အခြေခံလူတန်းစားများ အားထားရာ ဘက ကျောင်း

ကိုအေးထွန်းက သူ၏ ယာဉ်မောင်းလစာငွေ ကျပ် ၇ သောင်းနှင့် မြို့နယ်စည်ပင်သာယာတွင် သန့်ရှင်းရေးအဖြစ် လုပ်ကိုင်နေသော ဇနီးသည်၏ လစာငွေ ကျပ် ၄ သောင်းခန့်က စားလောက်ရုံသာ ရှိပြီး ကျောင်းနေအရွယ် သားသမီး ၃ ယောက်စလုံးကို ကျောင်းထားရန် မတတ်နိုင်ကြောင်း ပြောပြသည်။

bakaschool400“ကျနော်က ဆင်းရဲပေမယ့် ကိုယ့်သားသမီးကိုတော့ ပညာတတ်ဖြစ်စေချင်တယ်။ သားသမီး ၃ ယောက်စလုံးကို အစိုးရကျောင်းမှာ ထားနိုင်ဖို့ဆိုတာကတော့ ကျနော်တို့ အခြေအနေနဲ့ လုံးဝမဖြစ်နိုင်ဘူး” ဟု ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကိုအေးထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပညာရည် မြင့်မားရေးအတွက် နှစ် ၃၀ စီမံကိန်း ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ထိုစီမံကိန်းတွင် မသင်မနေရစနစ်၊ အခမဲ့ပညာရေးစနစ်တို့ ပါဝင်သော်လည်း ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

အစိုးရကျောင်းများတွင် ကျောင်းဝင်ကြေး၊ စာအုပ်စာတမ်းဖိုး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေး၊ ကျောင်းရန်ပုံငွေ စသည်တို့အပြင် စာရေးကိရိယာအတွက်လည်း ကုန်ကျစရိတ်များ ရှိနေသောကြောင့် ကျောင်းသားတယောက်အတွက် တလလျှင် အနည်းဆုံးကျပ် ၅ ထောင်မှ ကျပ် ၁ သောင်းကျော်အထိ အကုန်အကျခံနိုင်မှ အစိုးရကျောင်း ထားနိုင်သော အခြေအနေဖြစ်နေကြောင်း ကျောင်းသားမိဘများက ပြောသည်။

“ကျောင်းဝင်ကြေးနဲ့ ကျောင်းရန်ပုံငွေက ကျောင်းအပ်စမှာ ပေးရမယ်။ ကျောင်းအလိုက် ငွေပမာဏက ကွာခြားမှုရှိတယ်။ ကျောင်းသားတိုင်း လစဉ်ကုန်နေတာက စာအုပ်စာတမ်းဖိုး၊ စာမေးပွဲကြေး၊ သင်ကြားရေး ပစ္စည်းအလှူငွေ
အဲလိုခေါင်းစဉ်တွေနဲ့ လတိုင်း အလှူငွေထည့်နေရတယ်။ စာသင်ခုံကအစ လိုအပ်ရင် ၀ယ်လှူရတာမျိုးဆိုတော့ ကျောင်းစရိတ်က ကြီးပါတယ်” ဟု ပဲခူးမြို့ခံ ကျောင်းသားမိဘတဦးက ပြောကြားသည်။

ပညာသင်ကြားရေးအတွက် လိုအပ်သော တခြားစရိတ်များကို မိဘများမှ ဖြည့်ဆည်းပေးနေရခြင်းသည် အစိုးရမှ ချထားပေးသော ပညာရေးဘတ်ချက်ငွေ နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ အတိုင်ပင်ခံ ပညာရှင်တဦးက သုံးသပ်ပြောဆိုသည်။

ပညာရေးတက္ကသိုလ်မှ ပါမောက္ခတဦးကလည်း အစိုးရအနေဖြင့် ပညာရေးအတွက် ဘတ်ဂျက်ကို လုံလောက်စွာ ချမပေးခြင်းကြောင့် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားရေး ကိရိယာများ မလုံလောက်ခြင်း၊ ပညာရေးဝန်ထမ်းများ လစာလုံလောက်မှု မရှိခြင်း၊ ပညာသင်ကြားစရိတ်ကို ကျောင်းသားမိဘများက မျှခံဖြည့်ဆည်းပေးနေရခြင်းမျိုး ဖြစ်လျက်ရှိပြီး မဖြည့်ဆည်းနိုင်သော ဆင်းရဲသားများမှာ ကျောင်းမနေနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း ပြောသည်။

