး စာချုပ်တွေက ချုပ်ပြီးနေပြီ။ တကယ်က သူတို့ မသိကြတာပါ … ထွက်မယ့် လျှပ်စစ်ရဲ့ ၈၅ ရာခိုင်နှုန်းလေးပေးလိုက်ရုံနဲ့ လက်နှိပ်ဓာတ်မီးတွေ အများကြီး ရမယ့်ကိစ္စဗျာ။ သူတို့ခမျာ လာလည်း ဆောက်ပေး သေးတယ်။ တကယ်ဆို သူတို့ကို ထမင်းကျွေးပြီး နင်းပေးလိုက်ဖို့တောင် ကောင်းသေးတယ်။

“သူကိုယ်တိုင် နင်းပေးနေကျ ဖြစ်မယ်” ဟု ဦးရုက္ခစိုးက စဉ်းစားလိုက်သည်။

ဖိုးရှုပ်။     ။ ပညာရှင်တွေ ပြောတာတော့ အဲဒီဆည်ကြီးဆောက်လိုက်ရင် ဧရာဝတီမြစ်ကြီး တကယ်ကို ပျက်စီးမှာတဲ့။

ဇော်ပင်း။     ။ သြော် … ခက်နေပြန်ပါပြီ။ မြစ်ကြီးက ပျက်စီးနေတာဖြင့်ကြာလှပြီ။ အခုမှ ထအော်နေတယ်။ အဲဒါပညာရှင်တွေ မဟုတ်ဘူး။ ရောဂါထနေတဲ့သူတွေ။ ကျုပ်ကမှ တကယ်တော်တဲ့ ပညာရှင်။ ကျုပ်ပြောတာကိုယုံစမ်းပါ။ ကျုပ်ကမှ တော်တာ။

ရုက္ခစိုး။     ။ ဝန်ကြီးတော်တယ်လို့ ဘယ်သူ ပြောလဲဟင်။

ဇော်ပင်း။     ။ ကျုပ်ပြောတယ်လေ။ မယုံရင် ကျုပ်မိန်းမ သွားမေးကြည့် … နေ့တိုင်း ပြောနေကျ … တော်လိုက်တာ ယောက်ျားရယ်တဲ့။

ဖိုးရှုပ်။     ။ တော်ကြာ ဧရာဝတီမြစ်ကို အကြောင်းပြုပြီး လူထုလှုပ်ရှားမှု ဖြစ်လာရင် ဝန်ကြီး တရားခံဖြစ်မှာနော်၊ မကြောက်ဘူးလား။

ဇော်ပင်း။     ။ ဇော်ပင်းတဲ့ တပင်းတည်းရှိတယ်။ မကြောက်လို့ စစ်သား၊ အရပ်သား နှစ်ခေတ်လုံး ပင်းစား ... အဲ … လက်နှိပ်ဓာတ်မီး ဝန်ကြီး လုပ်လာတာ။ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် … သိကြားမင်း လာကန့်ကွက်လည်း ကျုပ်ကတော့ ဆောက်မှာပဲ။ ဒီမှာ ကျုပ်ကတော့ ဆော်ကြမ်းလို ငိုလိမ့်မယ် မထင်နဲ့။ သူက ဧရာဝတီကိစ္စကို မဖြေတတ်လို့ ငိုတာ။ ကျုပ်က ဖြေတတ်တယ်။ ငိုစရာမလိုဘူး။ ဟားဟားဟားဟား … ကျုပ်က ရယ်ပဲရယ်မယ်။

ဖိုးရှုပ်။     ။ ဧရာဝတီမြစ်က အများပိုင်လေ၊ ဝန်ကြီး လုပ်ချင်တိုင်း လုပ်လို့ဘယ်ရမလဲ။

ဇော်ပင်း။     ။ အများပိုင်မို့လို့ လုပ်ချင်ရာလုပ်ပြီး ရောင်းစားတာပေါ့။ ကျုပ်ပိုင်တဲ့ ကျုပ်မိန်းမကိုဆို ရောင်းစားဖို့ တခါမှ မစဉ်းစားဘူး။

ထိုစဉ် ဆူဆူညံညံ အသံများကြားရသည်။

“ဧရာဝတီမြစ်အရေး တို့အရေး၊ ဧရာဝတီကို ကယ်တင်ကြ” စသည်ဖြင့် လူအများက အော်ဟစ်လာကြကာ လက်နှိပ်ဓာတ်မီး ဝန်ကြီး ဦးဇော်ပင်းအနားသို့ တဖြည်းဖြည်း တိုးလာသည်။

