ရန်ကုန်မြို့ကြီး ညစ်ပတ်သော်လည်း၊ ခြင် ထူပြော သော်လည်း ခံနိုင်ရည်အင်အား အပြည့်ရှိနေသော ရန်ကုန်လူထုမှာ “ပျော်စရာနှစ်သစ် ဖြစ်ပါစေ” ဟု အော်နိုင်ကြသေးသည်။
“ကမ္ဘာ့ ခံနိုင်ရည် အရှိဆုံးနိုင်ငံသားများ” ဆိုသည့် ဆုကို ချီးမြှင့်လျှင် မြန်မာနိုင်ငံသားများသာ ရလိမ့်မည်ဟု ဦးရုက္ခစိုး စဉ်းစားနေစဉ် သူ့အနားသို့ လူတဦးရောက်လာသည်။ တခြားသူတော့မဟုတ် ဒေဝါလီမဂ္ဂဇင်း၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီးဖြစ်သည်။
ချိုကုပ်။ ။ ဘယ်လိုလဲ ဦးရုက္ခစိုးရဲ့ စဉ်းစားလှချည်လား။
ရုက္ခစိုး။ ။ ဒီလူတွေ ပျော်နေနိုင်တာကို အံ့သြနေတာဗျ။ တော်တော်တော့ ထူးဆန်းတယ်။ မီးကပျက်၊ ကုန်ဈေးနှုန်းကတက်၊ ရန်ကုန်က ညစ်ပတ်၊ ဘတ်စ်ကားတွေက ကျပ် ….။
ချိုကုပ်။ ။ ဟာ ဦးရုက္ခစိုး ဟစ်ပ် ဟော့ပ် ဆိုနေတာလား။
ရုက္ခစိုး။ ။ မဟုတ်ပါဘူးဗျ၊ ကျန်သေးတယ် ခြင်ကထူ၊ ရာသီဥတုက ပူ … ဒါနဲ့တောင် ဒီလူတွေ ဘာလို့ ပျော်နေလဲ … အဲဒါကို စဉ်းစားနေတာ။
ချိုကုပ်။ ။ မထူးဆန်းပါဘူး ဦးရုက္ခစိုးရယ်။ လူတွေ ခံနိုင်ရည်ရှိအောင် ကျုပ်က လေ့ကျင့်ပေးနေတာ။ တကယ်လို့ ကမ္ဘာပေါ်မှာ လျှပ်စစ်မီးဆိုတာကြီး မရှိတော့ဘူးဆိုရင် ကျုပ်တို့တနိုင်ငံပဲ အသက်ရှင်ကျန်ခဲ့မှာဗျ။ ဟို အမေရိကား ဆိုတဲ့နိုင်ငံက ကောင်တွေဆို ဒီနေ့မီးမရှိ နက်ဖြန်သေကုန်မှာ။
ရုက္ခစိုး။ ။ ဒါလည်း ဟုတ်တာပဲ။ ဒါပေမယ့် လူတွေ စားဝတ်နေရေး တော်တော်လေး ခက်ခဲတယ်နော် ချိုကုပ်ဒူးကြီး။
ချိုကုတ်။ ။ သိပါ့ဗျာ။ အဲဒီလို ခက်ခဲနေမှ ကျုပ်လုပ်မယ့် ရွေးကောက်ပွဲကို စိတ်မဝင်စားမှာပေါ့။ ရွေးကောက်ပွဲကို လူတွေ စိတ်ဝင်စားလို့ မဖြစ်ဘူးလေ။
ရုက္ခစိုး။ ။ ကြည့်လဲ လုပ်ဦးနော် ခင်ဗျားလုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူတွေက တကယ် အတည်ပြု ထားတာ မဟုတ်ဘူး။
ချိုကုပ်။ ။ ဒါလည်း သိတာပဲ။ ဒါပေမယ့် ခပ်တည်တည်နဲ့ ပြည်သူလူထု တခဲနက် ထောက်ခံအားပေးလို့ အတည်ပြု လိုက်ရပါတယ် ဆိုပြီး ကြေညာပြီးပြီလေ။ ရွေးကောက်ပွဲကို ဆက်မလုပ်ရင် ကျုပ် သိက္ခာကျမှာပေါ့။
ရုက္ခစိုး။ ။ NLD နဲ့ တိုင်းရင်းသားအဖွဲ့တွေကိုကော ရွေးကောက်ပွဲမှာ ပါခိုင်းမှာလား။
