ကြည်လင်သော အပြာဖျော့ဖျော့ မိုးကောင်းကင်နှင့် မျက်စိတဆုံးမြင်တွေ့ နေရသော စိမ်းပြာရောင် ပင်လယ်ပြင်၊ အုန်းပင် စိမ်းစိမ်းများက မြင်ရသူများအား မျက်စိအေးစေကာ ဘ၀အမောများကိုပင် မေ့ဖျောက်ပေး နိုင်စွမ်းရှိသည်ဟု ဆိုရမည်။
မြို့ပြ၏ နေ့နေ့ညည ဆူညံနေသော မီးစက်သံများ၊ ကားဟွန်းသံများ၊ မီးစက်နှင့် မော်တော်ကားများမှ ထွက်လာသော မီးခိုးငွေ့များ စသည့် အသံပေါင်းစုံ၊ အနံ့ပေါင်းစုံတို့ဖြင့် ကင်းဝေးရာ၊ ပူပင်ရခြင်း သောကများ၊ မကျေနပ် ခြင်းများ၊ ရန်လို တိုက်ခိုက် ခြင်းများမှ လွတ်ကင်းရာ ထို ပင်လယ် ကမ်းခြေ ဒေသသို့ ရောက်ရသူတိုင်း အားလုံး ချမ်းမြေ့ ကြည်နူးကြရသည်။ခရီးသွား ရာသီရောက်တိုင်း မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်းမှ ချောင်းသာ ကမ်းခြေနှင့် ငွေဆောင် ကမ်းခြေ ဒေသများသို့ လာရောက် အနားယူ အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အလွန် များလာသည်ကို တွေ့မြင်ရသည်။
ဒီဇင်ဘာလမှ စတင်ပြီး ဧပြီလအထိ ငွေဆောင်အပန်းဖြေ ကမ်းခြေရှိ ဟိုတယ် ၁၈ လုံး၊ ချောင်းသာ အပန်းဖြေကမ်းခြေရှိ ဟိုတယ် ၁၃ လုံးနှင့် ဘန်ဂလို ၂၅ လုံးတို့တွင် လူပြည့်လျက်ရှိပြီး လာရောက်အပန်းဖြေနေသည့် ခရီးသွား ဧည့်သည်များမှာလည်း ပြည်ပ ခရီးသွားများက အများစု ဖြစ်ကြောင်း သိရသည်။
ပင်လယ်ကမ်းခြေက သဲမြေမွမွပေါ် နင်းလျှောက် ဆော့ကစားနေကြသူများ၊ ပင်လယ်ပြာကို နောက်ခံထားပြီး ပျော်ပျော်ပါးပါး လှိုင်းစီးနေကြသူများ၊ ကမ်းခြေတွင် ခြေဆင်းထိုင်၍ အုန်းရည်ချို သောက်နေကြ သူများအတွက်ကတော့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများက လောကနိဗ္ဗာန်တခုဟု ဆိုကြသည်။
သို့သော် နေလောင်ထားသော ပါးပြင်တွင် ပါးကွက်ထူထူ ကွက်၍ ငါးကင်၊ ပုစွန်ကင် ပါသော ဈေးဗန်းခေါင်းရွက်ကာ ကမ်းခြေတွင် ခိုးကြောင်ခိုးဝှက် ဈေးရောင်းနေရသော မမြမြကဲ့သို့ ဒေသခံဈေးသည်များ အတွက်ကတော့ ကမ်းခြေသည် လောကနိဗ္ဗာန်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပေ။
ခပ်နွမ်းနွမ်း ဦးထုပ်တလုံးကိုဆောင်းထားပြီး အရောင်မပီပြင်တော့သော ရှပ်အင်္ကျီအစုတ်၊ လွယ်အိတ်အစုတ် တလုံးကို စလွယ်သိုင်း လွယ်ထားသော ငွေဆောင်သူ မမြမြသည် မျက်စိတဆုံး မြင်နေရသော ကမ်းခြေတလျှောက် မှိုင်းဝေသော မျက်ဝန်းတို့ဖြင့် ငေးကြည့်ကာ “ဒီနေရာတွေက ဟိုတုန်းက ကျမတို့ပိုင်ခဲ့တဲ့ အုန်းခြံတွေပေါ့” ဟု ပြောပြသည်။