ဇော်ပင်း။     ။ ခဏနေကြဦးလေ။ ကျုပ်က ပိုလို့ရောင်းစားတာပဲဟာ။ ဒီလိုလုပ် … ခင်ဗျားတို့ကို ဖရောင်းတိုင် တတိုင်စီ အလကားပေးမယ်။

ဦးဇော်ပင်းက တောင်းပန်သော်လည်း လူထုကြီးက ဆက်အော်နေသည်။

ဇော်ပင်း။     ။ လက်နှိပ်ဓာတ်မီး တယောက် တချောင်းပေးမယ်ဗျာ။

ထိုသို့ ပြောသော်လည်း လူထုက မကျေနပ်ပေ။ မြစ်ဆုံစီမံကိန်း ရပ်ရေးကိုသာ အော်နေကြသည်။

“ကျုပ် ဒီလောက် ပြောနေတာ မရဘူးလား။ ကျုပ်က မကြောက်တတ်ဘူးနော်။ ကျုပ်က ဆော်ကြမ်းလိုတော့ ငိုပြမှာ မဟုတ်ဘူး။ ဒါလောက်တောင် ဖြစ်လှတာ … ကျုပ်အကြောင်း သိကြရော့ပေါ့” ဟု ဦးဇော်ပင်းက တိုက်ပုံလက်နှစ်ဘက်ကို ပင့်တင်ရင်း ကြိမ်းလိုက်သည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးရေ … ဦးဇော်ပင်းတော့ ဒေါသထွက်နေပြီထင်တယ်။ တခုခု လုပ်တော့မလားမသိဘူး။

ရုက္ခစိုး။     ။ ဒါဆို ငါတို့လည်း ပြေးပေါက် ရှာထားရင် ကောင်းမယ်။

လူထုက ဆက်လက် အော်ဟစ်နေသည်။

ဦးဇော်ပင်းက ပုဆိုးကိုပါ ခါးတောင်းကျိုက်လိုက် ပြန်သည်။ ဖိုးရှုပ်နှင့် ဦးရုက္ခစိုးလည်း အသင့်အနေအထား ပြင်ထားလိုက်သည်။ လူထုက အော်ဟစ်ရင်း ရှေ့ဆက်တိုးလာသည်။

