“ဒါမှ တို့ တရုတ်ကွ”
“ဟေး … ဟုတ်ပြီ … ကောင်းလိုက်တဲ့ တရုတ်ကွာ၊ တရုတ်ပဲ နိုင်မှာပဲ”
ချင်းမိုင်မြို့ရှိ အနှစ် ၇၀၀ အားကစား ကွင်းကြီးထဲတွင် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ရောက်နေ ကြသည်။ ထိုင်းဘုရင့် ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်များပါ ပါဝင်ကြမည် ဖြစ်သောကြောင့် အားပေးကြရန်ဖြစ်သည်။ သူတို့ရောက်တော့ မြန်မာအမျိုးသမီးကစားသမားများနှင့် တရုတ် အမျိုးသမီးများ ခတ်နေကြသည်။ တရုတ်ဘက်ကို အားပါးတရ အားပေးနေသူကား တရုတ်သွေး လုံးဝ … လုံးဝ မနှောသူ တဦးဖြစ်၏။ တခြားသူမဟုတ် … ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီးပင် ဖြစ်သည်။
ချိုကုပ်။ ။ ဟာ … ကောင်းလိုက်တဲ့ ခတ်ချက် … ဒါမှ တို့ တရုတ်။ရုက္ခစိုး။ ။ ဘယ်လိုဖြစ်တာလဲ ချိုကုပ်ဒူးကြီးရဲ့ … ကိုယ့်မြန်မာအသင်းကိုတော့ အားမပေးဘဲနဲ့။
ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုး ...။ ကြည့် … ကြည့် … ကျနော်တို့ တရုတ်ပဲ နိုင်မှာ။
ချိုကုပ်ဒူးကြီးမှာ ပြောလေကဲလေ မန်းလေပြဲလေ … တရုတ်ကို အားပါးတရ ဆက်လက် အားပေးနေသည်။
ကြွက်စုတ်။ ။ ဆေးတော့ မမီတော့ဘူးထင်တယ်။ သေချာမေးစမ်းပါဦး ဦးရုက္ခစိုးရယ်။
ထိုစဉ် မြန်မာအသင်းဘက်က တမှတ်သာသွားရာ ဖိုးရှုပ် “မြန်မာကွ” ဟု အော်လိုက်သည်။
ချိုကုပ်။ ။ (ဖိုးရှုပ်ကို မျက်မှောင်ကျုံ့ကာ ကြည့်ရင်း) ဟေ့လူ … ဘယ်လိုဖြစ်နေတာလဲ။
ဖိုးရှုပ်။ ။ မြန်မာကို အားပေးတာလေဗျာ …။ ဘာဖြစ်လို့လဲ။ ချိုကုပ်ဒူးကြီးက တရုတ်ဘက်က လောင်း ထားလို့လား။
ချိုကုပ်။ ။ လောင်းထားလို့ မဟုတ်ဘူးလေ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် တရုတ် ကိုကိုးက ကျုပ်တို့ဆီက ဓာတ်ငွေ့တွေဝယ်တယ်၊ သစ်တွေ၊ ဝါးတွေဝယ်တယ်၊ မျောက်တွေ၊ ကြွက်တွေ၊ တီကောင်တွေ၊ ပိုးဟပ်တွေ၊ စက္ကူပန်းပင်တွေ၊ ပုဏ္ဏရိပ်ပန်းတွေ၊ မြွေတွေ၊ လင်းတတွေ၊ မိန်းမတွေ … ဝယ်လို့ရတာ အကုန်ဝယ်တယ်။ တကယ့်ကျေးဇူးရှင်လေ။ ပြီးတော့ ဈေးပေါပေါနဲ့ ပစ္စည်း ပေါချောင်ကောင်းလေးတွေကို ပြန်ရောင်း ပေးသေးတာ။ အခုခြင်းဝင်ခတ်နေတဲ့ မြန်မာ့လက်ရွေးစင်တွေက ဘာမှ မဝယ်ဘူး။ သူတို့ကို အကုန် အလကားပေးနေရတာ။
ရုက္ခစိုး။ ။ မဟုတ်သေးပါဘူး ချိုကုပ်ဒူးကြီးရယ်။ သူတို့က နိုင်ငံ့ဂုဏ်ကိုဆောင်မှာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့် မြန်မာအသင်း ကိုပဲ အားပေးသင့်တာပေါ့။
ချိုကုပ်။ ။ ဘာလို့ အားပေးရမှာလဲဗျ။ ကောင်းမှ မကောင်းတာ။
ကြွက်စုတ်။ ။ နေပါဦး ချိုကုပ်ဒူးကြီးရဲ့ ...။ အခု ခတ်တဲ့ မြန်မာအသင်းက လူတွေကို သိပ်မမြင်ဖူးပါလား။ လူသစ်တွေ ခေါ်လာတာလား။