ချိုကုပ်။ ။ ပါခိုင်းမယ်လေ၊ ပါရမှာပေါ့။ သူတို့မပါရင် ကျုပ်ရဲ့ ရွေးကောက်ပွဲ ဘယ် အထမြောက် အောင်မြင်တယ် ခေါ်ပါ့မလဲ။ ဒါပေမယ့် တခုတော့ရှိတယ် ပါတော့ပါ မနိုင်စေနဲ့ ဆိုတဲ့စည်းကမ်းချက်နဲ့ ဝင်ပါခိုင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါလို့ မဖြစ်ဘူးဗျ။ ဒါကလည်း ကျုပ်လုပ်တာ မဟုတ်ပါဘူး။ လူထု တခဲနက်အားပေးထောက်ခံထားတဲ့ အခြေခံဥပဒေထဲမှာ ပါတာ။
ရုက္ခစိုး။ ။ ထားပါတော့ ဒါနဲ့ ခင်ဗျားက ရွေးကောက်ပွဲကို တရားမျှမျှတတ ကျင်းပပေးမယ်ထင်တယ် ဟုတ်လား။ ပြည်ပက ပုဂ္ဂိုလ်တွေက အဲဒါကို စိတ်ဝင်စား နေကြတာ။
ချိုကုပ်။ ။ ဟမ် … ကျုပ် တခါမှ ကတိမပေးဖူးဘူးနော်။ သူတို့ဘာသာ စိတ်ဝင်စားတာတော့ မသိဘူး။ ကျုပ်က စနစ်တကျ ကျင်းပဖို့ စီမံဆောင်ရွက်နေတယ် လို့ပဲ ပြောတာ။
ရုက္ခစိုး။ ။ အတူတူပဲ မဟုတ်ဘူးလားဗျ။
ချိုကုပ်။ ။ မတူဘူးလေဗျာ။ စနစ်တကျ ကျင်းပဖို့ စီမံဆောင်ရွက်နေတယ် ဆိုတာက ရွေးကောက်ပွဲမှာ မတော်တဆ ကျုပ်တို့ စစ်တပ်က ၂၅ ရာခိုင်နှုန်းအတိပဲ ရခဲ့တယ်ဆိုရင် ...။
ရုက္ခစိုး။ ။ နေ … နေပါဦးဗျ။ ခင်ဗျားတို့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားပြီးသားပဲဟာ။
ချိုကုပ်။ ။ အင်းလေ အဲဒီလို အတင်းယူထားတဲ့ ၂၅ ရာခိုင်နှုန်းကလွဲလို့ တခြား ဘာမှ ထပ်မရဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ပြင်ဆင်ထားတာ။
ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဘာတွေ ပြင်ဆင်ထားလဲ လုပ်ပါဦး။
ချိုကုပ်။ ။ ဥပမာ - ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းလိုက်တယ်ဗျာ။ နှစ်သစ်လက်ဆောင်လိုလို ဘာလိုလိုပေါ့။ အတိုးနှုန်းများတော့ ဝယ်လိုက်တာလည်း သောက်သောက်လဲပဲ။ အဲဒီပိုက်ဆံတွေကို တခုခုမှာ ရင်းနှီးမြှုပ်နှံချင်ယောင် ဆောင်လိုက်မယ်။ ပြီးတော့ အရှုံးပေါ်ပြလိုက်မယ်။ အတိုးတွေ အရင်းတွေကို နောက်တက်မယ့် အစိုးရက ဆပ်ပစေပေါ့။
ရုက္ခစိုး။ ။ အကြံပက်စက် … အဲ အကြံကြီးပါပေ့။ ဆက်ပါဦး။