သူတို့ အဘိုး အဘွားများ လက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့သော အုန်းခြံကို ၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေ တည်ဆောက် ရန်အတွက် အစိုးရက သိမ်းခဲ့ကြောင်း သိရသည်။
မြေဖိုးပြန်မပေးဘဲ အုန်းပင်တပင်လျှင် ကျပ် ၁၅၀၀ ဖြင့် ဈေးဖြတ်ပေးခဲ့သော်လည်း စုစုပေါင်း အပင် ၅၀ အတွက်သာ ရခဲ့ပြီး ကျန်အုန်းပင် ၃၀ အတွက် မရရှိသောကြောင့် သူမတို့မှာလည်း အခြေပျက်ကာ သူ့ ဖခင်သည်လည်း ထိုစိတ်ဖြင့်ပင် သေဆုံး ခဲ့ရကြောင်း ပြောသည်။
“အဖေက သူ့အုန်းခြံတွေ အသိမ်းခံလိုက်ရတဲ့ နေ့ကစပြီး နေ့တိုင်းငိုခဲ့တယ်၊ အဖေ့လိုပဲ အသိမ်းခံရတဲ့သူတွေ အများကြီးပါ၊ တရွာလုံး အသိမ်းမခံရတဲ့သူဆိုတာ မရှိဘူး၊ အားလုံးပဲ ဘ၀ပျက်ကြတာ၊ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ၊ ဒီလိုပဲ ရရာ အလုပ် လုပ်စားရတာပဲ” ဟု အသက် ၃၇ နှစ်အရွယ်မမြမြက ပြောသည်။
မမြမြသည် ကလေး၃ ယောက် မိခင်ဖြစ်ပြီး ငွေဆောင်ကမ်းခြေတွင် ဈေးရောင်းစား နေသူဖြစ်သည်။ သူ၏ ၁၄ နှစ် အရွယ် သားကြီးနှင့် ခင်ပွန်းဖြစ်သူမှာ ငွေဆောင်၊ ဖုန်းမောင်ကြိုင်ရွာ၊ ယုဇနပုစွန် မွေးမြူရေးစခန်းတွင် အလုပ်ဝင်လျက်ရှိသော်လည်း မိသားစု စားမလောက်သောကြောင့် အသက် ၁၀ နှစ်အရွယ် သားအလတ်ကို အဖော်အဖြစ် ခေါ်ကာ ကမ်းခြေတွင် ဈေး လာရောင်းခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရသည် ၁၉၉၇၊ ၁၉၉၈ ခုနှစ် ၀န်းကျင်ခန့်တွင် ချောင်းသာ ကမ်းခြေ အပန်းဖြေစခန်းကို တည်ဆောက်ရန်အတွက် ဒေသခံများထံမှ အုန်းခြံနှင့် မြေကွက်အများအပြားကို သိမ်းယူခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသော မြေနေရာများတွင် ဟိုတယ်များ တည်ဆောက်ခဲ့ကြသည်။
ထို့ပြင် ၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်း တည်ဆောက်ရန်အတွက် ငွေဆောင် ကျေးရွာဒေသခံ ၃၀၀ ကျော် ပိုင်ဆိုင်သော အုန်းခြံများနှင့် မြေအများအပြားကို ထပ်မံ သိမ်းယူခဲ့သည်။
ငွေဆောင်ကမ်းခြေကဲ့သို့ပင် ချောင်းသာကမ်းခြေတွင် ဈေးရောင်းကြသူ အများစုမှာ ဒေသခံများဖြစ်ကြပြီး တချိန်က အုန်းခြံများကို ပိုင်ဆိုင်ခဲ့ကြ သူများဖြစ်ကြောင်း သိရသည်။