ချိုကုပ်။ ။ ဟုတ်တယ်လေ … တခါမှ နိုင်ငံခြား အတွေ့အကြုံမရှိတဲ့သူတွေ ခေါ်လာတာ။
ဖိုးရှုပ်။ ။ အဲဒါကြောင့် ရှုံးတာများ ဘာထူးဆန်းလို့လဲ။ နိုင်ချင်ရင် အတွေ့အကြုံရှိတဲ့သူတွေ ခေါ်လာပေါ့။
ချိုကုပ်။ ။ မဖြစ်ဘူးလေ။ နိုင်လို့ ရွှေတံဆိပ်တွေဘာတွေ ရလာခဲ့ရင် တယောက်ကို ၅ သိန်း၊ ၁၀ သိန်းက ပေးရဦးမှာ။ အခု လူသစ်တွေကို အတွေ့အကြုံရအောင် ဆိုပြီး ခေါ်လာတော့ နိုင်မှာလည်း မပူရတော့ဘူး။ ပိုက်ဆံလည်း ထပ်မကုန်တော့ဘူး။
ရုက္ခစိုး။ ။ ဒါဆိုလည်း မကောင်းဘူးလို့ မပြောနဲ့လေ။
ချိုကုပ်။ ။ မပြောလို့ ဘယ်ရမလဲ။ ဒင်းတို့ကို ဆူရဦးမှာ၊ ဆူကို ဆူရဦးမှာ။ မနိုင်ရကောင်းလား၊ အသုံးမကျရ ကောင်းလားဆိုပြီး ဆူဖို့ စကားလုံးအသစ်တွေကိုတောင် စာရေးဆရာ တင်ရမ်းပြူးကို ရှာခိုင်းထား ပြီးပြီ။
ထိုစဉ် အားကစားကွင်းထဲသို့ မင်းသား သဝေထိုးနှင့် မင်းသမီး မိုးယုပွမ် တို့နှစ်ဦး အပြေးအလွှား ဝင်လာသည်ကို တွေ့လိုက်ရသည်။
သဝေထိုး။ ။ ကယ်ပါ ချိုကုပ်ဒူးကြီး၊ ကယ်ပါ။
ချိုကုပ်။ ။ ဟဲ့ ဘယ်လိုဖြစ်လာကြတာလဲ။
မိုးယုပွမ်။ ။ ကယ်ပါ ချိုကုပ်ဒူးကြီးရယ်။ မီးတို့ကို အလိုမရှိဘူး ဆိုပြီး ဆန္ဒပြနေလို့ ပြေးပေါက်မှားရာက ဒီကို ရောက်လာတာပါ။
ဖိုးရှုပ်။ ။ ဟာ … ခင်ဗျားတို့က လန်ဒန်မှာ မဟုတ်ဘူးလား။
သဝေထိုး။ ။ ဟုတ်တယ်လေ။ လန်ဒန်ကကျောင်းသားတွေ ဝိုင်းဆန္ဒပြကြလို့ ခြေဦးတည့်ရာ ပြေးကြရင်း အခုလို ချင်းမိုင်ကို ရောက်လာတာပါ။
ဦးရုက္ခစိုးက “ဆန္ဒပြပွဲအစွမ်းထက်ပုံများ နတ်တောင် သူတို့လောက်မြန်အောင် မသွားနိုင်ဘူး” ဟု စိတ်ထဲက တွေးလိုက်သည်။
ချိုကုပ်။ ။ ခက်တာပဲ၊ ဘာဖြစ်လို့ ပြေးလာတာလဲ။
မိုးယုပွမ်။ ။ ကြောက်တယ် ချိုကုပ်ဒူးကြီးရဲ့။ မီးတို့ကို ပေါ်လစီကားမှာပါတယ်၊ သမိုင်းအမှားတွေ လျှောက်ပြောတယ် ဆိုပြီး အော်နေကြတာ ကြောက်စရာကြီး။
ချိုကုပ်။ ။ ဘာမှ ကြောက်နေစရာမလိုဘူး။ ကျုပ်တို့ လက်အောက်မှာ နေတဲ့သူမှန်ရင် မျက်နှာပြောင် တိုက်ရဲရမယ်၊ ကျုပ်ဆိုရင်ကြည့် … ဘယ်သူ ဘာပြောပြော အရှက် လုံးဝ မရှိဘူး၊ ဝါးလုံးကိုလည်း ဝါးခြမ်းလို့ ပြောရဲတယ်၊ ရူးချင်ယောင်လည်း ဆောင်ရဲတယ်၊ အပြစ်မရှိတဲ့သူတွေကိုလည်း သတ်ရဲတယ်၊ ထောင်ချ ရဲတယ်၊ ခင်ဗျားတို့လည်း အဲဒီလိုပဲ အရူးကွက်နင်းရဲကြပါ။ ဒါပဲ ပြောချင်တယ်။
ချိုကုပ်ဒူးကြီးက သူ၏ စစ်တပ်တွင် မိန့်ခွန်းပြောသကဲ့သို့ ခပ်တည်တည်ဖြင့် ပြောနေရာ သဝေထိုးနှင့် မိုးယုပွမ်တို့လည်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေကြရသည်။
ချိုကုပ်။ ။ ကဲ … လန်ဒန်ကို ပြန်သွားတော့။ လုပ်စရာရှိတာလုပ်ပြီး ပြန်လာခဲ့။ ခင်ဗျားတို့တတွေ တိုင်းပြည်အတွက် အရှက်နည်းကြပါ။ အရှက်နည်းမှ တိုက်ခန်းရ ဆိုတဲ့ ဆောင်ပုဒ်ကို မမေ့နဲ့။
