ဓလေ့ထုံးစံကို အစိတ်စိတ် အမြွှာမြွှာ ခွဲပစ်ခဲ့ပြီ

အနုရသ စာပေ နယ်ပယ်တွင် စာရေးသူ၏ ဘဝနှင့် စာပေကို တွဲပြီး ခံစားရမည်ဟု ယူဆသူရှိသလို ခွဲပြီးမှ ခံစားရမည်ဟု ယူဆသူလည်း ရှိသည်။ ကျနော် ကတော့ စာရေးသူ၏ ဘဝနှင့် သူ့စာပေကို ခွဲပြီး မခံစားချင်ပါ။ တွဲပြီးမှသာ ခံစားကြည့် ချင်သည်။

ဥပမာ အားဖြင့် ရုရှား ကဗျာ ဆရာမ “မာရီနာ စဗက်ထရေဗါ”၊ အမေရိကန် ကဗျာဆရာမ “ဆစ်ဗီယာ ပလပ်”တို့ ၏ ကဗျာ များကို ကျနော်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားကြသူများ ဖြစ်သည် ဟူသော သူတို့ဘဝ အထ္တုပ္ပတ္တိနှင့် တွဲပြီးမှ ပိုပြီး ခံစား နားလည်လို့ ရနိုင်ခဲ့ သည်ဟု ယူဆမိသည်။ 

သည်လိုပါပဲ။ ဂီတ ပညာရှင် ဆရာမြို့မငြိမ်း ကိုလည်း ကားတစင်းအောက် ပြေးဝင် လိုက်သည့် သူ့ဘဝ နိဂုံးနှင့် တွဲပြီးသူ့ သီချင်းများကို ကျနော် ပိုပြီး လေးနက်ခဲ့မိ၏။

ယခုလည်း ရုရှားကဗျာ ဆရာကျော် “မာယာ ကော့ဗ်စကီး”ကို သူ့ဘဝ နိဂုံးပိုင်းနှင့် တွဲကာ သူ့ကဗျာ များကို ကျနော်ပိုပြီး ခံစား လက်ခံလို့ ရနိုင်ခဲ့သည်ဟု ယူဆမိသည်။ သူ့ကိုယ်သူ အဆုံး မစီရင်ခင် သေတမ်း စာထဲ၌ ဤသို့ ရေးသွားခဲ့၏။

“အဖြစ် အပျက်က အဆုံး သတ်သွားပါပြီ
အချစ်လှေ ...
ဓလေ့ ထုံးစံကို အစိတ်စိတ် အမြွှာမြွှာ ခွဲပစ်ခဲ့ပြီ” ဟု
သူ့ရင်ခုန်သံကို ကမ္ဘာကြီး တခုလုံး ကြားအောင် ပြောသွားခဲ့ ရေးခဲ့၏။

ထို သေတမ်းစာ အတိုအထွာလေးသည်ပင် သူ့ကဗျာများကို နောက်ထပ် အကြိမ်ကြိမ်အခါခါ သို့မဟုတ် ကျနော့် ဘဝ နောက်ဆုံးအချိန်များအထိ တခုတ်တရဖတ်ရန် သေချာသွားစေသော နတ်တမာန်များ၏ တွန်းအားအဖြစ် ကျနော် ယုံကြည်လိုက်မိသည်။

ထို့ကြောင့် သူ့ဘဝတစိတ်တပိုင်းပင်ဖြစ်ပါစေ သူကိုယ်တိုင်ရေးခဲ့သည့် သူ့ မှတ်တမ်းစာအုပ် ကလေး“ကျွန်ုပ်နှင့် ကျွန်ုပ် အကြောင်း”ကို ကျနော် စိတ်ပါလက်ပါ ဖတ်ခဲ့သည်။ စာအုပ် တအုပ်လုံး ဆုံးတော့ သူ မသေမီရေးခဲ့သည့် သူ့ သေတမ်းစာက ကျနော့်အယူအဆကို အမှန်တကယ်ပင် ပိုပြီးခိုင်မာစေလိုက်၏။

