သူလိုလူသို့ စာလက်ဆောင်

(၁)
မနှစ်နွေက ဘိလပ်တွင် ဦးလေးဝမ်းကွဲတယောက်၏ ဇနီးဆုံး၍ ရက်လည်သွားရာတွင် ဦးလေးယောက္ခမကြီး နှင့် တွေ့ပါသည်။ ဒီဘဘကို တွေ့ဖူးပါတယ်ဟု စဉ်းစားရင်း ငါက ကိုဝင်းတင်သူငယ်ချင်း တမြို့တည်းသား အတူတူ နေကြတာဆိုမှ ဆူးလေနားက ဆုံနေကျ လူကြီးအုပ်စုတွင် တွေ့ဖူးကြောင်း မှတ်မိတော့သည်။


အန်ကယ်ဦးဝင်းတင်ကိုထောင်ဝင်စာပို့နေကျ ဘဘဦးမောင်မောင်ခင်၊ အဘလူထုဦးစိန်ဝင်းဆီစာအုပ် လာ လာ ယူတာလည်း သတိရမိသည်။ ယခုလည်း အန်ကယ် ၈၀ပြည့်ပြီဆိုပေမင့် စိတ်ထဲတွင် သူ့အသက် ၆၀ လောက်ရှိသေးသည်ဟု အမှတ်မှားနေမိသည်။ ပြည်သူတို့၏ စကားပြန်ကောင်းကို အနှစ်၂၀လောက် ကျနော် တို့ ဆုံးရှုံးခဲ့သည်ကိုး။ ထိုနှစ်များအတွင်း ဘဘ၀တီ၊ ပေါ်သစ် စသည့် အနွတ္တများဖြင့်သာ သူ့ကို ရည်ညွှန်းခဲ့ ကြရသည်။ လူချင်းမတွေ့နိုင်သဖြင့် စာနှင့်သာ သူ့ကိုရင်းနှီးခဲ့ရသည်။ သူကလည်း ဆိတ်ဖလူးရိပ်မှ နေ၍ မြန်မာ စာနယ်ဇင်း ခရီးကြမ်းကို အကခတ် အားပေးနေခဲ့သည်။

U-Win-Tin-group

ဂျာနယ်ကျော်မမလေး၏ သူလိုလူကိုဖတ်ပြီး သတင်းနတ်ဖမ်းကပ်ကာ ဦးချစ်မောင်လမ်းကို လျှောက်ခဲ့သော အန်ကယ်ဦးဝင်းတင်ကား သတင်းနှင့် တိုင်းရေးပြည်ရေးလောကအပေါ် ကိုလိုနီဖက်ဆစ်ထက် ဆိုးအောင် ဖိနှိပ်သောခေတ်ကျပ်ကြီးတွင် ထောင်သက်ရှည်ကြီးကို မသေမပျောက်ဖြတ်သန်းခဲ့သည့် ရှာမှ ရှားသည့် သတင်းစာဆရာပါပေ။ ယခုအထိ သိပ်ခေါင်းမာတဲ့ ခေတ်အောက်နေသည့် အဘိုးကြီးဆိုသော မလိုတမာ စကားများကို ကြံ့ကြံ့ခံရင်း ဒီမိုကရေစီတိုက်ပွဲတွင် မြန်မာလူထုလမ်းမှားမရောက်စေရန် အဓိက ခေါင်းဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ပေးနေသူလည်းဖြစ်တော့သည်။ သူကတော့ “သူနိုင်ငံရေး လုပ်ခဲ့တာ ကိုယ်ချင်းစာစိတ်နဲ့ လုပ်တာ၊ ဘာမှထူးထူးထွေထွေမရှိပါဘူး”ဟုသာ ပြောပေမည်။

