လာဆာလေးသို့ အလည်တခေါက်

နယူးဒေလီ မြို့တော်နဲ့မတူ ညစ်ညမ်းမှုတွေ ကင်းပြီး သန့်ရှင်း လတ်ဆတ်တဲ့ လေ၊ ကောင်းကင် ပြာပြာ၊ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်၊ တောင်ပေါ်လမ်း ကွေ့ကောက် ကောက်တွေနဲ့ တောင်စောင်းတွေ ကြားထဲမှာ တည်ထားတဲ့ ဒါရမ်ရှာလာ (Dharamshala) မြို့လေးဟာ အင်မတန် အေးချမ်းသာယာလှပါတယ်။

ဒီတောင်ပေါ် မြို့လေးဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဟီမာရှယ်လ် ပရာဒေ့ရှ် ပြည်နယ် ထဲကနေ ၁၉၅၉ ခုနှစ်က တရုတ် ကွန်မြူနစ် အစိုးရရဲ့ ဘာသာရေး၊ လူမှုရေး ဖိနှိပ်မှု တွေကြောင့် နေရပ်က ထွက်ပြေး တိမ်းရှောင် လာရတဲ့ ဘုန်းတော်ကြီး ဒလိုင်း လားမားနဲ့ တိဘက် လူမျိုးတွေကို အဲဒီတုန်းက အိန္ဒိယ ၀န်ကြီးချုပ်က ခိုလှုံ နေထိုင်ခွင့် ပေးထားတဲ့ နေရာလေး ဖြစ်လို့ တိဘက်တွေရဲ့ နေရပ်ရင်း လာဆာကို ကိုယ်စားပြုပြီး လာဆာလေး (little Lhasa) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။

ဒါရမ်ရှာလာ မြို့လေးကို မြို့တည်ဆောက်ပုံ အနေအထားအရ သုံးပိုင်းခွဲ ထားပါတယ်။ အမြင့်ဆုံး တောင်ပေါ်က မြို့အပိုင်းကို McleodGanj၊ အလယ်ပိုင်းကို Kotwali Bazar၊ အောက်ဘက်ဆုံး လွင်ပြင် နည်းနည်း ကျတဲ့ အပိုင်းကိုတော့ Kacheri ဆိုပြီး ခေါ်ကြပါတယ်။

နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနေတဲ့နေရာ၊ တိဘက်အဝေးရောက် အစိုးရ ရုံးစိုက်တဲ့နေရာနဲ့ တိဘက်လူမျိုးတွေ အများစု နေထိုင်ကြတာကတော့ အမြင့်ဆုံး McleodGanj မှာ ဖြစ်ပါတယ်။


McleodGanj ရဲ့ဟိုတယ်၊ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းဆိုင်တွေ စီတန်းနေတဲ့ လမ်းမတလျှောက်မှာတော့ နေပူဆာလှုံရင်း သိုးမွေးထိုးနေတဲ့ တိဘက် အမျိုးသမီးကြီးတွေ၊ တိဘက်ဘုန်းတော်ကြီးတွေနဲ့ စကားလက်ဆုံကျနေတဲ့ တိဘက်ရိုးရာအ၀တ်တွေ ၀တ်ဆင်ထားတဲ့ အနောက်တိုင်းသားတွေ၊ သာယာတဲ့ McleodGnaj ရဲ့ သဘာဝအလှတွေကို လာရောက်ခံစားတဲ့ ခရီးသွားတွေနဲ့ စည်ကားနေပါတယ်။

“အဒေါ်တို့က ကိုယ့်ရဲ့ တိဘက်နယ်မြေမှာ အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ဖို့ လှုပ်ရှားတော့ လာဆာမှာ နေလို့ မရတော့ဘူး။ ဒီကိုရောက်လာတာ ၂၃ နှစ်တောင်ရှိပြီ။ ဒီမှာ သိပ်အေးချမ်းတယ်။ လာဆာမှာလို ဖိနှိပ်တာတွေ စိုးရိမ်ပူပန် နေရတာတွေ မရှိဘူး” လို့ လာဆာ ကနေ ထွက်ပြေးလာရတဲ့ ရှာရဘ် က ပြောပြတယ်။

