စက်ရုံဆောက်မည့် ဝင်းကြီးကို သွပ်ပြားများဖြင့် ကာရံထားသည့်အထဲ၌ ပွဲကျင်းပမည့် သံပိုက်လုံး စင်ကြီးကို တွေ့ရသည်။ အပြင်ဘက်မှာတော့ လူအများ စုရုံးနေကြသည်။ ပြီးတော့ ဈေးကလေးတဈေးနှင့် အရက်ဆိုင် ကလေး တဆိုင် ကိုလည်း တွေ့ရသည်။IC ပွဲကျင်းပရာနေရာသို့သွားရာ လမ်းတလျှောက်တွင် မိန်းကလေး၊ ယောက်ျားလေးလူငယ်များ ပေါ့ပါး သစ်လွင်စွာ သွားလာနေကြသည်။ သူတို့အားလုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ သူတို့ တွင် ရှိသည့် အဝတ်အစားများထဲမှ အကောင်းဆုံးကို ဝတ်ဆင်လာကြပုံရသည်။ အားလုံး ပျော်ရွှင်နေကြ သည်ကတော့ သေချာသည်။
ပွဲကြည့်ရန် တဖွဲဖွဲ ဝင်လာသူ လူငယ်များက IC အဖွဲ့သားများကို မတွေ့ရသေးမီကပင် ကခုန် ပျော်ရွှင်နေ ကြသည်။ ပွဲကျင်းပမည့် စင်ကြီး ဘေးတွင်ထောင် ထားသည့် ပရိုဂျက်တာကြီးမှာတော့ IC ၁၅ နှစ်ပြည့် ရှိုး ဗီစီဒီကို ဖွင့်ထားသည်။ ထိုဗီစီဒီထဲမှ ထွက်ပေါ်လာသမျှ သီချင်းတိုင်းကို လိုက်ဆိုရင်း အားလုံးက စတိတ်ရှိုး ကြည့်နေသည့် ပုံစံအတိုင်း လက်များကိုမြှောက်ကာ မြူးတူးနေကြသည်။
ဗီစီဒီထဲတွင်ပါသည့် ကိုချစ်စမ်းမောင်၏ မြနန္ဒာ သီချင်း လိဒ် ဆိုလိုသံကိုကြားတော့ အားလုံး ကွေးနေအောင် ထကကြပြန်သည်။ IC အလာကို စိတ်ရှည်လက်ရှည်စောင့်ရင်း ပျော်ရွှင်မြူးကြွနေကြသည်။ အချိန်က ည ၈ နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း ပွဲ မစနိုင်သေး။
ဂိတ်ဝမှာ လက်မှတ်ရောင်းနေသည်။ “တစောင် ဘတ် ၄၀၀” ဟု ကပ်ထားသည်။ IC အဖွဲ့သားများ၏ ဓာတ်ပုံကိုလည်း ဗနိုင်းစဖြင့်ထုတ်ကာ ပိုစတာအဖြစ်ကပ်ထားသည်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ အပါအဝင် IC ဝိုင်းတော်သားများ မတ်လ ၂၉ ရက်နေ့ ညတွင် ဘန်ကောက်မြို့၊ ဘန်ဘော် အရပ်၌ ဖျော်ဖြေမည်ဟု ရေးသားထားသည်။
အများစုကတော့ လက်မှတ်တစောင် ဘတ် ၄၀၀ ကို များသည်ဟု မပြောကြ။ လေးဖြူကို ကြည့်ရတာပင် အမြတ်ဟု ပြောကြသည်။
“ကျနော်က ကော့ကရိတ်မှာ နေတာဆိုတော့ ပြည်တွင်းမှာဆို လုံးဝကြည့်ရမှာ မဟုတ်ဘူး။ ခု IC လည်းကြည့်ရတယ်၊ ကိုလေးဖြူကြီးလည်း ပါတယ်ဆိုတော့ ၄၀၀ တန်ပါတယ်ဗျာ။ အစက ပွဲပျက်မလို ကြားနေရတာ။ ခု မပျက်ဘူးဆိုတော့မှ သက်ပျင်းချနိုင်တယ်” ဟု ကိုမိုးအောင် ဆိုသူ အထည်ချုပ် အလုပ်သမား လူငယ်က တက်ကြွစွာ ပြောသည်။ သူကအလုပ်သမားကတ်ဖြင့် တရားဝင်နေထိုင်သူ ဖြစ်၏။
