“ဒါ ကျနော်တို့ စခန်းလေ၊ ကျနော်တို့ ဒီမှာပဲ လာပုန်း ကြတာပေါ့” လို့ တယောက်က ပြောပြပါတယ်။ဒီလူတွေ အားလုံးဟာ သူပုန် တပ်ကလည်း မဟုတ်သလို ဓားပြ တွေလည်း မဟုတ်ကြပါဘူး။ သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှု ကတော့ ဒုက္ခသည်တွေ အပေါ်မှာ စာနာစိတ်နဲ့ မဆက်ဆံ တတ်တဲ့ နိုင်ငံတခုမှာ တရားမ၀င် အလုပ် လုပ်မိခြင်းပါပဲ။
ခိုလှုံခွင့် တောင်းထားတဲ့ ထောင်နဲ့ချီတဲ့ တခြားသူ တွေလိုပဲ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေဟာ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က) အာဏာပိုင် တွေရဲ့ ဘေးရန်နဲ့ ဝေးရာ တောခေါင်ခေါင်ထဲ ခြေဦးလှည့် ကြရပါတယ်။ မလေးရှား နိုင်ငံ တောနက်တွေထဲ ပျံ့နှံ့နေကြတဲ့ မြန်မာ ဒုက္ခသည်တွေ ဘ၀က ဆင်ဆင်ပါပဲ၊ အားလုံး ခနော်ခနဲ့ ၀ါးတဲလေးတွေနဲ့ နေကြရတာပါ။ အဖမ်းအဆီး အကြီးအကျယ် လုပ်တဲ့ အချိန်ဆိုရင် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေက မြို့ပြကို စွန့်ခွာပြီး ရဲတွေ ရှာမတွေ့နိုင်တဲ့ နေရာတွေဆီ သွားကြပါတယ်။
“ကာတွန်း ကားထဲက ကြောင်နဲ့ ကြွက်လိုပေါ့ဗျာ” လို့ ကျနော့်ကို လိုက်ပို့တဲ့ တယောက်က ရယ်မောရင်း ပြောပါတယ်။ “ရဲတွေ လာရင် ကျနော်တို့ ပြေးတယ်၊ အခုလည်း အဖမ်းအဆီး နောက်တခေါက် လုပ်ဦးမှာမို့ တောထဲကို ပြေးမယ့် “ကြွက်ကလေးတွေ” အများကြီး ထပ်တိုးလာတော့မှာပေါ့ဗျာ” လို့ သူက ဆက်ပြောပါသေးတယ်။
တရားမ၀င် အလုပ်သမားတွေကို ငှားရမ်းတဲ့ အလုပ်ရှင်တွေကို ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ မလေးရှား အစိုးရက မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ လ၀က ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုအဒူရာမန်အိုဟမ် က တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံထားတာ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ငှားထားတာဟာ လူကုန်ကူးမှု ဆန့်ကျင်ရေး ဥပဒေ (Anti-trafficking Persons Act) နဲ့ တရားစွဲခံရနိုင်တယ်လို့ ဆိုပါတယ်။
“သတ်မှတ် ကာလထက် ပိုပြီး နိုင်ငံထဲ နေနေကြတဲ့သူတွေကို ထိန်းချုပ်နိုင်ဖို့ ဒီလို ပြင်းထန် ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်တယ်” လို့ ဒတုအဒူရာမန်အိုဟမ် က ပြောပါတယ်။
တရားမ၀င် ၀င်ရောက်လာသူတွေ နိုင်ငံထဲမှာ အလုပ် လုပ်နေကြတယ် ဆိုတာကို သူတို့အနေနဲ့ ယုံကြည်တယ်လို့ မလေးရှား အစိုးရက ဆိုပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲ့ဒီလူတွေကို နှိမ်နင်းဖို့ အစိုးရက မူဝါဒ ချမှတ်မှု အပိုင်းမှာ ရှင်းရှင်း လင်းလင်း မရှိဘူးလို့ ထင်ကြပါတယ်။ တချို့အဖွဲ့တွေ ဆိုရင် အလုပ်သမားတွေရဲ့ ကောင်းကျိုးချမ်းသာဟာ မလေးရှားရဲ့ အာဏာနိုင်ငံရေး လက်ထဲ ကျရောက်သွားပြီ လို့တောင် စိုရိမ်တကြီး ပြောဆိုကြတာ ရှိပါတယ်။