အဘွားသိမ်းခဲ့သည့် သတင်းစာဟောင်းများထဲမှ  သားရေဖုံးနှင့်ချုပ်ထားသော ၁၉၆၀-၇၀ကျော်က ကြေးမုံအုပ် တွဲ များကိုလဲ ပြန်အောက်မေ့လာသည်။  ဟိုစဉ်ကတော့ ဒါတွေဘာလို့ သိမ်းတာလဲဟု အဖွားကိုမေးမိပါ သည်။ ကြေးမုံက စာမျက်နှာဖွဲ့တာကောင်းတယ်၊ ဒါကြောင့် နမူနာရှိအောင် သိမ်းတာဟု ပြန်ဖြေ၏။ တခြားတော့ မသိပါ၊ ကြေးမုံက ဓာတ်ပုံတွေကောင်းတာတော့ မှတ်မိသည်။ ရေတပ်ဦးစီးချုပ် သရေစည်သူ ကိုမိုဒိုသန်းဖေ မသာ၌ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တော်လှန်ရေးကောင်စီဝင်များ မိုးသည်းထဲတွင် ဝင်ဒါမီယာ ပါတ်မှ ကြံတောသို့ ခြေကျင်လျှောက်ပီး အသုဘပို့သည့်ပုံ၊ တရုပ်-ဗမာအရေးအခင်းတုန်းက မြို့ထဲလူမဝင်နိုင် အောင် သာကေတကြိုးတံတားကြီးကို အပေါ်ဆွဲတင်ထားသည့်ပုံ၊  နောက် ပါမောက္ခကြီးတဦး မိန်းမခိုးပြေး တုန်းက ဘူတာကြီးတွင် သတင်းထောက်တွေ အပြေးအလွှား ဓာတ်ပုံလိုက်ရိုက်ကြသည့်ပုံ စတာတွေကို မှတ်မိနေသည်။ ရွာရပ်ဝန်းကျင်က သနေရှင်း၊ ဂျာကာတာပို့စ်စသည်တို့ကိုတွေ့လျှင် ပုဂ္ဂလိကကြေးမုံ၊ နေးရှင်း၊ လူထုတို့ကို လွမ်းရသည်။

(၂)
ခုတလော လွတ်လပ်တဲ့အာရှအသံမှ အန်ကယ်နှင့်တွေ့ဆုံမေးမြန်းခန်း “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်း ကိုလျှောက်ခြင်း”  နားထောင်မိရင်း စာအုပ်အဖြစ် မှတ်မှတ်သားသားပြန်ထုတ်စေချင်စိတ် ပေါက်မိသည်။ သူနှင့်ခေတ်ပြိုင်တချို့ ဗိုလ်ချုပ်ကြီးခေတ် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတွင် အားကြိုးမာန်တက် ဝင်နွှဲရင်း လူပြောင်းစိတ်ပြောင်းဖြစ်ကာ “ခွေးကတက်” ဂျာနယ်လစ်ဖြစ်သူတွေဖြစ်၊ တချို့လဲ ဗိုလ်နေဝင်းနှင့် ခွာပြဲ အဝေးလွင့်မှ တဖက်စောင်းနင်းအပုပ်ချစာတွေရေးကာ သတင်းသမားမပီမမြည် ကျင့်ကြံသွားကြသူများ ရှိပါသည်။ အန်ကယ်ကား မြှောက်စားချိန်တွင်လဲ မတောက်ကြွားခဲ့ဘဲ အစိုးရလခစားသတင်းစာဆရာဘဝ တွင် ရသလောက် “စပေ့စ်”ကို အဟုတ်တိုက်ယူခဲ့သည်။ အလုံးစုံသော လောကမုန်တိုင်းတို့နှင့် ဆုံရကြုံရပီး ချိန်တွင်လဲ အာဃာတမရှိ မဆလခေတ်သတင်းလောကကို တည်တည်ငြိမ်ငြိမ်ပြန်လည်သုံးသပ်ပြနိုင်သည်။ သူ၏ ကြေးမုံ၊ ဟံသာဝတီကိုယ်တွေ့များကို လက်ရှိသတင်းမျိုးဆက်များ နားဆင်ပြီး လာတော့မည့် မြန်မာ့ ဒီမိုကရေစီလမ်းစဉ်ခေတ်တွင် ဘယ်လိုဆက်ချီတက်ကြမည်ကို ချင့်ချိန်သင့်ကြသည်။ အတိတ်ကို အခြေပြု သင်္ခန်းစာထုတ်တတ်မှ ကျနော်တို့  မှော်ရုံတောတွင် မမောရပေလိမ့်မည်။

