ကျမတို့ လူငယ်စာနယ်ဇင်းသမား ၄၊ ၅ ယောက်ခန့်နှင့် ကိုမင်းကိုနိုင်တို့ တာမွေက မော်ဒန် လက်ဘက်ရည်ဆိုင်လေးတွင် ဆုံတွေ့ခဲ့သည်။ ထိုစဉ်က ရသစာပေအကြောင်း၊ စာအုပ်များအကြောင်းချည်း တခုတ်တရ ပြောကာ စာအုပ်ထုတ်ဝေရေး လုပ်ချင်သည့် အကြောင်း သူပြောသည်။ နောက်တော့ ကျမတို့ကို သူ အားပေးသည်။ သူကိုယ်တိုင်လည်း ကျမတို့လို စာပေလောက ထဲတွင် ပျော်မွေ့ချင်သည်ဟု ဆိုသည်။ထိုစဉ်က စစ်အစိုးရက သူ့ကိုလွှတ်ပေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းများ လုပ်ချင်လျှင် လုပ်ခွင့်ပြုကြောင်း ပြောခဲ့သည်ဟုဆိုသည်။ ကိုမင်းကိုနိုင်က စာအုပ်ထုတ်ဝေရေး၊ မဂ္ဂဇင်း၊ ဂျာနယ် ထုတ်ဝေရေး လုပ်ငန်းလုပ်ချင်သည်။ စစ်အစိုးရက ကိုမင်းကိုနိုင်ကို စာအုပ်ထုတ်ဝေရေး လုပ်ဖို့ ခွင့်မပြုရဲ၊ ခွင့်ပြုရမည်ဆိုလျှင်လည်း သူတို့ဘက်က တောင်းဆိုချက်များ လိုက်လျောရမည်။ တဘက်က ခွင့်ပြုလျှင် တဘက်က နှောင်ကြိုးများ ချည်နှောင်ထားမည်ဖြစ်သည်။ ထိုအခြေအနေကိုကျတော့ ကိုမင်းကိုနိုင်က လက်မခံနိုင်။
“နိုင်ငံရေးသမား ဆိုပေမယ့်လည်း တချိန်လုံး နိုင်ငံရေးအကြောင်းတွေချည်း ဘယ်စဉ်းစားနိုင်ပါ့မလဲဗျာ၊ တခါတလေတော့လည်း ကိုယ် ဝါသနာပါတဲ့ ရသစာပေလေး၊ ကဗျာလေး လုပ်ချင်သေးတာပေါ့၊ အဲဒါကို သူတို့က နားမလည်ဘူး။ ကျနော် စာအုပ်ထုတ်ဝေရေး လုပ်မယ့် ကိစ္စကို သူတို့က လန့်တယ်” ဟု သူက ပြောပြခဲ့သည်။
မြန်မာပြည် စာနယ်ဇင်းလောကက အပေးအယူများနှင့် အသားကျနေပြီ ဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် မရှိသလောက် နည်းပါးနေသည့် အနေအထားတွင် ကိုမင်းကိုနိုင်လို လူမျိုးကို စစ်အစိုးရက စာအုပ်လုပ်ငန်း လုပ်ခွင့်ပေးရန် တွန့်ဆုတ်သည်မှာလည်း မဆန်းလှ။
ကျမတို့ ဆုံတွေ့ကြပြီး ဘယ်လောက်မှပင်မကြာ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီ ဈေး မြင့်တက်မှုအတွက် လမ်းလျှောက်ပွဲများတွင် ဦးဆောင်မှုဖြင့် ကိုမင်းကိုနိုင်ကို စစ်အစိုးရက ပြန်လည် ဖမ်းဆီးခဲ့သည်။ နောက်တော့ နှစ်ရှည် ထောင်ဒဏ်အဖြစ် ၆၅ နှစ် ထောင်ဒဏ် အမိန့် ချမှတ်ခံရသည်။
သူပျော်မွေ့ချင်သော စာပေလောကတွင် ပျော်မွေ့ခွင့်မရသော်လည်း ကိုမင်းကိုနိုင်က စာရေးဆရာတဦးပင် ဖြစ်သည်။ သူ့ကို စစ်အစိုးရက ချုပ်နှောင်နိုင်ခဲ့သော်လည်း သူရေးခဲ့သည့် “နောက်ကြည့်မှန်” ဆိုသည့် ဝတ္ထုစာအုပ်ကလေးကတော့ လှပသေသပ်စွာ ထွက်ပေါ်လာခဲ့ပေပြီ။ သူ၏ ၄၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သူရေးသော ဝတ္ထုစာအုပ်ကလေးကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPPB) က ထုတ်ဝေလိုက်သည်။