“တသက်လုံး ဘိုးဘွား လက်ထက်ကတည်းက အုန်းခြံပဲစိုက်လာတော့ ဘယ်လိုလုပ်ပြီး တခြားလုပ်ငန်း လုပ်နိုင်တော့မှာလဲ။ အဲဒီလိုပဲ ဧည့်သည်လာချိန်ဆို ကမ်းခြေလာပြီး ငါးကင် ခိုးရောင်းတယ်။ ဧည့်ပါးတဲ့အချိန်မှာ ထင်းခုတ်စားတဲ့သူနဲ့၊ မီးသွေးဖို အငှားလိုက်တဲ့သူနဲ့၊ ပုသိမ်ဘက်လာပြီး လုပ်စားတဲ့သူလည်း ရှိတယ်” ဟု ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းသော မရွှေဝါက ပြောပြသည်။
အုန်းခြံနှင့်မြေ အသိမ်းခံရသူ ဒေသခံများ အနေဖြင့် တခြားစီးပွားရေး လုပ်ငန်းများ ထူထောင် လုပ်ကိုင်ရန်အတွက် ငွေကြေး အရင်းအနှီး အခက်အခဲ၊ မြေနေရာအခက်အခဲများနှင့် တွေ့ကြုံရသောကြောင့် ယခင်ကကဲ့သို့ ပြန်လည် နာလန် မထူနိုင်တော့ဘဲ တချို့ကလည်း ကျန်သော ငွေကြေး အနည်းငယ်ဖြင့် ရွာထဲတွင် လက်ဆောင်ပစ္စည်း အရောင်းဆိုင် ဖွင့်ကြရသည်ဟု သိရသည်။
ငွေကြေး အရင်းအနှီး မတတ်နိုင်သူများက ကမ်းခြေဟိုတယ်များတွင် အလုပ်သမားများ အဖြစ်လည်းကောင်း၊ ရွာနှင့်အနီးတ၀ိုက်ရှိ မီးသွေးဖိုများတွင် နေ့စားအဖြစ်လည်းကောင်း၊ အနီးတ၀ိုက်ရှိ ငါးကန် ပုစွန်ကန်များတွင် အလုပ်ကြမ်းသမားများ အဖြစ် လည်းကောင်း၊ ရော်ဘာစိုက်ခင်းများတွင် နေ့စားများအဖြစ်လည်းကောင်း ရရာအလုပ်လုပ်ကြရင်း ချို့တဲ့စွာ ဖြတ်သန်း နေကြရကြောင်း ချောင်းသာနှင့်ငွေဆောင် ဒေသခံများကပြောကြသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က သူပိုင်ဆိုင်ခဲ့သော မြေနေရာပေါ်တွင် ယခုအခါ ခိုးကြောင်ခိုးဝှက် ဈေးရောင်းနေရကြောင်း အသက်
၆၀ ကျော်အရွယ် ဒေါ်သေးက ကမ်းခြေရဲများ ရှိမရှိ မျက်လုံးဝေ့ကြည့်ရင်း ပြောသည်။
ဒေါ်သေးသည် အုန်းခြံပိုင်ရှင် ဖြစ်ခဲ့သော်လည်း ယခုအခါ အသက် ၁၀ နှစ်အရွယ် မြေးတဦး၊ အသက် ၃၀ ကျော်အရွယ် သမီးတယောက်နှင့်အတူ နေထိုင်ကာ ကြုံရာအလုပ်ကို ဖြစ်သလို လုပ်စားနေရသူ ဖြစ်သည်။
သမီးဖြစ်သူမှာ ရွှေဝါမြေ ကုမ္ပဏီပိုင် ရော်ဘာစိုက်ခင်းတွင် အလုပ်ဝင်လျက်ရှိပြီး ဧည့်သည်ရှိလျှင် ဒေါ်သေးက ဟင်းချက်ပေး၍ မြေးဖြစ်သူက လိုက်လံရောင်းချသည်ဟု ဆိုသည်။
“ကမ်းခြေမှာ ဈေးမရောင်းရဘူး ဆိုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရောင်းရတာပါတော်။ မြေးက ဧည့်သည်မှာမယ့် ဟင်းကို