အစိုးရက တရားမ၀င် ၀င်ရောက်လာသူတွေကို နှိမ်နင်းမယ်လို့ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကြေညာတာမို့ တက်ကြွလှုပ်ရှားသူ တချို့က ဒါဟာ တရုတ်လူမျိုးတွေ အာဏာရပါတီကို ထောက်ခံဖို့ အတွက် တိုက်ရိုက် ခြိမ်းခြောက်တာပဲလို့ ယူဆကြပါတယ်။ အာဏာရပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တရုတ်တွေရဲ့ထောက်ခံမှုကို နည်းနည်းပဲ ရခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ် တီနာဂါနိသ (Tenaganita) လို့ ခေါ်တဲ့ NGO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ အိုင်ရင်းဖာနန်ဒက် ကတော့ ကြေညာချက်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ ပါနေတယ်လို့ ယူဆပါတယ်။
“နိုင်ငံခြားအလုပ်သမားတွေ အပေါ် မှီခိုနေမှုကို လျှော့ချ ဖို့လိုတယ်လို့ အစိုးရက ဆိုတယ်၊ အဲ့ဒါ တကယ် မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အပတ်ကတောင် ရွှေ့ပြောင်း အလုပ်သမား အသစ် တသိန်း အလုပ် လုပ်ခွင့်ကို ၀န်ကြီးက အတည်ပြုပေးခဲ့သေးတယ်လေ” လို့ အိုင်ရင်းဖာနန်ဒက်က ဆိုပါတယ်။
“လူတွေက အဲ့ဒီအလုပ်သမားတွေကြောင့် ပိုက်ဆံ ဖောချင်းသောချင်း ရကြတာ ရှင့်၊ အစိုးရလည်း အတူတူပဲ။ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေကလည်း အစိုးရနဲ့ ထဲထဲဝင်ဝင် ပတ်သက်သူတွေနဲ့ သူတို့ မိသားစုတွေချည်းပဲ။ ရွှေ့ပြောင်း အလုပ်
သမားတွေ ပိုပြီး တရားဝင် ဖြစ်လေလေ သူတို့ ပိုက်ဆံ ပိုရလေလေပဲပေါ့” လို့ သူက ဆက်ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဘယ်လို တဟုန်ထိုး အကျိုးအမြတ်တွေ ရတယ် ဆိုတာကိုလည်း သူက ရှင်းပြပါသေး တယ်။ အလုပ်သမားတွေဟာ အခွန်ဆောင်ရတဲ့ အပြင် ဗီဇာသက်တမ်းတိုးတာ နဲ့ အခြား ၀န်ဆောင်မှုမျိုးစုံ အတွက် ကိုယ့်ဘာသာကိုယ် ပေးရတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ “မလေးရှားအစိုးရက အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ထက် ရေတို နိုင်ငံရေး အကျိုး အမြတ်ရဖို့ ပိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အာဏာ တည်မြဲရေးဆိုတဲ့ မျှော်လင့်ချက်တွေအောက်မှာ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ သူတို့ ပေးထားတဲ့ ကတိတွေကို အစိုးရက ကျောခိုင်း သွားပါပြီ” လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch - HRW) ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖေးရော်ဘာစတင်က မှတ်ချက်ပေးပါတယ်။
အခုလို နှိမ်နင်းမှု ဖြစ်လုဆဲဆဲ အခြေအနေက သူတို့အိမ်တွေကို မလေးရှား အာဏာပိုင်တွေက ၀င်စီးလေမလားလို့ စိုးရိမ်နေကြ တဲ့ ဒုက္ခသည်တွေ အားလုံးကို တုန်လှုပ် ချောက်ချား ဖြစ်စေပါတယ်။ မလေးရှားမှာ အဖမ်းခံရတာဟာ တခြားနိုင်ငံတွေမှာ အဖမ်းခံရတာနဲ့ မတူပါဘူး၊ တခြားနိုင်ငံတွေမှာ ဆိုရင် အဖမ်းခံရသူကို ဆုံးမလိုက်တာမျိုးနဲ့ ဒဏ်ငွေ နည်းနည်း ရိုက်လိုက်တာမျိုးပဲ လုပ်ပါတယ်။ မလေးရှားမှာကတော့ အဖမ်းခံရတဲ့သူကို နိုင်ငံထဲက ထိန်းသိမ်းရေးစခန်း တခုခုဆီ ပို့လိုက်တာ ဖြစ်ပါတယ်။