ထိုထဲက သမိုင်းအချက်အလက်သစ်တွေလည်း ရတတ်သည်။ ၁၉၅၈ ဝင်ဒါမီယာအာဏာသိမ်းပွဲတွင် ရန်ကုန် ဘဆွေ က အရင်ကြိုသိနေ၍ ဦးဝင်းတင်ကို အရိပ်အမြွက်ပြောပြသည်ဆိုသော အချက်ကို မြဝတီမဂ္ဂဇင်း အစောပိုင်းကာလ(၁၉၅၂-၁၉၅၈) တပ်မတော်၏ ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုရှယ်လစ်လမ်းစဉ်ထူထောင်ပုံ ဆိုသည့် ကျနော့် သမိုင်းမဟာဝိဇ္ဇာဘွဲ့ယူကျမ်းတွင် ထည့်သုံးခဲ့ပါသည်။

စစ်အတွင်း ၁၅နှစ်သားအာရှလူငယ်ဘဝက ဖက်ဆစ်တော်လှန်ရေးစရန် ထွက်လာသောဗိုလ်ချုပ်အောင်ဆန်း ချိုးရန် ရေခပ်ပေးရင်း “ကျနော်စစ်ထဲဝင်ချင်တယ်”ဟု ဗိုလ်ချုပ်ကို သူတောင်းဆိုရာ “စစ်တိုက်မယ့်သူတွေရှိ တယ်၊ မင်းစာသင်ဦး”ဟု ပြန်ပြောသော ဗိုလ်ချုပ်၏ အမြော်အမြင်ကို “ချိုင်းဆိုးလ်ဂျား” ခေတ်ကနေ လှမ်းပြီး ဦးညွှတ်မိပါသည်။ ဗိုလ်ချုပ်သြဝါဒကြောင့် ရန်ကုန်ကို ကရင်မီးဝိုင်းနေဆဲအချိန်မှာပင် စစ်ထဲမဝင်ဖြစ်ခဲ့ဟု ဦးဝင်းတင်က ဆိုပါသည်။ ဝင်ဖြစ်ခဲ့ပါက ယဉ်ကျေးမှု(ဝါ)ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်ဖြစ်ချင်ဖြစ် သွားနိုင်ပြီး လွှတ်တော် ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြသမက် (ဗိုလ်ချုပ်အောင်ဆန်းတူမယောက်ျား) ဗိုလ်မှူးချုပ် သောင်းဒန်လို မြန်မာသတင်းသမား၊ အနုပညာသမားများကို စာနာတတ်သော စစ်ဗိုလ်ကောင်းတယောက်ကို ရခဲ့နိုင်သည်။

မြသန်းတင့်၊ မင်းယုဝေ စသည့် ကျောင်းနေဘက်စာမွေ့ဘက်များအကြောင်းပြောစဉ်ကလည်း သူတို့၏ ဘာသာပြန် အတတ်၊ ကဗျာအရည်အချင်း စသည်တို့မှာ သူ့ထက်များစွာသာပါသည်ဟု နှိမ့်ချပြောသွားသည်။

