သင်္ကြန် ယစ်မူးသူများ

မနှစ်က သင်္ကြန်မှာ ရေပက်ခံထွက်ရင်း အချမ်းပြေ အရက်သောက်ခဲ့ရာမှ သွေးသား ဆန္ဒအလိုလိုက်ပြီး မိန်းကလေး တဦးအပေါ် ကျူးလွန် မှားယွင်းမိခဲ့တဲ့ အသက်၂၀ အရွယ် မောင်ပိုင်စိုး တယောက် ဒီနှစ် သင်္ကြန်မတိုင်ခင် မှာပဲ ကလေးတယောက် ဖခင် ဖြစ်လို့နေပါပြီ။

သူနဲ့ လက်ထပ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မဒေ၀ီလည်း အခုအချိန်မှာ ၂ လသား အရွယ်သမီးငယ်လေးကို မနိုင်မနင်း ထိန်းကျောင်းရင်း အိမ်ထောင်ရှင်မ တဦးဖြစ်ခဲ့ရပါတယ်။

အသက်ငယ်ငယ်နဲ့ လူပျို၊ အပျို ဘ၀တွေ ဆုံးရှုံးသွားတဲ့ သူတို့အတွက် သင်္ကြန်ဟာ အရင်လို ပျော်စရာမကောင်း တော့ပါဘူး။ မိဘတွေကလည်း သင်္ကြန်လည်ဖို့အတွက် ငွေထုတ်ပေးမှာမဟုတ်တော့သလို၊ သင်္ကြန်တွင်းပျော်ပါး ခွင့်တွေလည်း ဆုံးရှုံးသွားကြရတယ်လို့ နှစ်ဦးလုံးက ပြောပြကြပါတယ်။

သူတို့ဟာ လက်ထပ်ဖို့ ကြိုတင်စဉ်းစားထားခြင်းမရှိပါဘဲ သင်္ကြန်မှာ မှားမိကြရာကနေ ကိုယ်ဝန်ရလာတဲ့အတွက် ယူလိုက်ကြရတဲ့ စုံတွဲဖြစ်ပြီး သင်္ကြန်တွင်းမှာ ပျော်ကြမယ့်သူတွေအနေနဲ့ အစစအရာရာမှာ သတိရှိသင့်တယ်လို့ လည်း ပြောပြကြပါတယ်။

“အချမ်းပြေအောင် သူလည်းသောက်၊ ကိုယ်လည်းသောက်တာပဲ။ မှားတော့ ကျနော်က တာဝန်ယူရတာပေါ့။ အဲဒီလို ဖြစ်တဲ့ သူတွေကတော့ အများကြီးရှိပါတယ်။ တချို့ကလည်း သတိကောင်းတယ်၊ ကွန်ဒုံယူလာ ကြတယ်” လို့ သူက ဆိုပါတယ်။

ရေပက်ခံထွက်တဲ့သူပဲ ဖြစ်ဖြစ်၊ ရေကစားတဲ့သူပဲ ဖြစ်ဖြစ် ယောက်ျားလေး၊ မိန်းကလေးအများစုဟာ သင်္ကြန် ကာလမှာ အချမ်းပြေဆိုတဲ့ ဆင်ခြေတခုနဲ့ ဘီယာ၊ ရမ်၊ ၀ီစကီ စတဲ့ အရက်အမျိုးမျိုးကို သုံးစွဲလာကြသလို တချို့ လည်း စိတ်ကြွဆေးအမျိုးမျိုးကို သုံးစွဲလာကြတာ တွေ့ရပါတယ်။

မဏ္ဍပ်တွေမှာ ဒီဂျေသီချင်းတွေဖွင့်ပြီး မူးမူးနဲ့ ခုန်ပေါက် ကခုန်ကြရင်း၊ တယောက်နဲ့ တယောက်တွဲကကြရင်း ကနေ လိင်ကိစ္စ ပတ်သက်မှုတွေဖြစ်လာပြီး မိန်းကလေးတွေကလည်း အရက်တွေ သောက်ထားကြတဲ့ အတွက် ပို ရဲတင်းလာကြတယ်လို့ သူက ဆိုပါတယ်။

“သင်္ကြန်ဆိုရင် ရေထက် အရက်က ပိုပေါတယ်လို့ကို ပြောရမလိုဖြစ်နေပြီ။ မဏ္ဍပ်တွေကလည်း လူဝင်အောင် ဆိုပြီး အရက်လိုချင်လား၊ ဆေးပြား ယူမလား၊ အားလုံးရအောင် လုပ်ပေးတယ်” လို့ သင်္ကြန် အက အဖွဲ့တဖွဲ့က လူငယ်တဦးက ပြောပြပါတယ်။

