နာလန် မထူသေးသည့် နာဂစ်အလွန် ပြန်လည် ထူထောင်ရေး

နာဂစ်အပြီး ဆောက်ပေး ထားသော ကျိုးတိုးကျဲတဲ ပေါက်ပြဲနေသည့် အိမ်ကြမ်းကို ငေးစိုက်ကြည့်ရင်း လယ်သမားကြီး ဦးတင်ထွန်းက ခပ်လေးလေး ပြောလိုက်သည်။

“ဒီနှစ် ဇွန်လကုန်ရင် အကူအညီ တွေကလည်း ရပ်ပြီလို့ ကြားတယ်၊ အခုလည်း တချို့ မလာတော့ဘူး၊ အရင်တုန်းက အဖွဲ့အစည်း တွေက ထောက်ပံ့ ပေးတော့ စက်အကူနဲ့ မျှလုပ်လို့ ရတယ်၊ ဒီနှစ်မှာ အကူ အညီလည်း မရှိတော့ဘူး၊ စပါး လက်ကျန်လည်း မရှိတော့ဘူး၊ နောက် သုံးလေးလ ဆိုရင် ရွာမှာ စားဖို့တောင် မလောက် တော့တဲ့ အခြေ အနေပါ"ဟု ဦးတင်ထွန်းက ဆိုသည်။

နာဂစ် ဒဏ်ကို အဆိုးဆုံး ခံခဲ့ရသည့် ဘိုကလေး မြို့နယ် ကျွန်းညိုဒိုင် နယ်အတွင်း ထိပ်ချောင်းရွာ လယ်သမားများ၏ ဒုက္ခ အဖုံဖုံကို ပြောပြ နေခြင်း ဖြစ်သည်။ လူဦးရေ ၄၀၀ ကျော်ရှိသော ထိပ်ချောင်း ရွာသည် နာဂစ် အပြီးတွင် ၁၂၀ သာ ကျန်တော့သည်။ 

ပြီးခဲ့သည့်ရာသီတွင် စပါးအထွက်ကောင်းရန် မျှော်လင့်ခဲ့သော်လည်း ကြွက်ဖျက်ခဲ့ကြောင်း၊ လယ်သမားများ အကြွေး ၂ နှစ် ဆက်တိုက်ကျ၍ တချို့လည်း လယ်ကို အကြွေးထိုးဆပ်လိုက်ရကြောင်း၊ နောက်ရာသီအတွက် အရင်းမရှိတော့ကြောင်း လယ်သမားကြီးက ရှင်းပြသည်။

မြန်မာပြည်၏ စပါးကျီ ဧရာဝတီတိုင်းသည် ၂၀၀၈ တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အလူးအလဲခံရသည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ လူပေါင်း ၇၇၇၃၈ ဦး အသက်ဆုံးရှုံးပြီး ၅၅၉၁၇ ဦး ပျောက်ဆုံးကာ ၁၉၃၅၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

သို့သော် အကူအညီများက မထိရောက်သကဲ့သို့ ကူညီလိုသောအဖွဲ့များမှာလည်း ကန့်သတ်ခံခဲ့ရသည်။