စာပေဗိမာန် ဦးထင်ကြီး၊ ခင်မျိုးချစ် စသည့်ပညာရှင်များထံမှ စာနယ်ဇင်းအတတ်ကို ကျကျနန သူဆည်းပူး ခဲ့ရသည်ကို ကြည့်ပြီး အာစရိယဝံသ ခေါ် ဆရာစဉ်ဆက် မပြတ်အောင် ပညာတွေလက်ဆင့်ကမ်းရန် မြန်မာ ပြည်မှာ အထူးလိုနေဆဲဟု စိတ်ဆင်းရဲရပါ၏။ နယ်သာလန်ပြည် ဂျမ်ဘာတန် (သမ္မာမိတ္တ)စာအုပ်တိုက်တွင် ပညာသင်ခိုက် “ဒို့ပြည်သတင်း” ဆိုပြီး ကိုယ့်ငွေနှင့်ကိုယ့်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာတဝန်းရှိ ပြည်ပ ရောက် မြန်မာများထံ စောင်ရေ ၅ဝဝ ခန့် စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေသော စာစောင်ကို ထုတ်ခဲ့လေရာ အင်တာနက်ဆို၍ ကွန်ပျူတာပင် မတွင်ကျယ်သေးသောခေတ်က သူ့ဇွဲနှင့် စေတနာကို အထူးလေးစားမိပါ သည်။ တိုင်းခြားရောက် မြန်မာပညာတော်သင် အညွန့်အဖူးများကို တိုင်းပြည်နှင့် အဆက်မပြတ်စိမ်းမသွား စေလိုသောကြောင့် ဤမျှ အားစိုက်ခဲ့ခြင်းဖြစ်သည်။

အန်ကယ် နယ်သာလန်ရောက်နေခိုက် ဟန်ဂေရီ ကွန်မြူနစ်အရေးအခင်းကိုကြည့်ပီး ဆိုဗီယက်အာဏာရှင် စနစ်ကို အယုံအကြည်ကင်းလာမိသည်ဟု ပြောသွားသည်ကို နားထောင်ရင်း နောက် ၆နှစ်ကြာလျှင် ဆိုဗီယက် ဘားမားသတင်းလောကတွင် ကျင်လည်ရမည်ကို သူကြိုသိခဲ့ပါက ဘယ်လောက်စိတ်ညစ်လိုက် မလဲ ဟု တွေးမိသည်။ မငြိမ်းချမ်းနိုင်သော မြန်မာ့နိုင်ငံရေးက တိုင်းပြည်တွင် ဒီမိုကရေစီပန်းကို အညှာမှ ရိုက်ခြွေသွားခဲ့သည်။

“ကမ္ဘာနီတွင် တဒင်္ဂ”  တွင် ဆိုဗီယက်အတွင်းရေးများ၊ စိတ်ပျက်ဖွယ် ကြိုးနီစနစ်၊ လူငယ်ပြဿနာများကို ပွင့် လင်း စွာဖော်ပြရဲသည့် စိတ်ဓာတ်ကို ချီးကျူးမိတော့သည်။ ၁၉၆၂ ထိုအချိန်တွင် ဗိုလ်ချုပ်ကြီး အာဏာသိမ်း အစိုးရသည် ဆိုဗီယက်ကို သိသိသာသာ မေတ္တာယိမ်းနေချိန်ဖြစ်၍ ဆိုဗီယက်လိုင်းမှ ဦးသိန်းဖေမြင့်၊ ဦးဘညိမ် ကဲ့သို့ လက်ဝဲမင်းတိုင်ပင်များ၏ အငြိုအငြင်ခံကာ ရေးရဲသည့်သတ္တိမှာ နှယ့်နှယ်မဟုတ်။ သူကြုံခဲ့ သည့် သံကန့်လန့်ကာနောက်မှ ပြဿနာများလည်း မြန်မာပြည်ကို အမှန်ကူးစက်ခဲ့ပါသည်။

ပေါ်သစ်အမည်နှင့်ရေးသည့် “အလှရှာပုံတော်” စာအုပ်ကိုဖတ်မိလျှင် မြန်မာသတင်းသမားများ၏ တခါက အနုပညာမျက်စိကို အံ့သြမိကြလိမ့်မည်။ မင်းယုဝေ-ငွေတာရီစုံတွဲနှင့် ဥရောပတခွင် ပြတိုက်တွေလျှောက် ကြည့်၊ မြန်မာမော်ဒန်ပန်းချီရေစီးကို တောက်လျှောက်အကဲဖြတ်လာသည့် ရှေးဦးပန်းချီသတင်းထောက်ပေ ပဲ။  

