ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်

ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဟု ဆိုသည့် ရွေးကောက်ပွဲ အတွက် အနည်းဆုံး ရှိသင့် ရှိသင့်ထိုက်သော ပြင်ဆင်ခွင့် ပြုရမည့် အချိန်မှာ အနည်း ငယ်သာ ကျန်တော့သည်။ ထိုအချက်ကပင် ရွေးကောက်ပွဲ၏ ဖြစ်လာလတ္တံ့သော သရုပ်သကန်ကို ဖော်ပြနေသယောင် ရှိသည်။ သို့သော် ဤအခြေအနေမှာပင် ကွဲပြားခြားနားသော အထိုင်ပေါ်မှနေ၍ ရွေးကောက်ပွဲသို့ ဝင်ရေး၊ မဝင်ရေး ဘက်နှစ်ဘက်မှာလည်း အကြောင်းပြချက် ကိုယ်စီဖြင့် ပြင်ဆင်နေကြသည်။ အပြန်အလှန် ဝေဖန် စောကြောနေကြသည်။ မည်သို့သော အခြေခံ ကွဲပြားချက်ပေါ်မှ ပြင်ဆင်ကြသနည်းဟု သုံးသပ်ကြည့်ရန် ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခင်တပတ်က  ၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံ ကျင်းပရာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခု ပါဝင်ခဲ့ပြီး အကြိတ် အနယ် ရှိခဲ့သည်။ ဝင်ရေး ဘက်တွင် မကြာသေးမီက ပေါ်ပေါက် လာသည့် ဒီမိုရက်တစ် ပါတီမှ ဦးသုဝေနှင့် မြန်မာနိုင်ငံရှိ NGO တခုမှ ဒေါက်တာ ခင်ဇော်ဝင်းတို့က ရပ်တည် ပြောဆိုခဲ့ ကြပြီး မဝင်ရေး ဘက်တွင် ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ ဦးမောင်မောင်က ပြောဆိုသည်။ ယင်းသို့ ဝင်ရေး မဝင်ရေး ဘက် နှစ်ဘက် အပြင် နယ်ပယ် မျိုးစုံမှ လာသော ပရိသတ်များ၏ မေးခွန်းများ၊ ဝေဖန်မှုများ၊ စကားစစ်ထိုး မှုများသည် အနည်းနှင့် အများဆိုသလို မြန်မာ့နိုင်ငံရေး ဝန်းကျင်၏ စရိုက် လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြနေ သယောင် ရှိသည်။

ရွေးကောက်ပွဲ ဝင်ရေး၊ အထ
ရွေးကောက်ပွဲဝင်ရေးဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့၏ ခြေလှမ်းကို ဆိုလိုပါသည်။ အစဉ်အလာ ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တချို့၊ ယင်းတို့၏ ပါတီများ၊ ရွေးကောက်ပွဲကို ထွက်ပေါက်ဟု သဘောထား ပေါ်လွင်စွာ ဖော်ပြလာသော ပြည်တွင်း မီဒီယာများဟု ထည့်သွင်း ရေတွက်နိုင်သည်။ သူတို့အဖို့ ကာလရှည်ကြာစွာ မလူးမလွန့်သာသည့် အနေအထားမှ ရွေ့လျား လိုလာသော သဘောကို ထင်ဟပ်သည်။ လှုပ်ရှားစရာ 'ခွင်' မရှိသည့် အချိန်တွင် ရွေးကောက်ပွဲကို ကောက်ရိုးတမျှင် အဖြစ် ယူဆလာသည်။ လွှတ်တော်တွင် အလိုအလျောက် နေရာရမည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဟူသော ပြဌာန်းချက်ဖြင့် ချည်တုပ်ထားသည့်တိုင် လတ်တလောတွင် ဘောင်အတွင်းမှ လှုပ်ကြည့်ကြမည့်၊ လွှတ်တော်ကိုလည်း 'စင်' တခု အဖြစ် မြင်ယောင်ကြည့်နေကြသည့် သဘောကို တွေ့ရသည်။

