လက်မှတ်ကို တရားဝင် ဘယ်နားမှာ ဝယ်ရမလဲဆိုတာ ကျနော်တို့ ၂ ယောက်စလုံး မသိကြ။ မှောင်ခို ရောင်းသူ များကတော့ “ဟိုမှာ ဝယ်လို့ မရတော့ဘူး အစ်ကိုတို့၊ ကုန်နေပြီ၊ အထူးတန်း ၂၀၀၀ နဲ့ရမယ်” ဆိုသဖြင့် နီးစပ်ရာ မှောင်ခိုပဲ အားပေး လိုက်ကြသည်။ တကယ် တရားဝင် ရောင်းဈေးက အထူးတန်း တစောင် ၁၀၀၀ ကျပ်ပဲ ဖြစ်သည်။ ကန်မည့် အချိန်က ညနေ ၄ နာရီ။ နံနက် ၁၁ နာရီ ကတည်းက လက်မှတ်ကုန်ပြီဟု ဆိုသည်။ လက်မှတ် စရောင်းသည့် လွန်ခဲ့တဲ့ ၂ ရက် ကတည်းက စောင်ရေ ၂ သောင်း ရောင်းထွက် ပြီးသား ဟုလည်း သိရသည်။
ကွင်းထဲကိုလည်း ပေးမဝင်သေးသဖြင့် အိမ်တစ်ခေါက်ပြန်မည်ဟု ပြောသည်ကို ကြားသွားသည့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်တဦးက “နေ့လယ် ၁ နာရီလောက်ဆို ပေးဝင်တော့မှာ။ အဲဒီ အချိန်ကတည်းက တိုးထားမှဖြစ်မှာနော်။ မဟုတ်ရင် အပေါ်မှာ ထိုင်စရာနေရာမရဘဲ နေမယ်” ဟု အကြံပေးပြန်သဖြင့် ကျနော်တို့ မပြန်ရဲတော့။
ကျနော်တို့ အသင်းတိုက် မှတ်တိုင်နားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း မြင်ရသမျှမှာ စိမ်းပြာရောင် အင်္ကျီများဝတ်ထားသည့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်များ ဖြစ်သည်။ နှစ်ဘက်အသင်း ပရိသတ်များမှာ ကွင်းထဲ စဝင်ကတည်းက တပေါက်စီ၊ တခြမ်းစီ ခွဲဝင်ကြရသည်။
ဘတ်စ်ကားများ ပြေးလွှားနေသော လမ်းမဘေးမှာကိုပဲ “ရန်ကုန် ရန်ကုန်” ဟု အော်ဟစ်နေကြသည့် လူငယ်အစုအဝေးများကို တွေ့ရသည်။ ဘောလုံးပွဲကို အားပေးချင်သည်လား သို့မဟုတ် သူတို့၏မွန်းကျပ်မှုများကို လာရောက်ဖောက်ခွဲ အန်ချပစ် ချင်ကြသည်လားမသိ။
နေ့လယ် ၁ နာရီခွဲမှာ ကျွန်တော်တို့ ၂ ယောက် သုဝဏ္ဏ ကွင်းကြီးထဲ ဝင်ဖို့အတွက် ဝင်ပေါက်ဆီကို လာခဲ့သည်။ လူတွေ အများကြီး နေပူကျဲကျဲအောက်မှာ စုပြုံတိုးဝှေ့နေကြ၏။ ကျနော့် သူငယ်ချင်းက ဟိုဘက်မှာ ဝင်ပေါက်ရှိသေးတယ် ပြောသဖြင့် ကွင်း၏ပင်မ ဝင်ပေါက်ကြီး ဘက်ကို လျှောက်သွားကြသေးသည်။ သို့သော် ထိုဝင်ပေါက်က ရတနာပုံပရိသတ်များ သီးသန့်ဝင်ရသည့် အပေါက် ဖြစ်သဖြင့် မူလ ဘေးဝင်ပေါက်ဘက်ကိုပဲ ပြန်လာပြီး တိုးဝှေ့ရတော့သည်။