ကမ်းခြေမှာ တနေကုန်စောင့်ရတာ၊ သူက ဟိုတယ်နားထိတောင် မသွားရဲပါဘူး” ဟု ငွေဆောင်ကမ်းခြေတွင်
ကဏန်းဟင်း ချက်ရောင်းသော ဒေါ်သေးက ပြောပြသည်။
ကမ်းခြေလာ ဧည့်သည်များ ကဏန်းဟင်း မှာလျှင် ကဏန်းဝယ်ကာ အိမ်တွင် ချက်ပေးရကြောင်း၊ တပွဲလျှင် ကျပ် ၂၅၀၀ ဈေးမှ ၄၀၀၀ ဈေးအထိ ရှိကြောင်း၊ တပွဲချက်ရလျှင် ချက်ခအနေဖြင့် ကျပ် ၅၀၀ ရရှိကြောင်း ပြောပြသည်။
ကမ်းခြေ အပန်းဖြေစခန်းများတွင် ဈေးမရောင်းရဟု ပိတ်ပင်ထားပြီး ဈေးရောင်းနေသည်ကို တွေ့လျှင် ကမ်းခြေရဲကဖမ်းဆီးပြီး ချုပ်ရက်နှင့် ဒဏ်ငွေ ကျပ် ၁ သောင်းခန့်အထိ ရိုက်ကြောင်း သိရသည်။
“ဈေးသည်တွေက ဧည့်သည်တွေကို အတင်းလိုက်ပြီး ငါးကင်၊ ပုစွန်ကင်တွေ ရောင်းတော့ ဧည့်သည်တွေ အနှောင့်အယှက် ဖြစ်တာပေါ့၊ ကိုယ့်တိုင်းပြည်လည်း သိက္ခာ ကျတယ်လေ၊ အဲဒါကြောင့် သူတို့ကို ဈေးပေးမရောင်းတာ” ဟု ကမ်းခြေဟိုတယ်တခုမှ
တာဝန်ခံ မန်နေဂျာက ပြောသည်။
ကမ်းခြေမှ အစားအသောက် ရောင်းသူများအား ရဲနှင့်ဟိုတယ်ဝန်ထမ်းများ ပူပေါင်းကာ လိုက်လံ ဖမ်းဆီးပါက အလွယ်တကူပင် ဖမ်းမိသွားလေ့ရှိကြောင်း ချောင်းသာကမ်းခြေမှာ ပုစွန်ကင် ရောင်းသူ မရွှေဝါက ပြောသည်။
“တဘက်မှာက ပင်လယ်ရှိတယ်၊ တဘက်ကလည်း ဟိုတယ်ဆိုတော့ သူတို့ လိုက်ဖမ်းပြီဆိုရင် မိတာပါပဲ။ ကျမတို့မှာ ပြေးစရာ မြေမှမရှိတာ” ဟု သူက ဆိုသည်။
ဟိုတယ်စာများကို ဧည့်သည်များက ၀ယ်မစားကြဘဲ ဈေးသက်သာသော ကမ်းခြေဈေးသည်များထံမှ ၀ယ်စားကြသောကြောင့် ဟိုတယ်လုပ်ငန်းရှင်များက ရဲများနှင့်ပေါင်းကာ ဈေးသည်များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဈေးသည်များက ပြောသည်။
ကမ်းခြေ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ကဏန်းဟင်းတပွဲ မှာယူပါက ကျပ် ၇ ထောင်မှ ကျပ် ၁ သောင်းခွဲ အထိ ပေါက်ဈေးရှိပြီး ပုစွန်ကင်ဆိုလျှင် အနည်းဆုံး ကျပ် ၅ ထောင်မှ ကျပ် ၁ သောင်း၊ ငါးကင် တပွဲလျှင် ကျပ် ၅ ထောင် ဈေးရှိကြောင်း သိရသည်။
“ငါးကင် ၁ ကင်ကို ၁ ထောင် ရောင်းရင် အမြတ်ငွေ ၂၀၀ ပဲ ကျန်တယ်၊ ကျပ် ၄ ထောင်ဖိုး ကဏန်းဟင်းရောင်းရရင် အမြတ်ငွေ ၅၀၀ ကျပ်ရပါတယ်။ ဒါပေမယ့် ရဲဖမ်းခံရရင်တော့ စုဆောင်းထားတာလေးတွေ ကုန်တာပဲ” ဟု ဒေါ်သေးက ပြောသည်။