ကွာလာလမ်ပူနဲ့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ ဒုက္ခသည်အားလုံး နီးပါးဟာ မလေးရှားမှာ နေထိုင်တဲ့ကာလအတွင်း တကြိမ် မဟုတ် တကြိမ် အထိန်းသိမ်း ခံရဖူးတယ်လို့ သိရပါတယ်။ ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူတိုင်းက ဆိုးရွားလှတဲ့ ထောင်တွင်း အခြေ အနေတွေနဲ့ နှိပ်စက် ညှဉ်းပန်းခံရမှုတွေကို ပြောပြကြပါတယ်။
“ရောက်တာနဲ့ ကျနော့်ကို ကျာပွတ်နဲ့ အသားကုန် ရိုက်တာ ကျနော် ရက်တော်တော်ကြာတဲ့အထိ လမ်းမလျှောက်နိုင်ဘူး” လို့ အဖမ်းခံရဖူးသူ တယောက်က ပြောပြပါတယ်။ “ထောင်ထဲမှာနေရတဲ့ ၆ လ လုံးလုံး ကျနော် တောက်လျှောက် အရိုက်ခံရတယ်။ ကျနော့်ဘ၀ရဲ့ တကယ့် အဆိုးရွားဆုံး အချိန်တွေပေါ့ဗျာ။ နေထိုင် စားသောက်ရတဲ့ အခြေအနေကလည်း သိပ် ဆိုးတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေကို အစောင့်တွေက မုဒိန်းကျင့်တယ် ဆိုတာကို သိနေရတာပဲ” လို့ သူက ဆက်ပြောပါတယ်။
ဒုက္ခသည်တွေ အတွက် လှုပ်ရှားနေကြတဲ့ NGO အတော်များများက ထိန်းသိမ်းရေးစခန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ် ပူပန်မိတယ်လို့ ပြောပါတယ်။ NGO ၀န်ထမ်း တယောက်ကတော့ လူတွေ တရားရုံးဝင်းထဲက မြက်တွေ စားနေကြတာကို တွေ့တဲ့သူက သူတို့ကို ပြန်ပြောပြတယ်လို့ ဆိုပါတယ်။ အဲဒီလိုစားတာဟာ ကိုယ့်ကိုယ်ကိုယ် ၀မ်းချုပ်အောင် လုပ်တာဖြစ်ပြီး ဗိုက်ဆာနေတာကြောင့်လည်း စားကြတယ်လို့ ဆိုပါတယ်။ သူ့အပြောအရ ထိန်းသိမ်းရေး စခန်းတွေထဲမှာ သေဆုံးသူ တော်တော်များတဲ့ အပြင်၊ မကြာသေးခင်ကလည်း ကြွက်ရဲ့ ကျင်ငယ်ရည်က တဆင့် ပြန့်ပွားတဲ့ leptospirosis ရောဂါပိုး ကူးစက်နေသူဦးရေ တရိပ်ရိပ် တက်နေတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံက ထောင် ၈ ခုထဲမှာ လူဝင်မှုကြီးကြပ်ရေးအမှု နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၄၀၀ ရှိတယ်လို့ အကျဉ်းထောင် ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုဇူကီဖီလီအိုမာ က မကြားသေးခင်ကပဲ ကြေညာသွားခဲ့ပါတယ်။
အခြား ဒုက္ခသည် တယောက်ကတော့ သူ့ အတွေ့အကြုံက ဆိုးလွန်းတာမို့ ထိန်းသိမ်းရေး စခန်းကို ရောက်ပါစေလို့တောင် ဆုတောင်းမိတယ်လို့ ကျနော့်ကို ပြောပြပါတယ်။ သူဟာ အာဏာပိုင်တွေက ကွာလာလမ်ပူမြို့တော်က သူ့အိမ်ကို ညသန်းခေါင် ၀င်စီးတဲ့အချိန် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမဆုံး သူ့ကို အချုပ်ဆီ ခေါ်သွားတယ်၊ အစောင့်တွေက သူ့ကို ပစ္စည်းခိုးတယ် လို့ စွပ်စွဲပြီး ရိုက်နှက်ကြတယ် လို့ ဆိုပါတယ်။