ရတနာပုံ ဝင်ပေါက်ဘက်တွင် ယောက်ျားလေးများ ဝင်ရန်က လိုင်း ၃ လိုင်း၊ မိန်းကလေးဝင်ရန် လိုင်း ၁ လိုင်း သတ်မှတ်ပေး ထားသဖြင့် တိုးဝှေ့ခြင်း သိပ်မရှိဘဲ စနစ်တကျ တန်းစီပြီး ဝင်ကြသည်။ ရန်ကုန်ဘက်တွင်တော့ ပရိတ်သတ်အင်အားက များပြီး ဝင်ပေါက်က ခပ်ကျဉ်းကျဉ်း ၁ ခုတည်းသာ ထားသဖြင့် ကြန့်ကြာပြီး အလုပ်မဖြစ်ဘဲ ရှိနေသည်။ ရဲများစောင့်ကျပ်ပြီး လက်မှတ်ကို စစ်၏။ တစ်ယောက်ချင်းစီကို ခန္ဓာကိုယ်ပေါ်ကိုလည်း စစ်ဆေးပြီး အိတ်များကိုလည်း ဖွင့်စစ်သည်။ တကယ်တော့ ဝင်ပေါက်မှာ လူများကို လက်မှတ်သာစစ်ပြီး ဝင်စေလျက် စစ်ဆေးစရာရှိသည်များကို ဂိတ်ကျဉ်းလေးကျော်မှ လူအင်အား များများဖြင့် စစ်ဆေးလိုက်လျှင် ပိုအလုပ်တွင်မည်ဟု ကျနော်ကတော့ ထင်သည်။
တိုးကြကြိတ်ကြဖြင့် တချို့စိတ်မရှည်သူများ ဝင်းထရံကျော်တက်ကုန်သည်။ စောင့်ကျပ်နေသော ရဲများက ဟန့်တားသည်။ ပြန်ဆွဲချသည်၊ မရမကကျော်သူတွေကိုတော့ ဘာမှမတတ်နိုင်။ သူတို့ ဒီဘက်မှာ ဟန့်လိုက် ဟိုဘက်ခြမ်းကကျော်လိုက်၊ သူတို့ ဟိုဘက် ရောက်သွားလိုက် ဒီဘက်က စုပြုံတိုးတက်လိုက်ဖြစ်နေသည်။ ဒီကြားထဲ ကာထားသည့် စည်းရိုးပေါ်ရောက်ကာမှ သံဆူးနှင့်အင်္ကျီငြိနေသဖြင့် ဟိုဘက်လည်းဆင်းမရ ဒီဘက်လည်းဆင်းမရဖြစ်နေသူများကို အင်္ကျီတက်ဖြုတ်ပေးရသေးသည်။ “ကူညီပါရစေ” အစစ်ပါပဲလို့ ကျနော့် သူငယ်ချင်းက ရေရွတ်နေသဖြင့် အနားကကြားသည့် သူများ ဝိုင်းရယ်ကြသေးသည်။
၁ နာရီကတည်းက အပေါက်ဝမှာ တွန်းထိုး ကျပ်ညပ်ပြီး ၃ နာရီမှ ကျနော်တို့ ပွဲကြည့်စင်ပေါ်သို့ရောက်သည်။ ဘောလုံးပွဲက မကြည့်ရသေး။ လူက ချွေးတလုံးလုံးဖြင့် ရေလည်းငတ်လှပြီ။ ဗိုက်လည်းအတော်ဟာသွားသည်။ ခြေထောက်တက်နင်းခံရသည်က အကြိမ်ကြိမ်။ ကွင်းထဲမဝင်ခင် အပြင်မှာ ရောင်းသော မာမီးဆီချက်ခေါက်ဆွဲတွေ ဝယ်စားကြသေး၏။
လေးထောင့်ဖော့ဘူးသေးလေး ၃ ဘူးကို ကျပ် ၁ ထောင်ပေးရသည်။ ကျနော်တို့ ၂ ဦး ၃ ဘူး မျှစားသော်လည်း ဗိုက်မပြည့်ချင်။ ရေကတော့ Life ရေသန့်များကို ကြွပ်ကြွပ်အိတ်ထုပ်များဖြင့် ဖောက်ထည့်ရောင်းသည်ကို တထုပ် ကျပ် ၅၀၀ ပေးဝယ်ရသည်။
ပွဲစရန် ၁ နာရီလိုသေးသော်လည်း နှစ်ဘက်ပရိသတ်ကတော့ ဆူညံစွာ အော်ဟစ်နေကြသည်။ တစ်ဘက်နှင့်တစ်ဘက်လည်း မခံသာအောင် သံချပ်များထိုးကြ ဆဲကြဖြင့် မီးကုန်ယမ်းကုန်ပင် ထိုးနှက်နေကြသည်မှာ စစ်တလင်းရောက်နေသလားပင် ထင်ရ၏။