ပြီးခဲ့သည့်ရာသီတွင် ကြွက်အပြင် ကဏန်းညှပ်ခြင်း၊ ရေတက်ရေကျ မမှန်ခြင်း၊ လယ်ယာမြေများတွင် ဆားငန် သဲများ ကျန်ခဲ့ ခြင်း၊ အရင်းအနှီး မရှိခြင်း၊ ထွန်ယက်စိုက်ပျိုးရန် ကျွဲနွားများ မရှိတော့ခြင်း၊ လယ်ထွန်စက်များ မရှိခြင်းစသည့် အခက်အခဲများကို နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်းသား လယ်သမားတိုင်းခံစားနေရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGOနှင့် NGO များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများက နာဂစ်အပြီးကတည်းက ထောက်ပံ့နေကြသော် လည်း စိုက်ပျိုးရေးကဏ္ဍပြန်လည်ဦးမော့ရန်နှင့် လူနေမှုဘ၀များ ပြန်လည်ရှင်သန်နိုင်ရန် ထင်သလောက် ခရီးမပေါက်ကြချေ။ ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများ တွင်လည်း ငွေကြေးမလုံလောက်ခြင်း၊   ကူညီပံ့ပိုးသလောက် မရောက်ရှိခြင်းနှင့် အခက်အခဲ၊ ဒုက္ခများကို ကမ္ဘာက အမှန် အတိုင်းမသိစေရန် သတင်း အမှောင်ချထားခြင်း၊ အရေးတကြီး မလိုအပ်သေးသော တခြားကဏ္ဍများကို မယောင်ရာ ဆီလူးနေခြင်းက ပြည်သူများ နာလန်မထူနိုင်စရာ အချက်များဖြစ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်များက သုံးသပ်သည်။

ယမန်နှစ်က ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးဒိုင်နယ်တွင် လယ်သမားတဦးလျှင် ကျပ်ငါးသောင်းချေးပေးကြောင်း၊ ဒိုင်နယ် တခုလုံး မဟုတ်ဘဲ ၃ ကျပ်တိုးဖြင့် ထူး ကုမ္ပဏီက ဆန်စက်လုပ်ငန်းရှင်အသင်းမှ တဆင့် သူတို့ ယုံကြည်စိတ်ချ ရသူကိုသာ ချေးကြောင်း ရေလုပ်သား ဦးသိန်းဝင်းက ပြောပြသည်။ ဦးသိန်းဝင်းသည် ထိုဒိုင်နယ် ပန်းကူးမြစ်တန်းရွာမှ လယ်သမားဟောင်း ဖြစ်ပြီး နာဂစ်တွင် ကျွဲနွားနှင့် လယ်ယာများ ဆုံးရှုံးခဲ့၍ ရေလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်နေသူဖြစ်သည်။

ထိပ်ချောင်းရွာမှ လယ်သမားကြီးဦးတင်သိန်းကလည်း“အဘတို့ရွာမှာတော့ ငွေချေးတဲ့အဖွဲ့တွေမရှိဘူး၊ နာဂစ်ပြီးတဲ့နှစ်ကတော့ UNDP က စိုက်စရိတ်ဆိုပြီး ချေးပေးတယ်၊ လယ်သမားတိုင်းမရဘူး၊ ဒါတောင် နောက်ကျမှရလို့ လယ်ရှင်တွေလည်း ကောင်း ကောင်းမလုပ်နိုင်ဘူး၊ လယ်သမားတိုင်းက ကိုယ်ချေးနေကြဆီကပဲ မျိုးပေး၊ စပါးပေါ်ပေးနဲ့ ကြွေးယူရတယ်၊ နောက်တော့ အကြွေးတွေကြောင့် လယ်တွေပါ ထိုးအပ်ရတယ်”ဟု ဆိုသည်။ ကြွေးထိုးဆပ်ရသဖြင့် လယ်ယာမဲ့သွားသူများရှိသလို တရား တဘောင် ရင်ဆိုင်နေရသူများလည်းရှိသည်။

မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ငွေချေးရာတွင် မြေစာရင်းအမည်ပေါက်ရှိမှသာ ချေးကြောင်း၊ မြေစာရင်းအမည်ပေါက်ရန် ကျပ် ၈၀၀၀ ပေးရပြီး အမည်ပေါက်ပါက လယ်၂၂ ဧကစာအတွက် ချေးငွေ ကျပ် ၂၄၀၀၀ သာ ရရှိကြောင်း၊ ခရီးစရိတ်ပါ နုတ်လိုက်က သိပ်မကျန်တော့၍ ယခုနှစ် မချေးတော့ဟု လယ်သမားကြီး ဦးခင်စိုးက ပြောပြသည်။