စာအုပ်ခေါင်းစဉ် “နောက်ကြည့်မှန်” ဆိုတော့ ရုတ်တရက် အချစ်ဝတ္ထုဟု မထင်မိ၊ စာအုပ်အပြင်အဆင်ကလည်း အချစ်ဝတ္ထုနှင့် မတူလှ၊ ကိုမင်းကိုနိုင် ရေးသည့် စာအုပ်ဖြစ်သောကြောင့် နိုင်ငံရေးအကြောင်းအရာ၊ လှုပ်ရှားမှုများသာ ဖြစ်မည် ထင်မိသည်။ ဖတ်ကြည့်တော့မှ နောက်ကြည့်မှန်က သိပ်ကို လှပသည့် အချစ်ဝတ္ထုတပုဒ်ဖြစ်နေသည်။
နောက်ကြည့်မှန်ကို ကြည့်မှသာ ဘယ်သူကပ်ပါလာသလဲ ဆိုသည်ကို သိရမည်။ စီစဉ်သူ စကားအတိုင်းဆိုလျှင် “လိုရာခရီးကို မောင်းနှင်ရာတွင် ရှေ့ကိုသွားရန် နောက်ကို ကြည့်ကြရသည်သာ” ဟု ဆိုရပေလိမ့်မည်။ နောက်မှာ ဘယ်သူကပ်ပါလာသလဲ … ဆိုတာသိဖို့ နောက်ကြည့်မှန်ကို ကြည့်ရန် ကိုမင်းကိုနိုင်က သတိပေးချင်ပုံ ရသည်။
“ကိုမင်းကိုနိုင်လို နိုင်ငံရေးသမားကြီး တယောက်က ဒီလို အချစ်ဝတ္ထုမျိုး ရေးနိုင်တယ်ဆိုတာ မယုံနိုင်အောင်ဘဲ” ဟု ကိုမင်းကိုနိုင်၏ “နောက်ကြည့်မှန်” ကို လက်က မချတမ်းဖတ်ခဲ့သည် ဆိုသော လူငယ်တဦးကဆိုသည်။
ကိုမင်းကိုနိုင်ကို နိုင်ငံရေးသမား တဦးဟု ဆိုသော်လည်း “သူသည် နိုင်ငံရေးသတ္တဝါမျှသာ မဟုတ်၊ စကားလုံးများ အတွေးစိတ်ကူးများဖြင့် စိတ်ကူး ပုံဖော်ခဲ့သော်လည်း သူသည် အိပ်မက်နှင့်တောကစားနေသော အနုပညာသည်မျှသာ မဟုတ်” ဆိုသည့် စီစဉ်သူ၏ စကားပါ စကားလုံး များနှင့်ပင် ကိုမင်းကိုနိုင်၏ သရုပ်ကို ပီပီပြင်ပြင် ဖော်ပြနိုင်ခဲ့ပြီ၊ အဆိုပါ လူငယ်၏ “မယုံနိုင်အောင်ဘဲ” ဆိုသည့် အံ့သြစိတ်ကိုပါ ရှင်းလင်းပြီးဖြစ်မည်ဟု ထင်သည်။
ကိုမင်းကိုနိုင်က သူဖြတ်သမ်းလာသည့် ခေတ်၊ စနစ်နှင့် ပတ်သက်သမျှ သူ့ဦးနှောက်တွင် ထင်ဟပ်နေသည့် ဖြတ်ပိုင်းပုံရိပ်များနှင့် သူ့နှလုံးသားမှ ပေါက်ဖွားလာသော အနုပညာ၊ မှော်အတတ်တို့ကို အချိုးကျကျ ပိုင်ပိုင်နိုင်နိုင် ရောစပ် ပြသလိုက်သောအခါ “နောက်ကြည့်မှန်” ဟူသည့် ခေတ်တခုကို ကိုယ်စားပြုသော ဝတ္ထုရှည်တပုဒ် လှလှပပ ထွက်ပေါ်လာတော့သည်။ ၈၈ အရေးတော်ပုံ နောက်ခံ အချစ်ဇာတ်လမ်း တပုဒ် ဟု အပေါ်ယံ မှတ်ချက်ချမည် ဆိုလျှင်တော့ သူ့အားထုတ်မှုကို သေးနုတ်စေမည်ဟု ထင်ပါသည်။