တကယ်တမ်းပြောရလျှင် ဒီပွဲစဉ်က နောက်ဆုံးပွဲစဉ်၊ ရတနာပုံ ယူနိုက်တက်က ဒီပွဲကို တာဝန်အရသာ ကန်ရန်လိုအပ်သော်လည်း ရှုံးရှုံးနိုင်နိုင် ချန်ပီယံဖြစ်ပြီးသားပင်။
ယခု MNL ဖလားတွင် ရတနာပုံယူနိုက်တက်၏ တကယ့်ပြိုင်ဘက်က ဒဲလ်တာ ယူနိုက်တက်ဖြစ်သည်။ ဒဲလ်တာယူနိုက်တက်က ပွဲစဉ် တဝက်ကျော်လောက် ကတည်းက ရတနာပုံကို အမှတ်ပြတ်ကျန်ခဲ့ပြီးဖြစ်သည်။ ဒဲလ်တာက ဒီနှစ် ဒုတိယ ဆုယူရမည်။
ရန်ကုန်ပရိသတ်ကတော့ မြို့စွဲကြောင့်ကော ယခင် မန္တလေးပွဲတုန်းက ရတနာပုံ ပရိသတ်၏ လက်စွမ်းပြချက် များကြောင့်ပါ ရတနာပုံယူနိုက်တက်ကို အခဲမကျေဖြစ်နေခြင်း ဖြစ်သည်။
ဘောလုံးပွဲစတော့ ဘယ်သူမှ နေရာမှာ ထိုင်မကြည့်ကြ။ မိုးတိုးမတ်တတ်ရပ်ကြပြီး လက်သီးလက်မောင်းတန်းလျက် အော်ဟစ် အားပေးကြသည်။ ပွဲစပြီး ၃ မိနစ်လောက်သာ ကြာမည် ရန်ကုန်အသင်းဘက်က အဖွင့်ဂိုးရသွားသည်။ ရန်ကုန် ပရိတ်သတ်များ ဆူညံစွာအော်ဟစ်ကြ၏။ တဆက်တည်းပင် ရန်ကုန်ပရိသတ်က “ရတနာပုံ” ဟု တချို့ကတိုင်လျက် ကျန်သူများက ဆဲရေး ကြသည့် ပုံဖြင့် သံချပ်ထိုးကြပြန်သည်။ မကျေပွဲနွှဲခြင်းပဲ ဖြစ်မည်။
ယခုပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ်ရော စည်းကျပ်ဒိုင်အဖြစ်ပါ ဆောင်ရွက်သူများက ထိုင်းနိုင်ငံက ငှားရမ်းထားသည်ဟု သိရသည်။ ဒိုင်တွေက ရတနာပုံဘက်ကို နည်းနည်းပို၍ အလေးပေးနေသည်ဟု ထင်မြင်ကြသည်။ ထိုအခါ ဒိုင်ကိုလည်း ဆဲဆိုကြသည်။
ထောင့်ကန်ဘော ကန်ရန်အတွက် ကွင်းထောင့်နားကို တဘက် ဘောလုံးသမားများ လာလျှင် ပရိသတ်က ကြုံရာဖြင့် ပစ်ပေါက်တတ်ကြတော့ ရန်ဖြစ်မလိုဖြစ်ကာ ခဏခဏ ပွဲရပ်နားရ၏။ ပွဲပျက်တော့မလားဟုပင် ထင်ရသောအခြေအနေများထိ ဖြစ်လာတတ်သေးသည်။ ပရိသတ်များ အများဆုံးပစ်ကြသည်ကတော့ ရေထည့်ထားသော ကြွပ်ကြွပ်အိတ်ထုပ်များနှင့် မာမီးခေါက်ဆွဲက ဝေပေးသည့် စက္ကူယပ်တောင် အဝိုင်းလေးတွေဖြစ်သည်။ ဘောလုံးသမားများကိုယ်တိုင် ပရိတ်သတ်များ အနားလာပြီး တောင်းပန်ကြရ၏။
ပထမပိုင်းမှာပင် ရန်ကုန်က ၂ ဂိုးသွင်းယူသွားခဲ့သည်။ ပွဲပြီးရလဒ်ကလည်း ၂ ဂိုး သုည ဖြစ်သည်။ ရတနာပုံက တမင်ပဲ လျှော့ကန်သည်နေသလား ထင်ရသည်။