“မြန်မာနိုင်ငံရဲ့ ကလေးသူငယ် ၁ သန်းနဲ့ ၂ သန်းကြားလောက်က အဓိကအားဖြင့် မိသားစုစီပွားရေး ပြဿနာတွေကြောင့် ကျောင်းမတက်နိုင်ကြတာကို တွေ့ရတယ်” ဟု ပညာရေးတက္ကသိုလ် အငြိမ်းစား ဒု ပါမောက္ခ ဒေါက်တာမျိုးတင့်က ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းပေါင်း ၄၀၉၀၀ ကျော်တွင် ဆရာ ဆရာမပေါင်း ၂၇၄၀၀၀၊ ကျောင်းသူကျောင်းသားပေါင်း ၈ သန်းကျော်ရှိကြောင်း သိရှိရသည်။

ပညာရေးဝန်းကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ အသုံးစရိတ်များကို အခြေခံနှင့် အဆင့်မြင့် ပညာကဏ္ဍဟူ၍ ခွဲခြားဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာရေးကဏ္ဍတွင် အခြေခံပညာကျောင်းပေါင်း ၄ သောင်းကျော်၏ အသုံးစရိတ်များပါဝင်ပြီး အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၆၄ ကျောင်းလည်း ပါဝင်သည်။

တခြား တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်း  ၉၇ ကျောင်းကိုမူ သက်ဆိုင်ရာဝန်ကြီးဌာန  ၁၂ ခုက တာဝန်ယူထားသည်။ ပညာရေးကဏ္ဍာ အသုံးစရိတ်စုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း ၃၅၂၅၈၄ သန်းရှိပြီး ပညာရေးကဏ္ဍ စုစုပေါင်းသည် ၄ ဒဿမ ၄၂ ရာခိုင်နှုန်းဖြစ်သည်ဟု အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။

“ကျနော်တို့လို ဆင်းရဲသားတွေအဖို့ အစိုးရကျောင်းတွေက တဖြည်းဖြည်းနဲ့ အလှမ်းဝေးလာတယ်။ ရပ်ကွက်ထဲမှာလည်း ကျနော့်လို ဘ၀တူတွေ မိဘတွေ အများကြီးပါ။ သားသမီးတွေကို ပညာတတ်စေချင်တယ်၊ စားဝတ်နေရေးကလည်း ကြပ်တည်းလွန်းတော့ ကျောင်းမထားနိုင်ဘဲ အခမဲ့သင်ပေးတဲ့ ဘက (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) မှာ ထားလာကြတယ်။ ဘကကျောင်းတွေကတော့ အခမဲ့ပဲ၊ စာအုပ်ဖိုးလည်း ပေးစရာမလိုဘူး။ ကျောင်းဝင်ကြေးတို့၊ အလှူငွေတို့လည်း မရှိတော့ ကျနော်တို့လို ဆင်းရဲသားမိဘတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်” ဟု ကိုအေးထွန်းက ပြောသည်။

သားသမီးကို ပညာတတ်စေချင်သော်လည်း ဆင်းရဲနွမ်းပါးသော ကိုအေးထွန်းကဲ့သို့ မိဘများအတွက် ဘက ကျောင်းဟု ခေါ်ဆိုကြသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အားထားရာ ဖြစ်လျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပညာသင်ကြားစရိတ် မြင့်လာခြင်းကြောင့် ဘက ကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။

ယခုအခါ မြန်မာတပြည်လုံး အတိုင်းအတာဖြင့် အခမဲ့ ဘက ကျောင်းပေါင်း ၂၅၀၀ ကျော်ရှိကာ အဆိုပါ ကျောင်းများတွင် သင်ကြားနေသော ကျောင်းသားပေါင်း ၂ သိန်းကျော်ရှိကြောင်း၊ အဆိုပါ ကျောင်းသားဦးရေမှာ  ပြည်တွင်းကျောင်းသား စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းဖြစ်ကြောင်း အငြိမ်းစား ဒု ပါမောက္ခ ဒေါက်တာ မျိုးတင့်၏ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အခန်းကဏ္ဍနှင့် မြန်မာ့ပညာရေးဆိုင်ရာ စာတမ်းတွင် ရေးသားထားသည်။

