လယ်စိုက်ပြတဲ့ သမ္မတနဲ့ ခေါင်းပုံဖြတ်ခံရဆဲ လယ်သမားများ

သမ္မတ ဦးသိန်းစိန်ဟာ နေပြည်တော်မှာ စံပြလယ်ယာ စိုက်ကွင်းတွေ၊ မွေးမြူရေးခြံတွေ တည်ထောင်ပြီး ကိုယ်တိုင် သုတေသန ပြု စိုက်ပျိုးနေတယ်လို့ ဇွန်လ ၁၆ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

Myanmar-Prime-Minister-Lieutenant-General-Thein-Sein-2
“သူဟာ နိုင်ငံတော်သမ္မတ ဆိုသော်ငြားလည်း လယ်သမားတဦးကဲ့သို့ လယ်ယာကို သုတေသနလုပ်ပြီးတော့ တွေ့ရှိချက်တွေကို မူတည်ပြီး လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုပြီး လမ်းညွှန်မှာကြားတယ်”လို့ ဧရာဝတီတိုင်း ၀န်ကြီး ချုပ် ဦးသိန်းအောင်က အခမ်းအနား တခုမှာ ပြောဆိုခဲ့တာကို ကိုးကား ရေးသားထားတာပါ။

ဦးသိန်းစိန်ဟာ သမ္မတ တာဝန် စတင်ထမ်းဆောင်တဲ့မကြာခင်ရက်ပိုင်းမှာပဲ အစိုးရအဖွဲ့အတွက် စီးပွားရေးအကြံပေးအဖွဲ့၊ နိုင်ငံ ရေး အကြံပေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကော်မတီတရပ် ကို စီးပွားရေးပညာရှင်တွေနဲ့ ဖွဲစည်း၊ တာဝန် ပေးခဲ့တဲ့ အပြင် စာတမ်းတွေ တင်သွင်း၊ ဆွေးနွေးပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အစီအစဉ်တွေအတွက် စာတမ်းပြုစုတင်သွင်းသူနဲ့ သမ္မတရဲ့စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဒေါက်တာ ဦးမြင့်က“စိုက်ပျိုးရေး ကဏ္ဍဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးအဆောက်အအုံမှာ အဓိက ကျပါတယ်။ စိုက်ပျိုးရေး အခြေခံကောင်းမှ နိုင်ငံအတွက်ကောင်းမယ်”လို့ သူ့ရဲ့စာတမ်းမှာ ရေးသားထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့နိုင်ငံတော်အခြေပြု မိန့်ခွန်းတွေမှာလည်းပဲ မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ဟာ တောင်သူ လယ်သမားတွေ ဖြစ်တဲ့အတွက် လယ်ယာကဏ္ဍကို ဦးစားပေးလုပ်ဆောင်သွားဖို့နဲ့ စိုက်ပျိုးစရိတ်ချေးငွေ(အမတော်ကြေး)တွေကို အတိုးနှုန်း သက်သာစွာနဲ့ ထုတ်ချေးပေးသွားမယ်လို့ နိုင်ငံကို ကြေညာခဲ့ပါတယ်။

ဦးသိန်းစိန် ပြောတဲ့မိန်းခွန်းတွေထဲက အတိုင်းပဲ လယ်ယာနှင့်ဆည်မြောင်း ၀န်ကြီးဌာန လက်အောက်ခံဖြစ်တဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးမှုဘဏ်(စိုက်ဘဏ်) က လယ်သမားတွေကို နှစ်တိုင်းထက် ချေးငွေ အနည်းငယ် ပိုချေးပေးနေပေမယ့် အစိုးရသစ်ရဲ့ အောက် ခြေ ၀န်ထမ်းတွေ၊ ဒေသဆိုင်ရာအာဏာပိုင်တွေက နည်းမျိုးစုံနဲ့ ဖြတ်တောက်ယူနေကြတယ်လို့ လယ်သမားတွေကဆိုပါတယ်။

“လက်မှတ်ထိုး ပေးရတာက ကျပ် ၇ သောင်းပါ။ ပေးတော့ ၅ သောင်းပဲ ပေးတယ်။ မေးကြည့်တော့ မြို့နယ် လူကြီးနဲ့ ဘဏ် မန်နေဂျာကို ပေးရတယ်ပဲ ပြောတယ်”လို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေညိုမ ကျေးရွာ လယ်သမားတဦးက ပြောပါတယ်။