အပြန်မှာတော့ ဘတ်စ်ကားများရော အငှားကားများရော အပြည့်အကျပ်ဖြစ်နေသည်။ ကျနော်တို့ ကားငှားအပြီး ကားပေါ်အတက်တွင် မှတ်တိုင်နားမှာ ရုတ်ရုတ်သဲသဲဖြင့် ပရိသတ်ချင်း ရန်ဖြစ်နေကြပြန်သည်။
ကျနော်ကတော့ စာရေး ဆရာမ ဂျူး၏ ဘောလုံးပွဲတွင် စိတ်ခံစားချက်များ ဖွင့်ဟဖောက်ထုတ်သည့် အကြောင်း ရေးထားသော “ဆဲတတ်သူများနှင့် တညနေ”ဆိုသည့် ဝတ္တုတိုလေးကိုသာ သတိရနေမိသည်။
ဒီနှစ်မှာလည်း ချန်ပီယံဖလားကြီးကို ရတနာပုံ အသင်းက ရသွားခဲ့ပြီဖြစ်သည်။ ။

Set as favorite
Bookmark
Email this
Hits: 9334
Comments (7)

written by Lin Kyaw, February 07, 2010
စိတ်ထွက်ပေါက် တခု အနေနဲ. လုပ်ကြတယ်လို့ယူဆရပါတယ် ခင်ဗျား။ မြန်မာ မှာသာ မက England မှာလဲ ဒီလိုအပြုအမူတွေရှိပါတယ်။ အချို,ပွဲစဉ်တွေမှာ ရုန်းရင်းဆန်ခတ် မဖြစ်အောင်ပဲ ထိမ်းသိန်း ရတဲ.အခြေအနေမျိုးတွေတွေ့ခဲ.ရပါတယ်။ တက္ကသိုလ် ပါမောက္ခများ ပင်ဘောလုံးပွဲကြည့်ရင်းဆဲဆို တာတွေ့ရပါတယ်။
written by ခွေးပု, January 25, 2010
ကိုနေညွန်း ရေးတာ မှန်ပါတယ်၊ ဘာလို့ ဒီလိုတွေ ဖြစ်လာ ကြတာလဲ၊ စဉ်းစားဖို့ လိုတယ်လို့ ထင်ပါတယ်၊ သုတေသန လုပ်ကြည့်ရင်အဖြေ တစ်ခုရလာမှာပါ၊ ပြောင်းလဲရင် ကောင်းတယ် ဆိုပေမဲ့ဒါ ကကောင်းတဲ့ဖက် မဟုတ်ဘူး။ တိုးတက်လာတဲ့ ဘောလုံးလောက ကြိုဆိုရမှာပါ၊ တကယ်ဂိုသွင်း နေတာက နိုင်ငံခြားသားတွေ၊ ဆန်းစစ်ဖို့ ပြောတာပါ၊ proဘောလုံး လောကရဲ့ အစမို့ဆိုတာ နားလည်ပေမဲ့ နိုင်ငံခြားသား မပါရင် ကြည့်တဲ့လူ ရှိပါ့မလားလို့ တွေးမိပါတယ်၊ ကြည်တဲ့လူတွေက ရန်ဖြစ်နေဖို့ဘဲ လာတာဆိုရင်လဲ ငွေကုန်လူပန်းနဲ့ တိုးတက်တယ် ဆိုတာဒါလား မေးရမလိုပါဘဲ၊ ပြင် ရမှာပါ၊ လိုပါသေးတယ်။ မြင်ရတာတော့ အကောင်းအဆိုး တွဲနေတယ်လို့၊ အဓိက စိတ်ဓာတ်ပါဘဲ၊ ပြင်သင့်ပါပြီ....
written by့ ပထွေး အတွေး, January 23, 2010
မင်းတို့ပြည်သူချင်း ချလေ ငါကြိုက်လေ ပဲ။ နောက်လဲ ဆက်ချကြဖို့ အကွက်တွေဖန်ရမယ်။ မင်းတို့ကကွဲ ၊ မွဲ ငါတို့ကမြဲ။
written by kojj, January 23, 2010
မကောင်းတာကတော့ တော်တော့ကို ပါဘဲ.. .တချို့သော အားပေးသူတွေကြောင့် မဖြစ်သင့်တာ ဖြစ်ကြရတာ.....