ထိုအခါ ဦးဇော်ပင်းက လက်သီးလက်မောင်းတန်းရင်း “ဒီလောက်တောင် ဖြစ်နေကြတာ။ ကယ်ကြပါဦးဗျို့” ဟု အော်ရင်း လူထုနှင့် ဆန့်ကျင်ဘက် ဆောက်လက်စ မြစ်ဆုံဆည်ကြီးဘက်သို့ တဟုန်ထိုး ထွက်ပြေးလေတော့ သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
Comments (15)Add Comment
0
ma shat tat taw thu
written by garrgyee, October 09, 2011
d kg nay yar mhar so ko har ko tat tay lite p ....$ shat nal lite tar ....thu htat ma ti ta` luu ma shi boo ta`.....ba win yuu ... yuu nay loz nay mal....$ shat .....smilies/tongue.gif
0
good idea
written by ootun, October 07, 2011
အရမ်းရီရတယ်ဗျာ၊
တကယ်ထိတယ်။
ကျေးဇူးပဲ ကိုတာတေရေ
0
hydro power
written by crazy155556784, October 04, 2011
very low cost . stop stop s t o p. back up their money and don't come our country.
0
marketing
written by koko, October 03, 2011
လက်နှိပ်ဓါတ်မီး ၀န်းကြီး ဆိုသူသည် အရောင်းအ၀ယ် ကျွမ်းကျင်လော က်သည်ဟု ယူဆရပါသည်။
အဘယ်ကြောင့် ဆိုသော် သူ့၏ သမီးများကိုလည်း တရုတ်. .ကိုေ ရာင်းထားနှင့်ေ လာက်ပြီဖြစ်မည်..
ရောင်းစရာ ကုန်သောကြောင့် ဧရာဝတီကို ရောင်းစားရန် ကြံခြင်းသာ ဖြစ်ရမည်။
0
...
written by်feichi, September 19, 2011
အရမ်းတော်တဲ့ တာတေကြီး ဒီထက်မကဆက်ေ ရးအုးံဗျား အားပေးတယ်။
0
how a good ideal you have.
written by Ah thang, September 18, 2011
I really like your comedy of manners and you are the best comedian keep doing continually .
0
တရတ်ပြေးဖွတ်
written by KKK, September 16, 2011
တိုင်းပြည်ကို ဖွတ်ဖြစ်အောင် လုပ်ပြီး တရုတ်ဘက်ကို ထွက်ပြေးကြရတော့မယ့် ဖွတ်ချုပ်ကြီးများ အဖွဲ့ ကို
တရုတ်ပြေးဖွတ်လို့ နာမည်ပေး လိုက်ချင်ပါတယ်။
0
...
written by ဧရာဝတီသား, September 16, 2011
ပွဲစားက ဦးတေဇမဟုတ်ပါ . . .Asia World မှ ဦးထွန်းမြင့်နိုင် သာဖြစ်ပါကြော င်းနှင့် ဦးထွန်းမြင့်နိုင် ဆိုသည်မှာ တစ်ချိန်က နာမည်ကြီး ဦးလောဆစ်ဟန် ၏ သားဖြစ်ကြောင်း . . နှင့် တစ်ခါမှ မကြားဖူးသော ပွဲစားခ ဖြစ်ပါသည် နှစ်စဉ်နှစ် တိုင်းရောင်းရငွေ၏ (၁၀%) ဆိုတာလေ . .
0
irrawaddy
written by errorphyo, September 16, 2011
"ဟိုဘက်ကမ်းကမီး ထိန်ထိန် ဒီဘက်ခြမ်းကမီး မိန်မိန် မီးထိန်ထိန်လင်း ပါတဲ့ကျန်ကျောင်း တို့အိမ်"
0
မသိလို့ဘာ
written by john, September 16, 2011
ရေအားလျပ်စစ်တွေ အများကြီး ပိုနေတယ် ဆိုရင် ဘာလို့ထပ်ပြီး ဆောက် အုန်းမှာလဲ .. လိုလို့လား ထပ်ရောင်းဖို့လား .. တရုတ်က မလောက်လို့ ဆောက်ပေးတာလား .. သူတို့ စားဖို့ မရှိတော့လို့လား.. မရှင်းတာ က ကိုယ့်နိုင်ငံက ထွက်တာကို ကိုယ်က ပြန်ဝယ်ရမယ် ဆိုတာကိုပဲ..
0
အလကားရလိုက်တာ ငါတော်လို့ ငါတော်တော်ကြီး တော်လို့ ဟဟဟ
written by စိန်ကြံ့ဖွတ်, September 15, 2011
ရန်ကုန်သား တာတေ ခင်ဗျား…
ဖရောင်းတိုင် ဝန်ကြီးက လွှတ်တော်မှာ အော်သွားတာ ရှိပါသေး တယ်။ ” မီဂါဝပ် ၁၆၀၀ အလကားရအုံးမယ်၊ ဘာအရင်းအနှီးမှ မထည့်ရဘဲနဲ့ free ရမယ်၊ ထပ်ရအုံးမယ်” ဆိုပြီး သူ့ပထွေး တရုပ်ကြီးကို ရောင်တော်ဖွင့် နေတာလဲ တွေ့ရပါသေးတယ်။ ဒီလို အခြောင်ရတာ ဝါသနာ ကြီးတဲ့ ဖရောင်းတိုင်ဝန်ကြီ
0
ကောင်းလိုက်တဲ.နှပ် ကွက်
written by သား သား, September 15, 2011
ရာဇ၀င်ရဲ. သတို.သမီး ကတော. ဇော်ဝင်းကြောင်. ငိုရတော.မယ်
smilies/cry.gifsmilies/cry.gif
0
ရန်ကုန်တား တာတေဆီသို့
written by Neyo, September 15, 2011
ရေးလည်းရေးတတ်ပါပေ့ ရန်ကုန်တား ရယ်smilies/grin.gifsmilies/grin.gifsmilies/wink.gif
0
...
written by hto, September 15, 2011
၇၅% တရုတ်က ရမယ် ၁၀% နှုန်း ပွဲစားရမယ် ၁၅% အစိုးရမယ်။ မတရားလိုက်တာဗျာ။ ပွဲစား ဆိုတဲ့ ဦးတေဇ ကြောင့် အခုလိုဖြစ်တာ။
0
တော်တော် တော်တဲ့ တာတေ ရယ် ....
written by စက်သွေး , September 15, 2011
ဖြစ်ပျက်ေ နတာတွေကို ချိန်ကိုက် တွေးတတ် ရေးတတ်တဲ့ တာတေကိုတော့
အရမ်းကို ချီးကျူးမိပါရဲ့ ဗျာ .......

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်