ဆက်လက်၍သူက တချို့သောသူများမှာ လကုန်ရက်ဖြစ်သောကြောင့် ကြည့်ချင်သော်လည်း မကြည့်နိုင်ဟု ရှင်းပြသည်။ သူကတော့ ၁၅ ရက်တကြိမ်လုပ်ခ ရှင်းသဖြင့် ကြည့်နိုင်သည်ဟု ဆိုသည်။ တချို့ သိပ်ကြည့် ချင်သော်လည်း ပိုက်ဆံမတတ်နိုင်သူတို့က ချေးငှားကြည့်ကြသည်ဟု ပြောသည်။
ဘန်ကောက်မြို့ထဲမှ တက္ကသိုလ်များတွင် တက်ရောက်နေသော မြန်မာကျောင်းသားများလည်း လာကြည့် ကြသည်။ အယောက် ၃၀ ကျော် ၄၀ နီးပါးခန့်ရှိမည် ခန့်မှန်းရသည်။
ပွဲစီစဉ်သူများကို စုံစမ်းကြည့်ရာ ၁၀ ဦးခန့်ရှိသည်။ ထိုင်းကော မြန်မာများပါ ပါသည်ဟု သိရသည်။ ပွဲခေါင်းစဉ် ကို ထိုင်း - မြန်မာ ချစ်ကြည်ရေးပွဲဟု တပ်ထားသည်။ ၎င်းတို့နှင့် နီးစပ်သူ တဦးကတော့ ဘယ်အဖွဲ့အစည်း ကမှ စီစဉ်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အစီအစဉ်သာဖြစ်သည်ဟု ပြောသည်။
အဝင်ဝတွင် ကင်မရာ တလုံး (ကြီးကြီး၊ သေးသေး) ဘတ် ၃၀၀ အခွန်ဆောင်ခိုင်းသည်။ ဗီဒီယို ကင်မရာ ကတော့ လုံးဝမယူရ။ အဝင်ပေါက်ဝတွင် ထိုင်းနှင့်မြန်မာ လုံခြုံရေး ဝန်ထမ်း ၁၅ ဦးခန့် တန်းစီရပ်နေသည်။ သူတို့ တဘက်တချက်ကြားမှ ဝင်သွားရသည်။
ကန်ထရိုက်ယူထားသူများက ဗီဒီယိုကင်မရာကြီး သုံးလုံးဆင်၍ ရိုက်ရန်ပြင်ဆင်နေသည်။
IC အဖွဲ့ကိုငှားရမ်းရာတွင် တီးဝိုင်းအဖွဲ့ဝင်တဦးစီအတွက် ဒေါ်လာ ၂၀၀၀ စီနှင့် ကိုလေးဖြူမှအပ ကျန် သည့်အဆိုတော်များအတွက် ဒေါ်လာ ၂၀၀၀ ကျသင့်ပြီး ကိုလေးဖြူကို ငှားရမ်းလိုလျှင် ဒေါ်လာ ၂၅၀၀ ပေးရမည်ဟု ၎င်းအဖွဲ့၏ တာဝန်ရှိသူတဦးထံမှ သိရသည်။ ၎င်းငွေမှာ အဖွဲ့ကို ငှားရမ်းစရိတ်သာဖြစ်ပြီး ခရီးစရိတ်၊ နေစရိတ်တို့ကို ကျခံရမည်ဖြစ်သည်။
၇ နာရီ ပွဲစမည်ဆိုသည့် IC က ၈ နာရီတော်တော်လေး ကျော်မှ စဖြစ်သည်။ လာကြည့်သည့် လူက ၁၅၀၀ ဝန်းကျင်ခန့် ရှိမည်။ တဖွဲဖွဲလာနေကြသည်။ ဝန်းအပြင်ဘက် ထွက်ကြည့်တော့ အပြင်မှာလည်း လူတွေ ဖွေးဖွေးလှုပ်နေသည်။ ထိုသူအားလုံးက လက်မှတ်မဝယ်နိုင်သဖြင့် တီးဝိုင်းကအသံ လာနားထောင်သူ များဖြစ်သည်။
ဝန်းကြီး၏ ဘေး နှစ်ဘက်က စက်ရုံများ၏ ပြူတင်းပေါက်များတွင်လည်း ပွဲကြည့်နေသူများ ကိုတွေ့ရသည်။
IC က စစချင်းအဖွင့်တီးလုံးပင် ရှည်ရှည်ဝေးဝေးတီးမနေဘဲ ကြိုးကြာ၏ သီချင်းဖြင့် စဖွင့်လိုက်သည်။ ကြိုးကြာကို ပန်းစည်းများ ဝိုင်းကမ်းကြသည်။ ကြိုးကြာပြီးတော့ ဆုန်သင်းပါရ်။ ဆုန်သင်းပါရ်က ရော့ခ် အဆူ သီချင်းများသာ ဆိုသည်။ အားလုံးက စည်းချက်ညီညီ ကခုန်ရင်း လိုက်ဆိုကာ အားပေးနေကြသည်။ တချို့က ဖုန်း ကင်မရာများဖြင့် ရိုက်ယူကြသည်။