အဲ့ဒီနောက် တခြား အဖမ်းခံရ သူတွေနဲ့ ပြည့်နေတဲ့ ကားထဲကို အတင်း ထည့်ပြီး မလေးရှား - ထိုင်း နယ်စပ်ကို ညတွင်းချင်း မောင်းသွား တယ်လို့ ပြောပါတယ်။ နယ်စပ် ရောက်လို့ ငွေရှာနိုင်ရင် ပြန်လွှတ် ပေးမယ်၊ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဘယ်သူမှ မသိလိုက်ဘဲနဲ့ အသတ်ခံရ နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက ပြောတယ် လို့လည်း ဆိုပါတယ်။ နယ်စပ်မှာ အဆက် အသွယ် လုပ်ဖို့ မိသားစု မရှိ ဘယ်သူ မှလည်း မရှိတာမို့ သူ ငွေမရှာ နိုင်ခဲ့ပါဘူး၊ ဒါကြောင့် အာဏာပိုင် တွေက သူ့ကို ငါးဖမ်းလှေမှာ အလုပ်လုပ်ဖို့ ရောင်းစား လိုက်ပါတော့တယ်။“ငါးဖမ်း လှေပေါ်မှာ တနှစ် ကြာတယ်၊ အရိုက်လည်း ခံရတယ်။ နေ့ရော ညရော အလုပ် လုပ်ပေမယ့် လုပ်အားခ တပြားမှ မရဘူး။ ငါ ကျွန်ဖြစ်နေ ပါလားလို့ ခံစားရတာကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး” လို့ သူက ကျနော့်ကို ပြောပြရှာပါတယ်။
သူ့အဖြစ်အပျက်က မလေးရှား အာဏာပိုင်တွေရဲ့ အသိအမှတ် ပြုတာကို မခံရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတာ တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ အသက် ၂၀ အရွယ်တုန်းက စစ်သားတွေက သူ့အမေအိမ်ကို ရောက်လာပြီး သူတို့ကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန် အဝေးပြေးလမ်းမ တည်ဆောက်ဖို့ အတွက် သူတို့မြေကို သိမ်းမှာမို့ အခုလို နှင်ထုတ်ခံရတာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက စိတ်လိုက် မာန်ပါ ခုခံ ပြောဆိုတာမို့ ထောင်ချခံရပါတယ်။ နောက်ဆုံး ထောင်က လွတ်တဲ့ အချိန်မှာတော့ မြို့မှာ ဆက်နေဖို့ ဘယ်လိုမှ မလုံခြုံတော့ဘူး လို့ ခံစားရတာမို့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီး အဲ့ဒီကနေ တဆင့် မလေးရှားကို ရောက်လာခဲ့ပါတယ်။ မလေးရှားမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သူ့ကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုပြီး အထောက် အထား လက်မှတ် ထုတ်ပေးထားပေမယ့် ထိုင်းနယ်စပ်မှာ ရောင်းစားခံလိုက်ရပြီးကတည်းက လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူးလို့ သူက ပြောပြပါတယ်။
မလေးရှားမှာ ရလာ (Rala) လို့ လူသိများတဲ့ လူထု စေတနာ့ ၀န်ထမ်းဌာန (Ikatan Relawan Rakyat) အဖွဲ့ဝင်တွေ နဲ့ လ၀က ရဲတွေဟာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူတွေကို ဒုက္ခသည်တွေ အဖြစ် သဘော မထားပါဘူး။ ဒါ့အပြင် UNHCR နဲ့ မလေးရှား အစိုးရကြားမှာ ဘာ သဘောတူညီချက်မှ မရှိတာမို့ အဲ့ဒီ လက်မှတ်တွေဟာ သူတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုပြီး ပြောတယ်လို့ လက်မှတ်ကိုင်ထားသူ တော်တော်များများက ပြန်ပြောပြကြပါတယ်။ မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေ ခိုလှုံ နေထိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်မှာ လက်မှတ် မထိုးထားပါဘူး။