ဝင်ရေးဘက်မှ ရပ်တည် ပြောဆိုရန် ညီလာခံ တက်ရောက်လာသည့ှ် ဦးသုဝေနှင့် ဒေါက်တာခင်ဇော်ဝင်းတို့က အထက်ပါ အတိုင်းပင် ရည်ညွှန်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကာအကွယ်ယူ၍ တပ်ဆုတ်သည်ဟု ဦးသုဝေက ယူဆသလို၊ နိုင်ငံရေးသမားများ မလှုပ်ဘဲနေကြလျှင် မြန်မာပြည် အခြေအနေ ပိုဆိုးသွားမည် ဟုလည်း ဒေါက်တာခင်ဇော်ဝင်းက ထောက်ပြသည်။ သူတို့က ရွေ့လျားမရသည့် အနေအထားတွင် စစ်အစိုးရ ဖွင့်ပေးလာသည့် ကန့်သတ်ချက် လမ်းကြောင်းအတွင်းမှ မျှောလိုက်ကြည့်ကြမည်ဟု သဘောရသည်။

ဤ ဝင်ရေးဘက်ကို သုံးသပ်ကြည့်လျှင် အလျှော့အတင်းနှင့် ကစားနေရသည့် အဖြစ်ကို မြင်ရသည်။ ရသည့် အောက်ခြေကို တဆင့် တိုးကြည့်မည်၊ 'ထ' ကြည့်မည်။ သူတို့အတွက် လွှတ်တော်နှင့် လွှတ်တော်ရောက်မှ မီးစင်ကြည့်ကရေးသည် ဒုတိယ အစီအစဉ် ဖြစ်နေသည်။ အောက်မှ အထက်သို့ မျှော်ကြည့်သည့် စနစ်ဟု မြင်ရသည်။ သို့သော် ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဖြစ်မည်လား၊ လှုပ်ကြည့်မှ မြုပ်မည်လား ဆိုသည်က စောင့်ကြည့်ရန်သာ ရှိသည်။

ရွေးကောက်ပွဲ မဝင်ရေး၊ အထိုင်
မဝင်ရေး အထိုင်တွင် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ပြည်ပ မီဒီယာတချို့တို့ ပါဝင်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ဝင်ရေး မဝင်ရေးကို ရွှေဂုံတိုင်ကြေညာချက်ဖြင့် စည်းသတ်ထားသည်။ လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်၊ မလိုက်လျောလျှင် မဝင်ဟု လမ်းကြောင်းပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်သူများ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုသူက တောင်းဆိုသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံဆော်သြသူက ဆော်သြသည်။ ၉၀ ရွေးကောက်ပွဲ ရလဒ်မှ အစချီ၍ စစ်အာဏာပိုင်များ၏ ကတိကဝတ်၊ လုပ်ထုံး လုပ်နည်းများကို လုံးဝမယုံကြည်ဟု ငြင်းဆိုသည်။ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ဆက်လုပ်လျှင် တိုက်ပွဲ ဆက်ဝင်မည်ဟု ဦးမောင်မောင်က ဦးသုဝေ၊ ဒေါက်တာခင်ဇော်ဝင်းတို့ ရှေ့မှောက်မှာပင် ပြောခဲ့သည်။

မဝင်ရေးဘက်မှ သုံးသပ်ရမည်ဆိုလျှင် လျှော့ရန်လည်း မရှိသလို၊ အချော့လည်း မခံဟူသော ခံယူချက်ကို ထင်ဟပ်ပြသည်။ ဝင်ရေး 'အထ' အဖွဲ့နှင့် မတူဘဲ အထက်ပိုင်း ပေါ်လစီဖြစ်သော ၂၀၀၈ အခြေခံဥပဒေပိုင်းမှ စတင် ကိုင်တွယ် ပြင်ဆင်လိုပြီး ကျန်ကိစ္စက ဒုတိယ အစီအစဉ်ဖြစ်သည်။ အထက်မှ အောက်သို့ တဆင့်ချင်း သွားရန် စဉ်းစားသည့် စနစ် ဖြစ်သည်။ ကမ္ဘာ့မိသားစု အဖွဲ့အစည်းများကို ဆွယ်တရားဟောမည်ဖြစ်သည်။ အထိုင်အနေနှင့် 'ယိုင်' ဖို့ မရှိဟု သုံးသပ်ရသည်။