ဘိုကလေးမြစ်အထက်ပိုင်း ဓမ္မသုခကျေးရွာဘက်တွင် အကူအညီပေးရေးအဖွဲ့ တဖွဲ့က စိုက်ပျိုးစရိတ်အဖြစ် လယ်သမားတဦး လျှင် ကျပ် ၉၆၀၀၀ ထောက်ပံ့ကာ UNDP က ရိတ်သိမ်းစရိတ် ကျပ် ၃၀၀၀၀ စီပေးခဲ့ကြောင်း ဒေသခံလယ်သမားတစ်ဦးက ဆိုသည်။ ထောက်ပံ့ငွေရခဲ့သော်လည်း ထပ်မံငွေချေးယူခဲ့ရပြီး ကြွက်နှင့် ကဏန်းကြောင့် စပါးမထွက်ဘဲ အကြွေးတင်နေသေး သည်။ ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း အကြွေးပေါ် အကြွေးဆင့်နေသောကြောင့်  အတိုးမဲ့ချေးငွေများရရှိမှသာ အကြွေးနွံ မှ ရုန်းထနိုင်မည်ဖြစ်သည်။ လယ်သမားအချို့မှာ အကြွေးဖြင့် လယ်ဆုံးခဲ့သောကြောင့် ပိုက်ထောင်၊ ငါး ပုစွန်ဖမ်း အလုပ်များ လုပ်ကိုင်ကြသည်။ တချို့က လယ်ရော ငါးဖမ်း အလုပ်ပါ တွဲ၍ လုပ်ကိုင်ကြသည်။

မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် စီးပွားရေး နိုဗဲလ်ဆုရှင် ပါမောက္ခ စတစ် ဂလစ် ကလည်း လယ်ယာ ချေးငွေကို အရေးကြီးသည့် ကိစ္စတစ်ရပ် အဖြစ် မီးမောင်း ထိုးပြခဲ့သည်။ ထို့အပြင် လယ်သမား များနှင့် စားသုံးသူများ အကြား ဆန်ဈေးနှုန်းနှင့် ပတ်သက်ပြီး ဖြစ်နေသည့် အကျိုးစီးပွား ပဋိပက္ခ ကိုလည်း ညှိနှိုင်း ပေးရန် လိုအပ်ကြောင်း ထောက်ပြ ခဲ့သည်။ ထုတ်လုပ် သူများက ဈေးပိုရချင် သလို စားသုံးသူ များကလည်း အနည်းဆုံး ဈေးကိုသာ ပေးလိုသည်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ ကြားထဲမှ “၀န်ဆောင် စရိတ်များ” ကို လျှော့ချရန် ဖြစ်ကြောင်း စတစ် ဂလစ်က အကြံပြုခဲ့သည်။

အစိုးရ အဖွဲ့အစည်းများ၊ NGO များ ပူးပေါင်းကာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ပြန်လည် နာလန် ထလာစေရေး ပူးပေါင်းဆောင် ရွက်၍ အတိုးမဲ့ ချေးငွေ (သို့မဟုတ်) အတိုးနည်းချေးငွေများကို ရာသီတိုးမဟုတ်ဘဲ အရစ်ကျချေးငွေစနစ်ဖြင့် လုပ်ကိုင်ပေးစေရန် လယ်သမားများက ဆန္ဒရှိကြသည်။

