အ၀ိဇ္ဇာနိုင်ငံ၊ အ၀ိဇ္ဇာမြို့နှင့် အ၀ိဇ္ဇာလူသားများ

ဝတ္ထုများထဲတွင် “လူ”ကို အဓိက ဇာတ်ကောင်နေရာ ထားခဲ့သည်မှာ ကမ္ဘာလောက၌ ၀တ္ထု ဟူသည့် အနုပညာပစ္စည်း ပေါ်စကတည်းကပင် ဖြစ်သည်။

တခါတရံ ၀တ္ထုများထဲ၌ လူကို ထည့်သွင်း မရေးဖွဲ့သည်များ မရှိမဟုတ်၊ ရှိတတ်၏။ သို့သော် ထိုသို့ သော ၀တ္ထုများတွင်ပါရှိသည့် သက်ရှိ၊ သက်မဲ့ဇာတ်ကောင်များသည်အမှန်စင်စစ် လူကို ကိုယ်စားပြုသည့် ဇာတ် ကောင်များသာဖြစ်၏။

ထိုကြောင့် ၀တ္တု ဆိုသည်မှာ လူတို့ အကြောင်းရေးဖွဲ့သည့် အနုပညာပစ္စည်းတစ်ခုဖြစ်သည်ဟူ၍သာ ဆိုရ မည်ဖြစ်သည်။ အ၀ိဇ္ဇာမြို့ ကလေး ၀တ္ထုတွင်စာရေးသူ “ကောင်းဆုလင်း”ကနာမည်ပေးမထားသည့် မြို့က လေးတစ်မြို့ တွင်နေထိုင်သည့် လူအမျိုးမျိုးကို အဓိကဇာတ်ကောင်များအဖြစ်ရေး၏။

သူကအဓိကဇာတ်ကောင်အဖြစ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့ မဟုတ် လူတစ်စုကိုမရေး။ မြို့ ကလေးတွင် နေထိုင်သည့် လူတန်းစား အလွှာအသီးသီး မှ လူပုဂ္ဂိုလ်များကို အဓိကဇာတ်ကောင်စံထား၍ရေး၏။ သူ့ ဝတ္ထု ၏ အဓိကဇာတ်ကောင်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လူတစ်စုမဟုတ်၊ လူထုဖြစ်၏။ မြို့ ကလေးတွင်နေ ထိုင်သည့် မြို ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ပုဂ္ဂိုလ်များကအစ သာမန်လက်လုပ်လက်စား ပုဂ္ဂိုလ်အထိ လူ တန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသည့်(၀ါ)လူထုကိုယ်စားပြု ဇာတ်ကောင်များကို အကွက်ချပြီးရေး၏။

ထို့ ကြောင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လူတစ်စုကိုသာအဓိက ဇာတ်ကောင်ထားပြီး ရေးခဲ့ကြသည့် ၀တ္ထု များဖြင့်ယဉ်ပါးနေသူ စာဖတ်သူပရိသတ်အဖို့ ကောင်းဆုလင်း ၏ “အ၀ိဇ္ဇာမြို့ကလေး” ၀တ္ထု မှာ ၀တ္ထုဖွဲ့ စည်း ပုံအရပင်လျှင် ဆန်းသစ်နေစေ၏။အမှန်စင်စစ်ဝတ္ထုများတွင် လူထုကိုဇာတ်ကောင်စံအဖြစ် ရွေးချယ်ရေးဖွဲ့ ဖို့  ကြိုးစားသည့် စာပေသဘောတရားတခု မြန်မာစာပေနယ်ပယ်တွင် ၀င်ရောက်နေရာယူခဲ့သည်မှာ ရာစုနှစ် တစ်ခု ၏ တစ်ဝတ်ကျော်မျှပင်ကြာခဲ့ပြီဖြစ်သည်။