အဓိကအားဖြင့် နှစ်ဘက်စလုံး၏ ဦးတည်ရာ လမ်းကြောင်းတို့မှာ ရသလောက် စပြီး ပေါ်လစီကို တက်ပြင်ရေး၊  ပေါ်လစီ အပေါ်ပိုင်း ပြင်ပြီးမှ အသေးစိတ် ဆက်သွားရေး ဟူ၍ ပြောင်းပြန် ဖြစ်နေကြသည်။ အတွင်းက 'ဘောင်'ကို ကန့်သတ်ချက် အနေနှင့် လက်ခံပြီး ကစားသည်၊ အပြင်က 'ဘောင်'ကို ဖျက်သိမ်းပစ်ရေး အရင် တောင်းဆိုသည်။ တနည်းအားဖြင့် ဝင်ရေး အပိုင်းက အပျော့ထည် သုံးပြီး မဝင်ရေးက အမာထည်ကို ကိုင်စွဲသည်။

တဖက်တွင် စစ်အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို မသိကျိုးကျွံ ပြုလျက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် ပြည်တွင်း အတိုက်အခံ အင်အားစုကို ချည့်နဲ့အောင် လုပ်ထားဆဲ ဖြစ်သည်။ ခါးပိုက်ဆောင်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ခြေလှမ်း သွက်လာခြင်း၊ စစ်ဝတ်စုံ ချွတ်ရန် ပြင်ဆင်ခြင်း၊ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်မှ စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းယူလာခြင်း စသည့် မူမမှန်သော ခြေလှမ်းများကို တွေ့နေရသည်။