ချေးငွေပြဿနာကြောင့် ဒုက္ခရောက်ရသော လယ်သမားတို့အတွက် နောက်ထပ်ပြဿနာမှာ ကြွက်ဖြစ်သည်။ နာဂစ်အပြီး သဘာဝဂေဟစနစ် ပျက်ယွင်းပြီး ကြွက်ဦးရေကို ထိန်းချုပ်နိုင်သည့် သတ္တ၀ါများ နည်းသွားခြင်း၊ ကြွက် အကောင်ပေါက်နှုန်း များလာခြင်း။ အကောင်အရွယ်အစား ပိုကြီးလာခြင်း၊ လယ်ဖျက်နှုန်းပိုများလာခြင်းတို့ကြောင့် လယ်သမားများမှာ ဒုတိယနာဂစ် လှိုင်း ကဲ့သို့ ဆုံးရှုံးမှုများရှိနေကြောင်း ကွင်းဆင်း သုတေသနပြုနေသော စိုက်ပျိုးရေးပညာရှင်များက သုံးသပ်သည်။ 

“ဧက ၁၀၀ ကျော်ကို တပတ်အတွင်း အကုန်ဖျက်ပစ်တယ်၊ ဒီနှစ်က ဘိုကလေးနယ်ရဲ့ ၆၀ ရာနူန်းလောက် ကြွက်ဖျက်လို့ စပါးမထွက်ဘူး”ဟု လယ်သမားကြီး ဦးသိန်းဝင်းကဆိုသည်။

ကျွန်းသာယာပိုင် ခေါင်းကြီးကျွန်းတွင် တံစဉ်လွတ် ရိတ်စရာ မလိုအောင် ကြွက်သောင်းကျန်းခဲ့သည်။ နာဂစ်အပြီး ဘိုကလေး မြစ်ကမ်းဘေးရွာများတွင် ကြွက်များ ရာသီမရွေး သောင်းကျန်း လာသကဲ့သို့ ကဏန်းများသည်လည်း ယခင်က တနှစ်တွင် သုံးကြိမ်သာပေါ်ရာမှ ယခု ရာသီတိုင်း ကဏန်းများရှိပြီး လယ်ယာများကို ပိုဖျက်လာသည်။

လယ်သမားများက လယ်ယာမြေအတွင်း ကြွက်များ မခိုအောင်းနိုင်ရန် ချုံရှင်းခြင်း၊ လယ်မြေ မီးရှို့ခြင်းများ လုပ်သော်လည်း ကြွက်များက တွင်းနက်နက်တူးပြီးနေထိုင်ကြခြင်း၊ ကျွန်းများနှင့် ဒီရေတောများအတွင်း ခိုအောင်းနေကြခြင်းကြောင့် မနှိမ်နှင်း နိုင်ကြပေ။ အဆိပ်တုံးချ၍ ကြွက်နှိမ်နင်းခြင်းသည် တခြားမလိုလားအပ်သော အန္တရယ်များရှိ၍ မပြုလုပ်သင့်ဟု သိရသည်။

လာမည့်နွေစပါးရိတ်သိမ်းချိန်ကာလနှင့် မုတ်သုန်ရာသီအတွင်းတွင် ကြွက်ပေါက်ပွားမှုမှာ တိုးတက်လာဖွယ်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အရေးပေါ်အခြေအနေနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းရေးဌာနမှ အကြီးတန်းညှိနှိုင်းရေးမှုး Tesfai Ghermazien က ယင်းအဖွဲ့၏ လစဉ်ထုတ် သတင်းစာစောင်ပါ တွေ့ဆုံခန်းတွင် ပြောထားသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ လယ်မြေများသည် နာဂစ်နောက်ပိုင်းတွင် ပက်ကြားအက်များ ပိုကြီးလာပြီး မြစ်ရေတင်ရန်လည်း အခက်အခဲများရှိသည်။ ယင်းကဲ့သို့ အခက်အခဲများကြားတွင် မိုးစပါးတစ်မျိုးတည်းသာ စိုက်ပျိုးနိုင်သော လယ်မြေများတွင် ဆောင်းသီးနှံကိုပါ ရေသွင်းစိုက်ပျိုးရန် အစိုးရက ခိုင်းစေကြောင်း လယ်သမားများက ပြောသည်။