တကယ်တော့ သူ့ဇာတ်ကောင်များဖြစ်သည့် ဖေသောင်း၊ ညိုနှင့် အုန်းသိန်း တို့ကို ရိုးရိုးလေးကြည့်မည်ဆိုလျှင် မင်းသား၊ မင်းသမီးနှင့် လူကြမ်း ဟူသည့် သာမန်ဝတ္ထုတပုဒ်တွင် တွေ့ရလေ့ရှိသော ဇာတ်ကောင်များသာ။ သူ့ဝတ္ထုကို အကြမ်းဖျင်း ပြောမည် ဆိုပါလျှင်လည်း မင်းသားနှင့် မင်းသမီးဆုံသည်၊ သံယောဇဉ်တွယ်သည်၊ လူကြမ်းက မင်းသမီးကို ကြိုက်သည် ထို့ကြောင့် မင်းသားကို အနှောင့်အယှက် ပေးသည်။ မင်းသား ပျက်စီးရာ ပျက်စီးကြောင်းတို့ကို လူကြမ်းက လုပ်သည်။ ထိုမျှသာ။
သို့သော် ထိုမျှသာသော ဇာတ်လမ်းကလေးကိုပဲ ချစ်စရာ၊ ပြုံးချင်စရာ၊ ရယ်မောချင်စရာ၊ တထိတ်ထိတ် ဖြစ်ချင်စရာ၊ ရင်ခုန်စရာ၊ ရွံမုန်းချင်စရာ၊ တွေးတောချင်စရာ ရသပေါင်းစုံအောင် ကိုမင်းကိုနိုင်က ဖန်တီးပြခဲ့သည်။ ဖန်တီးပြခဲ့သည်ဟု ဆိုပြန်တော့ ကိုမင်းကိုနိုင်က စာရေးခြင်းအတတ်ပညာ ပေါင်းစုံနှင့် စာဖတ်သူကို သမားဂုဏ်ပြကာ လှည့်စားဖန်တီးသည်ဟု မဆိုလိုပါ။ သူ့ဝါကျများက တို၍ ရိုးရှင်းသည်၊ သို့သော် လှပသည်၊ နောက်တော့ ရိုးသားသည်။
မစင်ထဲမှာ လောက်ဟာပျော်တယ်။ ရွှေပန်းကန်ပေါ် ရေဆေးပြီးတင်ပေးရင် သူသေမှာ … ဆိုသည့် အရေးအသားမျိုးဖြစ်သည်။
“မှန်ပါ့ဘုရား … တပည့်တော်က လောကီမှာရှုပ်နေတော့ လောမကုတ်နိုင်သေးပါ”
“အေး … ကီမှာရှုပ်ရင်း မနေနိုင်အောင် ယားယံလာရင်တော့ ကုတ်ပေါ့”
သူ့ဇာတ်လိုက်ကျော်ကြီး ကိုဖေသောင်း၏ “ကျွဲမြီးတို” ပုံပြင်ကလည်း စိတ်ဝင်စားစရာကောင်း၊ ပြုံးချင်စရာလည်း ကောင်းလှသည်။ တောမြို့လေးတမြို့က ဘူတာငယ်လေးဘေး၊ ကုက္ကိုပင်တပင်အောက်က လက်ဖြစ် ရေအိုးစဉ်လေးဘေးတွင် ပုံပြောပြနေသော တောသားကြီးတဦး၊ သူ့ဘေးမှာ ပုံပြင်ကို စိတ်ဝင်တစားနားထောင်ပြီး သဘောတကျ ရယ်မောနေသည့် မိန်းကလေးငယ်လေးတဦး။ နောက်ခံက နွေညနေခင်း။ ကျမ စိတ်မျက်စိတွင် ထိုအတိုင်းမြင်ယောင်လာသည်။
ကိုဖေသောင်းက တက္ကသိုလ်ကျောင်းသား၊ နိုင်ငံရေးသမား၊ အကြောင်းကြောင်းကြောင့် မထင်မရှား ပုန်းရှောင်နေရသူ ဆိုပေမယ့် သူဟာလည်း လူသားတဦးပင် ဖြစ်သည်။ ထို့ကြောင့် လူသားတဦးလိုပဲ သူက လူသားများနှင့် ကင်းကွာပြီး မနေနိုင်၊ လူသားတဦးလိုပဲ တယောက်တည်း ဖတ်စရာစာအုပ်များ ပါးရှားလာသည့်အချိန် ပျင်းလာသည်၊ လူသားတဦးလိုပဲ သူ့အခြေအနေကို သူနားလည်ပေမယ့် ညည်းငွေ့သည်။ လူသားတဦးလိုပဲ သူ့တွင်လည်း ချစ်တတ်သည့် နှလုံးသားရှိသည်။ ဆိုလိုသည်က ကိုမင်းကိုနိုင်၏ ဇာတ်ကောင်များသည် လူသားဆန်လွန်းသည်။