“ခြေမှာစကား လက်ဖျားကဗျာ”ကို ပြန်ဖတ်လျှင် အမာစိန့်အပြုံးကို ဘိလပ်သတင်းစာများက မည်သို့စာဖွဲ့ သည် ဆိုသည့် အသွားလေးများကို စာမြုံ့ ပြန်ချင်တော့သည်။ ၁၉၇၀ ဦးကတည်းက မြန်မာဂီတ အကကို ခေတ် နှင့်အညီဆန်းသစ်ရန်၊ မဟုတ်က အပေါစားသရုပ်ပျက်တို့က ဝါးမျိုမည်ဟု သူကြိုသတိပေးခဲ့သည်။

ဝါးလုံးခေါင်းထဲ လသာခဲ့သည့် ကျနော်တို့ရိုးရာယဉ်ကျေးမှုများကို ကိုရီးယားရုပ်သံဇာတ်လမ်းနှင့်ကာရစ်ဘီယံ ဂီတက မည်သို့ဝါးမျိုထားသည်ကို အန်ကယ်ရေးစေချင်ပါသေးသည်။

သူကား ဆရာဒဂုန်တာရာရေးသကဲ့သို့ “တညလုံး အယ်ဒီတာစားပွဲ ထိုင်ကာ လင်းအားကြီးမှ အိမ်ပြန်အိပ် သူ။ အိပ်ရာမှနိုးလျှင် ပြိုလဲနေသော စာအုပ်ပုံများကို ဖုံခါကာ ယိုင်နေသော ရောမအချစ်နတ်သမီး ကိုယ်လုံး တီး ရုပ်တုကို တန်းပေါ်ပြန်တင်ပြီး ကဗျာပေါင်းချုပ်ဖတ်လျက်တန်းလန်းက ဝတ္ထုတပုဒ်ဖတ်ပြီး ထမင်းပင် မစားအားဘဲ ပန်းချီပြပွဲသို့သွားသူ” … သူဝတ္တုလို ခြယ်မှုန်းထားသည့် ဒဂုန်တာရာ၏ ပန်းနုရောင်အို စာအုပ် အမှာကိုပဲ သတိရသေးတော့။ အန်ကယ် ဦးဝင်းတင်၊ ဆရာမြသန်းတင့်၊ ကျော်အောင်၊ ကြည်အေးတို့ မျိုးဆက်ကို တာရာမဂ္ဂဇင်း၏ သားသမီးများဟု ခေါ်လောက်ပေသည်။

သူ့အနှစ်၂၀ ထောင်သက်ကား တိုင်းပြည်အတွက် အဖိုးတန်ပညာရပ်အနုစာပေများ ဖြန့်ဖြူးပေးမည့် ဦးနှောက် တလုံးဆုံးရခြင်းတည်း။ ဘယ်တော့များမှ မြန်မာပြည်တွင် သူစာပြန်ရေးရမည် မသိတတ်ပါ။သူ့လိုပဲ ခေတ်အဆက်ဆက်မြန်မာစာပေတွင် ဆုံးရှုံးခဲ့ရသည့် မင်းလတ်ရဲခေါင်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ နိုင်ဝင်းဆွေ၊ မင်းသုဝဏ် စသူတို့၏ မဲဇာနှစ်၊ နရသိန်နှစ်၊ ဆင်ဆာနှစ်များကို တွေးမိတိုင်း စိတ်မချမ်းသာ။