အာဏာပိုင်တို့က ရွေးကောက်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်ခွင့် မပေးသေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့မှာ ရွေးကောက်ပွဲကို လက်ခံလိုသူ၊ ဝင်လိုသူများအတွက်ပင် ထိခိုက်စေသော အချက်များဖြစ်သည်။ ယင်းအချက်သည်ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ အဖို့ ခိုင်မာသော အကြောင်းပြချက်လည်း ဖြစ်လာစေသည်။ ဝင်ချင်သူများအဖို့ သေချင်သည့်ကျား တောပြောင်း ဖြစ်မည်လော၊ အစဉ်တစိုက် ဆန့်ကျင်သူများအဖို့ရော မည်မျှ အထိုင် ညောင်းဦးမည်လဲ ဆိုသည်မှာ မကြာမီ ထွက်ရှိလာမည်ဟုမျှော်လင့်ရသော ရွေးကောက်ပွဲဥပဒေအပြင် ရှေ့တလှမ်းတိုးသွားမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပေသည်။     ။
Comments (16)Add Comment
0
ပြည်သူတွေ ဆုံးဖြတ်ပါစေ
written by ဘောလုံးပန်း, March 29, 2010
ဘာအတွက်ကြောင့် အရာရာကို ခေါင်းခါငြ င်းနေကြသလဲ မသိ.. ကျွန်တော့် အမြင်တော့ ဗမာတွေမှာ ဒီထက် ရှုံးစရာ မရှိတော့ပါဘူး.. NLD မှာ ဒေါ်စု မပါလို့ ရွေးကောက်ပွဲ မ၀င်သည့် တိုင်အောင် တခြား ပါတီတွေ ကြိုးစားမယ် ဆို ဘာမှပြစ်တင် မနေသင့်ပါဘူး.. လိုချင်တဲ့ အတိုင်း အတိ အကျ မရလို့ မပါဘူးဆို ဘေး ထွက်ထိုင်နေလိုက်.. တခြား သူတွေက ရသလောက် အခွင့် အရေးနဲ့ တိုင်းပြည်ကို ရသလောက် ပြောင်းလဲဖို့ ကြိုးစားရင် တတ်နိုင်သလောက် အကူအညီ ပေးလိုက်ပါ.. ရွေးကောက်ပွဲ ၀င်ရင် စစ်အစိုးရ လိမ်ဆင် ထောက်ခံရာ ကျမယ် ဆိုတဲ့ ဆင်ခြေကတော့ သိပ် အကြုံး မ၀င်သလို ပါပဲ.. ဘာလို့လဲ ဆိုတော့ ဒီစစ်အစိုးရက ဘယ်သူ ထောက်ခံခံ မထောက်ခံခံ ဂရုကို မစိုက်လို့ပါ smilies/smiley.gif.. ပြီးတော့ အတိုက်အခံ သမားတွေ ခေါင်းမာမယ် ဆိုတိုင်း တို့ပြည်သူတွေမှာ အချိန်ဘ ယ်လောက်ရှိသလဲေ တွးသင့်ပါတယ်.. တိုင်းပြည်ထဲက လူတွေမှာ ငတ် မသေရုံ တမယ်ပါ.. သူတို့တွေက ပြည်ပရောက် အတိုက်အခံ သမားတွေလို အဆင် မပြေတိုင်း Benefit ခံစားစရာ မရှိပါဘူး smilies/angry.gif
0
let public decide and vote for their future
written by Ko, March 20, 2010
people are sufferring too much over two decades in this battle. There is no choice, no one can help from outside even UN,US or EU. Fighting is not possible again by peacefully. No one provided and organized enough practically to fight military govt back with weapons. If that happened, there would not such a long sufferring right now. Therefore, let public decide by giving votes and wait who will win the election. It is not time to waste again for nothing change.
0
တိုင်းပြည်ကို အရူးလုပ်နေတာ လိုက်ရူးမနေကြနဲ.