သင်္ကြန်မှာ ရေပက်မဏ္ဍပ်အများစုကတော့ စီးပွားရေးလုပ်ငန်းတခုလို ဆောင်ရွက်လာကြတာ ဖြစ်တဲ့အတွက် ရေ ပက်တဲ့သူ များများရအောင် ၀န်ဆောင်မှုအမျိုးမျိုးပေးပြီး အပြိုင်အဆိုင်ဆွဲဆောင်ကြရာမှာ အရက်အလကား တိုက်တဲ့အဆင့်၊ ဆေးပြား ဝေပေးတဲ့အဆင့်ထိ ရောက်လာခြင်းဖြစ်ကြောင်း သူက သုံးသပ်ပြော ဆိုပါတယ်။

အရက်ထုတ်လုပ်ရေး လုပ်ငန်းများကလည်း ၎င်းတို့ထုတ်လုပ်တဲ့ အရက်အမှတ်တံဆိပ် အသစ်တွေအတွက် ဈေး ကွက် ရှာဖွေခြင်း၊ အရောင်းမြှင့်တင်ခြင်း လုပ်ငန်းတွေကို ရေပက်မဏ္ဍပ်တွေနဲ့အတူ ပူးတွဲလုပ်ဆောင်ကြတဲ့အပြင် အရက်သာမကဘဲ စိတ်ကြွဆေးပြားတွေကိုပါ အလကားပေးဝေခြင်းနဲ့ ဈေးကွက် ရှာဖွေမှုတွေလည်းရှိတယ်လို့  သိရပါတယ်။

သင်္ကြန်မှာ စိတ်ကြွဆေး စတင်သုံးစွဲမိရာကနေ ဆက်သုံးဖြစ်သွားတဲ့ ဂီတသမားတဦးကလည်း “လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်လောက်ကတည်းက သင်္ကြန်မဏ္ဍပ်တချို့မှာ အလကားဝေတယ်၊ အဲဒီကနေ စွဲသွားတာ”လို့ ပြောပြ ပါတယ်။

အခုနှစ်မှာလည်း အရင်နှစ်ကထက် ရေကစားခွင့်လက်မှတ်ဝယ်ယူမှု ကျဆင်းနေတဲ့အတွက် မဏ္ဍပ်တွေအနေနဲ့ အရောင်းမြှင့်တင်တဲ့ အနေနဲ့ ပိုပြီးကောင်းမွန်ပျော်ရွင်တဲ့ အစီအစဉ်သစ်တွေ ပါဝင်ကြောင်း လက်ကမ်း ကြော်ငြာ တွေကို အင်တာနက်အွန်လိုင်းတွေကပါ ကြော်ငြာထားကြပြီး လက်မှတ်ခတွေကိုလည်း ဈေးလျှော့ရောင်းချပေး ကြောင်း သိရပါတယ်။

“အခုတော့ အစောင် ၂၀၀ လောက် ထွက်သွားပါပြီ။ မဏ္ဍပ်က လူ ၅၀၀ ဆန့်ဆိုတော့ကျန်တာတွေ ရောင်းရ အောင် မနည်းလုပ်ရဦးမယ်။ လူရှိအောင်မနည်းလုပ်နေရတယ်၊ ကြော်ငြာအားတွေလည်း သုံးထားရတော့ ကုန်ကျ စရိတ်က မနှစ်ကလောက်ပဲ။ လက်မှတ်ခကတော့ လူမ၀င်မှာစိုးလို့ လျှော့ယူရတယ်၊ တရက် ကစားရင် ကျပ် တသောင်း ယူပါတယ်၊ ၄ ရက်လုံးကစားရင် ၃ သောင်းခွဲ ယူတယ်” လို့ အင်းလျားလမ်းမပေါ်ရှိ မဏ္ဍပ်တခု မှ တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

ရေကစားလက်မှတ်ဝယ်ယူသူများမှာ အသက် ၁၃ နှစ်အရွယ်ကနေ အသက် ၃၀ အရွယ်ထိ အမျိုးသား၊ အမျိုး သမီးများ ဖြစ်ပြီး အများစုမှာ အသက် ၂၀ ၀န်းကျင်အရွယ် ငယ်ရွယ်သူ မိန်းကလေးများဖြစ်လို့ သူတို့အတွက် အစား အသောက်သာမက ကားအကြိုအပို့တွေကိုပါ စီစဉ်ပေးတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလဟာ တနှစ်တာ ကာလမှာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှု အများဆုံးအချိန်တွေထဲက
အချိန်တခုဖြစ်တယ်လို့ မျိုးဆက်ပွားကျန်းမာရေး ၀န်ဆောင်မှုအဖွဲ့ မာရီစတုပ်အင်တာနေရှင်နယ် (မြန်မာ) က ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်ကပြောဆိုကြောင်း၂၀၀၈ ခုနှစ် ဧပြီလထုတ်၊ အမှတ် ၁၀၅ မော်ဒန်ဂျာနယ် မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