အဆိုပါစာတမ်းတွင် မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ စာတတ်မြောက်ရေးအတွက် အခမဲ့
ဘက ကျောင်းများသည် ယနေ့ မြန်မာနိုင်ငံပညာရေး၏ အဓိကအခန်းကဏ္ဍတရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း သုံးသပ်ရေးသားထားသည်။

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ပညာရွှေတောင် ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းမှ ဆရာတော် ဦးဝိလာသက “ဘာကြောင့် အခုလို အခမဲ့ကျောင်း ထူထောင်ရတာလဲဆိုတော့ ဒီကလေးတွေ ကျောင်းမနေရတော့ လမ်းပေါ်ရောက်ကုန်မယ်၊ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်တဲ့ လူတွေအဖြစ် ကြီးပြင်းလာမယ်လို့ တွေးမိတော့
မနေနိုင်တော့ဘူး။ ပညာပါရမီဖြစ်အောင် ဖြည့်မယ်ဆိုတဲ့စိတ်နဲ့ ဒီဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို စလိုက်တာပဲ” ဟု မိန့်သည်။

စာသင်ကျောင်း စတင်စဉ်က ကျောင်းသားများသာရှိပြီး ကျောင်းရပ်တည်ရန် ရန်ပုံငွေ မရှိ၊ သင်ပေးမည့်ဆရာ မရှိ၊ စာသင်ခုံ မရှိ၊ ကျောက်သင်ပုန်း မရှိသော အခြေအနေဖြစ်ကြောင်း၊ ယခုအခါ သူငယ်တန်းမှ ရှစ်တန်းအထိ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားပေါင်း ၂၅၀ ကျော်ရှိပြီး ဆရာ ဆရာမပေါင်း ၁၁ ဦးရှိကြောင်း၊ ကျောင်းမှ သံဃာ ၃ ပါးကလည်း ယဉ်ကျေးလိမ်မာစေရန် သင်ကြားပေးနေကြောင်း သိရသည်။

“ဒီလို ဘက ကျောင်းတွေကတော့ အစိုးရကျောင်းတွေမှာ မနေနိုင်ကြတဲ့ ကလေးတွေပေါ့။ သူတို့မိဘတွေက ဆင်းရဲနွမ်းပါးကြတော့ ကျောင်းစရိတ်မတတ်နိုင်ဘူး။ ဒီကျောင်းမှာတော့ ကျောင်းဝင်ကြေးလည်း မရှိဘူး၊
စာအုပ်စာတမ်းကစ ဘုန်းကြီးက တာဝန်ယူပေးထားတော့ ဆင်းရဲသားတွေက ဒီကျောင်းတက်ကြတာ များတယ်။ ခုတော့ ပဲခူးမှာလည်း ဒီလို အခမဲ့ကျောင်းတွေ ပိုများလာတယ်။ ကျောင်းသားတွေကလည်း များလာကြတာကိုး” ဟု ဦးဝိလာသက မိန့်ကြားသည်။