* * * * * * *

ကောင်းဆုလင်း၏ အ၀ိဇ္ဇာမြို့ ကလေး ၀တ္ထုတွင် ပင်စင်စားကျောင်းဆရာမိသားစုတစ်စုနှင့်စပြီး ၀တ္ထုဇာတ် အိမ် တည်၏။ ထို့ နောက်ယင်းမိသားစုနှင့် ဆက်နွယ်သည့်လူလတ်တန်းစား ပုဂ္ဂိုလ်တချို့ အကြောင်းကို ဆက်၏။ ထို့ နောက်မြို့ ကလေး၏ အုပ်ချုပ်ရေး၊ စီမံခန့် ခွဲရေးကိစ္စတာဝန်ရှိသူလူတစ်စု၏ အစည်းအဝေး တစ်ခုဆီဆွဲခေါ်သွား၏။ ထို့ နောက်အစည်းအဝေးတက်ရောက်သူ တဦးချင်းစီ၏ အတွေးများ၊ ဘ၀အခြေ အနေများကိုရေး၏။ ထို့ နောက်တဖန် တခြားဆက်နွယ်ပါတ်သက်နေသူ လူပုဂ္ဂိုလ်အသီးသီးတို့ ၏ဘ၀ ပုံသဏ္ဍန်များ၊ စိတ်နေစိတ်ထားများဆီ ဆက်လက်သွယ်တန်းယက်ဖောက်ပြီးရေး၏။

အ၀ိဇ္ဇာမြို့ ကလေး ၀တ္ထုတွင်စိတ်ဝင်စားဖို့  အကောင်းဆုံးအခန်းများမှာ မြို့ နေ ပညာတတ် လူလတ်တန်းစား ဇာတ်ကောင်များ၏ အတွေးအခေါ်အယူအဆများပင်ဖြစ်သည်။ အမှတ်တမဲ့ကြည့်လျှင် မြို့ ကလေး၏ အာ ဏာ ပိုင်များ၊ စီမံခန့် ခွဲသူများက ယင်းမြို့ ကလေး၏ ကံကြမ္မာကို ဖန်တီးစီရင်နေသည်ဟု ယူဆရမလိုရှိ၏။
ဝတ္ထုရေးသူ ကိုယ်တိုင်က ပင် မြို့ နယ်အစည်းအဝေးတစ်ခုအကြောင်းကိုရေးရာ၌ “မြို့ နယ်ကလေးတစ်မြို့  နယ်၏ ကံကြမ္မာကိုဖန်တီးမည့်သူများ”ဟူ၍အသိအမှတ်ပြုရေးခဲ့၏။ (စာ - ၁၃) သို့ သော် ၀တ္ထုတစ်ပုဒ်လုံး ဆုံးသည်အထိဖတ်လျှင် ယင်းမြို့ ကလေး၏ ကံကြမ္မာကို အဓိကမောင်းနှင်ဖန်တီးသူများမှာ ပညာတတ် လူလတ်တန်းစားများကသာ အဓိကမောင်းနှင်ဖန်တီးနေသည်ကို မြင်လာနိုင်မည်ဖြစ်သည်။

ဥပမာ ကျောင်းဆရာပင်စင်စား ဦးကျော်လှိုင်၊ မြို့ နယ်ဥပဒေအရာရှိ ကိုသစ်ဦး၊ စာတိုက်မှူး ဒေါ်မေသန်း၊ သစ်ကုန်သည် ပေါက်စ၊ မျိုးဇော် စသည့်ပုဂ္ဂိုလ်များမှာ ဤ၀တ္ထု၏ အဓိကဇာတ်ကောင်များဖြစ်သလို ဤမြို့  ကလေး၏ ကံကြမ္မာကိုအဓိကဖန်တီးပေးနေသည့် လူပုဂ္ဂိုလ်များလည်းဖြစ်နေကြ၏။ ထို့ အပြင် ဤပုဂ္ဂိုလ် များမှာ မြို့ ကလေး၏ အလွှာအသီးသီးကို ဆက်စပ်ကိုယ်စားပြုသည့် လူပုဂ္ဂိုလ်များလည်းဖြစ်နေကြ၏။ ဤနည်းအားဖြင့် ''အ၀ိဇ္ဇာမြို့ ကလေး'' ၀တ္ထုမှာလူများစု၊ လူထု၏အခန်းကဏ္ဍကို အဓိကဖော်ပြရန် ကြိုးစား သည့် ၀တ္ထုတစ်ပုဒ်ဖြစ်လာခဲ့လေသည်။