ခရီးသွား ရာသီဖြစ်သော ဒီဇင်ဘာမှ ဧပြီလအထိ ၅ လခန့်တွင် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေဈေးသည် များမှာ ဈေးရောင်းရသော်လည်း တခြားလများတွင် ဧည့်သည်အ၀င်မရှိဘဲ အလုပ် ရှားပါးသည့်အတွက် စားဝတ်နေရေး ခက်ခဲလှကြောင်း သိရသည်။
“အရင်တုန်းက အုန်းခြံလုပ်ငန်းနဲ့ဆိုတော့ မရှိမရှား စားဖို့ အပူအပင်မရှိဘူး၊ ရွှေနဲ့ငွေနဲ့ပါ။ ခုတော့ ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု ဒေါ်သေးက ပြောသည်။
ကမ်းခြေဒေသတလျှောက် ပြည်တွင်းပြည်ပမှ ဧည့်သည်အ၀င်ရှိလာပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသော်လည်း ဒေသခံများ၏ ဘ၀မှာမူ လွန်ခဲ့သော ၁၀ နှစ်က အခြေအနေထက် ပိုမိုဆိုးရွား နိမ့်ကျသွားသည်ကို တွေ့ရကြောင်း ထူး ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။
အုန်းခြံ လုပ်ငန်းရှိစဉ်က သူ့အရွယ်အလိုက် ပညာသင် ကျောင်းတက်နေနိုင်သော ကလေးများမှာ ယခုအခါ အခြေအနေမဲ့ ဖြစ်သွားကြသောကြောင့် ကျောင်းမထားနိုင် ကြတော့ဘဲ ငါးကန်ပုစွန်ကန် များနှင့် ရော်ဘာခြံများတွင် ကြုံရာ လုပ်ငန်း ၀င်လုပ်နေကြရသည်ကို တွေ့မြင်ရသောကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း သူကဆိုသည်။
“အရင်တုန်းကတော့ အဆင်ပြေကြတယ်။ အခုတော့ ဘယ်သူ့မေးမေး ၁၀ ဦးမှာ ၈ ဦးက အဆင်မပြေကြဘူး။ လက်ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ ကလေးတွေလည်း စာသင်ခန်းနဲ့ ဝေးကုန်တယ်” ဟု သူက ပြောပြသည်။ ။
Set as favorite
Bookmark
Email this
Hits: 9668
Comments (10)

written by Maung Oo Gyaw., May 01, 2011
Recently,I have composed a comment in your article column about *The cruelty of Wicked Government*,article,But,cannot see,after,I have send it to you web. WHY? WHY? I have completed all your terms of Usage,but,not mention.Again.......WHY ? Many article with my Author's name,send to you,and other web sites like VOA,DVB,Dr.Lun Swe's .....about our many lands,were taken intentionally, by this Cruel,Barbaric,Wicked,Self Fish Etc....ect...... about this Government,but, non of them are mentioned,WHY ? Where am I WRONG.?