ပညာရွှေတောင် ဘက ကျောင်းမှာ ၁၉၉၃ ခုနှစ်တွင် ပဲခူးမြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့သော ဘက ကျောင်းဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ပဲခူး၌ ဘက ကျောင်း ၂၇ ကျောင်းအထိ ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်၌ အရှေ့ပိုင်းခရိုင် ၁၂ မြို့နယ်တွင် ၅၃ ကျောင်း၊ အနောက်ပိုင်း ခရိုင် ၉ မြို့နယ်တွင် ၂၃ ကျောင်း၊ တောင်ပိုင်းခရိုင် ၈ မြို့နယ်တွင်  ၄၂ ကျောင်း၊ မြောက်ပိုင်းခရိုင် ၈ မြို့နယ်တွင် ၅၅ ကျောင်း ရှိကြောင်း ဘက ကျောင်းများနှင့် ပတ်သက်သော စစ်တမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကျောင်းအများစုတွင် နေ့လည်စာ ထမင်းစားဆင်းချိန်၌ ထမင်းဘူးမပါသော ကလေးများ အများအပြား ရှိနေသောကြောင့် ဘုန်းတော်ကြီးများမှာ စာသင်ကြားရေးသာမက နေ့လည်စာ အာဟာရ ကျွေးမွေးရေးကိုပါ တာဝန်ယူလာကြရကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ် အောင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမတဦးက “ဒီက ကလေးတွေက တော်တော်လေးကို နွမ်းပါးကြပါတယ်။ ကလေးတိုင်း နေ့လည်စာထမင်းဘူး ယူနိုင်ကြတာ မဟုတ်ဘူး။ နေ့လည်စာ အငတ်ခံနေတဲ့ ကလေးတွေရှိတာကို ဆရာတော်က သိသွားတော့ ထမင်းဘူး မပါတဲ့ ကလေးတွေကို ဟင်းပေါင်းနဲ့ ကျွေးပေးတယ်။ တနှစ်ထက်တနှစ် ကျောင်းသားတွေက ပိုပိုများလာတော့ ဆရာတော်လည်း မတတ်နိုင်တော့ဘူး” ဟု
ပြောသည်။

မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ ကိုလိုနီခေတ်ကတည်းက ရှိခဲ့ကြပြီး ၁၉၈၂ ခုနှစ်ဝန်းကျင်တွင် ကွယ်ပျောက်သွားခဲ့သည်။ ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ပြန်လည်ရှင်သန်လာခဲ့ပြီး ယခုအခါ အခြေခံလူတန်းစားများ၏ အားထားရာ ကျောင်းများ ဖြစ်လျက်ရှိသည်။

ဘက ကျောင်းများသည် သာသနာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိပြီး မူလတန်းလွန်၊ အလယ်တန်းနှင့် အထက်တန်း အထိဖွင့်လှစ် သင်ကြားနေကြသည်။ ဘက ကျောင်းများ၌ သင်ကြားပေးနေသော ဆရာ၊ ဆရာမများအတွက် သတ်မှတ်လစာဟူ၍ မရှိဘဲ ကျောင်း၏အနေအထားနှင့် ငွေကြေးလိုအပ်ချက်ပေါ်မူတည်၍ ဘုန်းတော်ကြီးကျောင်းများကသာ ပေးနေရခြင်းဖြစ်သည်။

အောင်ပရဟိတ ဘက ကျောင်းမှ ဆရာတော်က “ဆရာ ဆရာမတွေရဲ့ လစာ၊ စားဝတ်နေရေးနဲ့ ကလေးတွေအတွက် စာရေးကိရိယာ စတာတွေကို ဘုန်းတော်ကြီးတွေက သာရေး၊ နာရေးကရတဲ့ ငွေတွေကနေ ဖြည့်ဆည်းပေးနေရတယ်။ လစာထက် မုန့်ဖိုးသဘောမျိုးပဲ ပေးနိုင်တဲ့ အနေအထားရှိတယ်” ဟု မိန့်သည်။

အဆိုပါ ဘက ကျောင်းများ၌ ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများသည် ရရှိသည့်လစာနှုန်းထက် မိမိခံယူချက်နှင့် ဆန္ဒအလျောက် လာရောက် သင်ကြားပေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

ပညာရွှေတောင် ကျောင်းတိုက်မှ ဆရာတဦးက “တလကို ငွေ ၂ သောင်းပေါ့၊ ဘုန်းဘုန်းက မုန့်ဖိုးဆိုပြီး ပေးပါတယ်။ အသုံးစရိတ်နဲ့ဆိုတော့ မလောက်ဘူး။ မလောက်ပေမယ့် ချွေတာပြီး သုံးနေတယ်” ဟု ပြောသည်။

သူသည် အစိုးရကျောင်းမှ ပင်စင်ယူပြီးနောက် ဘက ကျောင်းတွင် ဆရာအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ ယခင်က မုန့်ဖိုးအဖြစ် တလလျှင် ငွေကျပ် ၇ ထောင် ရရှိခဲ့ကြောင်း၊ နောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် ဆရာတော်မှ ၁ သောင်း၊ ၂ သောင်းစသည်ဖြင့် တဖြည်းဖြည်း တိုးမြှင့်ပေးလာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။