သူ့ဇာတ်လိုက်ကျော်ကြီးက “နေစောင်းရင် ဖေသောင်းတို့ မနေနိုင်ဘူး” ဟုဆိုသည်။
“အချစ်” ဆိုသည့် စကားလုံး လုံးဝ မသုံးထားသော်လည်း ညိုနှင့် ကိုဖေသောင်းတို့ တယောက်ကိုတယောက် ချစ်နေကြသည် ဆိုတာကို သိသာအောင် ကိုမင်းကိုနိုင်က သိမ်မွေ့စွာ ရေးသားပြထားပြန်သည်။
ရောင်စုံကျောက်လုံး အရွယ်စုံနဲ့ ဒေါင်းငါးလေးတွေ ကူးနေတဲ့ ရေကြည်မြောင်းကလေးကို မျက်ဝန်းတစုံအနေနဲ့၊ သပိတ်လွယ်ကလေး တေးသံကို စကားသံ အနေနဲ့၊ ရှဥ့်ညိုလေးရဲ့ အမြီးဖားဖားကို ဆံနွယ်ရှည်တွေ အနေနဲ့ ပြောင်းလဲနှစ်သိမ့်ရတဲ့အခါ ကံကြမ္မာလက်ချောင်းက ပြောင်းပြုတ်လွှဲရာ နွယ်ပင်ကလေးတွယ်ရာမမြဲ နေရာလွဲသွားမှာ ရင်ပူတယ် ..။
တောမြို့ကလေးတွင် ပုန်းအောင်းနေရသော တောသားကြီး ကိုဖေသောင်းအဖြစ်မှ နိုင်ငံရေးသမားအဖြစ်၊ ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ပြန်လည် လှုပ်ရှားချိန်တွင်တော့ သူ့တကိုယ်ရည် အရေးကိစ္စများမှန်သမျှ လုံးဝ အမှုမထားသော ကိုဖေသောင်းဖြစ်သွားသည်။
ကိုဖေသောင်း ထောင်ကျစဉ် ထောင်ထဲက ဘဝတူတွေကို သူ့ချစ်သူပုံ ကောက်ကြောင်းအဖြစ် အမြီးဖားဖား ရှဥ့်ညိုကလေးများ၏ ပုံကို ရေးခြစ်ပြသည့် အချိန်တွင်တော့ အရိုးသားဆုံးဟာ အဆန်းပြားဆုံးဖြစ်သည် ဆိုသည့်စကားကို ကျမ ထောက်ခံမိတော့သည်။
အရေးတော်ပုံမတိုင်ခင် ထောင်ကထွက်လာတော့ သူက ဝဲထူဖေသောင်း ဖြစ်သွားပြန်သည်။ “ဝဲထူဖေသောင်း” ဆိုသည့် နာမည် တခုတည်းနှင့် ဘာမှ ထွေထွေထူးထူး ဇာတ်မနာပါဘဲ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များကို ကိုမင်းကိုနိုင်က သရော်ပြလိုက်သည်။
တကယ်တော့ ကိုမင်းကိုနိုင်က မဆလခေတ် နာမည်ကြီး သင်္ကြန်သံချပ်များတွင် အစိုးရကို လှလှပပ သရော်ခဲ့သူလည်းဖြစ်သည်။ ကိုမင်းကိုနိုင်တို့ အဖွဲ့က “ဆိတ်ပါးစပ်နှင့် နတ်မျက်စိ” ဟူ၍ နာမည်ကြီးခဲ့သည်။ ယခု သူ၏ “နောက်ကြည့်မှန်” တွင်လည်း သူပျော်ဝင်ခဲ့ရာ သင်္ကြန်သံချပ် ပုံရိပ်ကို ကိုဖေသောင်းက တဆင့် တစွန်းတစ ဖော်ပြထားသည်။
သို့သော် ကိုဖေသောင်း၏ သံချပ်က စင်မြင့်ပေါ်မှာတော့မဟုတ်၊ ညိုတို့ အိမ်နောက်ဖေးရေကပြင်မှာ ဖြစ်သည်။
“ဒန်ပေါက်စားသံ … ပလွတ် ပလွတ်”
“ကြက်ပေါင်ကိုက်သံ ဂျွတ် ဂျွတ်”
“ယမကာ ပုလင်းတွေ ပြွတ် ပြွတ်”
“အစည်းအဝေးပွဲကြီး ဂွဒ် ဂွဒ်”
“တို့ပြည်သူတွေ ဖွတ် .. တဖွတ်”
