ကောက်ကွေ့တဲ့မြစ်ကို ဆွဲဆန့်နိုင်ပါ့မလား

၁၉၆၄ ခုနှစ် လောက်ကပါ။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့ အင်အား အကြီးဆုံး အမေရိကန် တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ် လွတ်မြောက်ရေးတပ်တွေက မြို့တော်ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်...။

kyi-maung-than-book-cov
စာအုပ်အမည် ။     ။ ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း
ရေးသူ ။     ။ ကြည်မောင်သန်း
ထုတ်ဝေခုနှစ် ။     ။ ၂၀၀၇ စက်တင်ဘာ၊ ပထမအကြိမ်
ထုတ်ဝေသူ။     ။ ဦးဝင်းကျော်ထွန်း (မုံရွေးစာပေ)
အုပ်ရေ ။     ။ ၅၀၀
တန်ဖိုး ။     ။ ၁၈၀၀ ကျပ်
မနက်ခင်း လက်ဖက်ရည်ဆိုင် ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့်ပြီး ကျနော်တို့က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစု မှတ်သားနေခဲ့ကြပါတယ်။ ကျရှုံးသွားတဲ့ တောင်ဗီယက်နမ်မြို့တွေ တမြို့ပြီးတမြို့ကို ကျနော်တို့ လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ် မှတ်သားလိုက်ကြပါတယ်။

ကျနော်တို့ဟာ အဲဒီတုန်းက ဗီယက်နမ် မျိုးချစ်တပ်တွေဘက်က ရပ်တည်ပြီး နေ့စဉ် လက်ဖက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့ စစ်ပွဲကြီးတပွဲကို စောင့်ကြည့်နေကြတဲ့အချိန်။

မှတ်မိပါသေးတယ်။ ကိုခါး (ငခါး-ကွမ်းခြံကုန်း မဟုတ်ပါ) က ဆံပင်ကျောထောက်နဲ့။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့။ ကိုစန်းမောင် (ယခု ပဲခူးမြို့က ရှေ့နေကြီး ဦးစန်းမောင်) က လည်ကတုံးအင်္ကျီနဲ့။ ကျနော်ကတော့ ရင်ပတ် ကြယ်သီးဖြုတ်အင်္ကျီ၊ ချက်ပြုတ်ပုဆိုးနဲ့။

အဲဒီတုန်းက ပဲခူးမြို့က ကျနော်တို့ လူငယ်တသိုက် မော်စီတုံးရဲ့ ကဗျာတပုဒ် ခေါင်းစီးကိုယူပြီး “ဆီးပွင့်” ဆိုတဲ့ ဘာသာပြန် ကဗျာစာအုပ် ထုတ်ခဲ့ကြပါတယ်။ အရှိန်အဟုန်ကြီးကြီးနဲ့ တက်လာနေတဲ့ တကမ္ဘာလုံးက အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ဒီရေ” ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်ခဲ့ကြပါတယ်။

အခု နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ် ကြာပြီးတဲ့နောက် ...။ ကြည်မောင်သန်းရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ထဲက “သူတို့” ဆိုတဲ့ ကဗျာတပုဒ်ကို ဖတ်မိတဲ့အခါ ကျနော် မှတ်မှတ်ထင်ထင် အလွမ်းမြစ်ထဲ မျောလိုက်မိတယ်။

(၁)

သူတို့
သူတို့
တပြိုင်နက် ဆံပင်ရှည်ထားကြ
ဘီးတယ်လ် သီချင်းတွေ နားထောင်ကြ
ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ
ဗီယက်နမ်စစ်ကို ဆန့်ကျင်ကြ
သူတို့
အသံသစ်တွေနဲ့  ဧည့်ဝတ်ကျေပွန်ခဲ့ကြတယ်။
သူတို့
တပြိုင်နက် လက်ဖက်ရည်ဆိုင်ထိုင် ရီဝေကြ
ပင့်ကူအိမ်ထဲက ပိုးကောင်တွေလို ဘဝ
ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့
အရှေ့ဥရောပကို အာရုံစိုက်မိကြ
သံကန့်လန့်ကာကို ဆွဲဖွင့်ကြ
သူတို့
ကမ္ဘာကြီးကို လက်နဲ့ ဆွခဲ့ကြတယ်။
သူတို့
တပြိုင်နက် ဆံပင်တွေ အရောင်ဆိုးကြ
ဟစ်ဟော့ သီချင်းတွေ နားထောင်ကြ
ကွန်ပျူတာနဲ့ ထိတွေ့ ကြ
ဂိမ်းစ်တွေ ကစားကြရင်း
အနိုင်ရတာကို အရသာတွေ့ ကြ
သူတို့
ကောက်ကွေ့ တဲ့မြစ်ကို ဆွဲဆန့်နိုင်ကြပါ့မလား...။

(၂)

လွတ်လပ်မှုရဲ့ သင်္ကေတဟာ
ကမ်းခြေတခုလို့ ဆိုရင်
ဟိုမှာ
ကမ်းခြေတခု အဓွန့်ရှည်ဖို့
မာကျောကျောရုပ်ရည်နဲ့
အကာအကွယ်တွေ ပေးနေသူတွေ...။
(ကြည်မောင်သန်းရဲ့ ကျောက်ဆောင်များ ကဗျာမှ)