* * * * * * *

မာယာကော့ဗ်စကီး က သူ့ မွေးနေ့ နှင့်ပတ်သက်ပြီး ၁၈၉၄ ဇူလိုင်လ ၇ ရက်ဟုရေးခဲ့၏။ တဆက်တည်းဆိုသလို သူ့
မွေးနေ့မှာ သူ့မိခင်ပြောပြသောနေ့နှင့် သူ့ဖခင်၏ မှတ်တမ်းစာအုပ်ပါနေ့စွဲ တထပ်တည်းမကျသည်ကိုလည်း ထည့်ပြီး ရေး၏။

ထိုအခါ ကျနော့်မွေးနေ့နှင့်ပတ်သက်သည့် အခက်အခဲတခုကိုလည်း ကျနော်သွားတွေးမိသည်။ ကျနော့် မွေးနေ့ အင်္ဂလိပ် နေ့စွဲမှာ ၄-၄-၄၇ ၊ ကြာသပတေးနေ့ဖြစ်၏။ ဤနေ့စွဲဖြင့်ပင် ကျနော်ကျောင်းတက်ခဲ့သည်။ အလုပ်လျောက် ခဲ့သည်။ သို့သော် မြန်မာ နှစ်တစ်ရာ ပြက္ခဒိန်တွင်မူ ယင်းမွေးနေ့နှင့် ကြာသပတေးနေ့ ဆိုသည်မှာ တထပ်တည်း မကျ။ ကျနော်က မွေးနေ့ နေ့စွဲကို အတည်ယူလျင် ကြာသပတေးနေ့ ဆိုသည်ကို စွန့်လွှတ်ရမည်။ ကြာသပတေးနေ့ ကို အတည်ယူလျင် ၄-၄-၄၇ မွေးနေ့ကို စွန့်ရမည်။ ယခု မာယာကော့ဗ်စကီး၏ မှတ်တမ်းလာ မွေးနေ့ နေ့စွဲကို ဖတ်ရတော့ မဆီမဆိုင် ကိုယ့်မွေးနေ့ အခက်အခဲကိုတွေးကာ ပြုံးလိုက်မိသေးသည်။

မာယာကော့ဗ်စကီးက သူ့ မှတ်တမ်းတွင် “ရိုမန်းတစ်ဝါဒ ဇစ်မြစ်များ”ဟု ခေါင်းစဉ်တပ်ကာ သူ့ ငယ်စဉ်ဘဝကို စပြီး ရေး၏။ တကယ်လည်း သူ့မှတ်တမ်းအစ ရေးပုံသားပုံက ရိုမန်းတစ်ဆန်လွန်း၏။

ဥပမာ သူ မွေးဖွားရာဒေသ သူ့ အိမ်ပတ်ဝန်းကျင်ကို သူက “ဘက်ခ်ျဒါဒီ အနီးတွင် ဂျော်ဂျီယာခံတပ်ရှိသည်။ ခံတပ် ကား လေးဘက် လေးတန်တွင် မြို့ရိုးများဖြင့် ခုခံကာကွယ်ရန် ဆောက်လုပ်ထားသည်။ ထောင့်တိုင်းထောင့်တိုင်းတွင် အမြောက်များ တင်ထားသည်။ မြို့ရိုးတိုင်းတွင်လည်း ပြအိုးများရှိသည်။ ပြအိုးများ၏ ဟိုမှာဘက်တွင် ကျုံး၊ ကျုံး၏ ဟိုမှာဘက်တွင် တောများနှင့် ခွေးအများ။ တောတန်း များ၏ ဟိုမှာဘက်တွင် တောင်ကတုံးများ။ ကျွန်ုပ်ကြီးပြင်း လာ သောအခါ ခံတပ်ထဲက အမြင့်ဆုံးနေရာများဆီ တက်ရောက်ခဲ့သည်။ ခံတပ်၏မြောက်ဘက်တွင် တောင်ကတုံးများ နိမ့်ဆင်းသွားသည်။ မြောက်ဘက်တွင်မူ တောင်ကတုံးများကြားဝယ် ကွက်လပ်များ ဖြစ်လျက်ရှိနေသည်”ဟု အင်မတန် လှပသေသပ်စွာ လွမ်းပြခဲ့၏။