ချိုကုပ်။ ။ ရှိသေးတယ်။ စက်ရုံတွေကို ပုဂ္ဂလိကပိုင်လုပ်ပေးလိုက်မယ်၊ ဘယ်နှနှစ်စာချုပ်ပေါ့။ အဲဒီလူတွေကလည်း ကျုပ်လူတွေပဲ။ ပိုက်ဆံ ဖောချင်းသောချင်း ထားစရာနေရာမရှိတဲ့ သူတွေပေါ့။ သူတို့ဆီက ပိုက်ဆံတွေ ကျုပ်တို့အိတ်ထဲထည့်။ သူတို့ကိုတော့ လုပ်ငန်းတွေ လုပ် ဆိုပြီး ပေးလိုက်မယ်။ ရှုံးလည်း ပြဿနာမရှိမယ့်သူတွေပေါ့။ မဟုတ်လည်း သူတို့ရဲ့ ငွေတွေကို ဘယ်နိုင်ငံတကာ ဘဏ်မှာမှ အပ်လို့မှမရဘဲ။
တက်ကြွစွာ ပြောဆိုနေသော ချိုကုပ်ဒူးကြီးကို ကြည့်ရင်း ဦးရုက္ခစိုးပါးစပ်က ခပ်တိုးတိုး “ရှိသေးလား” ဟု မေးလိုက်သည်။ ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို စိတ်မဝင်စားဘဲ ဆက်ပြောသည်။
ချိုကုပ်။ ။ တကယ်လို့များ အဲဒီလို ပုဂ္ဂလိကပေးလိုက်တဲ့ လုပ်ငန်းတွေက အောင်မြင်ပြီး လူတွေအတွက် နည်းနည်းပါးပါး အသုံးတည့်တယ် ဆိုရင် ဒါတွေကိုပြပြီး ရွေးကောက်ပွဲမှာ မဲဆွယ်လို့လည်း ရတာပေါ့။
ရုက္ခစိုး။ ။ ကောင်းလိုက်တဲ့ ဦးနှောက် ရွှေချထားဖို့ ကောင်းတယ်။
ချိုကုပ်။ ။ ရွှေချဖို့တော့ မလုပ်နဲ့တော့ … ကျုပ်က ဝန်ထမ်းတွေကို နှစ်သစ်လက်ဆောင် လစာတိုးပေးလိုက်တာနဲ့ ရွှေဈေးတွေ တက်ကုန်ပြီ။ ကုန်ဈေးနှုန်းတွေလည်း တက်ဦးမှာ၊ ထိန်းလို့မနိုင်တော့ဘူး။
ရုက္ခစိုး။ ။ (“တော်သေးတာပေါ့ လက်ဆောင်မို့လို့ပဲ” ဟု စဉ်းစားရင်း) နှစ်သစ်မှာ ရက်ရက်ရောရော တိုးပေးလိုက်တာပဲနော်။
ချိုကုပ်။ ။ ဒါပေမယ့် လက်ကိုင်ဖုန်း ပြောခတွေကိုတော့ ၂ ဆတက်လိုက်တယ် … နည်းနည်းပေး များများယူပေါ့။
ရုက္ခစိုး။ ။ လစာ ဆိုလို့ ခုမှ သတိရတယ်။ ခင်ဗျား တိုးပေးလိုက်တာ ပေါကြွယ်စရိတ်ဆို၊ ကျနော်တော့ ရှားပါးစရိတ်ပဲ ကြားဖူးပါတယ်။
ချိုကုပ်။ ။ ဒါကတော့ ရွေးကောက်ပွဲအတွက် ယတြာချေတာဗျ။ ကျုပ်ဗေဒင်ဆရာက ပြောထားတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အထမြောက် အောင်မြင်ချင်ရင် အားလုံးကို ပြောင်းပြန်လှန်ပါ တဲ့။ အဲဒါကြောင့် ရှားပါးစရိတ်ကို ပေါကြွယ်စရိတ်လို့ ပြင်လိုက်တာ။
ရုက္ခစိုး။ ။ ဒါဆို ကျန်တာတွေကော ...။
ချိုကုပ်။ ။ ကျန်တာတွေလည်း လှန်ရမယ်။ လှန်မယ့်လှန်တော့ အကုန်လှန်မှပေါ့။ ကျုပ်တို့ရဲ့ အစိုးရ နာမည်က အစ လှန်မယ်။ နိုင်ငံတော် ပူလောင်ဆူပွက်ရေးနှင့် ချုံးချုံးကျ ကောင်စီ လို့ ပြောင်းလိုက်တယ်။ ကျုပ်ထောင်ပေးထားတဲ့ အသင်းကြီး ဆိုရင် ပြည်ထောင်စု ကြုံလှီရေးနှင့် ချိနဲ့ရေးအသင်းလို့ ပြောင်းလိုက်ပြီ။ အဲဒီတော့ ကျန်တဲ့သူတွေလည်း လိုက်လှန်ရမယ်။