ကျနော်တို့ ခေတ်တုန်းကတော့ ဗန်းမော်တင်အောင်ဆိုတာလည်း မာကျောကျော စိတ်ဓာတ်ရုပ်ရည်နဲ့ ပါပဲ။ ကျွန်း အစာငတ်ခံ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ပါပဲ။ “အနှစ်နှစ်ဆယ်” ကို ရေးသွားတဲ့ ဗိုလ်မှူး ချစ်ကောင်း ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ ပါပဲ။

ကျနော်တို့ဟာ ကျနော်တို့ခေတ်မှာ လေးစားရမယ့်သူကို တလေးတစား ရှာခဲ့ကြတယ်။ ကျောက်ဆောင်တွေကို ဘယ်သူတွေ ကာကွယ်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာ သိချင်ခဲ့ကြတယ်ဆိုပါတော့။

အဲဒီ မာကျောကျောရုပ်ရည်နဲ့ လူတွေဟာ ကျောက်ဆောင်ကို ကာကွယ်ရင်းနဲ့ ကျဆုံးသွားခဲ့ကြသလို ကျနော်တို့ကရော ကျနော်တို့ ခေတ်ကြီးအတွက် ဘာတွေများ သက်ပြင်းတွေ ချွေခဲ့ကြသလဲ။ ကျနော်တို့ ကမ္ဘာမြေကြီးအတွက် ဧည့်ဝတ်ကျေ ခဲ့ကြပါရဲ့လား။

နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့ 
သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ရေ
တို့နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
တို့ ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။
(ကြည်မောင်သန်းရဲ့ သူငယ်ချင်း အပြင်းပြေဖတ်ဖို့ ကဗျာမှ)
ဒီကဗျာပိုဒ်ကိုဖတ်တော့ ကိုယ့်အတ္တ ပုဂ္ဂလိက ဒိုင်ယာရီထဲမှာ ကမ္ဘာကြီးကို မျက်ကွယ်ပြုသွားကြတဲ့ ကဗျာဆရာ တိုက်မောင်းကို သတိရတယ်။ နိုင်ဝင်းဆွေကို သတိရတယ်။ သေချင်ယောင်ဆောင်နေတဲ့ ကဗျာဆရာမ မိဆူးပွင့်ကို သတိရတယ်။ မသေမရှင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် သတိရတယ်။

တချိန်ကတော့ ဟုတ်ပါတယ် ...။ ကြည်မောင်သန်းရဲ့ ကဗျာတပုဒ်ထဲကလို ကျနော်တို့ဟာ ဟစ်ပီယောင်ယောင် ဂျစ်ပစီယောင်ယောင်နဲ့ စနစ်တခုရဲ့သားကောင် ဖြစ်ခဲ့ကြပေမယ့် ကျနော်တို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။ ကျနော်တို့ ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား။ အချုပ်ခန်းတွေ၊ ထောင်တွေ၊ ရဲဘက်စခန်းတွေ၊ ပိုက်လုံးကြီးတွေ၊ ရထားသံလမ်းတွေ၊ ဘူတာရုံတွေ၊ ပလက်ဖောင်းတွေ၊ အရက်ဆိုင်တွေကို ဖြတ်သန်းရင်း ကျနော်တို့ စစ်အေးခေတ်ကြီးကို ထားခဲ့ကြတာပဲ မဟုတ်လား။ တပါတီစနစ်ကို ထားခဲ့ကြတာပဲ မဟုတ်လား။

တချို့က ကျေနပ်လိုက်ကြတယ်။ ကျေနပ်လိုက်တာနဲ့ တပြိုင်နက် လွတ်လပ်မှုဟာ ကျဆုံးသွားပြီဆိုတာ မသိလိုက်ကြဘူးလေ။

မီးတိုင်အောက်က မျက်လုံးတစုံဟာ အခုတော့ ညကပွဲခန်းမထဲမှာ ရောင်းအားမြှင့် မျက်လုံးတစုံအဖြစ် ဈေးကွက်စီးပွားရေး ဆန်လာတာ ကျနော်တို့ သတိပြုမိပါရဲ့လား။

ကျနော်တို့က တစက်မှ မယိုဖိတ်ရအောင် နေချင်ခဲ့ကြတာပါ။ ဒါပေမယ့် တာကျိုးတဲ့ အသံကြီးကသာ ခေတ်ကြီးတခုလုံးကို လွှမ်းသွားခဲ့တယ်။

အ ကာလ
စိန်ပန်းတွေ မြေခ
ဆိတ်ဖလူးရနံ့ မွှေးမြ
အသံမဲ့ ကြယ်တွေ ကြွေကျ
အ ကာလ။
ကလေးရယ်
မင်းကို မွေးတဲ့အခါ
ကံဆိုးမိုးမှောင်ကျ
အ ကာလ။
ကလေးရယ်
မင်းအမေ အပြင်းအထန် ချီတက်ခဲ့ရ
မင်းအဖေ အသည်းအသန် ထွန်ယက်ခဲ့ရ
အ ကာလ။
တကယ်တော့ ကလေးရယ်
သေသေချာချာ တွေးကြည့်တော့မှ
အ ကာလဆိုတာ
ညတညရဲ့ ဈာပန ဖြစ်နေရဲ့။