written by Maung Oo Gyaw., May 01, 2011
Yes,after,I have read this story,I ,also suffered a lot,because,our land and bungalows in Maung-ma-gan,was also took away by these stupids bastards.Since Ne Win's Military Socialist time 1962 till now,many of our lands,rubber plantations,mines and many others things were taken by them. The remaining lands in Tavoy(Dawei) & Mergui(Myeik),are also taken intentionally and by force, from the government.One of our land in Dawei,now,is worth in Billion of Kyats.This plot is situated in front of Zaygyee and Anauk Yat(Wodayar lan or Arzani's corner,was burnt fire,and other people plot were given back except us.This land was planned by Information Ministry to take over.The land belongs to our Greatgrand father,who have registered in 1928,legally.They ,Military Government and their partners, have becomes richer and richer,but,the owners,like us, who have owned with clean earning money,becomes poorer and poorer.If I don't blame to Government,Who shall I have to blame ?
written by poehat, March 19, 2010
တောင်းရင် ပေးလိုက်တာ နားအေးပါတယ် ဗျာ သူတို့က သူတောင်းစားတွေပဲ တောင်းမှ စားရတာ သေသွားရင် ဘာမှ ဖက်တွယ်လို့မရပါဘူး သေရင်လဲ အားလုံး မြေကြီးထဲ ရောက်ရမှာပဲလေ...
written by Myo Min, February 21, 2010
I can say that this article is a very true story. After I have read this article, I really felt very sad and my tears were coming out. This story is telling me the terrible life of people in my hometown. Majority of people who lost their coconut garden were my relatives. I am also thinking that when my coconut garden that I have inherited from my grandparents will be taken away by the authority. As a citizen of Myanmar, I want to live in my beautiful coconut garden located closely near the beach. As long as authority treats people like this, I will also lose my coconut garden in the future. I have been crying and felling sad since 2000 when the authority started taking my relatives' garden away. After that they lost their land, garden and began to work as a slave to survive in their beautiful hometown. I myself thinking about the day to become slave after authority comes and takes my garden for their personal profit. I will wait that bad day to come to me through praying. I wish my government could love their own citizen as their own children. The future of people in my hometown are leading to terrible destination. Who will be the saviour?.
written by ဒီဇင်ဘာလွမ်း, February 12, 2010
ဓါးနဲ့ပြေး ခုတ်လို့ ဒီအခြေ အနေတွေက လွတ်သွားမယ် ဆိုရင် အခုချက်ချင်းကိုပြေးခု တ်ချင်ပါတယ် ... စာနာ မိပေမယ့် ဘ၀တူတွေပဲ မို့လို့ ဘာမှ မတတ်နိုင်သေးပါဘူး ... အာဏာ ယူထားတဲ့ သက်တမ်းက လက်ချိုး ရေရင်တောင် ခြေထောက်ပါ ကူရတော့မယ် မြန်မာပြ ည်သူတွေ ဆင်းရဲသည်ထက် ဆင်းရဲပြီး မျိုးချစ် ပုဂ္ဂိုလ်ြ ကီးများရဲ့ အမျိုး များစွာ ကတော့ အဆီ တစ်ထပ် အသား တစ်ထပ် သုံးထပ်သားေ တွဖြစ်လို့ ကြီးပွားချင်တိုင်း ကြီးပွား .. မနာလိုလို့ပြောတဲ့ စကားလို့မမှတ်ယူလိုက်ပါနဲ့ သူတို့ ချမ်းသာသလို မြန်မာပြည်သူပြည်သားများကိုလဲ ချမ်းသာခွင့်လေးပေးပါဦး ... အတိတ်ကံလို့ယိုးမယ် ဖွဲ့ရမလား .. ရှေ့က တိုက်ပေးတဲ့ နိုင်ငံရေးသူရဲေ ကာင်းများလဲ ထောင်ထဲမှာ အချို့လဲ အသက်တွေကြီးပြီး ဆုံးပါးတဲ့သူကဆုံးပါး အဲဒီလောက် စတေးပြီးမှ လွတ်လပ်ရေး ရ သင့်နေပါပြီ ..