(၃)
လန်ဒန်တက္ကသိုလ် ကျောင်းသားသမဂ္ဂစာစောင်တွင် မြန်မာစာပေနှင့် နိုင်ငံရေးအကြောင်း စာတိုတပုဒ်ရေးရာ ၌  ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်များ အထဲရောက်နေခိုက် ဦးဝင်းတင်နှင့် ဦးစိန်ဝင်းကဲ့သို့ ဝါရင့် စာနယ် ဇင်း သမားကြီးများက ပြည်တွင်းတွင် ရှေ့က မားမားရပ်ပြီး မှန်ရာကို ရဲရဲပြောနေဝံ့၍သာ မြန်မာ့နိုင်ငံရေး သက်ဆိုးရှည်နေသည်ဟု ကျနော်ရေးခဲ့ဖူးပါသည်။ အန်ကယ်၏ နိုင်ငံရေးကဏ္ဍကို ကျွမ်းကျင်သူပဏ္ဍိတ်များ က သုံးသပ်ပါလိမ့်သည်။ သူ့လမ်းကြောင်းနှင့် နိုင်ငံရေးအမြင်က လက်ဝဲဆန်ကောင်းဆန်မည်။

ပရိယာယ်မဲ့ချင်မဲ့လိမ့်မည်၊ ခန္တီဝါဒီများအတွက် ကြမ်းတမ်းလွန်ရာပင် ကျနိုင်သည်။ သို့ပင်ဖြစ်ငြား မြန်မာ့နိုင်ငံ ရေးရေဆန်လမ်းတွင် လူထုကို တကယ်ကိုယ်စားပြုပြီး ပြားချပ်နေသော တုံးအောက်ကဖားအများစုကြီးဘဝ သက်သာချောင်လည်ရေးကို ဦးတည်သည့် နိုင်ငံရေးသစ်ပေါ်ထွက်ရန် ဦးဝင်းတင်ဆိုသော ဗေဒါတပွင့် (ဖော်ပေါင်းများနှင့်အတူ) ဖိနှိပ်မှု ဘဲအုပ်များ အယက်အကန်ကိုခံ၍ အံကိုခဲ ပန်းပန်လျက်ရှိဆဲဟု ကျနော် ဆိုချင်ပါ၏။

မစ္စတာမောင်မှိုင်း၊ ဘကြီးဘဘေ၊ ဦးရွှေကြူး၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော်ဦးချစ်မောင် စသူတို့ လျှောက်ခဲ့ သော စာနယ်ဇင်းနှင့်နိုင်ငံရေးတွဲပြီး တိုင်းပြည်ကို ထူထောင်သည့် လမ်းကြောင်းတွင် အန်ကယ်တယောက် တိုင်းပြည်မျက်နှာငဲ့သည့် တကြောင်းတည်းသောစိတ်ဖြင့် ပညာဉာဏ်သုံးလျက် လျှောက်နေဆဲ။

နှစ်ဆန်းက ကျနော့်အဘိုး လူထုဦးလှ ရာပြည့်ပွဲကို မအားလပ်သည့်ကြားမှ အန်ကယ် အဝေးပြေးကားစီး လာရုံမက မေမြို့က အဘွားအမှတ်တရ ကျောက်တိုင်လေးသွားကြည့်သည်ဆို၍ အဘွားသာရှိရင် သူ ထောင်ကထွက်ချိန်မှာ “လူထုဧည့်သည်” လုပ်ပြီး လာနားနေခိုင်းမှာဟု အောက်မေ့မိပါသည်။ သူ့ဆီ ကသည်းဟင်းလေးချက် ထောင်ဝင်စာ ပို့နေကျ ဆရာတော်ဦးပညာနှင့် အခြား မန္တလေးက စာမိတ်ဆွေကြီး များကို စုံစုံလင်လင်ပြန်ဆုံရသဖြင့် ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းဆက်လျှောက်ရန် အန်ကယ် အားသစ် တွေ ရပါစေ၊ သူလိုလူငယ်တွေ အများကြီး မြန်မာစာနယ်ဇင်းနှင့် နိုင်ငံရေးလောကတွင် မြှုပ်နှံပြီး ယဉ်ကျေး ခေတ်မီသည့် မြန်မာနိုင်ငံသစ်ကို အမြန်ထူထောင်နိုင်ကြပါစေဟု သူလိုလူသို့ သက်ရှည်ကျန်းမာပြီး အန္တရာယ် ရန်စွယ်ကင်းစေဖို့ မွေးနေ့ဆုမွန်ပို့သအပ်ပါသည်။