ချိုကုပ်ဒူးကြီးက အတင်းသွားခိုင်းနေသောကြောင့် မင်းသားနှင့် မင်းသမီးမှာ ဆက်လက် အထွန့်မတက်ရဲ တော့ဘဲ ခပ်ကုပ်ကုပ် ပြန်ထွက်သွားကြသည်။
ကြွက်စုတ်။ ။ အရှက်နည်းမှ တိုက်ခန်းရ ဆိုတာ ဘာများလဲ ချိုကုပ်ဒူးကြီးရဲ့။
ချိုကုပ်။ ။ သြော် … မဟုတ်တန်းတရား တွေကို ခပ်တည်တည်နဲ့ ဖြီးရင် ဖြန်းရင်၊ ပေါ်လစီ ကားတွေထဲမှာ ဝင်သရုပ်ဆောင်ပြီး အဲဒီလို ပေါက်ကရတွေ အရှက်မရှိပြောရင် တိုက်ခန်းရမယ် လို့ ပြောတာပါ။ စာရေးဆရာ တင်ရမ်းပြူးလည်း အဲဒါနဲ့ သူဌေးဖြစ်နေတာလေ။
ချိုကုပ်ဒူးကြီးမှာ သူတို့ သုံးဦးဘက်သို့လှည့်ကာ စကားပြောနေရင်း မိနစ်ဝက်လျင် တခါကျ “တရုတ်ကွ၊ တရုတ်” ဟု ထ ထ အော်ရသေးသည်။
ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးကလည်း မြန်မာပြည်သား ဖြစ်နေပြီး တရုပ်ကို ဒီလောက် အာပြဲကြီးနဲ့ အားပေးနေတာ ရှက်စရာကြီးဗျာ။
ချိုကုပ်။ ။ လာပြန်ပြီလား ရှက်စရာကြီး။ ခုနကပဲ အရှက်နည်းမှ တိုက်ခန်းရဆိုတဲ့ ဆောင်ပုဒ်အကြောင်း ပြောထားတယ်လေ။
ကျုပ်က နိုင်ငံတော် အကြီးအကဲဆိုတော့ သာမန်လူထက် အရှက်နည်းပြရမယ်။ ကျုပ်အတွက်က အရှက်နည်းမှ အာဏာရဗျ။ တရုတ်ကွ၊ တို့တရုတ်ဟေ့။ ကဲကဲ … ခင်ဗျားတို့ပဲ ဆက်အားပေးလိုက်ကြဦး။ ကျုပ်က ကိစ္စလေးတွေရှိလို့ ပြန်လိုက်ဦးမယ်။
ရုက္ခစိုး။ ။ ပွဲပြီးတဲ့အထိ နေပါဦးလား ချိုကုပ်ဒူးကြီးရယ်၊ ဘာကိစ္စတွေ အရေးကြီးနေတာလဲ။
ချိုကုပ်။ ။ အရေးကြီးတယ်ဗျ။ စာပေစိစစ်ရေးတဖွဲ့လုံးကို မြောက်ကိုရီးယားကို ရောင်းဖို့ စကားဆိုင် ထားတာ ဈေးတည့်လို့ သွားတွေ့ရမယ်။
ကြွက်စုတ်။ ။ ဘယ်ဈေးနဲ့ ရောင်းမှာလဲ။
ချိုကုပ်။ ။ ရောင်းမယ်ဆိုတာက စကားအဖြစ်ပြောတာပါ။ တကယ်က အလကားပေးမှာ။ သူတို့က ကျုပ်တို့ထက် အဖြတ် အသိမ်း ပိုတော်လို့ ဂုဏ်ပြုတဲ့အနေနဲ့ အလကားပေးမလို့။ ပြီးတော့ မနက်ဖြန်ကို သဘောထား ကွဲလွဲရေးပါတီက လူတွေ လမ်းလျှောက်မယ်တဲ့။ အဲဒါလည်း သွားကြည့်ရဦးမယ်လေ။
ဖိုးရှုပ်။ ။ သွားတားမယ် လုပ်ပါဗျာ။
ချိုကုပ်။ ။ မတားပါဘူး။ ဘာလို့ တားရမှာလဲ။ သူတို့က ကျုပ်တို့ တားမှာသေချာတယ်ဆိုပြီး နေပြည်တော် အထိ လျှောက်မယ်လို့ပြောရဲတာ။ အဲဒီတော့ ကျုပ်တို့က မတားဘူး။ သူတို့ ဘယ်အထိ လျှောက်နိုင်မလဲ သွား ကြည့်မလို့။ အပျင်းပြေပေါ့ဗျာ။ ကဲ သွားပြီဗျို့။
ချိုကုပ်ဒူးကြီး၏ တရုတ်အားပေးသံကြီး မကြားရတော့ သဖြင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ သုံးဦးသားမှာ ပိုက်ကျော်ခြင်း မြန်မာအသင်းကို စိတ်လက် ချမ်းသာ စွာ အားပေးတော့မည်ဟူ၍ ပျော်ရွှင်သွားစဉ် “တရုတ်ကွ တရုတ်” ဟူသော အသံကြီးကို နားမချမ်းသာစွာ ကြားလိုက်ရလေသည်။
အကြောင်းမှာ ချိုကုပ်ဒူးကြီးက သူ့ကိုစား အား/ ကာ ညွှန်ချုပ်ကို မိနစ်ဝက်ခြား တခါ အော်ခိုင်းခဲ့ခြင်း ဖြစ်လေတော့သတည်း။