written by မောင်မောင်, March 15, 2010
ဘယ်သူဘာလုပ်လုပ် သူတို.ဘဲ အပေါ် ရောက်အောင် မတရား လုပ်မှာဘဲ။ ငြင်းနေလို.မောတာဘဲ ရှိကြမယ်။ ဥပဒေဆို တာ သေနပ်ပြောင်းဝက ထွက်နေတာ။ အငြင်း ပွားရင် လူတွေ ပိုသေအောင် သတ်မှာဘဲ။ သေမထူး နေမထူး ဇာတ်ပဲ ခင်းရ တော့မှ မြန်မာနိုင်ငံ ကောင်းစား တော့မှာ၊ မိုက်ပြီး သူသေကိုယ်သေ ချရအောင်ကလဲ လက်နက်ပေးမဲ့ လူက မရှိဘူး။
0
ကျန်းမာရေး ကောင်းမှ ဖြစ်မယ် ..
written by lestat, March 09, 2010
သိက္ခာပုဒ်ေ တွလဲ စုံပါရောလား .. ထိုင်တာ ကော ထတာကော လှဲတာကော ... အင်း ကျန်းမာရေး ကောင်းမှ ဖြစ်မယ် ဖြစ်မယ့် ဟာတွေက ဖြစ်လာတော့မှာ ဆိုတော့ ကောင်းတာ တစ်ခုခု လုပ်ပေးချင်ရင် ကျန်းမာရေး ကောင်းမှ ဖြစ်မယ် ...
0
My point of view
written by no-one, March 08, 2010
Here is my point of view for activitist.
1) Everybody has their right to choose their own way .
2) Do not look back or regret what you did after that.
0
မေးမယ်နော်............
written by လေကြောင်, March 07, 2010
ရွေးကောက်ပွဲ ဥပဒေ က ဘာဖြစ်လို့ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေတာလဲ ...သိလား.. ....... .....၊ ဒီမှာက .....ဆင်ကြံကြံနေတာ ၊ကဲ...နိုင်ငံတော် သမ္မတ သည် ကျောက်ဆည်သား ဖြစ်ရမည်၊ ဒုတိယ သမ္မတသည် စက်မှု တက္ကသိုလ် ကျောင်းဆ င်းဖြစ်ရမည်၊ ငယ်ရွယ်သူ အသက် ၂၀ ၀န်းကျင် ဖြစ်ရမည်၊ ကာကွယ်ရေး ဦးစီးချုပ် သည် လေတပ် အတွေ့ အကြုံ ရှိရမည် ၊ ......... ..ရွေးကောက်ပွဲ ၀င်မည့်သူသည် ထောင်ကျဘူးသူ မဖြစ်စေရ ၊နိုင်ငံတ ည်ဆောက်ရေးအတွက် ပြည်သူတ ရပ်လုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်စေခြင်း အကျိုး ငှာ စီးပွားရေး ဆိုင်ရာ အတွက်အ ချက်ကျွမ်းကျင်သူ ပညာရှင် ဖဲသမား ၊၊ ခါးပိုက်နှိုက် ၊အလစ်သုတ် ၊ သူခိုး ၊အရက်ပုန်း ၊ ၄၂၀ ၊ ကြောင်သူေ တာ် များ ၊ နိုင်ငံတော် ကာကွယ်ရေး အတွက် လက်သံပြောင် လက်မရွံ.. ...... ဖွတ်..ပဒတ်.. ....များ ၊ကို သဘောထားကြီးစွာ အရွေးခံခွင့်ပြူမည်။..... ....ဆို တဲ့ရွေးကောက်ပွဲ ဥပဒေမျိုး ထွက် လာမယ်...... ...ဆိုရင်... ...ထိုင်ရမလား... ...ထရမလား...
0
Support
written by Maung Aung, March 06, 2010
Good article, good propose, good aim and give massage. Everyone can support by own idea. Can see both side points of view.
0
Final Decision Maker
written by Zo Khup, March 06, 2010
The final decision maker is the general public. 8888 was started by the people, not Aung San Su Kyi, Min Ko Naing, CPB or the Armed Organizations. Even not by the Monks.