အထူးသဖြင့်  ဧရာဝတီတိုင်း နာဂစ်ဒေသနဲ့ ရခိုင်ပြည်နယ်ရဲ့ ဂီရိဒေသက မြို့နယ်၊ ကျေးရွာအများ အပြားမှာ ကျေးရွာ အုပ်ချုပ် ရေးမှူး၊ ဘဏ်မန်နေဂျာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဆိုသူတွေက အဆင့်ဆင့် ဖြတ်တောက်ယူနေတာကြောင့် လယ်သမားတွေရဲ့ စိုက်ပျိုးစရိတ်အတွက် အခက်အခဲတွေ အများကြီးကြုံနေကြရတာပါ။

အစိုးရသစ်ကို Good Governance (ကောင်းမွန်သောအုပ်ချုပ်မှုစနစ်)၊ Clean Government(သန့်ရှင်းသောအစိုးရ)တရပ်ဖြစ် ရန် လုပ်ဆောင်သွားမယ် ဆိုပြီးတော့လည်း သမ္မတ ဦးသိန်းစိန်က ဧပြီလ ၆ ရက်နေ့က နိုင်ငံကို ကြေညာခဲ့ပါတယ်။

သန့်ရှင်းသော အစိုးရဖြစ်ဖို့ သမ္မတက ကြေညာထားပေမယ့် အစိုးရသစ်ပေါ်ပြီး နောက်ပိုင်းမှာ လာဘ်ပေး၊ လာဘ်ယူမှုတွေ၊ မတရား အခွန်အခ ကောက်ခံမှုတွေ ဆက်လက်ရှိနေဆဲပဲလို့ သိရပါတယ်။

ဧပြီလ“သမ္မတ ပြောထားသလို တာဝန်ရှိသူ အဆင့်ဆင့်က လက်တွေ့လုပ်ဖို့ လိုပါတယ်။ အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်းမှာ မြို့နယ်၊ ကျေးရွာအဆင့်တွေမှာ တောင်းရမ်းမှုတွေက ပိုများလာနေတယ်”လို့ ကျောက်ဖြူမြို့နယ်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောပါတယ်။

နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ရေးရာကော်မတီ အစည်းအဝေးတွေမှာ လယ်သမားအရေးကိစ္စ တွေကို ဆွေးနွေးပေမယ့် ထိရောက်မှု မရှိဘူးလို့ ဥပဒေကြမ်းရေးရာ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် တဦးက ဆိုပါတယ်။

“လွှတ်တော်ထဲမှာ လယ်သမားအရေး ကိစ္စတွေကို ဆွေးနွေးကြပေမယ့် တကယ် လိုအပ်ချက်တွေ၊ အခက်အခဲ အဖြစ်အပျက် တွေကို ပြောဆိုပိုင်ခွင့်က လွှတ်တော် ကိုယ်စားလှယ်တွေ မရကြဘူး”လို့ သူက ဆက်ပြောပါတယ်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကတော့ “လယ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတချို့ကို ပြင်ဆင်ဖို့ လိုအပ်နေတယ်။ ဒါတွေကို လက်ရှိ လွှတ်တော် အစည်းအဝေးတွေက ဘာမှပြောဆိုတာ မတွေ့ရသေးဘူး၊ အသံတွေ တိတ်နေတော့ မဆလ ခေတ် လွှတ်တော်နဲ့ ဘာမှမထူးဘူး” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသက လယ်သမားတွေဟာလည်း ဒေသဆိုင်ရာ သစ်တောဌာနနဲ့ မြေစာရင်းဌာနတွေရဲ့ လယ် မြေ သိမ်းယူမှုတွေနဲ့ ကြုံတွေ့နေကြရတဲ့အပြင် ရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို ရင်ဆိုင်နေကြ ရ တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားပြုပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ကိုယ်စားလှယ် ဒေါ်ခင်စုစုအောင်က ပြောပါတယ်။