ထိုအချိန်တွင် ဘေးမှ အသံတသံ ထွက်ပေါ်လာသည်။ “လမ်းထိပ်မှာ ဖမ်းနေတယ်။ အလုပ်သမားတွေ အများကြီးပဲ” ဟူ၍ဖြစ်သည်။
စင်ပေါ်မှာတော့ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ တို့က စင်မြင့်ဖျော်ဖြေပွဲများတွင် သူတို့ လမိုင်းကပ်နေကျ သီချင်း များဖြင့် တယောက် ၅ ပုဒ်ခန့်စီ တလှည့်စီ ဖျော်ဖြေနေသည်။ ပရိသတ်က ကခုန်မြူးတူးနေဆဲ ဖြစ်သည်။
ပန်းစည်း များကို ဝယ်ပြီး အဆိုတော်များကို ကမ်းပေးနေကြသည်။ မျိုးကြီးက “လေပြည်” သီချင်းကို အားရ ပါးရ သီဆို သွားသည်။ သူ့လိုက်ဖ်ရှိုးအခွေထဲမှ “နားနားပြီးပြော” ကိုဆိုတော့ အားလုံးလိုက်ဆိုပြန်သည်။
ကိုအငဲက ဆိုကာနီးတွင် “ခုလို ဒုက္ခတွေကြားက လာအားပေးကြတဲ့ ခင်ဗျားတို့ကို ကျေးဇူး တင်တယ်ဗျာ” ဟု ပြောလိုက်ရာ ပရိသတ်က “ဝေး” ခနဲ ထအော်သည်။ လုံခြုံရေးများက နံပါတ်တုတ်များဖြင့် စောင့်နေ သည်။ သို့သော် ပွဲမစခင်မှာ အပြင်ဆွဲထုတ်ခံရသည့် လူ တယောက်၊ နှစ်ယောက် ရှိသည်က လွဲ၍ ဘာပြဿနာမှ ထွေထွေထူးထူးမရှိ။
ပွဲခင်းအပြင်ဘက်က အရက်ဆိုင်ကလေး တဆိုင်မှာတော့ ဗမာသီချင်း ကာရာအိုကေ ဆိုနေကြတာ တွေ့သည်။ ဗမာကာရာအိုကေ တပုဒ်ဆိုလျှင် ၅ ဘတ်ပေးရသည်ဟု သိရသည်။ ပွဲဝင်းထဲမှာ IC က
ခေတ်ပေါ် ရော့ခ်ဂီတဖြင့် မြူးကြွနေသလို အပြင်ဘက်က ထိုဆိုင်ကလေးထဲတွင်လည်း မြန်မာသံစဉ် သီချင်းသံများ ထွက်ပေါ်နေ၏။
ပရိသတ်က “လေးဖြူ … လေးဖြူ” ဟု အော်ကြသည်။ သို့သော်လည်း ကျန်အဆိုတော်များကို အနှောင့်အယှက်မပေး။ ကိုအငဲ ဆိုနေစဉ် ကိုလေးဖြူက စင်အောက်မှ စောင့်ကြည့်နေသည်။
သူ့အလှည့်ကျတော့ ကိုလေးဖြူက “ထွက်ပေါက်” သီချင်းဖြင့် စဖွင့်သည်။ လေဟာပြင် ဖျော်ဖြေပွဲ ဖြစ်သောကြောင့် သီချင်းတွေက ရော့ခ် အဆူ များသည်။ ကိုလေးဖြူက “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတော့ ပရိသတ်က အားရပါးရလိုက်ဆိုသည်။
ကိုလေးဖြူ၏ သီချင်း ဆိုလိုကို ကိုချစ်စမ်းမောင် တီးနေစဉ် ကိုလေးဖြူက ကိုချစ်စမ်းမောင်ကို လက်ညှိုး ထိုးကာ “ဗမာကွ … ဒါ ဗမာ” ဟု အော်လိုက်ရာ ပရိသတ်က “ဝေး” ကနဲ အော်ဟစ် အားပေးပြန်သည်။
ကိုလေးဖြူနှင့် ပရိသတ်က တော်တော်လေး စီးကပ်နေ၏။ ပန်းစည်းတွေကမ်းပြီး လက်ကိုဆွဲထားကြသည်။ ရော့ခ် အမြန်၊ အဆူများ ဆိုအပြီးတွင် သူ့ နောက်ဆုံးထုတ် ဘင်္ဂလား ပင်လယ်အော် (BOB) အခွေထဲမှ စာမျက်နှာ ၁၅ သီချင်းကို သီဆိုသည်။ ပရိသတ် က ဟုတ်တိပတ်တိ လိုက်မဆိုကြ။ နားပဲ ထောင်နေကြ သည်။