တခါတရံမှာ ကျနော်တို့ ထောင်ချောက်တွေထဲ ဆင်းခဲ့မိကြတာလည်း ရှိတယ်။ ဒီခေတ်ရဲ့ ထောင်ချောက်တွေက ဥပဓိရုပ် မငြိမ်ဘူးလေ။ အရောင်စုံလွန်း၊ ထွေထွေပြားပြားဖြစ်လွန်းတော့ ထောင်ချောက်တွေက ဗို့အားမြှင့်ဖို့ မလိုလောက်အောင်ကိုပဲ အနံ့ပြင်းတယ်။ ဒီလိုနဲ့ ဆယ်ယောက်ရှိရင် ဆယ်ယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက် လမ်းတွေကွဲကြရတယ်။ ကျနော် ဆုတောင်းတယ်လေ။ လမ်းဆုံတနေရာမှာတော့ ထောင်ချောက်ထဲက လူတချို့ ပြန်ဆုံနိုင်ကောင်းရဲ့လို့ပေါ့။ ပိန်းပိတ်အောင် မှောင်လွန်းတဲ့ ခေတ်ကြီးတခေတ်ရဲ့ဈာပနကို အတူတူ လိုက်ပို့လို့ ရစကောင်းရဲ့ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တအုပ် သေနတ်တလက်နဲ့  လက်တင်အမေရိကတိုက်က လူငယ်တစ်ယောက်ကို ကျနော်တို့ အားကျခဲ့ဖူးတာ ကောင်းပါတယ်။ အင်းစိန်ထောင်ထဲက လှဲပစ်လိုက်တဲ့ သမိုင်းဝင် ဆိတ်ဖလူးပင်ကို လွမ်းတတ်တာ ကောင်းပါတယ်။ ကိုဗဟိန်းက လရောင်အောက်မှာထိုင်ပြီး ခင်မကြီးဆီ စာရေးခဲ့တာ ကောင်းပါတယ်။

ကဗျာဆရာတစ်ယောက်က ကဗျာစာအုပ်တအုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၀၀ နဲ့ လောကကြီးကို ကြိုးပစ်ပြီးဖမ်းဖို့ ကြိုးစားသွားတာ ပိုပြီးကောင်းပါတယ်။

ကြည်မောင်သန်းရဲ့“ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ဖတ်ရှုခံစား ကြည့်ခဲ့တာပါ။

ဒီကဗျာစာအုပ်ထဲမှာ “ကြည်မောင်သန်း” ရဲ့ စာပေလောကအတွင်း စတင်ခြေချတဲ့ကဗျာ “ဆူးလေလမ်း၏ ရာဇဝင်ကဗျာ”၊ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ ရဲ့ ၁၉၉၄ တနှစ်အတွင်း အကြိုက်ဆုံးကဗျာ “ဖြောင့်ချက်”၊ မန္တလေး စာဖတ်သူများရဲ့ အကောင်းဆုံးကဗျာဆုရ ကဗျာ (၁၉၉၈) “လက်”၊ ၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ “တောင်အမေရိကကို သွားချင်တယ်” ကဗျာ၊ ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) အဖြစ် “အာရှတိုက်ရဲ့ တနေရာ”၊ ၂၀၀၆ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရ “ငါလည်းတနေ့ ” ကဗျာတွေကို ထည့်သွင်းဖော်ပြပါရှိတာ တွေ့ရလို့ ပိုမို စိတ်ဝင်စား၊ ခံစားခဲ့ရ။

“ကြည်မောင်သန်း” ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ကျနော်ဖတ်ခဲ့ပါတယ်။ မေးခွန်းတွေလည်း မေးမိသွားပါတယ်။

ကျနော်တို့ရဲ့ တံပိုးတန်းခေတ်မှာ ကောက်ကွေ့တဲ့မြစ်ကို ဆန့်အောင် ဆံပင်နီကြောင်ကြောင် လူငယ်တွေ တကယ်ကြိုးစားနေကြမယ် ဆိုတာကိုတော့ ယုံကြည်လျက် ...။

ရဇဝင်မြစ်ကတော့ တံတားအောက်မှာ စီးဆင်းသွားနေလျက် ...။
Comments (3)Add Comment
0
Very good
written by ko phyo, August 04, 2011
That's is a really good book review. Thanks for it.

Ko Phyo
0
Mar Nal Plaw
written by Democracy Kyi Kyi Htay, March 28, 2011
Ko Nyang Way- I remember you from Mar Nal Plaw and some books you've written. I would like to know where you're located now and any contact number or e-mail you can reply in a e-mail. I would like some books that you have written and how I can get some myself. Right now I am in the USA North Carolina so my resources are limited. If you want to contact me please call 252-342-2785. Fyi the e-mail given is my grandson.
Thank You
0
...
written by , October 18, 2010
The Darker the night, the near the dawn

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်