သင်္ကြန်ဆိုရင် အပျော်လွန်ပြီး ရန်ဖြစ်တတ်တယ်ဆိုတာအပြင် အပျော်လွန်ပြီးသတိလစ်တဲ့အခါ လူငယ်တွေကို ကာလသားရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါတွေပါ ဖြစ်လာစေပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်ရတာ မျိုးတွေပါ ဖြစ်တတ်တဲ့အတွက် လူငယ်အများစုအနေနဲ့ ကွန်ဒုံဆောင်သင့်ကြောင်း သူက ဆိုပါတယ်။

ပုဂံခေတ် နရသီဟပတေ့ မင်းလက်ထက်ကနေ စတင်ခဲ့ကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ဟာ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီး ယဉ်ကျေးမှုဓလေ့စရိုက်တွေနဲ့ ပျော်ရွင်ကြည်နူးခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ သင်္ကြန်မဏ္ဍပ်တွေ ခေတ်စားလာခဲ့ကာ စီးပွားရေးလုပ်ငန်းတခု အသွင်ဖြစ်လာချိန်ကတည်းက ရန်ကုန် သင်္ကြန်ဟာ မလှပတော့ဘူးလို့ ရန်ကုန်မြို့က ဒါရိုက်တာ၊ စာရေးဆရာတဦးက ပြောဆိုသုံးသပ်ပါတယ်။

“ခုခေတ်က သင်္ကြန်ဆိုရင် ယောက်ျားလေးတွေတင်မကဘူး မိန်းကလေးတွေပါ အရက်တွေသောက်ပြီး ကကြ တယ်၊ စင်နောက်တွေမှာလည်း မိန်းကလေးတွေမူးပြီးမှောက်နေတာနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတော့ သင်္ကြန်ဟာ အရင်ကလိုမလှတော့ပါဘူး၊ တနှစ်ထက်တနှစ် ရုပ်ဆိုးဆိုးလာတယ်” လို့ သူကဆက်ပြောပြပါတယ်။

မိဘတွေအနေနဲ့ သားသမီးတွေကို ရေပက်ကစားဖို့၊ သင်္ကြန် လည်ဖို့အတွက်ငွေတွေထုတ်ပေးနေကြတာ ကိုယ့် သားသမီး ကိုယ်ဖျက်ဆီးရာများ ရောက်နေသလားဆိုတာကို သတိထားသင့်တယ်လို့မဒေ၀ီရဲ့ ဖခင်က ဆိုပါ တယ်။

“သမီးလေးပညာ တပိုင်းတစနဲ့ ဒီလိုဖြစ်သွားတဲ့အတွက် ကျနော် ရင်နာရတယ်၊ ပြီးတော့ သင်္ကြန် မှာ လူငယ်တွေ ပျော်ပါစေလို့ စိတ်ချလက်ချ လွှတ်ထားလို့မရတော့ဘူး ဆိုတာကို သိစေချင်ပါတယ်”လို့  ၂ လသားအရွယ် သမီးငယ်ကို နို့တိုက်နေတဲ့ သမီးဖြစ်သူကို ငေးကြည့်ရင်း စိတ်ထိခိုက်ဟန်နဲ့ ပြောပြပါတယ်။
Comments (5)Add Comment
0
Oh Sangkran (Thingyan)
written by Monlay, April 16, 2009
we can't see our transitional and culture dancing too. such as the Thingyan video too. can't see with a lot of people dancing on the stage. they replace with the cute girl dancing. such as female singers they wear the tight clothes. they show their part breast. it is not good for our Thingyan. need to preserve our culture.
0
Let's create and maintain our lovely and pretty Thingyan.....
written by mgkhin, April 10, 2009
Don't just copy and mixed our lovely thingyan songs, please create more lovely thingyan songs,
We are thirsty for new songs, that means new traditional songs. ...
smilies/smiley.gif
0
...
written by realisticdesire, April 10, 2009
We create our fate by ourself,nobody can't do it !! Do youself , then suffer urself,actually people who create problems by themself not by others and go to abyss .They never think about it conquence of the result of drinking , over happiness and pleasures in thingyan festivals,lost of control their minset and firing the problems with lack of control their mind and sexual desire happened them to become a big social problem .Our people are always doing over acting in finding pleasures ,that assit to them to become deangerous to all ,should control their hapiness and thinkful all the things which can rid of them .Think wisely and do act wisely in every social relation with peoples.We need to emphazie to maintain our culture and tradtion in New Year Thin Gyan 2009.I wish all Myanamr people free from Danger and will be happy throughout their life.
0
yeah this is thingyan
written by lovemm, April 10, 2009
stupid gov made our thingyan ugly....cruel gov destroyed all of our ethnic groups...... evil gov ruined young generations in our country..... What they really want from us? we have nothing left to give...... so i apologize to god to make them stop........please
0
ugly thingyan
written by Mr Know, April 09, 2009
where is our tradition, where?where?

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်