ဒုက္ခသည်တွေ အဖမ်းမခံရအောင် လက်မှတ် တမျိုး ထုတ်ပေးမယ်လို့ မလေးရှားအစိုးရက မကြာသေးခင်ကပဲ ကြေညာပါတယ်၊ ဒါပေမယ့် ဒုက္ခသည်တွေကတော့ အဲဒီ လက်မှတ်တွေဟာ အလုပ် ဖြစ်လိမ့်မယ်လို့ မယုံကြပါဘူး။ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသူတွေကို ရလာတွေက ဘယ်လို ဆက်ဆံတယ် ဆိုတာနဲ့ ပတ်သက်ပြီး အတွေ့ အကြုံရှိပြီး ဖြစ်တာမို့ အခု မလေးအစိုးရက ထုတ်ပေးမယ့် လက်မှတ် ဆိုတာလည်း ရလာတွေအတွက် နောက်ထပ် နည်းလမ်းတခု ဖန်တီးပေးတာလို့ သူတို့ ယူဆကြပါတယ်။ ရလာတွေ အနေနဲ့ အဲ့ဒီကတ်ကို သိမ်းပြီး သူတို့ကို ငွေနဲ့ ပြန်ရွေးခိုင်းနိုင်တယ်၊ ဒါမှမဟုတ်လည်း ကတ်ကို ဆွဲဖြဲပြီး သူတို့ကို ထိန်းသိမ်းရေး စခန်းတွေဆီ ပို့နိုင်တယ်လို့ သူတို့က နားလည်ကြပါတယ်။
ရလာဝန်ထမ်းတွေဟာ အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မကြာခဏ စွပ်စွဲ ခံရသူတွေပါ။ ရလာတွေကို ပညာအရည် အချင်း မဆိုစလောက်ပဲ ရှိပြီး တခြားမှာ အလုပ် မရနိုင်တဲ့ လူ ၃သိန်းလောက်နဲ့ ဖွဲ့ထားတာပါ၊ သူတို့မှာ မလေးရှားနိုင်ငံထဲ တရားမ၀င် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို စုပေးဖို့ အဓိက တာဝန်ရှိပါတယ်။ သူတို့ကို ရက် အနည်းငယ်လောက်ပဲ သင်တန်းပေးပြီး လမ်းမတွေပေါ် လွှတ်ထားတာ ဖြစ်ပါတယ်၊ သူတို့ အလုပ်ကတော့ တရားမ၀င် ၀င်ရောက်လာသူတွေကို မတွေ့ တွေ့အောင် ရှာပြီး ထိန်းသိမ်းရေး စခန်းတွေဆီ ပို့ပေးရတာပါပဲ။
UNHCR အသိအမှတ်ပြုတာကို ခံထားရတဲ့ ဒုက္ခသည်တွေမှာ အဖမ်းအဆီးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ စိုးရိမ်မှုက ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေရဲ့ စိုးရိမ်မှုလောက်တော့ မများပါဘူး။ လက်မှတ် ဒါမှမဟုတ် အထောက် အထား စာရွက်စာတမ်း မရှိတဲ့သူတွေက အဖမ်းခံရနိုင်တဲ့ အန္တရာယ်နဲ့ အဆိုးဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ရလာတွေ ၀င်ရောက်ဖမ်းဆီးတဲ့အခါမျိုးမှာ ဘယ်လို ရက်စက် ကြမ်းကြုတ်တယ်၊ UNHCR လက်မှတ်တွေကို ဘယ်လို ဆုတ်ဖြဲပစ်တယ် ဆိုတာတွေကို ဒုက္ခသည် တော်တော် များများက ကျနော့်ကို ပြောပြပါတယ်။ ရလာတွေက သူတို့ ဘယ်လောက် တာဝန်ကျေတယ် ဆိုတာ အစိုးရသိအောင် လုပ်ပြတာဖြစ်တယ် လို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။
အရင်ကဆိုရင် ရလာတွေအတွက် မက်လုံး တခုကတော့ အလုပ်သမားတယောက်ကို ဖမ်းမိတိုင်း မလေးရှား ရင်းဂစ် ၈၀ (၂၅ ဒေါ်လာ) ရတဲ့ အချက်ပဲလို့ ဆိုပါတယ်။ အခု အဲ့ဒီ စနစ် ဖျက်လိုက်ပြီမို့ အရင်လို ဆုကြေး မရကြတော့ပါဘူး၊ ဒါပေမယ့် အဲ့ဒီ မက်လုံးလိုမျိုး ခပ်ဆင်ဆင် ဆုကြေးတွေ ရှိနေသေးတယ်လို့ ကြားသိရပါတယ်။