နှင်းဖုံးတဲ့ တောင်တန်းတွေ၊ ရေတံခွန် စိမ့်စမ်းတွေ၊ ရေကန်တွေနဲ့ သာယာလှပတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ချစ်မြတ်နိုးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ၊ ခြေလျင်တောင်တက်သမားတွေ၊ ပြည်တွင်းခရီးသွား အပန်းဖြေသူတွေ တဖွဲဖွဲ လာရောက်ကြတဲ့ တောင်ပေါ်စခန်းမြို့လေးတခုလည်း ဖြစ်လေတော့ ဟိုတယ်၊ စားသောက်ဆိုင်၊ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း အများအပြားပါပဲ။

“ဒီမှာလုပ်ရကိုင်ရတာ ခရီးသွားရာသီဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ဆောင်းတွင်း တအားအေးလို့ ဧည့်သည်ပါးသွားရင်တော့ အရောင်းအ၀ယ်ပါးတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီမှာအေးအေးချမ်းချမ်းနေရတော့ စိတ်ချမ်းသာတယ်။ အဲ့ဒါက အဓိကပဲလေ” လို့ ရှာရဘ်က ပြောပါတယ်။

မြန်မာပြည်ကို သိလားလို့ သူ့ကိုမေးတော့ မသိပါဘူး တဲ့။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော သိလား ဆိုတော့ “ဟာ သိပ်သိတာပေါ့။ သူက အဒေါ်တို့ရဲ့ သူရဲကောင်းပဲ၊ တကယ့်အမျိုးသမီးသူရဲကောင်း။ မင်းက သူနေတဲ့တိုင်းပြည်ကလား၊ သူနေကောင်းရဲ့လား၊ အချုပ်အနှောင်က လွတ်ပြီလား” ဆိုပြီး မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အမြန်ဆုံးအချုပ်အနှောင်က လွတ်ပါစေလို့ ဆုတောင်းပေးတယ် ဆိုတာကိုလည်း ပြောပြပါတယ်။ သူတို့က မြန်မာပြည်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်လို့ ခေါ်ကြပါသတဲ့။

“မင်းတို့ တိုင်းပြည်က အစိုးရက မေတ္တာပို့လမ်းလျှောက်တဲ့ ဘုန်းတော်ကြီးတွေကို သေနတ်နဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်တာကို တီဗီမှာ၊  မြင်ရတာ တရုတ်ကွန်မြူနစ်အစိုးရက လာဆာမှာ တိဘက်ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေကို ဘုန်းကြီးကျောင်းတွေကနေ ရိုက်နှက်မောင်းထုတ်ပြီး ထောင်ချတာတွေ၊ လိုက်ဖမ်းတာတွေကို သွားသတိရမိတယ်” လို့ သူက ပြောပြပါတယ်။

တိဘက်လူမျိုးတွေရဲ့ မြင့်မြတ်တဲ့ မြို့တော်လို့ ခေါ်ဆိုကြတဲ့ လာဆာမြို့တော်မှာ လားမားဘုန်းတော်ကြီးတွေရဲ့ အရှိန်အ၀ါ မြင့်မားလာတာနဲ့ အမျှ ပုန်ကန်ထကြွမှုတွေ လုပ်မှာကို စိုးရိမ်လာတဲ့ တရုတ်ကွန်မြူနစ်အစိုးရက ဖိနှိပ်ခဲ့တာကြောင့် လက်ရှိ ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားအပါအ၀င် တိဘက်လူမျိုးတွေ ထွက်ပြေးခဲ့ကြရတာပါ။