ကိုဖေသောင်းအပေါ် ညို၏ နားလည်စာနာမှု၊ စွန့်စားကူညီမှုတွေကတော့ အနည်းငယ် ဝတ္ထုဆန်နေသည်ဟု ထင်ရသည်။ သို့သော်လည်း တကယ့်အဖြစ်များက ဝတ္ထုထက်ပင် ဆန်းကျယ်သည်ဟု ဆိုစကား ရှိသည်ပင် ..။ ဝတ္ထုထဲက ဇာတ်ကောင် ကိုဖေသောင်းနှင့် ညိုတို့ ခွဲခွာခဲ့ရသည်။ မရေရာသော တနေ့တွင် ပြန်ဆုံကြလိမ့်မည်။ သူ့ဝတ္ထု အဆုံးသတ်က ဝေဝေဝါးဝါး။
ယခုလက်ရှိတွင်တော့ ကိုမင်းကိုနိုင်သည် သူ့မိသားစုများနှင့် အလွန်ဝေးကွာသည့် ကျိုင်းတုံ အကျဉ်းထောင်တွင် ၆၅ နှစ်ကြာ ပြစ်ဒဏ် ကျခံနေရသည်။ သူ ပထမအကြိမ် ထောင်ကျစဉ်ကတည်းက ထောင်တွင်း၌ စာများ၊ ကဗျာများ ရေးသားခြင်း၊ တရားအားထုတ်ခြင်း ဗုဒ္ဓ စာပေများဖတ်ရှုခြင်း၊ သမာဓိ တည်ဆောက်ခြင်းတို့ ပြုခဲ့သည်ဟု သူ့စာအုပ် ကျောဖုံးတွင် ဖော်ပြထားသည်။
“သူလွတ်မြောက်စဉ်ကာလ ကလည်း နိုင်ငံရေးကိစ္စများဖြင့် မအားလပ်သည့် ကြားမှ ကဗျာများ၊ သီချင်းများ ဆက်လက် ရေးသားခဲ့ရာ ယခုစာအုပ်သည် သူ၏ ပထမဆုံး လုံးချင်း ဝတ္ထုရှည်ဟု ယုံကြည်ရပေသည်” ဟုလည်း ဆိုထားသည်။ သို့ဆိုလျှင် ဒုတိယ၊ တတိယ စသည့် လုံးချင်းစာအုပ်များ ဆက်လက် မျှော်လင့်နိုင်သည်လား မသိ။
“စာပေအနုပညာဟူသည် လောကအလှတရားနှင့်ယှဉ်ကာ ဖူးပွင့်သော ပန်းဟုဆိုထိုက်သည်။ သို့သော် ထိုပန်းကို စိုက်ပျိုးသူတို့ ဘဝကား ဖြောင့်ဖြူးလှပခြင်း မရှိတတ်” ဟု စီစဉ်သူက ဆိုသည်။
သူ့ မွေးနေ့ လက်ဆောင်အဖြစ် “နောက်ကြည့်မှန်” ဆိုသည့် ပန်းတပွင့်ကို ပြည်သူတို့လက်သို့ ပေးပို့လိုက်သည့် ပန်းပျိုးသူ ကိုမင်းကိုနိုင်၏ လက်မှ လွတ်လပ်စွာ ပွင့်သော ပန်းများ နောက်ထပ်၊ နောက်ထပ် ထွက်ပေါ်လာစေချင်လှပါသည်။ ။
Set as favorite
Bookmark
Email this
Hits: 8968
Comments (12)

written by soechay, June 19, 2010
ပျင်းမသွား။ နိုင်ငံရဲ့ အခြေအေ နနဲ့ဟာသ ပါရောထားတယ် ....အားလုံး ဖတ်ခွင့်ရရင် ကောင်းမယ်
written by အ၀မ်, May 09, 2010
အ၀မ် ဖတ်ပြီး သွားပီ ဖတ်လို့  တအားကောင်းတယ်..ကြိုက်တယ် ဦးမင်းကိုနိုင် ရေးတဲ့ စာသားတွေကို
written by သမိန်ဗရမ်း, January 25, 2010
ဒီစာအုပ်ကို ဆိုဒ်တွေမှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်မဲ့အစား ဖတ်နိုင်ရင် ၀ယ်ဖတ်သင့်တယ်လို့ထင်ပါတယ်။
တအုပ်ကို ၁၅ဒေါ်လာနဲ့ မိုးမခမှာ ၀ယ်ဖတ်လို့ရပါတယ်။ http://moemakashop.blogspot.com/
အကျဉ်းသားစောင့်ရှောက်ရေး အဖွဲ့ဖြစ်တဲ့ AAPP ကရန်ပုံငွေအနေနဲ့ ဖြန်ချီတာပါ။
ီ