“ဆောင်းသီးနှံစိုက်ခိုင်းတယ်၊ မစိုက်နိုင်တဲ့လယ်သမားတဦးကို ကျပ် ၆၀၀၀ ပေးရတယ်၊ ရေငန်အရပ်မှာ ဆောင်းသီးနှံက လုံးဝအဆင်မပြေဘူး၊ စိုက်ရင်လည်း ငွေကုန်လူပန်း ရုံပဲရှိမယ်၊ ထွက်မှာမဟုတ်ဘူး”ဟု လယ်သမားဦးခင်စိုးကဆိုသည်။

ဘိုကလေးမြို့နယ်သည် ဆန်စက်အများဆုံးကြိတ်ခွဲပေးသည့် နယ်ဖြစ်ပြီး နာဂစ်မတိုင်မီစပါးတင်း သိန်းပေါင်း ၆၀ ကျော်ကြိတ်ခွဲ ရသော်လည်း နာဂစ်ပြီးနောက်ပိုင်းတွင် တင်း ၁၀ သိန်းပင် မပြည့်တော့ကြောင်း ဘိုကလေးမြို့ရှိ ဆန်စက်လုပ်ငန်း အသိုင်း အ၀ိုင်းက ပြောသည်။

ကြွက်ရန်ကြောင့် စပါးမစိုက်တော့ဘဲ ပြည်ပပို့ကုန်ဖြစ်သော မိကျောင်းကွမ်းဖတ် (ခေါ်) ပင်လယ်နှမ်းကိုသာ စိုက်ပျိုး တော့ မည်ဟု လယ်သမားများက ဆိုသည်။ ပင်လယ်နှမ်းသည် လယ်ဝင်စားရိတ်တွင် စပါးစိုက်ပျိုးခြင်းထက် ထက်ဝက် ကျော် သက်သာပြီး လူလည်းသက်သာသည်။

မိကျောင်း ကွမ်းဖတ်ကို တချို့လယ်သမား များက လယ်ဖဲ့ပြီး စမ်းသပ် စိုက်ပျိုး ကြရန် ရှိသည်။ မိကျောင်း ကွမ်းဖတ်သည် ဘိုကလေးမြို့ ပေါက်ဈေးပင် တပြည်လျှင် ကျပ် ၃၀၀၀ ၀န်းကျင်ရှိပြီး ရန်ကုန် ပြည်ပ ပို့ကုန် ဈေးကွက်တွင် ကျပ် ၆၀၀၀ ၀န်းကျင် အထိ ဈေးရသည်။ မိကျောင်း ကွမ်းဖတ်သည် တဧကလျှင် ၁၅ တင်း ကျော်ထွက်ပြီး ကျပ် ၇၅၀၀၀၀ အထိ ၀င်ငွေရကာ အကျိုး အမြတ်များသည်။ မျိုးမှာလည်း ဧရာဝတီတိုင်းမှ ထွက်ရှိပြီး ဘိုကလေးမြို့၌ပင် ဈေးကွက်ရှိသည်။

ထိရောက်သော အကူအညီများ ပေးနိုင်က မည်သည့် သဘာဝ ဘေးအန္တရာယ်နှင့် ပယောဂများမှ မကျ ရောက်လျှင် နောင် ၂ နှစ် အကြာတွင် ပုံမှန် အနေအထားသို့ ရောက်လာ နိုင်ကြောင်း NGO များက ခန့်မှန်းသည်။ အဓိက လိုအပ်သော အကြွေး သံသရာမှ လွတ်မြောက်ရန် ချေးငွေ၊ မျိုး၊ ထွန်စက်၊ စိုက်ပျိုးရေးသုံးကိရိယာ၊ စိုက်ပျိုး နည်းပညာ၊ မြေသြဇာနှင့် အန္တရာယ်ပေးနေသော ပိုးမွှားပြဿနာများကို စောလျင်စွာဖြေရှင်းပေးနိုင်ရန် လိုသည်။