“ဒီသီချင်းကို လိုက်မဆိုတာ ထူးဆန်းတယ်။ ရန်ကုန်မှာ ဆိုရင် ဒီသီချင်းက ပရိတ်သတ်အကုန် လိုက်ဆိုတဲ့ သီချင်းလေ” ဟု ကိုခင်မောင်သန့်က ပြောပြသည်။ “သူတို့တွေဆီ ဒီသီချင်း မရောက် သေးဘူးလား မသိဘူး” ဟုလည်း သူက ဆက်ပြောသည်။
သူ့ကိုယ်သူ Clay ဟု ပြောသည့် အမေရိကန်နိုင်ငံသား တယောက်လည်း လာအားပေးတာ တွေ့ရသည်။ သူက“မြန်မာပြည်မှာ နာမည်အကြီးဆုံး ရော့ခ်ဘန်ပဲ။ ကျနော်သိပ်ကြိုက်ပါတယ်။ မြန်မာပြည်ကို သွားလည် တုန်းက သူတို့ ဓာတ်ပုံတွေက နေရာအနှံ့ပဲ” ဟု ဆိုသည်။ ထိုင်းလူငယ် တော်တော်များများလည်း လာကြသည်။
ကိုလေးဖြူ ဆိုနေစဉ်။ ငလျင်တချက် လှုပ်ခါသွားရာ သံပိုက်လုံးများဖြင့် ဆောက်ထားသည့် စင်ကြီး အနည်းငယ် ယမ်းခါသွားသည်။ ပွဲကြီးကြပ်သူများက ဘေးသံတိုင်များဖြင့် မလွတ်သူများကို လာရောက် ဖယ်ရှားခိုင်းနေသည်။ ဘာမှတော့ ဆက်မဖြစ်။
တီးခတ်သူများ အစွမ်းပြချိန်ကို ပရိသတ်က မျှော်နေကြသည်။ သို့သော် ကိုလေးဖြူ ဆိုပြီးတာနှင့် ပွဲသိမ်းဖို့ပြင်တာ တွေ့ရသည်။ ထိုင်းအာဏာပိုင်များက ပွဲကို သိမ်းခိုင်းနေသည်ဟုလည်း ကြားနေရသည်။
ကိုလေးဖြူက တပုဒ်သီဆိုအပြီးတွင် “ကျနော် သူတို့ကို ပါးပါးလေး ညှိကြည့်လိုက်မယ်” ဟု ပြောလိုက်သည်။ ပရိသတ်က အရှိန်ရနေဆဲဖြစ်သည်။
သို့သော် စင်ပေါ်သို့ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီး၊ ကိုဝိုင်ဝိုင်း လေးယောက်စလုံး တက်ကာ သူတို့ပွဲသိမ်း နေကျ “ဒီဇင်ဘာ” သီချင်းကို ဆိုသည်။ ပြီးတော့ တယောက် တပုဒ်စီဆိုကာ ကိုလေးဖြူ၏ “စုန်းမ” သီချင်းဖြင့် ပွဲကို အဆုံး သတ်လိုက် တော့သည်။
“သူတို့က ခဏခဏ လာပြီး ပွဲကိုရပ်တော့လို့ ပြောတာနဲ့ ရပ်လိုက်ရတာ” ဟု ကိုခင်မောင်သန့်က ပြောပြသည်။ ပွဲကျင်းပမည့် နေ့ တနေ့လုံး သူတို့ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟုလည်း ဆိုသည်။ စက်များဆင်ရန် လာခေါ်ရမည့်အချိန်ထက် ၃ နာရီလောက် နောက်ကျသဖြင့် အစီအစဉ်များ ကြပ်ကုန် သည်ဟုလည်း ပြောသည်။
ပွဲပြီးပြီးချင်းပင် IC ပွဲလာကြည့်သည့် ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀၀ ကျော်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းသွားသည်ဟု ကြားလိုက်ရသည်။