လွယ်လွယ်ပြောရရင် နိုင်ငံကြီးသား မပီသဘူးပေါ့လေ.. .သူ့ဟာသူ ဘယ်အသင်းကဘဲ နိုင်နိုင်ရှုံးရှုံး ကိုယ်ကကြည့်ပြီး
ပြန်ရုံပါဘဲ... အစွဲအလန်း မထားသင့်ပါဘူး.... .ဖိနှိပ်ချုပ်ချယ် ခံနေရတဲ့ ခေတ်ကြီးမှာ ရင်ဖွင့်စရာအဖြစ် ဘော်လုံးကွင်း
ထဲ လာပြီးရင်ဖွင့်ဟ ပေါက်ကွဲပြတာလည်း ဖြစ်နိုင်တာပေါ့လေ...

written by ကိုမောင်, January 23, 2010
မန်းသားတွေက ရန်ကုန်သားတွေ လွန်တယ်ထင်ကြတယ်
အမှန်က ရန်ကုန်သားတွေ ကစတာမဟုတ်ဘူးလေ
မန်တလေးသွားတုန်းက အရိုက်ခံထားရတော့ ခံထားရတဲ့ ဘက်က ပြန်ရိုက်တာပေါ့
ရန်ကုန်သားတွေလဲ လွန်တယ် ဆိုပေမဲ့ မန်းသားတွေက စခဲ့တာဆိုတာ ငြင်းလို့မရပါဘူး။
ဒယ်တာပရိသတ်ကိုလဲ မန်းသားတွေဘဲ ဆော်ခဲ့တာလေ
မန်းအသင်းကို မန်းသားတွေပေးထားတဲ့ ထိုးမုန့်ဆိုတဲ့ နာမည်နဲ့လိုက်ပါတယ်ဗျာ
ထိုးမယ် ရိုက်မယ်ဆိုတာကြီးဘဲ

written by မျိုးလွင်, January 22, 2010
ဒီဘောလုံးပွဲကို ကျွန်တော်လည်း တီဗီမှကြည့်ရပါသည် စည်းဝါးညီညီ ဆဲသံများကို တီဗီမှလည်း အတိုင်းသားကြားရပါသည် သူများတိုင်းပြည်တွေမှာ မြို့ကြီးပြကြီးသား ဖြစ်လေ ပို၍ ယဉ်ကျေးကြပါသည် မြန်မာပြည်မှာတော့ မြိုကြီးသားဖြစ်လေ ပိုရိုင်းလေ ဆိုသလိုမျိုး အထူးသဖြင့် လူငယ်တွေ၊ ရိုင်းစိုင်းသည့် စကားလုံးကိုလည်း ရိုင်းသည်ဟု မထင်တော့ပါ၊ ရိုင်းပြသည့် အမူရာအတွက်လည်း ရှက်စရာဟု မထင်ပဲ ခောတ်မှီသည်ဟု ထင်နေသူတွေလည်း ရှိပါသည်၊ တဖက်သားကို အထက်စီးလေသံဖြင့် မောက်မာစွာ ပြောဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုပါဝါရှိလို့ ပြောနိုင်တာဟု ဂုဏ်ယူသူတွေလည်း ရှိပါသည်၊ ကျွန်တော်တို့ ငယ်ငယ်ဘဝက ဒီလိုမျိုးတွေ မရှိခဲ့ဖူးပါ ၊ဘောလုံးပွဲမှာ ဆဲသော်လည်း ဘောလုံးကန်နေတဲ့ သူကိုအားမရလို့ တဦးချင်းဆဲတာပဲ့ ရှိမည် တသင်းနဲ့တသင်း ဆဲတာတို့ရိုင်းစိုင်းသည့် စကားလုံးဖြင့် ခနဲ့တာတို့မရှိဖူးပါ ၊ဒါတွေဟာ အုပ်ချုပ်ရေးကြောင့်လား ပညာရေးကြောင့်လား လူမှုရေးကြောင့်လား အဖြေရှာဖို့လိုပါသည်။
Write comment
| < Prev | Next > |
|---|