ဖိုးရှုပ်ထံ ဖုန်းဝင်လာသောကြောင့် သိရသည့် နောက်ဆက်တွဲသတင်း ။ ။ သဘောထား ကွဲလွဲရေးပါတီ လမ်းလျှောက်မည်ကို ချိုကုပ်ဒူးကြီး တားမြစ်လိမ့်မည် မဟုတ်ကြောင်း ကြားသွားသဖြင့် လမ်းလျှောက်မည့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်သည် ဟုဆို။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Set as favorite
Bookmark
Email this
Hits: 8809
Comments (8)

written by forever, August 08, 2010
Hello shooter, I know that you really went Than Shwe read your comment but he can,t read or write in english. So please write by Burmese , I HOPE he can read by burmese langue. I hope.
written by fighting peacok, August 06, 2010
that's right
not only inside the country, but also outside .
not only inside the country, but also outside .
written by Naura, August 06, 2010
တရုတ် ကိုကိုးက ကျုပ်တို့ဆီက ဓာတ်ငွေ့တွေ ဝယ်တယ်၊ သစ်တွေ၊ ဝါးတွေ ဝယ်တယ်၊ မျောက်တွေ၊ ကြွက်တွေ၊ တီကောင်တွေ၊ ပိုးဟပ်တွေ၊ စက္ကူပန်းပင်တွေ၊ ပုဏ္ဏရိပ်ပန်းတွေ၊ မြွေတွေ၊ လင်းတတွေ၊ မိန်းမတွေ … ဝယ်လို့ ရတာ အကုန်ဝယ်တယ်။ တကယ့် ကျေးဇူးရှင်လေ။
written by shooter, August 04, 2010
Than Shwe,
How old are you?. I am sure no typical burmese will do like you and put whole country's interest behind your family's well being and survival. Wish you read this satire and shamed yourself. You need to act now for your own pepoles' good and stop thinking you are the master playing the two neibourhing super powers ( india and china). I am very sure you and your family + cronies will be in deep sH*&t in near future. Goodluck.
How old are you?. I am sure no typical burmese will do like you and put whole country's interest behind your family's well being and survival. Wish you read this satire and shamed yourself. You need to act now for your own pepoles' good and stop thinking you are the master playing the two neibourhing super powers ( india and china). I am very sure you and your family + cronies will be in deep sH*&t in near future. Goodluck.
Write comment
| < Prev | Next > |
|---|


အဲဒါတွေကြောင့် ကိုကိုတေ ကို မီးက ကြိုက်တာ။ သဘေထားကွဲရေး ပါတီက တော့ အခုလောက်ရှိ နှပ်ချေး ထွကိနေမှာ မြင် မိသေးတယ်။