နာဂစ်ဒေသတွင် အကူအညီများ ဆက်လက်လိုအပ်သည့်တိုင် အချို့ NGO များသည် ၂၀၀၉ နှစ်ကုန် ကတည်းကပင် ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့ပြီး နာဂစ်ဒေသတစ်ခုလုံးရှိ အကူအညီပေးနေသောအဖွဲ့အစည်းအားလုံးသည် ယခုနှစ် ဇွန်လ ကုန်တွင် ကူညီမှုများရပ်ဆိုင်းကာ ပြန်ထွက်ကြရတော့မည်ဖြစ်ကြောင်း NGO များက ဆိုကြသည်။ စစ်အစိုးရအနေဖြင့် ထောင့်ပေါင်းစုံမှ စဉ်းစားကာ ထုတ်ပြန်ထားသော ပေါ်လစီများကို ပြုပြင်ပြောင်းလဲပြီး စိုက်ပျိုးရေးကဏ္ဍပြန်လည်ဦးမော့ လာနိုင်ရေး ရှေးရှုသင့်ကြောင်း NGO အဖွဲ့တဖွဲ့က သုံးသပ်ပြောဆိုသည်။
Comments (3)Add Comment
0
food or politic?
written by Kyaw, March 25, 2010
ဘာလိုလိုနဲ့ နာဂစ် မုန်တိုင်းလဲ ၂-နှစ် ပြည့်တော့မယ်။

နာဂစ်ဒန်ခံရသူတွေဟာလဲ အခုထိ ဒုတ်ခ ရောက်တုန်း။

ဒါပေမဲ့ ဧရာဝတီ သတင်းတွေ- ဆောင်းပါးေ တွကို လိုက်ဖတ်= ကည့်တော့ ဒါဇင်နဲ့ ချီရှိတဲ့ လူတွေက နိုင်ငံရေး ကိတ်စတွေမှာ ထင်မြင်ချက် ရေးသလောက် နာဂစ်နဲ့ လူသားချင်း စာနာတဲ့အကူညီ=ကတော့ ၂-ယောက်ဘဲ့ရေး ထားတာတွေ့လို့။

ဘာများ လွဲနေလဲဗျာ။ လူတွေက နိုင်ငံရေးဘဲ့ စိတ်ဝင်စားပီး ကယ်ဆယ်ရေး စိတ်မ၀င်စားတဲ့ သဘောလား။
ဒါမှမဟုတ် နိုင်ငံရေးအမြင်က ပြောရ လွယ်လို့လား။

နာဂစ် ၂-နှစ် အမှီ ၀ိုင်းကူ=ကစို့။။
နိုင်ငံတကာ ကယ်ဆယ်ရေးတွေ ပိုရအောင် ၀ိုင်းပြော=ကစို့ဗျာ။
ဒါတွေက ဘယ်အစိုးရ တက်တက် လုပ်ရမှာဘဲ့ ဆိုတော့ ရွေးကောက်ပွဲ ၀င်သင့်-မသင့် အငြင်းပွါးနေတာထက်
ဒီနေ့ ထ-လုပ်ရမဲ့ အလုပ်တွေဖြ စ်တယ်လို့ ထင်မိပါတယ်။
0
Letter for Cyclone affected people!!
written by shady, March 20, 2010
Dear,

Pls do not interfere your lives! We know it is a very struggling life for you! Still there are many people who are striving for you! You are not neglected at all. Therefore, pls try to survive for yourself and your community! We are besides you!! We are trying to be able to help you!!
We do not forget you!!
0
Let's help the cyclone victoms!!!
written by shady, March 20, 2010
Dear all,
Please pls help Nargis victims with continual support to reform their lives!! It hurts me most that until after two years, their lives are still a struggle, STILL IN WORST CONDITION!!smilies/cry.gif Although surviving, their lives are sill under safety net!! Do they have to wait for their last days by every day half- starving lives???? Let's not let them go that way! Let's help our people with every efforts what we can do for them whether big or small ones!!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်