လက်ရှိအခြေအနေတွင် မြန်မာတနိုင်ငံလုံးရှိ ဘက ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားဦးရေမှာ နှစ်စဉ်တိုးလာသောကြောင့် ဆရာ၊ ဆရာမ လိုအပ်ချက်များရှိလာခြင်း၊ ဘုန်းတော်ကြီးကျောင်းများအနေဖြင့် အထောက်အပံ့များ ပိုမိုလိုအပ်လာခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျမင်း ဘက ကျောင်းမှ ဆရာတော်က “ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမဦးရေက မလုံလောက်ဘူးဆိုတာလည်း ဘုန်းဘုန်းသိတယ်။ ဒါပေမယ့် အခြေအနေရ ထားနေရတာပါပဲ။ ဘုန်းဘုန်းကျောင်းမှာက မိဘမဲ့ကလေးက ၂၀၀ ကျော်၊ ကျောင်းပညာ သင်ကြားပေးနေတဲ့ ကျောင်းသားကလေးတွေက ၁၂၀၀ ရှိတော့ ဘုန်းဘုန်းလည်း တော်တော်လေးကို အခက်အခဲတွေ့လာတယ်” ဟု မိန့်သည်။

ဘက ကျောင်းများအား အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးမည်ဆိုပါက ဆင်းရဲသား အခြေခံလူတန်းစား မိသားစုဝင် ကလေးငယ်တို့၏ အနာဂတ်ကို ကယ်တင်ပေးနိုင်မည့် နည်းလမ်းတခုဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဘက ကျောင်းများအနေဖြင့် အခက်အခဲများ ရှိနေသော်လည်း မြန်မာ့ပညာရေး လိုအပ်ချက်ကြောင့် ဆက်လက်သင်ကြားပေးနိုင်ရေး မျှော်လင့်ထားကြောင်း ဘက ကျောင်းများထံမှ သိရှိရသည်။

“သားကြီးကို ဒီနှစ် အလယ်တန်းအောင်ရင် အစိုးရကျောင်း ပြောင်းထားရတော့မယ်။ ကျောင်းစရိတ်က ခုလိုပဲ ဆက်မြင့်နေဦးမယ်ဆိုရင်တော့ ကျနော်တို့လို ဆင်းရဲသားတွေအတွက် ပြဿနာကြီးတရပ် ထပ်ဖြစ်နေဦးမှာပဲ” ဟု
ကိုအေးထွန်းက ပြောသည်။

ဘကကျောင်းများကို ဆက်လက်အားကိုးရမည့် အနေအထားဖြစ်သောကြောင့် ကိုအေးထွန်းကဲ့သို့ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စား မိဘများအနေဖြင့် သားသမီးများကို အခြေခံပညာအဆင့်တိုင်း၌ ဘက ကျောင်းများတွင် ထားခွင့်ရရေး မျှော်လင့်နေမိကြောင်း ပြောပြသည်။
Comments (12)Add Comment
0
infromation for donation
written by mzh, October 09, 2011
Please kindly take a look this website for donation ,http://www.gsimonasticschool.com/request.html.
Thanks
0
မကြည်.ရက်လို.ပါ
written by pwa gyi, October 09, 2011
ွှအစိုးရမင်းများမတရားခိုးဝှက်ဘုန်းထားကြတဲ.ထဲက၊SUV ကားတစီးစီလောက် ပြန်သိမ်းယူပြီး ကလေးတွေပညာရေး ရံပုံငွေလုပ်ပေးဖို.သမတကြီးဦးသိန်းစိန်ကိုတောင်းဆိုပါရစေ။
0
...
written by Wunnathi, September 27, 2011
ဘ/က ကျောင်းအုပ်ဘုန်းကြီး တစ်ပါးအနေနဲ့ ၀င်ရေးခွင့်ပြုပါ။ ဘ/ကကျောင်းတွေက ဆင်းရဲသားတွေ အတွက် ရည်ရွယ် ဖွင့်လှစ်ထား တာကို သိကြလို့ လူတော်ေ တ်ာများများ၊ အဖွဲ့အစည်းအေ တ်ာများများက လှူကြတာတွေ ရှိပါတယ်။ ကျောင်းတော်ေ တ်ာများများမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေပေမယ့် တကယ်ကို အရေးကြီးဆုံး လိုအပ်ချက်က အရည်အချ င်းပြည့်မှီတဲ့ ဆရာ၊ ဆရာမတွေ ရရှိရေးပါ။ ဒါကို အစိုးရက ကူညီပေးသင့်ပါတယ်။