Comments (7)Add Comment
0
ဧရာဝတီသို့
written by Tuumar, March 16, 2010
အလွန် တန်ဘိုးရှိတဲ့ ရှားရှားပါးပါး ဒီ ဓါတ်ပုံကို နာမည်လေးတွေ တပ်ပြီး ပြန်ထည့်ပေးပါရှင်။
လေးစားရတဲ့ ဆရာကြီးတွေပုံ အမှတ်တရ သိမ်းထားချင်လို့ပါ
0
အရင်ရာစုဝက်က စာနယ်ဇင်းသမားများ
written by Bo, March 16, 2010
ရှေ့ တန်း ဝဲမှယာ - ယူပီအိုင် ဦးဘသန်း ၊ ... ၊ လူထုဦးလှ ၊ ဦးသုခ၊ အောင်ဗလ ၊ သော်တာဆွေ
နောက်တန်း ဝဲမှယာ - မြမျိုးလွင် ၊.... ၊ .... ၊ ဒီဆူဇာ ဦးခင်ဇော် (မန္တလေး ခေါင်းဆောင် သတင်းစာ အယ်ဒီတာချုပ်နှင့် ရုပ်ရှင် မင်းသားဟောင်း ကိုခင်အောင်) ၊ ဇဝန ၊ ဝင်းမော်ဦး ဦးတင်မောင် (ရန်ကုန် လူထုတိုက်ခွဲ မန်နေဂျာ၊ ညောင်လေးပင် ပမညတအမတ် ၊ လူထုဦးလှ တူ) ၊ ...... ၊ ဦးဝင်းတင်၊ ရွှေပိန်သောင်း ၊ .......

(ဦးဝင်းတင်ပဲ သက်ရှိထင်ရှား ကျန်လိမ့်မယ်)
0
ဆရာ သော်တာဆွေ?
written by ပိုးစုန်းကြူး , March 15, 2010
အရှေ့ တန်း ယာဖက် က .. ပထမဆုံး ဘေးတိုက် ထိုင်နေတဲ့ သူက ဆရာ သော်တာဆွေ လို့ ထင်ပါတယ် .. ပါးချိုင့်ကြီး နဲ့  လူငယ် ချောချော လေ .. ဆရာ သူ့ ကိုယ်သူ ခဏ ခဏ အမွှမ်း တင်လေ့, စာတွေ ထဲ ထည့်ရေးလေ့ ရှိတဲ့ ပါးချိုင့် ပေါ့ smilies/cheesy.gif
0
Literary Present to the "Man like Him" (U Win Tin)
written by Dr Maung Maung Nyo, March 14, 2010
Your photo is a historic one. I can make out many persons: Ludu U Hla, Say Thu Kha, Zawana, O Way U Nyi Mya, Aung Bala, Thawdarswe etc. Can you tag them?
0

written by thantsin, March 14, 2010
ချီးကူးထိုက်သူ ဆိုတာ၊ ဒီ လိုလူ မိုးကို ခေါ်ဆိုပါသည်။
0
...
written by Angel, March 13, 2010
Thank a lot KO Bo Bo Lan Sin because you let us know more about Uncle U Win Tin. It really inspire for our new generation and we can seen how much Uncle love to ဗိုလ်ချုပ်အောင်ဆန်း and Burma.

Right now, time is very important to challenge back Junta 2010 election. Uncle already done a lot of work for the freedom of Burma. So, I really feel that now is our turn for our freedom and Democracy for Burma.
0
Journalist Statesman U Win Tin
written by Dr Maung Maung Nyo, March 13, 2010
Congratulations! The essay rightly depicts the character of unselfish, untiring, invincible Journalist statesman U Win Tin on his 80th Birthday. May he live beyond a century of years.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်