တအုပ်ကို ၁၅ဒေါ်လာနဲ့ မိုးမခမှာ ၀ယ်ဖတ်လို့ရပါတယ်။ http://moemakashop.blogspot.com/
အကျဉ်းသားစောင့်ရှောက်ရေး အဖွဲ့ဖြစ်တဲ့ AAPP ကရန်ပုံငွေအနေနဲ့ ဖြန်ချီတာပါ။
ီ
written by မောင်ပါလ, December 24, 2009
နောက်ကြည့်မှန်ကို http://mgpala.blogspot.com/search/label/စာအုပ် မှာတင်ပေးထားပါတယ်။ ဒီကဏ္ဍကိုလည်း ပြန်လည် ဖော်ပြဖို့ ကူးယူ သွားပါတယ်။
written by ထင်ကျော်, December 21, 2009
ကိုမင်းကိုနိုင် ကဲ့သို့ ပုဂိုလ် တစ်ဦး ရေးသားသည့် ရသ စာတစ်အုပ် ဟု ဆိုသောကြောင့် လွန်စွာမှပင် ဖတ်လိုလှပါသည်။ စာအုပ်ကို မည်ကဲ့သို့ ရရှိနိုင်မည် ဆိုသည်ကိုလည်း ဖော်ပြေ စလိုပါသည်။
written by Zero, November 18, 2009
I do agree with ChoTuu mar.. She shouldn't write the ending part of that novel.. Ending is the most exciting part for readers.. She should respect readers n rules.. No good review describes the end part as far as i know.. Honestly, knowing the ending reduces my desire to read that book..
written by Hnin Hnin , November 18, 2009
I want to buy this book! Where can i get it?
written by Chotuu Mar, November 17, 2009
အပြုသဘောနဲ့ရေးတာပါ။
စာရေးသူတယောက်အနေနဲ့ စာတပုဒ်ဟာ အစနဲ့ အဆုံး ဘယ်လောက်အရေးကြီးတယ်၊ စာဖတ်သူတွေကို ဆွဲဆောင်ရမယ် သိသင့်ပါတယ်။
ကိုမင်းကိုနိုင် စာအုပ်ကို မဖတ်ရသေးပါ။ ဖတ်ဘို့မှာထားဆဲ၊ လာမယ့် စနေနေ့ကျမှ ရမှာပါ။
ဝတ္ထုအကြောင်းစာမူရေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဇာတ်သိမ်းကို ထဲ့ရေးတာတော့ မကြည်ဘူး။ ဇာတ်သိမ်းထဲ့ မရေးလည်း စာမူတပုဒ် ဖြစ်နေပြီပဲဟာ။
ရေရေလည်လည်အောက်တယ်၊ အေးချမ်းမြေ့ကို မကြည်ဘူး။



စာရေးသူတယောက်အနေနဲ့ စာတပုဒ်ဟာ အစနဲ့ အဆုံး ဘယ်လောက်အရေးကြီးတယ်၊ စာဖတ်သူတွေကို ဆွဲဆောင်ရမယ် သိသင့်ပါတယ်။
ကိုမင်းကိုနိုင် စာအုပ်ကို မဖတ်ရသေးပါ။ ဖတ်ဘို့မှာထားဆဲ၊ လာမယ့် စနေနေ့ကျမှ ရမှာပါ။
ဝတ္ထုအကြောင်းစာမူရေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဇာတ်သိမ်းကို ထဲ့ရေးတာတော့ မကြည်ဘူး။ ဇာတ်သိမ်းထဲ့ မရေးလည်း စာမူတပုဒ် ဖြစ်နေပြီပဲဟာ။
ရေရေလည်လည်အောက်တယ်၊ အေးချမ်းမြေ့ကို မကြည်ဘူး။




Write comment
| < Prev | Next > |
|---|