(မှတ်ချက်။   ။မာယာကော့ဗ်စကီးက သူ့ မှတ်တမ်းအစကို ရိုမန်းတစ်ဝါဒ ဇစ်မြစ်များ ဟု ခေါင်းစဉ်တပ်ပြီးရေးသော် လည်း သူ့ ကို မည်သူကမျှ ရိုမန်းတစ်ဝါဒီဟု မမြင်ကြပါ။ သူ့ကို အနာဂါတ်ဝါဒီ တဦးအဖြစ်သာ မြင်ကြ၏။)

မာယာကော့ဗ်စကီးက သူ့ငယ်ဘဝ ပထမဆုံးဖတ်ရသည့်စာအုပ်များထဲတွင် “ဆာ အာသာကိုနင်ဒွိုင်း”၏ “ဒွန်ကွီစုတ်” စာအုပ်ကိုဖတ်ကာ သူ့ကိုယ်သူ ချပ်ဝတ်တန်ဆာဝတ် သူရဲကောင်းတဦးလို ဝတ်စားကစားခဲ့သည်ကို ရေး၏။ နောင် သူ့ အသက်(၂၀) ဝန်းကျင်တွင်ရေးသည့် အနာဂါတ်ဝါဒ ကြေညာစာတမ်းဟုပင် တင်စားပြောဆိုခံရသည့် နာမည် ကျော် “ဘောင်းဘီဝတ်မိုးတိမ်” ကဗျာရှည်ထဲ၌ သူသည် လူ့အဖွဲ့ အစည်းဟောင်းကို အပြင်းအထန်လှောင်ပြောင် သည့် ကဗျာပိုဒ်များ ထည့်ရေးခဲ့၏။

အမှန်စင်စစ် လူ့ အဖွဲ့ အစည်းတခု၏ ကမောက်ကမဖြစ်မှုများကို လှောင်ပြောင်ထားသည့် ယင်း “ဒွန်ကွီစုတ်” စာအုပ် မှာ ငယ်စဉ်ကတည်းက သူ့အပေါ်လွှမ်းမိုးခဲ့သည်လောဟု ကျနော်တွေးမိသည်။

မာယာကော့ဗ်စကီးကိုယ်တိုင်ကလည်း သူ့စရိုက်သူ့ခံစားချက်ကို သူ့မှတ်တမ်းထဲ၌ အခုလိုရေးခဲ့၏။ “တခါမက စိတ် ကူးပေါက်ခဲ့သည်မှာ အဟောင်းတိုင်းကို အူလှိုက်သည်းလှိုက် မုန်းပစ်မည်။ အရာရာတိုင်းသည်လည်းကောင်း၊ ဆလိုဗိုနစ် တိုင်းသည်လည်းကောင်း၊ ဘုရားရှိခိုးကျောင်းများနှင့် ပါဝင်ပတ်သက်နေသည် မဟုတ်လား။ ဒါ ကျွန်ုပ်၏ အနာဂတ်ဝါဒ၊ ကျွန်ုပ်၏ ဘုရားမဲ့ဝါဒ။ နောက် ကျွန်ုပ်၏ နိုငံတကာဝါဒများ မြစ်ဖျားခံရာ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု အတိအကျပင် မာယာကော့ဗ်စကီးရေးခဲ့၏။

မာယာကော့ဗ်စကီး၏ အမစ်ဖြစ်သူ အိမ်ကိုခဏပြန်လာစဉ် တော်လှန်ရေးနှင့် ပတ်သက်သောအကြောင်းအရာများကို ကဗျာဖြင့် ရေးထားသည့် စာရွက်စာတမ်းများ သူ့အတွက်ယူလာခဲ့၏။ မာယာကော့ဗ်စကီး စွဲလမ်းသွားခဲ့ရသည့် စာရွက် စာတမ်းများဖြစ်၏။