ဘ/ကကျောင်းဆရာ၊ ဆရာမတွေကို ဆရာဖြစ် သင်တန်းတွေ ပို့ချပေးရမှာပါ။ သင်ကြားရေးမှာ အထောက်အကူ အများကြီးရစေတဲ့ ဆရာဖြစ်သ င်တန်းမျိုးကို စီစဉ်ေ ပးသင့်ပေးမယ့် မလုပ်ပေး ကြပါဘူး။ ငွေကြေးပံပိုးမှု မရှိဘူး ဆိုတဲ့ အကြောင်းပြချ က်တွေနဲ့ ဒီလို သင်တန်းမျိုးတွေကို မလုပ်ပေးနို င်ကြောင်း သက်ဆိုင်ရာ ပညာရေးမှူးေ တွထံက ကြားခဲ့ရပါတယ်။ ဘ/ကကျောင်းက ဆရာ၊ဆရာမတွေ အများစု စေတနာအပြည့်နဲ့ အစိုးရေ ကျာင်းက ဆရာ၊ ဆရာမတွေထက် သာအောင် သင်ပေးေ နကြပါတယ်။ အပင်ပန်းလည်း ခံကြရ၊ အနစ်နာလည်း ခံကြရပါတယ်။ သူတို့အတွက် အကျိုးအမြတ် ဆိုတာကလည်း ဘာမှ မပြောပေ လာက်ပါဘူး။ နာသုံးနာနဲ့ညီတဲ့ ဘ/ကေ ကျာင်းတွေက ဆရာ/ဆရာမတွေကို သင်ကြားရည်ြ ပည့်ဝစေနိုင်တဲ့ ပံပိုးမှုတွေ လုပ်ပေးဖို့ တောင်းဆိုပါတယ်။
0
မတွေးရဲစရာ
written by စိုးမိုး, September 26, 2011
ဒါတောင်ရ န်ကုန်လို မြို့ကြီးပဲ ရှိသေးတယ် နယ်တွေမှာ ဆိုရင်တော့ ပြောစရာကို မလိုတော့ဘူး ကလေးဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ် ဖန်တီး ရှင်တွေပဲလေ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ် အတွက်တော့ မတွေးရဲစရာပဲ။
0
...
written by ak, September 26, 2011
မြန်မာနိုင်ငံမှ ဆင်းရဲချမ်းသာ ကွာဟမှုဟြာ ကီးမားနေတုန်းပါ။ အခုနောက်ပိုင်း ဆိုရင် အသက် ၁၀ အောက် ကလေးတွေ
ကိုလ မ်းပေါ်မှာေ တွ့နေရပါတယ်။ မိန်းကလေးတွေလည်း ပါနေတယ်။ ဒါဟာ အနာဂတ် တိုင်းပြည် အတွက် ရင်လေးစရာပါ
စာသင်ရမယ့် အရွယ်မှလမ်းပေါ်တောင်းရမ်း စားသောက်နေရတော့ ကလေးတွေ အတွက် လမ်းမှားေ ရာက်သွားဖို့လည်း
များပါတယ်။ ဒီလိုသာ ဆက်ရှိနေမ ယ်ဆိုရင် တိုင်းပြည်အတွက် အရမ်းရ င်လေးမိပါတယ်။
0
ပညာရေး
written by kyawzin, September 26, 2011
မန်းလေးတိုင်းထဲမှာ ရှိတဲ့ေ ပျာ်ဘွယ်မြို့က အလယ်တန်းကျောင်းမှာ 6 တန်းေ ရာက်နေတဲ့ ကလေးတွေကို သူငယ်တန်းစာတြွေ ပန်သင်တာေ တွ့နေရပါတယ် ဒါဟာ အသက် ငယ်တဲ့ ဆရာ/မတွေ
သင်ကြားမှု ညံ့ဖျင်းတာကြောင်းလို့ ထင်ပါတယ်။ ဒါဟာနို င်ငံအတွက် မကောင်းတဲ့ အရာေ တွဖြစ်ပါတယ်။ ဆရာ/မတွေဟာ
အသက် ငယ်လွန်းပြီး သင်ကြားမှု အပိုင်းမှာလဲ ထိရောက်မှု ရှိအောင် သင်နိုင်စွမ်း အလွန် နည်းနေပါတယ်