HRW အဖွဲ့ မလေးရှားဌာနခွဲက “ရလာတွေဆိုတာ ရှာဖွေ ဖမ်းဆီးတဲ့ဝရမ်း မပါဘဲ အာဏာသုံးပြီး ရပ်ကွက်တွေထဲ ၀င်၊ လူတွေကို ဖမ်းနေတဲ့၊ စနစ်တကျ လေ့ကျင့်မထားတဲ့ အရိုင်းအစိုင်း အရပ်သား တပ်ဖွဲ့” လို့ သရုပ်ခွဲပြပါတယ်။
ရာလာတွေကို အစိုးရက အသုံးပြုရတဲ့ အကြောင်းရင်း ၂ ခု ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တော်တော်များများက ယူဆကြပါတယ်။ ဖမ်းဆီးမှုတွေမှာ ရဲတပ်ဖွဲ့ကို မသုံးတဲ့အတွက် ကုန်ကျစရိတ် ချွေတာနိုင်တယ်၊ ရလာတွေအတွက် ပင်စင်နဲ့ ရေရှည် အလုပ်အကိုင် စာချုပ်စာတမ်း ကိစ္စတွေလည်း မလိုဘူး ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ပြောကြပါတယ်။
အခုလို နှိမ်နင်းမှုတွေကြောင့် ရလာတွေ၊ လ၀က အရာရှိတွေနဲ့ ထိပ်တိုက်မတွေ့ချင်တဲ့ မလေးရှား အလုပ်ရှင်တွေလည်း သောက ရောက်နေပါတယ်။
ဒါကြောင့် အလုပ်ရှင် အတော်များများက ဒဏ်ငွေ အများကြီး ဆောင်ဖို့ မတတ်နိုင်ဘူး ဆိုပြီး တရားမ၀င် အလုပ်သမားတွေကို အလုပ် ထုတ်ပစ်လိုက်ကြပါတယ်။ အကျိုးဆက်ကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီး ရပ်တည်ရေးအတွက် အသည်း အသန် ရုန်းကန်နေကြရတော့တာပါပဲ။
တိုင်းရင်းသား ဒုက္ခသည် အဖွဲ့ တဖွဲ့ နေထိုင်ရာ နေရာလေးတခုကို ရောက်သွားချိန်မှာတော့ အဲ့ဒီနေရာရဲ့ တာဝန်ခံက “ဒီမှာ နေစရာက ပြည့်ကျပ်နေပြီ။ မကြာသေးခင်ကပဲ အလုပ်ပြုတ်လာတဲ့ ဒုက္ခသည် ၂၀၀ လည်း ရှိသေးတယ်။ အခြေအနေက အရမ်း စိုးရိမ်စရာ ကောင်းတယ်။ လာမယ့်လတွေမှာ အလုပ် ပြုတ်မယ့်သူတွေ ပိုပို များလာဦးမယ် ဆိုတော့ သူတို့ ဘယ်လို ရပ်တည်ကြမလဲ မသိဘူး” လို့ ကျနော့်ကို ပြောပါတယ်။
အဲလက်စ်အဲလ်ဂီး ရေးသားသည့် Playing Tom and Jerry in Malaysia ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။
Set as favorite
Bookmark
Email this
Hits: 8529
Comments (7)

written by gladiolusd, June 08, 2010
ကျွန်တော် တော့ မလေး တစ်ခွင် ပြဲပြဲ စင် အောင် ကို သွား နေလာ နေတာပါပဲ ဖမ်း နေတာတွေ လဲ တွေ့ ပါ တယ်.။ ဖမ်း နေ အော်ပရာစီ နေတဲ့ ကြားထဲ လဲ ရောက် ပါတယ် ....ဒီလောက် ကြီး လဲ မဟုတ်ပါဘူး ...ကျွန်တော် တို့ မြန်မာ တွေ က လဲ ခက်တယ် ....အရိပ်သုံးပါး နား ကို မလည် ဘူးလေ....အဲသလို ဆိုရင် တော့ အဖမ်း ခံပေါ့....ပါးစပ် က ကွမ်းလေး တမြုံ့ မြုံ့ နဲ့ နောက် ၀တ်ပုံ က လဲ ကြည့်ဦး လေ .. မလေး ဂိုက် ဖမ်းထားတဲ့ မြန်မာ စုံတွဲ တစ် တွဲ ကျွန်တော့်ရှေ့ က ခုံ မှာ ၀င် ထိုင်တယ် ပြီးတော့ ကျွန်တော့် ကို မလေး လေသံ နဲ့ ဒီကား က ပူချွန်း ရောက် လာတဲ့လေ ...အင်း ...ကျွန်တော် က မြန်မာ လို လေး ပြန်ပြော လိုက် တယ် အင်း ပူချူန်း ကို ရောက်တယ် လို့  ...သူ့ တို့ သမီးရည်းစား အတွဲ လေး ပါးစပ် လေးတွေ ဟ ပြီးအံ့အား သင့်နေတယ် ....။
written by ko Harun, March 24, 2010
Stop arrested Refugees in malaysia.if government cannot help them why arrested?we are nnocent.thank you.