“အမတော်ကြေး ထုတ်ပေးနေချိန်မှာ သစ်တောဌာနက လယ်သိမ်းလိုက်တော့ အမတော်ကြေး ချေးငွေပါ မရတော့တဲ့ လယ်သမားတွေ အများကြီးရှိနေပါတယ်။ ဒုက္ခရောက်နေကြတဲ့ လယ်သမားတွေ များလာနေတယ်”လို့ လယ်သမား အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါ်ခင်စုစုအောင် က ဆိုပါတယ်။

အဲဒီလို လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေဟာလည်းပဲ နိုင်ငံအနှံ့ ဖြစ်ပေါ်နေဆဲပါ။

နာဂစ်ဒေသနဲ့ ဂီရိဒေသက လယ်သမားတွေ အတွက် အမတော်ကြေး ချေးငွေတွေကို ဇွန်လဆန်းကနေ စတင် ထုတ်ပေး နေ ပေမယ့် လုံလောက်မှု မရှိတဲ့အတွက် စပါးစိုက်ပျိုးရာသီ ရောက်တာတောင် လယ်ယာလုပ်ငန်းခွင်ကို မ၀င်နိုင်ကြသေးဘူး လို့ လယ်သမားတွေက ပြောပါတယ်။

“လယ်ဧက ဘယ်လောက်ပဲရှိရှိ တဦးကို ကျပ် ၂ သိန်းပဲ ရတယ်။ တဧက အတွက် ကုန်ကျတာ ၉ သောင်းခွဲ ၀န်းကျင်ပါ။ အဲဒီ ငွေထဲက ဟိုစရိတ်၊ ဒီစရိတ်အတွက်ဆိုပြီး ဖြတ်ယူတာက ၇၀၀၀ လောက်ရှိတယ်” လို့ ဘိုကလေးမြို့နယ် ဖိုးညိုကျေးရွာ ဒေသ ခံ လယ်သမား ဦးဝင်းမောင်က ပြောပါတယ်။

မြစ်ဝကျွန်းပေါ် နာဂစ်ဒေသလယ်သမားတွေထဲကအများစုဟာ အနည်းဆုံး လယ် ၁၀ ဧကနဲ့အထက် ပိုင်ဆိုင်ကြပြီး စိုက်ပျိုး စရိတ်မလုံလောက်မှုတွေကြောင့် စပါးအထွက်နှုန်းလျော့ကျတဲ့အပြင် အရည်အသွေးလည်းညံ့စေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီဒေသတွေအပြင် ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် အတွင်းက ကျေးရွာတွေက စိုက်ပျိုးစရိတ်ချေးငွေ ရရှိလိုတဲ့ တောင်သူတွေဟာ သက်ဆိုင်ရာ ကျေးရွာအုပ်စုပိုင် အုပ်ချုပ်ရေးမှူးတွေကို ငွေပေးကြရကြောင်း၊ လာဘ်ငွေပေးထားတဲ့ တောင် သူတွေကိုသာ ချေးငွေ ထုတ်ပေးကြောင်း ဒေသခံ လယ်သမားတွေက ပြောဆိုကြတဲ့အတွက် အမတော်ကြေး ဖြတ်တောက်မှုဟာ နေရာဒေသ အများစုမှာ ဖြစ်ပေါ်နေတယ်လို့ ဆိုရမှာပါ။

စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်ကတော့ နာဂစ်ဒေသမှာ ဆုံးရှုံးပျက်စီးသွားခဲ့တဲ့ သဘာဝနဲ့ လူလုပ် အခြေခံ အဆောက် အအုံတွေ၊ အသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် နေစရာ၊ လုပ်စရာ လိုအပ်ချက်တွေဟာ လူအများရဲ့ချေးငွေ လိုအပ်ချက် တွေကို ထင်ဟပ်စေပြီး လက်ရှိအခြေအနေမှာ စိုက်ပျိုးချေးငွေ ရရှိရေးကို အထူးအာရုံ စိုက်သင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စပါးအထွက်နှုန်း တိုးမြှင့်ရေးအတွက် လယ်သမားတွေကို မက်လုံးပေးဖို့၊ ချေးငွေ စဉ်ဆက်မပြတ် ထုတ်ချေးပေးဖို့နဲ့ ပြန်ဆပ်နိုင်မယ့် အခြေအနေ စနစ်တကျ ဆောင်ရွက်ပေးဖို့ အလေးထား လုပ်ဆောင် ဖို့ လိုတယ် ဆိုတဲ့အကြောင်း စာတမ်းမှာ ရေးသားထားပါတယ်။ လုပ်ဆောင်ရာမှာလည်း အစိုးရအပြင် ပုဂ္ဂလိက ကဏ္ဍ၊ လူမှုအဖွဲ့အစည်းတွေနဲ့ NGO တွေပါ ပါဝင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Myanmar_female_farmers
လယ်ယာကဏ္ဍတိုးတက်ရေးအတွက် လယ်သမားတွေရဲ့လိုအပ်ချက်တွေကိုကူညီထောက်ပံ့မှုဟာလွတ်လပ်ရေးရပြီးတဲ့နောက် ပိုင်းမှာ အားနည်းသွားကြောင်း၊ ၁၉၃၈-၁၉၃၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်တန်ချိန် ၃ ဒဿမ ၃ သန်း တင်ပို့နိုင်ခဲ့တဲ့အပြင်၊ ကမ္ဘာ့ဆန်တင်ပို့မှု နံပါတ် ၁ နေရာမှာရှိနေခဲ့ပြီး၂၀၀၇-၂၀၀၈ ခုနှစ်မှာတော့ ဆန်တန်ချိန် ၃ သိန်းကျော်ပဲ တင်ပို့နိုင်တဲ့အထိ ကျဆင်းသွားတယ်ဆိုတဲ့အကြောင်း သမ္မတရဲ့ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်က သူ့စာတမ်းမှာ ရေးသားထားပါတယ်။

ဇွန်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဗဟိုကော်မတီရဲ့ (၁/၂၀၁၁) အစည်းအဝေးမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းစဉ် ၈ ရပ် ချမှတ်ရာမှာလည်းပဲ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို နံပါတ် ၁ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုခဲ့ပါတယ်။

အစိုးရသစ် အဖွဲ့ရဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ဟာ ပြည်နယ်၊ တိုင်းတချို့က လယ်သမားတွေနဲ့ တွေ့ဆုံပြီး စပါး အထွက်နှုန်း ကောင်းမယ့် နည်းလမ်းတွေ၊ လိုအပ်ချက်တွေ ဖြည့်ပေးနေတယ် ဆိုတဲ့အကြောင်း အစိုးရထုတ် သတင်းစာတွေက မကြာခဏ ရေးသားလေ့ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၆၀ နီးပါးမှာ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်တဲ့အပြင် အများစုဟာ ဆင်းရဲနွမ်း ပါးသူတွေ ဖြစ်နေတဲ့အတွက် အဲဒီဆင်းရဲနွမ်းပါးမှုကို ၂၀၁၄ - ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချ သွားမယ်လို့ ဦးသိန်းစိန် က ဇွန်လ ၂၁ ရက်နေ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

လယ်သမား အများစုနေထိုင်တဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်ပြောင်းလဲဖို့အတွက် ကျေးရွာအဆင့်၊ မြို့နယ်အဆင့် သမ၀ါယမ အစုအဖွဲ့တွေ ဖွဲ့စည်းတည်ထောင်ပြီး ချေးငွေ၊ စုငွေ ကဏ္ဍတွေ ဖော်ဆောင်ပေးသွားမယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