Lets leave this to the hand of The Peoplle this time. I think one person from every house hold of Burma comes out and do something it will be the end for SPDC.

0
အဖြေ
written by YZ, March 06, 2010
အရေးကြီးတာ ကိုယ်အလုပ်ကို စေတနာ မှန်မှန်နဲ့ အမျှော် အမြင် ရှိရှိ အလုပ်လုပ်ကြ ဖို့၊ လူလိ မ်တွေကို သူ့ဖက် ကိုယ့်ဖက် မခွဲခြားဘဲ ဖေါ်ထုတ်ဖို့ လိုတယ်.. လူလိမ်တွေ များနေရင် ဘယ်လမ်း လိုက်လိုက် အောင်မြင်စရာ မရှိဘူး
0
post 2010
written by U pyin nya wa ra, March 05, 2010
၂၀၁၀ ရွေးကောက်ပွဲ ဟာ ဘယ်လိုနည်းနဲ့ မှ တရား မျှတမှူ မရှိနိုင်ဘူး ဆိုတာ ဦးနှောက် နဲနဲပါးပါး သုံးပြီး စဉ်းစား တတ်သူပင်လျှင် သိနိုင်သည့် ကိစ္စဖြစ်ပေသည်။ ဘာဘဲ ဖြစ်ဖြစ် စစ်အုပ်စု က ဒေါ်စု နဲ့  ရှစ်လေးလုံး မျိုးဆက်သစ်တွေကို ထိမ်းချုပ်ထား ယုံဖြင့် အတိုက်အခံတွေရဲ့ လှုပ်ရှားမှုကို ကန့် သတ်နိုင်တဲ့ အနေအထား ဖြစ်သည်။
ပြည်ပရှိ သူတမျိုး ငါတဖုံ ကွဲပြားခြားနေတဲ့ ဆရာ့ ဆရာကြီးများကို ဖုတ်လေသည့် ရှိသည်တောင် အောက်မေ့မည် မထင်။
ဒါကြောင့် မိမိ အမြင် ပြောရ လျှင် ၂၀၁၀ ပြီးသွားပါက ပြည်ပရှိ အတိုက် အခံတွေလဲ နိဂုံးချုပ်။ အထဲက NLD လဲ ပြည်ဖုံးကားချ ယုံသာရှိတော့သည် ဟုမြင်မိပါသည်။ အဘယ်ကြောင့် ဆိုသော် ၂၀၁၀ ပြီးတာနက် တပြိုင်နက် တက်လာတဲ့ စစ်ဘို တမတ်သား အစိုးရ ဖြစ်ဖြစ် ငါးမူးသား အစိုးရ ဖြစ်ဖြစ် အိမ်နီးချင်း နိုင်ငံများက တရားဝင် အစိုးရ လို့  ဆက်ဆံကြပေမည်။ ပြည်သူလူထု ကျောကော့အောင် ခံရမည်မို့  ခံနိုင်ရည် ရှိအောင် ကျင့်ထားကြပေတော့။
မထုံတတ်တေး ဘိုသန်းရွှေ ကို အထင်သေးပြီး ကိုယ်ကိုကိုယ် အထင်ကြီးတဲ့ ဆရာကြီးတွေ ဘာများ လုပ်ကြမှာတုန်း။
0
အားလုံးကို ဆန့် ကျင်သည်
written by ashinjanita, March 05, 2010
ဘယ်သူဘာပြောပြော သိက်ခါရှိတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားပဲ ဖြစ်ခြင်တ ယ် .လူမှာကတိ မင်းမှာသစ်စာတဲ့ 90 ၇လာဒ် သည်သာ သိက်ခါ အရှိဆုံး. မနိုင်လို့ ငြိမယ် တိမယ် ဆိုတာကို လက်မခံနိုင်ဘူး
0
Both sides have their own rights to choose
written by Sai Myanmar, March 05, 2010
I really appreciate this media meeting as it is a way to expose different attitudes peacefully. We don't need hostile situation in our struggle for democracy unless we have enough guns to fight the military.
Both sides are right in their own senses given the situations we faced for more than 20 years. However, I might say hard liner's approaches were a failure as we don't get our destination for democracy yet. Do we need another 20 years by having confrontation with those who are in power or upper hand? We have lost many lives for this. Is it a betrayal if one joined the 2010 election against the hope of those who struggle for democracy since 1988? I don't think so. It will be easy to say we must fight against the election if we don't care about people inside Myanmar. We must recognize that it is not easy for one to say that we should join the election as he will be branded as betrayer- a harsh criticism. Love democracy means love different attitudes. Yes, it is sure we need to change the 2008 constitution, but how to change it and who will change it under current situation?
The best way is to force the SPDC to talk with the NLD to introduce means to withdraw the military from politics peacefully. This means to introduce an agreed amendment clause for the withdrawal of military in the constitution. This is a workable upper structure change. The military in power will not agree any mean that may jeopardize their cause—a cause they believed as the better way for them.
0
ထကြည့်ေ စချင်တယ်
written by မျိုးလွင်, March 05, 2010
စစ်အစိုးရ လုပ်တဲ့ ရွေးကောက်ပွဲကို အပြည့်ဝ ထောက်ခံတာမျိုး မဟုတ်ပေမယ့် ဒီတိုင်း အညောင်းခံထိုင် နေမယ့်အစား ဘယ်လိုလဲ ဆိုတာ ထကြည့်မှ သိမှာပေါ့။
0
အားလုံးသတိ
written by သတိ, March 05, 2010
တကယ်လို့ ရွေးကောက်ပွဲ မ၀င်ပဲ တိုက်ယူရမယ် ဖိအား ပေးရမယ် ဘာညာ ကွိကွပေါ့ဗျာ ရွှီးနေတဲ့ လူတွေဟာ သူတို့ လမ်းကြောင်း သူတို့ နောက်ပြန် လှည့်ကြည့်ရင် တောင် သြော်.. ငါတို့ဟာ အထိုင် မဟုတ် အလှဲတွေပါလားလို့ သတိထားမိ ပါလိမ့်မယ်ဗျ.. လှဲအိပ်နေ ခဲ့ကြသလားတောင် အောင့်ေ မ့ရတယ် မဟုတ်လားဗျာ..
0
မထူးပါ
written by ဘိုထောင်, March 04, 2010
မပြောင်းလဲဘဲ ဒီအတိုင်းသာ သွားလို့ကတော့ ၀င်လည်း မထူး မ၀င်လည်း မထူး
မထူးဇ တ်ကြီးပဲ ဆက်ကြ ည့်ရအုံးမှာ ပါပဲ....
0
ဟိုး....ခေတ်က တွဲရေး...ခွဲရေး လိုပါဘဲ......
written by kojj, March 04, 2010
ရွေးကောက်ပွဲ ဝင်ရေးသမားတွေဟာ သူခိုးလက် ဓါးရိုးကမ်း ပေးနေသလို ရှိပြီး မဝင်ရေး သမားတွေ ကတော့ အခက် အခဲတွေ ရင်ဆိုင်ဘို့ ရင်ကော့ပြီး တိုက်ပွဲ ဝင်ရအုန်ုး မှာပေါ့ဗျာ.....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်