သူက ထိုအဖြစ်အပျက်ကို “ဘာ့ကြောင့်မှန်းမသိ ကဗျာလင်္ကာနှင့် တော်လှန်ရေးသည် အတူတူ ဆက်စပ်နေကြောင်း ကျွန်ုပ်စိတ်ထဲ ရောက်လာလေသည်” ဟု တခုတ်တရ ထည့်ရေးခဲ့၏။

ဖခင်သေဆုံးပြီးသောအခါ မာယာကော့ဗ်စကီး၏ မှတ်တမ်းအရပြောရပါက သူ့ မိသားစုမှာ ဆင်းရဲနွမ်းပါးလွန်းခဲ့သည် ဟုဆိုရပါမည်။ စားပွဲကုလားထိုင်များကိုပင် ရောင်းချစားသောက်ခဲ့ရ၏။ မော်စကိုသို့ ပြောင်းရွှေ့ ခဲ့ရ၏။ သူသည် မူလ တန်းအဆင့်ကို အမှတ်အနည်းဆုံးနှင့်အောင်ခဲ့သည်။

သို့သော် ဟေဂယ်လ်၊ သဘာဝသိပ္ပံ၊ ဒဿနိကနှင့် မာ့က်စ် ဝါဒစာအုပ်များကို စတင်ဖတ်ခွင့်ရသည်။ တရားမဝင်သော စာအုပ်များကို စာသင်ခန်းထဲမှာပင် လျှို့ဝှက်စွာ သူဖတ်ခဲ့ရသည်။ အထူးသဖြင့် လီနင်၏ “နည်းပရိယာယ်နှစ်သွယ်” စာအုပ်ကိုဖတ်ရသည့်အကြောင်း သူ့ မှတ်တမ်းထဲ၌ထည့်ရေးခဲ့၏။

သူသည် မုန့်ဖုတ်သမားများ၊ ဖိနပ်ချုပ်သမားများ၊ ပုံနှိပ်တိုက်အလုပ်သမားများကြားတွင် ကျင်လည်ခဲ့ရသည်။ ဘဝ မျိုးစုံဖြတ်သန်းခဲ့ရသည်။ ဗော်ရှီဗစ်တဦး(ရုရှား ဆိုရှယ်ဒီမိုကရက်တစ်ပါတီဝင်)ဖြစ်လာခဲ့သည်။ နေရာအနှံ့ ခရီးဆန့် ခဲ့သည်။ သို့သော် ဇာဘုရင်၏ နယ်မြေခံ အာဏာပိုင်များက သူ့ကို အမြဲစေါင့်ကြည့်ခဲ့နေခဲ့၏။ သူ့ ကဗျာများကို ထိုစဉ်က တကြောင်းတပါဒမျှ ထည့်သွင်းဖေါ်ပြခြင်းမပြုရဲကြ။ စာပေရေးရာကိစ္စတွင် သူသည် ဂန္ထဝင်လက်ရာများကို ထိုးနှက် ဝေဖန်ခဲ့၏။ ထို့နောက် သူ အဖမ်းခံရသည်။ သုံးနှစ်သုံးမိုး နယ်နှင်ဒဏ် ခံရသည်။ ထို့နောက် ဆိုရှယ်လစ်စာပေကို စိတ် ဝင်စားသည်။ ဆိုရှယ်လစ်စာပေသမားဖြစ်လာခဲ့သည်။ ကဗျာဆရာတယောက်အဖြစ် လူလားမြောက်လာခဲ့သည်။