0
...
written by ကိုပြည်သူ, September 24, 2011
အလှူငွေ ထည့်ဝင်ချင်ပါသည်၊ ဘယ်လို ဆက်သွယ် ထည့်ဝင်ရမလဲ၊
0
donation
written by gayunar, September 24, 2011
can i know the contact person and phone number for this monestry education school for donation.please.
0
တကယ်ကို အကူအညီ လိုအပ်နေတာပါ။
written by ဇေလတ်, September 23, 2011
ခုလို ဘကကျောင်းတွေရဲ့ အခက်အခဲတွေကို အများသိရှိအောင် ဖေါ်ပြပေးတာ ကျေးဇူးပါဗျာ။ ဆောင်းပါမှာပါတဲ့ ပဲခူးကဘကေ ကျာင်းကတော့ လွဲနေပါတယ်။ အမှန်က ဇိုင်းဂနို င်းမြောက်ပိုင်း က ရွှေတောင်ဘု န်းတော်ကြီးသင် မူလတန်းလွ န်ကျောင်းပါ။ ဆောင်းပါးရှင် အမှတ်မှားလို့ နေပါလိမ့်မယ်။ ကျောင်းသားဦးရေ ၂၅၀ေ ကျာ်ရှိပါတယ်။ ခွင့်ပြန်တုန်း က ကျောင်းရဲ့အခက်အ ခဲတွေကို ကိုယ်တိုင်မြ င်တွေ့ခဲ့ရလို့ ကလေးများကို တနပ်စာ အဟာရဒါနနဲ့ ငွေပဒေသာ ပင် ထည့်ဝင်လှု ဒါန်းခဲ့ပါသေးတယ်။ အကူအညီတွေက တော့ လိုအပ်နေ တုန်းပါပဲ။
0
ဘယ်လို ဆက်သွယ်ရမလဲ
written by ကိုမျိုး, September 23, 2011
အလျှူငွေထည့်ဝင်ခြင်းရင်ဘ ယ်လိုဆက်သွယရမလဲ ဆိုတာပြောပြပေးပါ။ ကျွန်တော်တို့လဲ တတ်နိုင်သလောက် ထည့်ဝင်ခြင်လို့ပါ။ အုတ်တစ်ချ ပ်နှမ်းတစေ့ အနေနဲ့ပေါ။
ကျေးဇူး တင်ပါတယ်ခင်ဗျာ။
အားလုံး ကျန်းမာချမ်းသာကြပြီး ကောင်းကြိုး လိုအင် ဆန္ဒပြည့်ဝကြပါစေ။

0
လိုအပ်တဲ့ နေရာမှာ လှုသင့်တယ်
written by juno, September 22, 2011
တကယ်လိုအပ်ပြီး တကယ် အကျိုးရှိမယ့် နေရာမှာ
အလှုဒါန ဆိုတာကို လုပ်မှ ပါရမီမြောက် မယ်ဆိုတာကို
အခုနောက်ပိုင်း ဆရာတော်တွေ တော်တော်များများ ဟောလာကြပါတယ်။
ဒါပေမယ့် အခုထက်ထိ မြန်မာတွေ ကလည်း တကယ် လိုအပ်တဲ့ နေရာမှာ လှုဒါန်းကြဖို့ လက်တွန့် နေကြပါသေးတယ်။
ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ေ လးတွေပါ။ ကျနော်တို့ ကူညီသင့်ပါတယ်။
0
really touch
written by BBS, September 22, 2011
by reading this I am shock and felt touch for these children

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်