အဲဒီလို အဖွဲ့တွေ ပေါ်ပေါက်လာတဲ့အခါမှာ ချေးငွေတွေ ရဖို့ လာဘ်ပေး၊ လာဘ်ယူမှုတွေ ထပ်မံ ပေါ်ပေါက်လာမှာလား၊ သမ္မတ ဦးသိန်းစိန် ကြွေးကြော်ထားတဲ့အတိုင်း Clean Government(သန့်ရှင်းသောအစိုးရ) တကယ် ဖြစ်လာတော့မှာလား၊ သမ္မတ ကိုယ်တိုင် လယ်စိုက်ပြ၊ သုတေသန လုပ်တာနဲ့ လယ်သမားတွေရဲ့ဘ၀ တကယ်ပဲ ပြောင်းလဲတိုးတက် လာတော့မှာလား ဆိုတာတော့ ဘယ်သူမှ သေသေချာချာ မပြောနိုင်ကြသေးပါဘူး။     ။
Comments (10)Add Comment
0
သောက်ရူး
written by aa, September 04, 2011
သားမတ ကြီးက စိုက်ပျိုးရေး ဆင်းလို့ ဖြစ်မှာပေါ့. .. အစ္စရေး ပြန်တို့ ဘာတို့ ဖြစ်မှာပေါ့ဗျ...
0
to Kane
written by washington, July 01, 2011
hi Mr Kean.be optimized?tell me how long we need to wait and see your new government?you read the names of ministers and congress men in new government first and give comment.who are they?they are not new.75% of them are controlled the country nearly 20 years.they are still learning how to govern the country?how many years they need to learn?10000 years?come on man!we are not toddler brain.
0
...
written by သိန်းစိန်ပထွေး, June 29, 2011
သိန်းစိန်ေ၇ အသံကောင်း ဟစ်မနေစမ်းပါါနဲ့ကွာ.. မင်းတိုစစ်တပ်က ကောင်တွေ ...ခွေးကမှ ထမင်းခဲလေး ကျွေးထား၇င် ဟောင်ဖေါ်၇သေးတယ်.. မင်းတို့ကျတော့ ထမင်းကျွေးထားတဲ ပြည်သူတွေကိုသတ်မယ်.. မုဒိမ်းကျင့်မယ်. .ရွာတွေမီးရှို့မယ် ..တော်ပါပြီကွာေ၇းနေရင် ကုန်မှာမဟုတ်ဘူး.. ...............................

0
အပြောကတော့တေ ယာလိုပဲ
written by ykttobkk, June 27, 2011
ပြောချက် ကတော့ဆ င်းရဲမွဲတေမှူ တိုက်ဖျက်မယ် လယ်ယာေ တွတိုးတက်ေ အာင်လု ပ်မယ်။
ဘာလဲ..ဘာတွေ လဲတ ဖက်မှာ လည်းလယ်ယာတွေ လိုက်သိမ်းတာ..အကယ် ၍သ င်ဟာတကယ့် LEADER ကောင်းဖြစ်ရင် အပြောနဲ့အလု ပ်မှန်အောင် လုပ်သင့်ပါတယ်။
0
တော်လိုက်တာတော်
written by diamond, June 26, 2011
မြေယာတွေ သိမ်းထားပြီး အနား ယူတဲ့အ ခါအေးေ အးေ ဆးဆေးနှ ပ်ရအောင် မဟုတ်လား
0
စေတနာ ထားဖို့ အဓိက
written by မောင်ရစ်, June 26, 2011


လယ်စိုက်ပြ၊ ၀က်မွေးပြ၊ နွားမွေးပြ နေတာထက် ကိုယ့် တိုင်းသူပြည်သား အားလုံး ကို စေတနာ ထားဖို့ အဓိကပါ။ အယင် ခေတ်တွေ ကတည်းက ( မဆလ၊ န၀တ၊ နအဖ) မှာ ကတည်း က တိုင်းပြည်အုပ်ချုပ် မင်းလုပ်တာ၊ တိုင်းသူပြည်သားကို စေတနာမထားဘူး၊ ဘယ်သူ သေသေ ငတေမာ ပြီးရော၊ အခွင့် အရေးတွေ၊ အာဏာတွေ ကို တလွဲတွေသုံး ပြီး အခုလည်းပဲ အစိမ်းရောင် ကနေပြီး တိုက်ပုံ ပြောင်းဝတ်ပြီး လုပ်ပြချင်ရာ လုပ်ပြလဲအပိုပါပဲ။

သူများ တိုင်းပြည်က ခေါင်းဆောင်ကောင်း ဘယ်လို စေတနာ ထားပြီး တိုးတက်အောင် လုပ်ပြသွားလဲ ဆိုတာ နမူနာယူပါ။

ဘာမှမရှိတဲ့ ၊ သောက်ရေတောင် မလေးရှားက ၀ယ်သောက်ရတဲ့ ၊ တစ်ပါတီ အာဏာရှင်လို တိုင်းပြည် အုပ်ချုပ်ခဲ့ တဲ့  စင်္ကာပူက လီကွမ်းယူ ၊ ဘယ်လောက် ကိုယ့်တိုင်းပြည် စေတနာထားခဲ့ လဲ၊