သူ၏ နာမည်ကျော်ကြားလှသော “ဘောင်းဘီဝတ်မိုးတိမ်” ကဗျာရှည်ကို ထုတ်ဝေသောအခါ အာဏာပိုင်များက ဖြတ်တောက် မင်တားပြီးမှ ထုတ်ဝေခွင့်ပြုခဲ့သည်။ ကဗျာရွတ်ပွဲများဆက်တိုက်လုပ်သည်။ ပြဇာတ်များရေးသည်။ နောက်တော့ သတင်းစာဆရာ ဖြစ်လာပြန်သည်။ သူ့ ကဗျာတွေထဲ၌ ဗျူရိုကရက် ဆန့်ကျင်ရေးများ ထုနှင့်ထည်နှင့် တွေ့ လာရ၏။ လူ့အဖွဲ့ အစည်းဟောင်း၏ အနာအဆာများကို သူက ကဗျာထဲ၌ မညှာမတာ ကန့်ကွက် ရှုတ်ချခဲ့၏။

ကွန်မြူနစ်အုပ်ချုပ်ရေး ယန္တရားကြီးအောက်တွင် သူသည် ကြောင်တအုပ်နှင့်ကြွက်တကောင်လိုဖြစ်ခဲ့ရသည်ဟု ကျနော်ယူဆမိသည်။ သူ၏ “ကြွေးကြော်သံ” ကဗျာထဲ၌...

“ဗျူရိုကရက် တအုပ်တမကြီးကို
သန့်စင်ပစ်ဖို့ မလွယ်ပ
ရေချိုးပေးလို့ လည်း မလုံလောက်
ဆပ်ပြာတိုက်ပေးလို့ လည်း မလုံလောက်
နောက်..အဲဒီ ဗျူရိုကရက်တွေပေါ့
သက်သက်သာသာ အဝေဖန်ခံရ
အထောက်အပံ့တွေတောင် ပေးခံနေရရဲ့”ဟု ထည့်သွင်းရေးဖွဲ့ ခဲ့လေသည်။

* * * * * * *

ရုရှား အနာဂတ်ဝါဒီ ကဗျာဆရာကျော် “ဗလာဒီမာ မာယာကော့ဗ်စကီး”သည် ၁၉၃၄ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

သူက “ကျွန်ုပ်နှင့် ကျွန်ုပ်အကြောင်း” အမည်ဖြင့် သူ၏ ကိုယ်ရေးအထ္တုပ္ပတ္တိအကျဉ်းကို သူကိုယ်တိုင် ရေးခဲ့၏။ သူ့ကို ဆိုဗီယက်ကမ္ဘာ တခုလုံးက တော်လှန်သော သံမဏိ ကဗျာဆရာအဖြစ်လေးစားကြ၏။ သို့သော် သူနှင့်အယူအဆ မတူ ကြသူတချို့၏ သူ့ အပေါ်ပြောဆို ထားရှိခဲ့သည့်စကားများကလည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။

ဥပမာ ဆိုဗီယက်သံကွန်ခြာကြီးထဲပိတ်မိကာ လင်သေသားဆုံးဘဝနှင့်နေခဲ့ရသော ကျော်ကြားလှသည့် ရုရှား ကဗျာဆရာမ “အက်ခ်မာတော်ဗါ”က သူ့ကို “အချစ်ဆုံး ရန်သူ” ဟူသောစကားလုံးဖြင့် သူ့ အပေါ်နွေးထွေးခဲ့၏။

တခါ ဒေါက်တာဇီးဗားဂိုး ဝတ္ထုကြီးဖြင့် စာပေနိုဗဲလ် ဆုရခဲ့သူ ရုရှား ကဗျာဆရာ“ပက်စတာနတ်” ကလည်း သူ့ကို “အလကား ခွန်အားတွေ ဖြုန်းတီးနေတဲ့သူ” ဆိုပြီး သူ့အပေါ်၊ သူ့ကြိုးပမ်းချက်ကြီးမားမှုများအပေါ် ချစ်ခင်စွာ အပြစ်တင်ခဲ့ဖူး၏။

ယခု မာယာကော့ဗ်စကီး၏ ကိုယ်တိုင်ရေးစာအုပ်ကို ဆရာ‘လေးကိုတင်‛ က မြန်မာဘာသာပြန်ပြီး မြန်မာစာဖတ် ပရိသတ် ကို ကျေးဇူးပြုထား၏။