အခုနေနေတဲ့ နေရာကလွဲပြီး တခြားနိုင်ငံကို မသွားချင်ဘူး။ တိဘက်ဒေသ အမြန်ဆုံး ငြိမ်းချမ်းဖို့ ဆုတောင်းပါတယ်။ ဒါမှလည်း သူတို့မြန်မြန် အိမ်ပြန်ရမှာလို့ လာဆာမြို့ ရှုခင်းပုံကို ပြရင်းပြောနေတဲ့ သူ့မျက်ဝန်းမှာတော့ မျက်ရည်တွေနဲ့ပါ။

ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တိဘက်အဝေးရောက်အစိုးရဟာ ဒီနေရာမှာ မဟာယန ဗုဒ္ဓဘာသာ သာသနာ အတွက်သာမက တိဘက်လူမျိုးတွေရဲ့ သမိုင်းကြောင်း၊ နိုင်ငံရေး၊ ရိုးရာ ယဉ်ကျေးမှု စတာတွေ ကမ္ဘာက လေ့လာသိရှိနိုင်အောင် တိဘက် ယဉ်ကျေးမှု စာကြည့်တိုက်နဲ့ မှတ်တမ်းဌာနကို ဖွင့်လှစ်ထားပါတယ်။

ကျမနဲ့ အသိမိတ်ဆွေဖြစ်ခဲ့တဲ့ တိဘက်အမျိုးသမီးငယ်လေး အားရှီ ဒေယန် ကျပြန်တော့ စာသင်ချင်လွန်းလို့ လာခဲ့တာလို့ ဆိုပြန်ပါတယ်။

ပထမဆုံးအကြိမ် သူ့ရဲ့ရွာကလေးကနေ အကိုတွေနဲ့အတူ ထွက်လာတုန်းက လမ်းမှာ တရုတ်နယ်ခြားစောင့်တပ်ကနေ စစ်ဆေးတော့ သူ့အစ်ကိုရဲ့ အိတ်ထဲမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ပုံတော် ပါလို့ဆိုပြီး ၂ ပတ်ကျော်ကြာ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

အားရှီဒေယန်ကို ပြန်လွှတ်ပေးလိုက်ပြီး သူ့အစ်ကိုတွေကိုတော့ ဖမ်းထားတယ်၊ သူ့ကို သူ့အစ်ကိုတွေက ခရီးဆက်သွားဖို့ အားပေး စကားပြောပြီး တခြားလွတ်လာတဲ့ မိန်းကလေး အဖော်တွေနဲ့ ထည့်ပေးလိုက်လို့ သူ ဒီကိုရောက်လာရတယ်ဆိုတဲ့ အကြောင်း  ပြောပြပါတယ်။

တခြားနိုင်ငံကို သွားပြီး အလုပ်လုပ်ဖို့ စိတ်ဝင်စားလားလို့ မေးကြည့်တော့ အားရှီက “သွားဖို့ စိတ်ကူးမရှိပါဘူး။ ကျမတော့ ဒီမှာ အင်္ဂလိပ်စာ ကောင်းကောင်းသင်မယ်၊ ပြီးရင် ကျမရွာမှာ ဆရာမ ပြန်လုပ်မယ်၊ ရွာက ကလေးတွေက စာကောင်းကောင်း မသင်ကြရဘူး။ ကျမတို့ တိဘက်တွေ ပညာတတ်တွေ ဖြစ်မှာစိုးလို့ တရုတ်အစိုးရက ဖိနှိပ်တာတွေ ရှိတယ်။ ကျမရွာက ကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ” လို့ ပြောပါတယ်။

ဓာတ်ပုံထဲမှာသာ မြင်ဖူးတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရတော့ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်လို့ သူက ပြောပြပါတယ်။ တိဘက်လူမျိုးတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားကို သက်ရှိဘုရား တဆူသဖွယ် အင်မတန်လေးစားချစ်ခင် မြတ်နိုးကြပါတယ်။ ကျမတို့ သွားတဲ့အချိန်မှာ ဘုန်းတော်ကြီးက ခရီးထွက်နေချိန်ဖြစ်တာမို့ ဖူးတွေ့ခွင့် မရခဲ့ပါဘူး။