ဤ၀တ္တုတွင် အုပ်ချုပ်ရေး၊ စီမံခန့် ခွဲရေး တာဝန်ရှိသူများ၏ အဂတိလိုက်စားမှု၊ မြို့ နယ်အထက်တာဝန်ရှိသူ များ နှင့် တရားမ၀င်ဆက်သွယ်ကာ ကိုယ်ကျိုးစီးပွားရှာမှု၊ မြို့ ကလေးတွင်ရှိသည့် ကုန်သည်ပွဲစားများနှင့် အကျိုးတူပေါင်းဖက်ကာ ပြည်သူ့ ပစ္စည်းများကို အလွဲသုံးစားပြုလုပ်မှု၊ ပြည် သူ့ အခွင့်အရေးများ အပေါ် လျစ် လျူရှုမှုများကိုလည်း ထည့်သွင်းရေးဖွဲ့ ထား၏။ ထို့ ပြင် တဖြည်းဖြည်း ကြပ်တည်းကျဉ်းမြောင်းလာနေသည့် စီးပွားရေးဒဏ်ကို မခံနိုင်သဖြင့် လမ်းမှားပေါ်ရောက်ကြရသည့် လက်လုပ်လက်စားများကိုလည်း ထည့်သွင်း ရေးဖွဲ့ ထား၏။ ခြုံကြည့်လျှင် ဤမြို့ ကလေးတွင် နေထိုင်သည့်လူများစုမှာ စနစ်တခု၏အောက်တွင် ခိုင်မာ သည့် အနာဂါတ်မရှိဘဲ လမ်းလျှောက်ရင်း လမ်းပျောက်နေကြရသည်ကို တွေ့ ကြရ၏။ လက်ရှိဘ၀အနေ အထားထက် ပိုမိုဆိုးရွား၊ နိမ့်ကျသည့်အခြေအနေသို့ ပြုတ်ကျမသွားရလေအောင် ဘ၀ကိုနည်းမျိုး စုံအသုံးပြု ပြီးမှ ကျားကန်ထားကြသည့် အခြေအနေကိုတွေ့ ကြရ၏။

စာရေးသူ“ကောင်းဆုလင်း”၏ရည်ရွယ်ချက်မှာ မှားယွင်းဖောက်ပြန်သည့် စနစ်တခု၏ အောက်တွင် လူတွေ အနာဂါတ်ပျောက်နေသည့်အဖြစ်ကို မီးမောင်းထိုးပြရန်ရည်ရွယ်ပြီး ဤ၀တ္ထုကို ရေးခဲ့သည်ဟု ဆိုငြားအံ့။ သူ့  ရည်ရွယ်ချက်၏ အနီးအနားတ၀ိုက်အထိတော့ ထိရောက်ခဲ့သည်ဟု ယူဆမိ၏။ သို့သော်ဤမြို့ ကလေးမှာ စစ်အာဏာရှင် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်၏ လက်အောက်တွင် ကျရောက်နေသည့်အဖြစ်ကိုမူ ပေါ်လွင် အောင်မဖော်ပြနိုင်ခဲ့ပါ။ မြို ၏အာဏာပိုင်ပုဂ္ဂိုလ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများမှာ“နယ်ရုပ်များ” သာသာဖြစ်ပြီး ထိုသူတို့ ကိုကြိုးကိုင်ထားသည့် စစ်အာဏာရှင်များ၏ ဖိနှိပ်၊ ချုပ်ချယ်၊ အမြတ်ထုတ်မှုများကိုမူ ထင်သာ၊ မြင်သာအောင် မဖော်ပြနိုင်ခဲ့ပါ။

* * * * * * *

လူထု၏ အခန်းကဏ္ဍကို အဓိကဇာတ်ကောင်ထား ရေးဖွဲ့သည့်စာပေသဘောတရားမှာ ဆိုရှယ်လစ်သရုပ်မှန် စာပေ သဘောတရားတစ်ခုဖြစ်၏။ ယင်းအယူအဆမှာ`သမိုင်းကို လူတစ်စုကဖန်တီးသည်မဟုတ်ဘဲ လူထု ကသာဖန်တီးခြင်းဖြစ်သည်´ဟူသည့်အယူအဆကို အခြေခံကာ ၁၉၆၀ လွန်နှစ်များကစပြီး ၁၉၈၈ ခုနှစ် ကာလအတွင်း လူထုအခြေပြုဝတ္ထုများဟုယူဆရသည့် ၀တ္ထုများ ထွန်းကားပေါ်ပေါက်ခဲ့၏။