ကျနော်တို့သည် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ အထ္တုပ္ပတ္တိစာအုပ်များကိုဖတ်ကာ မိမိ၏ အယူအဆ ဘဏ္ဍာတိုက်အတွင်း ရွှေရောင် ဝင်းလက်သည့် နောက်ထပ် အယူအဆကောင်းများ ထပ်မံသိုမှီးနိုင်ကောင်း၏ဟု ယုံကြည်မိလေသည်။     ။
Comments (3)Add Comment
0
how to read the book
written by aungtun, July 06, 2010
Can somebody please tell me how to read those books!! I would like to know that we can read them or are they just that's all we can read that they have written.

Thank you!
0
ဓလေ့ထုံးစံကို အစိတ်စိတ် အမြွှာမြွှာ ခွဲပစ်ခဲ့ပြီ
written by Nyunt Shwe, April 28, 2010
ကိုငြိမ်းဝေခင်ဗျား၊
ကိုငြိမ်းဝေရဲ့ ကဗျာ ခံစားမှုတွေကို လွန်ခဲ့တဲ့ လေး ငါးနှစ်လောက် အထိ အာအက်ဖ်အေက တဆင့် နှစ်နှစ် ကာကာ နားထောင်ခဲ့ ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး ရေဒီယိုလဲ နား မထောင်သလောက် ဖြတ်ထားခဲ့ပါတယ်။ အခုတစ်ခါ ဧရာဝတီ စာမျက်နှာမှာ တွေ့လို့ ဖတ်ကြည့် လိုက်တော့ ဘ၀င်မကျတာတွေ တွေ့မိတယ်။ ဒါကလဲ ကိုငြိမ်းဝေနဲ့တော့ တိုက်ရိုက် မပါတ်သက်ဘူး ထင်ပါတယ်။ တာဝန်ရှိသူက စာအုပ်ကို ဘာသာပြန်တဲ့ လေးကိုတင်ပဲ ဖြစ်ပါတယ်။ ပထမတော့ မူရင်းရေးသူ မာယာ ကော့ဗ်စကီးက ဒီလိုရေးခဲ့လို့ သူ ဒီလို ဘာသာပြန်တာ လို့ ထင်ခဲ့တယ်။ အောက်မှာ ပါလာတဲ့ တစ်ခု တည်းသော ထင်မြင်ချက်၊ သို့မဟုတ် ဝေဖန်ချက် ကလေးကို ဖတ်ကြည့်တော့မှ ဘာသာပြ န်သူရဲ့ ချွတ်ယွင်းမှု သို့မဟုတ် မပြည့်ဝမှု သို့မဟုတ် ဘာသာစကား မကျွမ်းကျင် မှု ပါလားဆိုတာ သွားတွေ့ေ တာ့တယ်။ မှတ်ချက်ရေးသူက မူရင်း အပိုဒ်ကလေးကို ထည့်ပေး လိုက်တဲ့ ကျေးဇူးကြောင့် သိလိုက်ရတာပါ။ မူရင်းက
'the love boat smashed up
on the dreary routine.'
မြန်မာပြန်က၊
'ဓလေ့ထုံးစံကို အစိတ်စိတ် အမြွှာမြွှာ ခွဲပစ်ခဲ့ပြီ' တဲ့။ 'dreary' က လုံးဝ ပါမလာ တော့ဘူး။ ပြီးတော့ ၀ိုင်း မှတ်ချက်ပေးသလို 'on' ဆိုတဲ့ 'preposition' ရဲ့ ရှေ့ကလာတဲ့ 'the love boat smashed up' ကို နောက်မှာထားပြီး ဘာသာပြန်လိုက်တဲ့ အမှားကို မူရင်းကို တစ်ခေါက် ဖတ်တာနဲ့ တွေ့နိုင်ပါတယ်။ အောက်က သည့်ထက် ရှည်တဲ့ အပိုဒ်က ဘယ်လောက်ထိ မှန်မှန် ကန်ကန် ဘာသာပြန်ထားတယ် ဆိုတာလဲ သံသယ ဖြစ်စရာ ရှိလာပါတယ်။
