သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။

ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ လိုင်းတွေသာရတဲ့ ရုပ်မြင်သံကြားကို ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။ 

ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။  ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။

ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။  လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။  နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့  ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။  ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။

“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။  “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို  ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။

အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။  အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။  ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။

အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။  ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။

Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။

“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။

ီဘကောင်း ရေးသားသော Despite Discomfort, Suu Kyi Stay Busy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments (3)Add Comment
0
အမေ
written by ပေါက်ပေါက်, March 06, 2010
အာလုံးရဲ့ အမေပါဘဲဗျာ
မှောင်နေတဲ့ အခန်းထဲက အလင်းတွေ ပေးနေတာလေ
ကွေးထားသော လက်တွေ ဆန့်တန်းကြပါစို့
0
...
written by min min oo, February 05, 2010
She is our Great Leader. She give us light and warm by burning herself.
0
Tribute to a real leader
written by phyo, February 05, 2010
Nobody can fully share a life of being under house arrest for so many years ,unless they've had such experience.Thank you Aunt Su, thanks for all you've done and unwavering struggles and strong determination for freedom of the whole people.We always support you and will always be the side which is right and justice.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်