မြသန်းတင့်၊ ကျော်အောင်၊ မင်းကျော်၊ နတ်နွယ်၊ ဒဂုန်တာရာ၊ နန္ဒ၊ ချစ်ဦးညို၊ အစရှိသည့် စာရေးဆရာများမှာ ထင်ရှား၏။

သို့ သော်လူထုကိုအဓိက ဇာတ်ကောင်ထားရေးဖွဲ့ သည့် ၀တ္ထုများသည် ရည်ရွယ်ချက် ကောင်းပင်ကောင်း သော်ငြားလည်း ဦးတည်ချက်ကိစ္စတွင်မူ ၀ိရောဓိဖြစ်ဖွယ်ရှိ၏။ ဥပမာ မြသန်းတင့် ၏ “မာယာဘုံ ”ဝတ္ထု၊ ချစ်ဦးညို၏ “ခုနစ်အိမ်တန်းက မိဂျမ်းဘုံ”၀တ္ထုများမှာ ခေတ်တစ်ခေတ်၏ အဓိကတရားခံ၊ စနစ်တစ်ခု၏ အဓိကတာဝန်ရှိသူများအဖြစ်ဖော်ပြရာ၌ တရားခံအစစ်အမှန်ကို ဆွဲထုတ်မဖော်ပြနိုင်ဘဲ၊ စနစ်တစ်ခု၏ သားကောင်များကိုပင်“တရားခ”အဖြစ်မှားယွင်းဖော်ပြခဲ့သည့် ၀တ္ထုများအဖြစ် စောဒကတက်ခြင်းခံခဲ့ကြရ သည်။

ကောင်းဆုလင်း ၏ အ၀ိဇ္ဇာမြို့ ကလေးဝတ္ထုတွင် ခေတ်၏လက်သည်တရားခံများသည် မည်သူများဖြစ် သနည်း။ ဤမြို့ ကလေး၏အာဏာပိုင်များမှာ စနစ်တခု၏အဓိကကြိုးကိုင်အဆင့်တွင် ရှိသူများအဖြစ် ကျနော် မယူဆနိုင်ပါ။ သူတို့ သည် လက်ဝေခံ နယ်ရုပ်များသာဖြစ်ကြ၏။ ထို့ကြောင့်စနစ်တခု၏ သားကောင်များမှာ မည်သူတွေနည်း။ ဤမြို့ ကလေးတွင် နေထိုင်ကြသည့် မြို့ နေလူတန်းစားအသီးသီး၊ တနည်းအားဖြင့် မြို့ သူ မြို့ သားအားလုံး၏ အနာဂတ်သည်ဘယ်မှာနည်း။ ဘယ်ပုံရှိမည်နည်း။ တစ်မြို့ လုံးနီးပါး အားလုံးလိုလို မျက်ကန်းလမ်းလျှောက်သလို ရွေ့လျားသွားလာနေကြသည့် လူစုလူဝေးကြီး သဘောများလား၊ ဤမြို့  ကလေး ၏ ကံကြမ္မာသည်ေ၀၀ါးလွန်းနေ၏။ ဤမြို့ ကလေး၏ အနာဂတ်သည် မှောင်မည်းလျှက်ရှိ၏။

ကျနော်တို့သည် စနစ်တစ်ခု၏အောက်တွင် ကျဆုံးကွယ်ပျောက်ရမည့် လူ့ အဖွဲ့ အစည်း တစ်ခုဆိုသည်ကို မယုံကြည်မိပါ။ လူ့သမိုင်း၌ အမှောင်ခေတ်များမရှိမဟုတ်၊ ရှိခဲ့ဖူး၏။ နောက်သို့  ပြန်ဆုတ်ရသည့်လူ့ အဖွဲ့  အစည်းများ၊ ရပ်တန့်သွားသော လူ့အဖွဲ့ အစည်းများ၊ ကျဆုံးပျောက်ကွယ်ရသည့် လူ့ အဖွဲ့ အစည်းငယ်များ၊ မရှိမဟုတ်၊ ရှိခဲ့ဖူးသည်။ သို့ သော်ယင်းသို့ သောအခြေအနေများမှာ လူသားသမဂ္ဂတစ်ခုလုံး၏ဖြစ်စဉ်တွင် ခြွင်းချက်ကိစ္စများသာဖြစ်၏။ လူ့ သမဂ္ဂကြီး ရှေ့ တိုးမြင့်မားလာမှုတည်းဟူသော ဖြစ်စဉ်အတွင်းမှ ယာယီ ကိစ္စများသာဖြစ်၏။ လူ့ သမဂ္ဂကြီး တခုလုံးအတွက် အဆုံးအဖြတ်ကိစ္စများမဟုတ်ကြ။