written by tantantwah, February 25, 2010
မလေးရှားမှာ အလုပ် လုပ်နေကြတဲ့ မြန်မာနိုင် ငံသားများ အားလုံး အသွားအလာ ဆင်ခြင်ကြပါ၊ ပြီးတော့ ရဲတွေ မျက်စိ နောက်လောက်မဲ့ အပြု အမူမျိုးကို ဆင်ခြင်ကြပါ၊ တစ်ချို့ မြန်မာ လူငယ်တွေဟာ ဂေါ်လီစတိုင် ၀တ်စား နေထိုင်ကြပါတယ်၊ အဲဒီ ပုံစံတွေဟာ ရဲတွေ သတိပြုမိစရာ အချက် တစ်ချက်ဖြစ်လို့ ဂရုစိုက်ပါ၊ ဆရာ လုပ်တာ မဟုတ်ပါဘူး၊ စေတနာပါ၊
written by Taw Dar Na Di, February 24, 2010
ဟုတ်ပြီ.။ပြောရအုံးမယ် တကယ်ဖမ်းနေတာပါ။
ကေအယ် ဇေယျာမှာနေတာပါ။
ရက်ရက်စက်စက် ကိုဖမ်နေပေမယ့်
ဘောပွဲတော့မကြည့်လို့မရဘူး။ သိတယ်မို့လား ချန်ပီယံလိဂ်လေ။
ကေအယ် ဇေယျာမှာနေတာပါ။
ရက်ရက်စက်စက် ကိုဖမ်နေပေမယ့်
ဘောပွဲတော့မကြည့်လို့မရဘူး။ သိတယ်မို့လား ချန်ပီယံလိဂ်လေ။
written by ကျော်မင်းထွန်း, February 23, 2010
အဖမ်း အစီးတွေ များတယ် ဆိုပေမဲ့ သွားမြဲသွား လာမြဲလာ နေသူတွေလဲ ရှိပါတယ်။ အဓိက က ခြေမရှညှ်ဖို့ ဘဲ။ ကိုရွှေ ကိုမျိုးတွေက. အတော်လေး ခြေတော့ ရှည်တတ်သားဗျ...
written by Ko Harun, February 23, 2010
Even we are recognize refugee, we still suffer.who have more responsibility, i would like to ask international community?where is our right?
written by MG NAING, February 21, 2010
ဖေဖ၀ါရီ ၁၈ ရက်ကနေ ဒီကနေ. ၂၁ရက်နေ. အထိ ညစဉ် ဆက်တိုက် ကလန်း ပတ်ဝန်းကျင် နေရာ တ၀ိုက်မှာ ဖမ်းဆီး နေပါတယ် ဘတ်စ်ကား အတက် အဆင်း တွေမှာလည်း စစ်ဆေးနေတာ တေ.ွနေရပါတယ် ၂၀၁၀, ၂လပိုင်း စကတည်းက စတင် ဖမ်းဆီး လာခဲ.တာဟာ နောက်ထပ် ဖမ်းမှူတွေ ပိုမို လုပ်ဆောင်ြ ကလိမ်.မယ် လို. THE STAR NEW မှာ အတည်အလင်း ဖော်ပြထားပါတယ်။ မလေးရှားနေ ရွှေများ အသွား အလာဆင်ခြင်ကြပါရန် ကလန်း ----- ကျောင်းသား
Write comment
| < Prev | Next > |
|---|