ဒေါက်တာ မဟာသီယာ မိုဟာမက်၊ မလေးရှားကို အာရှကြယ်တစ်ပွင့်ဖြစ်အောင် ဘယ်လို လုပ်ခဲ့ လဲ။

တစ်ခု ဘာကွာခြားလဲ ဆိုတော့ အထက်က ခေါင်းဆောင် နှစ်ဦး ရဲ့ ပညာ အရည်အချင်းဟာ ပါရဂူဘွဲ့ ရတွေ ဖြစ်ပြီး ဦးသိန်းစိန် က တော့ ဘာပါရဂူမှ မဟုတ်သလို ၊ အမြင် ကျဉ်းမြောင်းပြီး ၊ အတ္တကြီးတဲ့ စစ် ယူနီဖောင်း တစ်သက်လုံး ၀တ် လာတာ။
ဒီတော့ အဲဒီေ ခါင်းဆောင်တွေလို ထက်မြက်တဲ့ အတွေး မပိုင်ဆိုင်သလို၊ ကျွမ်းကျင်၊န ည်းလမ်းမှန်တဲ့  စီမံခန့်ခွဲမှု့ မျိုး၊ ခေါင်းဆောင်မျိုး ဖြစ်မလာတာ က တော့ သေချာတယ်။ ထိုနည်း လည်းကောင်း သွားနေဦးမှာပဲ။ တိုင်းပြည်လဲ နလံ ထူတော့မယ် မထင်ဘူး။
0
...
written by Burmese, June 26, 2011
မပြောကြပါနဲ့ ဗျာ တကယ်တော့ တိုင်းပြည်ကို ဘတ်ဂီယာ ထိုးပြီး အ၀ီစိ ထိ ဆွဲချနေတာ..။ ေ
0
မျက်လှည့် ဆရာကြီး
written by ကိုထိပ်တန်း, June 25, 2011
သစ်ေ တာဝန်ကြီးဖြစ် ဘူးတဲ့ ဦးသိန်းအောင်ဟာ မျက်လှည့်လက် လွည့္အျ ပေ ကာ င်းပုံများ သစ်ပင်ေ တွ ကို တိုက်တွေ
ဝိုင်ြး ခံတွေ၊ ထော င်ကျော်တန် ကားတြွေ ဖစ်အောင် မျက်လှ ည့်ပြခဲ့ပြီးပါပြီ။ အခု ဧရာဝတီတို င်းဝန်ကြီး ချုပ်ဖြစ်ြ ပန်တော့
စပါးနှံေ တွကနေ ရွှေချောင်းေ တွ၊ စိန်ေ တွဖြစ်အောင် မျက်လှည့်ပြဦးမ ယ်ဆိုတာ သေချာစောင့် ကြည့်ပါ။ မကြာမီ တွေ့
ရပါတော့မယ်။
0
Better than Nothing...
written by Kane, June 25, 2011
I'd like to comment in this post, we should think like optimism rather than pessimism, In those days ( 1990-2010 ) our country is in NO progress, but now after election new government said they will do for the country is development than before, So I wanna mean that Better than Nothing... Our country is poorest country in the region No-one can deny that... It's time is no need to be arguing each other, it's time is we have to be corporates and looking for country is progress. whether you or me is right or wrong is no matter, what we need is whatever we can do for the country, we have to... You know what they said... Do not think like what country can do for us, do think like what we can do for the country... So it's time to change Myanmar for all of Myanmar. In those days our country was bad image but now our generation have to change for good image for our new generation... It's time to change, it's not time to arguing... Have a nice day all of Myanmar... I wish one-day we can be success in the region if we can corporate, think like optimism...
0
big mouth thein sein
written by thein tan, June 25, 2011
Thein Sein is totally crazy person.
He is not a farmer or not a person who understand about plants. Does he understand what is botany? At Ne Win's times, there were same problems. Ne Win government asked farmers to plants rice row by row. Finally farmers couldn't get enough rice as they asked to plant.
How Thein Sein can give an instructions to farmer how to grow rice even he has stupid advisors besides him. All his advisors had doctors degree that they got from Myanmar that is not useful.
I am shame of Thein Sein. He should resign himself and go to the senior home or to become a monk is better.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်