“အ၀ိဇ္ဇာမြို့ ကလေး” ကောင်းကင်ယံတွင် အမှောင်ထုကြီးရှိနေသည်ကို ကျနော်မငြင်းပါ။ သို့သော် ဤမြို့  ကလေးတွင် လူတိုင်းအ၀ိဇ္ဇာဖုံးနေသည်ဟုလည်း မယူဆမိပါ။ ဘ၀ကိုအ၀ိဇ္ဇာနည်းကျကျဖြင့် သုံးသပ်ပြီး ၀ိဇ္ဇာ နည်းကျ လမ်းမှန်ပေါ်ရဲဝံ့စွာလျှောက်လှမ်းခြင်းဖြင့် မှားယွင်းဖောက်ပြန်သည့် စနစ်တစ်ခုအောက်မှ ရုန်းထွက် ရန် ကြိုးစားသည့် ၀ိဇ္ဇာလူသား(၀ါ) ၀ိဇ္ဇာမြို့ သူမြို့သားများ အမှန်တကယ် ရှိနေလိမ့်မည်ဟုတော့ မျှော်လင့် နေမိလေသည်။     ။
Comments (2)Add Comment
0
The Culprits
written by biologically bright, October 09, 2009
The author's intention is that there are many bad people in myanmar both in the middle class and upper class. The government is not the only culprit of destroying myanmar. Those people are also enhancing our country to the state of poor and lacking freedom.
0
ခင်ကြီး လက်ရမ်းတက်က၊ ကြပ်ခိုးစင် မောင်ရှင်မတက်လား
written by Truth, July 02, 2009
ကောင်းဆုလင်း ၏ အ၀ိဇ္ဇာမြို့ ကလေးဝတ္ထုတွင် ခေတ်၏ လက်သည် တရားခံများသည် မည်သူများဖြစ် သနည်း ဆိုပါလျင် မြန်မာပြည်ကို ပိုင်ပိုင် ဆိုးဆိုး လုပ်ချင်သလိုလုပ် ဖျက်ချင်သလို ဖျက်နေသော စစ်အစိုးရသာ ဖြစ်ပြီးအဓိက လူမှာလဲ စစ်အစိုးရ ခေါင်းဆောင် အာဏာရူးကြီး မှုးကြီးသန်းရွှေပင်။ (ခင်ကြီး လက်ရမ်းတက်က၊ ကြပ်ခိုးစင် မောင်ရှင်မတက်လား) ဆိုတဲ့ မြန်မာစကားပုံလဲ ရှိသည်။ အဓိပါယ်မှာ ဘုန်းကြီးကပင်လျှင် ၀ိနည်းသိက္ခာနှင့် မညီဘဲ လက်ရမ်းအမြင့်ပေါ်သို့ တက်ရောက်က ငယ်ရွယ်သော သာမဏေသည် ကြပ်ခိုးစင်ပေါ် တက်သည်ကို အပြစ် မဆိုသာဟု ဆိုလိုသည်။ စည်းကမ်းဥပဒေကို ကြီးသူက လိုက်နာရိုသေမှသာ ငယ်သားကလည်း နည်းယူလိုက်နာမည်။ ရှေ့ဆောင် ပုဂ္ဂိုလ်က အကျင့်ပျက်က ငယ်သားများ အကျင့်ပျက်သည်ကို အပြစ် ဆိုသာမည် မဟုတ်ဟု ဆိုလိုသည်။ (www.mmproverb.com)။ စာရေးသူက ပြည်တွင်းမှ ဆိုလျင် အပြည့်ဝမရေးနိုင် သည်ကို နားလည်ပါကြောင်း။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်