ကျနော်လဲ ကဗျာ အမြောက် အများကို ဘာသာ ပြန်ပါတယ်။ သို့သော် စာအုပ် အနေနဲ့တော့ မထွက်လာ နိုင်သေးပါဘူး။ ၀ိုင်းပြောတဲ့ အင်္ဂလိပ်မူရင်းနဲ့ တွဲဖတ်ချင်တယ် ဆိုတာကို ကျနော်ကြိုက်တယ်၊ ဘာသာပြန် ချွတ်ယွင်းမှု၊ ချို့တဲ့မှု ရှိမရှိ ဖတ်သူ အနေနဲ့ အင်္ဂလိပ်လို ကျွမ်းကျင်ရင် တမဟုတ် စစ်ဆေး ခွင့် ရတယ်။ ကျနော် ဘာသာပြန် ထားတဲ့ ကဗျာ အပုဒ်ပေါင်း ၅၀၀ ကျော်လောက်ကို မူရင်းနဲ့ တစ်ခါတည်း တွဲထားတယ်။ တစ်နေ့တော့ ၊ (မဝေးတဲ့အနာဂါတ်မှာ) ကဗျာချစ်သူတွေ ရှေ့မှောက်ကို ခံစားဖို့ တင်ဆက် ပေးနိုင်မယ်လို့ ထင်ပါတယ်။
ဘာသာပြန်သူရဲ့ အမှားကို ထောက်ပြတဲ့ ၀ိုင်းကိုလဲ ကျေးဇူ တင်ပါတယ်။ ကဗျာဟာ ဘာသာပြန်ရာမှာ အခက်အ ခဲဆုံး၊ မဖြစ်နိုင်တာကို အတတ်နိုင်ဆုံး ဖြစ်အောင် လုပ်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ အမှား ကင်းတဲ့ ဘာသာပြန် ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် လေးကိုတင်ကိုလဲ အထူး အပစ်မတင်ပါဘူး။ သို့ပေမဲ့ အထပ်ထပ် စစ်ဆေးဖို့နဲ့ စိတ်ချရတဲ့ တည်းဖြတ်သူကို အပ်ဖို့၊ အချင်းချင်းထဲက အင်္ဂလိပ်စာ ကျွမ်းကျင်သူကို ပုံမနှိပ်ခင် ဖတ်ခိုင်း၊ ဝေဖန်ခိုင်းဖို့ (နိုင်ငံခြားမှာတော့ ပီးယား ရဗျူး) အကြံေ ပးလိုပါတယ်။ မည်သို့ပင်ဖြစ်စေ၊ စာအုပ် ဘာသာပြန်သူ လေးကိုတင်နှင့် ကဗျာကို ချစ်ရုံသာမက ခံစားမှုကိုပါ မျှဝေလေ့ရှိတဲ့ ကိုငြိမ်းဝေကိုလဲ ကျေးဇူး တင်ကြောင်းပါ ခင်ဗျား။
ကဗျာဖတ်သူ
ညွန့်ရွှေ
တိုးတက် အောင်မြင်ကြပါစေ၊
0
Interpretation problem
written by Wine, March 08, 2010
I have a problem with the interpretation of 'smashed up'. The one destroyed should be 'the love boat', not the routine. Please notice 'on' before 'the dreary routine'. It goes well with the background situations as well.

I noticed it once I read that paragraph. So I searched for the English interpretation.
And so they say,
"the incident dissolved"
the love boat smashed up
on the dreary routine.

it was taken from ...
There some efforts of the English interpreter can be found.
I always appreciate writers who interpret poems. It needs a great effort and is not an easy task.
But I found many cases that it is a lot easier for me to read Burmese interpretation together with English version. Mainly because of interpretation problems.

Thanks a lot for the article. I really appreciate it.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်