ချိုကုပ်ဒူးကြီးက မျက်လုံးပြူးကာ ပြောလိုက်သောကြောင့် ဦးရုက္ခစိုးလန့်သွားသည်။
ရုက္ခစိုး။ ။ ကျုပ် … ကျုပ်တော့ မပါပါဘူးနော်။ ကျုပ်က ချင်းမိုင်ရုက္ခစိုးဗျ။
ချိုကုပ်ဒူးကြီးက “မရဘူး။ ခင်ဗျားလည်း လမ်းလျှောက်ရင် ကင်းမြီးကောက်ထောင်လျှောက်၊ ကားတွေလည်း နောက်ပြန်ပဲ မောင်း ရမယ်၊ နာမည်တွေအားလုံးလည်း ပြောင်းပြန်မှည့်ရမယ်။ ဒါ နိုင်ငံတော် ပူလောင်ဆူပွက်ရေးနှင့် ချုံးချုံးကျ ကောင်စီရဲ့ အမိန့် ကြော်ငြာအမှတ် ၂၀၁၀ မျဉ်းစောင်း ၁ ပဲ။ ပလို့ဂျိ” ဟုဆိုကာ ဆပ်ကပ်ထဲမှ လူရွှင်တော်များကဲ့သို့ ကင်းမြီးကောက်ထောက်၍ ဘောက်ဆတ်ဘောက်ဆတ် လျှောက်ထွက်သွားတော့သည်။ ဦးရုက္ခစိုးကြီးမှာကား ကင်းမြီးကောက် မထောင်တတ် လေသောကြောင့် နတ်တို့တန်ခိုးနှင့် ကိုယ်ဖျောက်ကာ ချင်းမိုင်သို့ အသာပြန်လစ်ခဲ့ရလေတော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

written by ko thet, January 15, 2010
written by shwe, January 11, 2010
power and money ,but willing to sell country and the people for their own prosperity. we the people outside the Burma need to tell why we have to send money to the black hole of Burma without endles.
The answer is to root out the cause of trouble (Dictators).
Wishing you all healthy and helping people of Burma.
shwe
written by namastay, January 07, 2010
ပြည်ထောင်စု ကြုံလှီရေးနှင့် ချိနဲ့ရေးအသင်း
we burmese people become a “ကမ္ဘာ့ ခံနိုင်ရည် အရှိဆုံးနိုင်ငံသားများ"....
မီးကပျက်၊ ကုန်ဈေးနှုန်းကတက်၊ ရန်ကုန်က ညစ်ပတ်၊ ဘတ်စ်ကားတွေက ကျပ် ခြင်ကထူ၊ ရာသီဥတုက ပူ … ဒါနဲ့တောင် ဒီလူတွေ ဘာလို့ ပျော်နေလဲ ........
but our hope still alive because of AMAY SU
written by မျိုးလွင်, January 06, 2010
| < Prev | Next > |
|---|