အားရှီလို စာသင်လိုတဲ့ လူငယ်တွေအတွက် တိဘက်အဝေးရောက် အစိုးရကနေ ပညာသင်စရိတ် ထောက်ပံ့ကူညီတာ၊ ထူးချွန်သူတွေကို ပညာတော်သင်သွားဖို့ စီစဉ်ပေးတာတွေရှိသလို ဆင်းရဲနွမ်းပါးသူတွေကို အလုပ်အကိုင်ရှာပေးတာ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးတာ၊ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့တာတွေ လုပ်ပေးတယ်လို့ သိရပါတယ်။

တိဘက် အဝေးရောက်အစိုးရဟာ တကယ်ဒီမိုကရေစီကျတဲ့ တိုင်းပြည်က အစိုးရတရပ်လိုပဲ ရှိသင့်ရှိထိုက်တဲ့ ၀န်ကြီးဌာနတွေ၊ တိဘက်ပြည်သူတွေအတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေနဲ့ အစိုးရတရပ်ဖြစ်လို့ တိဘက်ပြည်သူတွေက လေးစားအားထားကြတာကို တွေ့မြင်ခဲ့ရပါတယ်။

McleodGanj မှာ လက်ရှိ တိဘက်လူမျိုး ၇၀၀၀ ကျော်နေထိုင်နေကြပြီး နယူးဒေလီ၊ ဗုဒ္ဓဂါယာ စတဲ့နေရာတွေမှာလည်း ပျံ့နှံ့နေထိုင်နေတဲ့ လူဦးရေ ၃၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့မှာ တတိယနိုင်ငံမှာ သွားပြီး အခြေချနေထိုင်တယ်ဆိုတာ အတော့်ကိုရှားပါတယ်။ ကျနော်တို့အတွက် ပြန်လည် အခြေချနေထိုင်ရေး အစီအစဉ်တွေလည်း မရှိပါဘူး။ ၁၉၆၅ ခုနှစ်ကတည်းက ပိတ်ထားပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကရော ဒီက အများစုကရော ဒီမှာပဲ ရပ်တည်နိုင်နေကြတယ်ဆိုတော့ အဲဒီလိုမျိုးသွားချင်တဲ့ သူ အတော်လေးကို နည်းပါတယ်” လို့ တိဘက် အဝေးရောက်အ စိုးရ ပါလီမန်အဖွဲ့ဝင်ဖြစ်တဲ့ ဘုန်းတော်ကြီး Acharya Yeshi Phuntsok က ပြောပြပါတယ်။

တိဘက်ဒေသ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး စာတမ်းလေးတွေ အလံလေးတွေ ပြန့်လွင့်နေတဲ့ အဝေးရောက် တိဘက်တွေရဲ့ နားခိုရာ McleodGanj ကနေ ပြန်လာချိန်မှာတော့ ပြည်တွင်းစစ်၊ ဖမ်းဆီး၊ ထောင်ချ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာပြည်သား ဒုက္ခသည်တွေရဲ့ ဖြစ်ရပ်တွေကို နှိုင်းယှဉ်ကြည့်နေ မိပါတော့တယ်။     ။
Comments (1)Add Comment
0
What a shame for our country?
written by Ko San Tint, January 28, 2010
I heard similar thing from my aunt when she went to Europe in 1985.
They asked her where is she from and when she replied she was from Burma, then they said they have never heard of it and when she told them that she's from U Thant Country (pronounce as: Yuu Thant Country) then only they know where was she from. Don't forget U Thant was the third UN General Secretary. Now, we have to say we are from Aung San Su Kyi Country where our motherland has been known with a new nomination.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်