written by မောင်မြန်မာ, January 20, 2010
မြန်မာပြည်က သတင်းတွေ ကြားလိုက်ရရင် ဒီလိုကြည့်ပဲ။ မတရားမှုတွေက နေရာတိုင်းမှာ ဖြစ်နေတာပါ။
၂၀၁၀ အခြေခံ ဥပဒေကလည်း ဒီလိုအဖြစ်တွေကို အကာအကွယ် မပေးထားပါဘူး။ ဒီစနစ် ဒီအခြေအ နေမျိုး မြန်မာနိုင်ငံမှာ မရှိတော့အောင် တွန်းလှန်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
ဒီနေ့ချောင်းသာက လူတွေခံရရင် နောက်နေ့ ခင်ဗျားတို့ ကျနော်တို့ အလှည့်ပါပဲ။
၂၀၁၀ အခြေခံ ဥပဒေကလည်း ဒီလိုအဖြစ်တွေကို အကာအကွယ် မပေးထားပါဘူး။ ဒီစနစ် ဒီအခြေအ နေမျိုး မြန်မာနိုင်ငံမှာ မရှိတော့အောင် တွန်းလှန်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
ဒီနေ့ချောင်းသာက လူတွေခံရရင် နောက်နေ့ ခင်ဗျားတို့ ကျနော်တို့ အလှည့်ပါပဲ။
written by စာနာတတ်သူ, January 20, 2010
ဟူး.....တကယ် မလွယ်တဲ့ ဘ၀တွေပါလား.နော် ဒီ ကြမ္မာဆိုးကြီးက လွတ်မြောက်ဖို့ ကတော့ သေဖို့ပဲရှိတော့မ ယ်ထင်တယ်.ဘယ်သူမှလဲ မကယ်နိုင်ကြ တော့ဘူးလား မသိဘူး.. သူသေရင် လည်းသေ မသေရင်လည်း ကိုယ်သေ မှ အေးမယ်.
written by Maung K M Zan., January 14, 2010
ချောင်းသာ..ေcွဆောင်စတဲ... နေရာတွေက ဒေသခံ.. ရခိုင်တွေရဲ... ဘ၀ဟာ အင်မတန် ၀မ်းနဲစရာပါ...
written by မျိုးလွင်, January 13, 2010
ကိုယ်ချင်းစာမိပါတယ်၊ ကျွန်တော့်မိဘတွေရဲ့ ထားဝယ်မှာ လယ်မြေတွေ အသိမ်းခံရတုန်းက ၊ကျောင်းသားဘဝမှာ နေ့တိုင်းဆိုခဲ့တဲ့ နိုင်ငံတော်သီချင်းကို သတိရပြီး ဝမ်နဲမိတယ်။ တရားမဲ့စစ်အာဏာရှင်ရဲ့ လက်အောက်မှာနေရတဲ့ သာမာန်ပြည်သူ တယောက်ရဲ့ဘဝဟာ ဟိုရှေးယခင်က ၊ရေမြေ့သခင်လို့ ကြွေးကျော်ခဲ့တဲ့ ပဒေဿရာဇ်မင်းဆိုး မင်ညစ်လက်အောက်မှာ နေရတာထက် ဆိုးပါတယ်။ ဟောဒီမိုကရေစီစံနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ကော့စမွေလို့ခေါ်တဲ့ ကျွန်းပေါ်က နယ်ခံတွေရဲ့ ဘဝကတော့ အရင်တုန်းက အုန်းခြံလေးပိုင် တဲ့လူတွေဟာ ခရီးသွားလုပ်ငန်းတွေ ကောင်းတဲအခုချိန်မှာ၊ RESORT ပိုင်ရှင်တွေ ၊ဟိုတယ်ပိုင်ရှင်တွေ၊ အိမ်ခန်းငှါးစားတဲ့ သဋ္ဌေးတွေဖြစ်နေကြပြီ။
Write comment
| < Prev | Next > |
|---|