“ကျနော်တို့ရှေ့တင် အချုပ်ကားကြီးနဲ့ ၂ စီး လူတွေကို တင်ဖမ်းသွားတာ တွေ့လိုက်တယ်” ဟု ကိုခင် မောင်သန့်က ပြောပြသည်။ သူတို့အားလုံးလည်း စိတ်မကောင်း ဖြစ်နေကြသည်။ ဒါမျိုး တခါမှ မကြုံဖူးဘူးဟု ဆိုသည်။ သူတို့အဖွဲ့၏ ပတ်စ်ပို့စ်များကို တောင်ယူစစ်ဆေးနေသောကြောင့် ပွဲ တော်တော် နှင့်မစနိုင်ခြင်း ဖြစ်သည်။
လာသမျှပရိသတ်တို့၏ ပတ်စ်ပို့စ်များကိုလည်း လမ်းဝမှ စောင့်စစ်သည်ဟု သိရသည်။ တချို့တက္ကသိုလ် ကျောင်းသားများ ဆိုလျှင် ကျောင်းသားကတ်သာ ပါလာပြီး ပတ်စ်ပို့စ် မပါလာသောကြောင့် အတော်လေး ရှင်းယူရသည်ဟု အေးပက်တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့် ကျောင်းသူတဦးက ပြောသည်။
“ကျမတို့လည်း IC မို့လို့သာ စောင့်ကြည့်တာ။ တခြားတခုခုဆို မစောင့် တော့ဘူး။ နေရာက မလုံခြုံဘူးလို့ ခံစားတယ်” ဟု သူကဆိုသည်။ “အဆိုတော်တွေ ပုံစံနဲ့ သူတို့ပြောနေတဲ့စကားတွေ ကြားရတာလည်း တမျိုးကြီးပဲ။ သူတို့ ပျော်ပုံမရဘူး။ ပွဲက တခုခုလိုနေသလိုပဲ။ နောက်ပြီး တနာရီခွဲလောက်ပဲ တီးပြီး သိမ်းလိုက်တော့ စိတ်ကျေနပ်မှုမရဘူး” ဟု သူက ဆက် ပြောသည်။
IC ပွဲသိမ်းပြီးချိန်တွင် ပွဲခင်းအပြင်ဘက် အရက်ဆိုင်ကလေးထဲ၌ နတ်ကန္နားများတွင် ဆိုသည့် သီချင်း တပုဒ်ကိုဖွင့်ကာ အားပါးတရ ကခုန်မြူးတူးနေသည့် ဗမာ အမျိုးသား၊ အမျိုး သမီး အယောက် ၃၀ ကျော်ခန့်ကို တွေ့ရသည်။ ရှေ့က လမ်းပေါ်မှာတော့ ရဲကား ၅ စီးခန့် အချက်ပြ မီးများဖွင့်ကာ ဥဒဟို သွားလာနေသည်။
“ဘန်ကောက်ကိုတော့ တော်တော်လေး လန့်သွားပြီ။ အဖမ်းခံရတဲ့ သူတွေအတွက်တော့ စိတ် မကောင်းဘူးဗျာ။ သနားပါတယ်” ဟု ကိုခင်မောင်သန့်က ပြောသည်။ ။

written by Mr.Left, May 16, 2009
written by Metal, May 03, 2009


written by Thu Rai, April 13, 2009
written by Michael T.Hla , Norway., April 10, 2009
written byှSxn( Rawang), April 10, 2009
They all are really enjoy in giving their commiment to the audience. The real artists are actually willing to give their time and all things upon lay people. I love IC forever. Even though the people from other country usually look down Myanmar people, I don't care. Who care...In fact, Myanmar should be the riches country in Asia....Layphu and all of IC members......don't give up your talents...We are yours...
written by sai htuu, April 07, 2009
no doubt about that everyone love him...he was such a great rocker, made us so proud!!!
thx layphy&ic.... i will support u guys forever.....
written by maung ko, April 06, 2009
written by စိတ်, April 06, 2009
ံမြန်မာတိုင်း... ကိုယ်တိုင်းပြည်ကို ချစ်ကြတာတွေ့တော့... မျက်ရည် လည်မိအောင် ၀မ်းသာမိပါတယ်....
တို့မြန်မာပြည်ကြီးဟာ... အရမ်းလှပပြီး.. အရမ်းချစ်ဖို့ ကောင်းပါတယ်....
တကယ်တော့ အစိုးရမကောင်းတာဟာ...တိုင်းပြည်နဲ့ ဘာမှာမဆိုင်ပါဘူး...
တခါတခါကျတော့.. .အစိုးရကိုမကျေနပ်လို့.. .ပြောဆိုပြုမှုလိုက်ကြတဲ့.. .ဖြစ်ရပ်တွေက....
တို့တိုင်းပြည်ကြီးရဲ့. .ဂုဏ်ကျက်သရေကို ညှိးနွမ်းစေတယ်ဆိုတာကိုတော့. .. .သတိပြုကြစေချင်ပါတယ်...
တိုင်းရင်းသားတွေ ပေါင်းစည်းထားတဲ့..တို့မြန်မာတွေ့ဟာ.. ..ဘယ်နေရာ၊ ဘယ်ဒေသကိုဘဲ ရောက်နေရောက်နေ....
မြန်မာဟာ..မြန်မာပါဘဲ....
written by သီလဝ, April 05, 2009
အထူးသဖြင့် ကိုလေးဇြူကြီးကိုတော့ လေးစားတာထက် ကြည်ညိုတယ်ဆိုရင် ပိုသင့်တော်မယ် ထင်တယ်။
သူ့ ရဲ့ပါဝါ ၅၄ စီးရီးလေးကိုလည်း အမြဲအမှတ်ရ နေမှာပါ။ အစ်ကိုကြီးရေ ကျွန်တော် ဂါရဝ ပြုလိုက်ပါတယ်။
နိုင်ငံနဲ့ လူမျိုးဂုဏ်နဲ့  အကျိုးကို ဒိထက်ပိုပြီး သယ်ပိုးနိုင်ပါစေဗျာ။
သီလဝ
written by hein, April 04, 2009
written by ရော်ဆမ်း, April 02, 2009
written by AungBa, April 02, 2009
written by shwe kayin, April 02, 2009
Rock never die
written by the learner, April 02, 2009
I wonder where is "Mr.True" who always writing letters criticising migrant workers and opponents of junta.
written by KHIN, April 02, 2009
written by georgeorwal, April 02, 2009
I love all your guys
As lay phyu said and pointed when chit San Maung playing solo guitar like " Burmese ..this is Burmese"
This is not good idea. Lay Phyu Should say " Myanmar ... this is Myanmar"
IC, you may see the suffering life of people working in Thai Land
Please share this fact to your friends that how thai police treat people in thailand
Sincerely yours,
George
| < Prev | Next > |
|---|








လာပြီး ဖျော်ဖြေပေး တာကတော့ ကျေးဇူးပါပဲ။ )





