ဒီပဲယင်း အကြမ်းဖက်မှု အပြီး နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ မှ ၂၀၀၉ ခုနှစ် အထိ ၆ နှစ်တာ ကာလအတွင်း CEC အဖွဲ့ဝင်များနှင့် ၄ ကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။
ပထမအကြိမ် အဖြစ် ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် အာဏာပိုင်တို့က CEC အဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်၏ နေ့အိမ်တွင် တွေ့ဆုံခွင့် ပြုခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် အကျယ်ချုပ်ကျနေသူ ဦးတင်ဦးလည်း ပါဝင်ပြီး အမျိုးသား ညီလာခံသို့ ပြန်လည် တက်ရေး မတက်ရေး အကြောင်းအရာနှင့် ပတ်သက်၍ ၃ နာရီ ၃၀ မိနစ်ကြာ ဆွေးနွေးခဲ့သည်။၂၀၀၇ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် NLD ခေါင်းဆောင် ၃ ဦး ဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ နှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂ နာရီ ၃၀ မိနစ်ခန့် ဒုတိယ အကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြေညာချက်တစောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တတိယ အကြိမ် အဖြစ် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်နေ့တွင် CEC အဖွဲ့ဝင်တချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရ၏ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၁ နာရီ ၁၀ မိနစ်ခန့် တွေ့ဆုံခွင့် ရခဲ့ကြသည်။
နောက်ဆုံး တွေ့ဆုံမှုမှာ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနှင့် မတွေ့ဆုံကြမီ CEC အဖွဲ့ဝင်တချို့နှင့် ဒေါ်အောင်ဆန်း စုကြည်တို့သည် ၁၅ မိနစ်ခန့် ဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးခွင့်ရရှိရန် လိုအပ်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“NLDကို တမင်လုပ်ထားတာပါ၊ ခေါင်းပိုင်းကို အမြီးပိုင်းနဲ့ မစပ်မိအောင် ကြိုးစားတာပေါ့၊ သို့သော် NLD အနေနဲ့က ရှိတဲ့ နည်းလမ်းနဲ့ လုပ်ပါတယ်၊ ဘယ်အဖွဲ့အစည်း မဆို အဖွဲ့အစည်း စုံညီ တွေ့ဆုံဆွေးနွေးတာက အကောင်းဆုံးပါ” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။
အကြိမ်ကြိမ် ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း စုစုပေါင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံထားရသူ ဖြစ်သည်။ မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဆက်လက် ချုပ်နှောင်ထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်ဟု အာဏာပိုင်တို့က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခွင့်ရရေးအတွက် ယခင် ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရေးသား ပေးပို့လိုက်သည့် စာတွင် ထည့်သွင်း တောင်းဆိုထားသည်။
NLD ခေါင်းဆောင်များ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် အစဉ်တောင်းဆိုခဲ့သည်။
နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင်နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
NLD ပါတီ၏ မူဝါဒကို ချမှတ်သူ တဦးဟု အများက ယူဆကြသည့် ဦးဝင်းတင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခံယူချက် ခိုင်မာပြီး အများက လေးစားကြသည့် ဦးတင်ဦးတို့ ၃ဦး တွေ့ဆုံခွင့် မရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၀ တိုင်ပြီဖြစ်သည်။
၎င်းတို့ ၃ ဦးကို တွေ့ဆုံခွင့် ပေးလိုက်ပါက NLD အတွက် ပိုမို ကောင်းမွန်သော မူဝါဒတခုကို ချမှတ်နိုင်လိမ်မည် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
“CEC ကို မလှုပ်ရှားနိုင်ဘူးလို့ စစ်အစိုးရက ခံယူထားတယ်၊ ဒေါ်စုနဲ့ ပေးတွေ့ရင် CEC က လှုပ်လာမယ်၊ ဒေါ်စုရဲ့ အမာခံအားက NLD ထဲမှာ ရှိနေတယ်၊ NLD အပေါ်မှာလည်း ယနေ့ထိ အလွန် ကြီးမားတဲ့ သြဇာ ရှိနေတုန်းပဲ၊ NLDက ဘာပဲပြောပြော ယန္တရား ရှိနေတုန်းပဲ၊ အဲဒီမှာ ဒေါ်စုကို NLDနဲ့ ပေးတွေ့လိုက်မယ်၊ တွေ့တဲ့ အခါမှာလည်း ဒေါ်စုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဦးဆောင်မှုပေးတာ ရှိနေရင် အောက်ခြေ အထိ ရောက်သွားနိုင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။
CEC အဖွဲ့ အတွင်းတွင် လတ်တလော သူ၏ သဘောထားမှာ တင်းမာသည့် အတွက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို ရွှေ့ဆိုင်းနိုင်သရွေ့ ရွေ့ဆိုင်းထားနိုင်ကြောင်း သူက ယူဆသည်။
ဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၈၉ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်သည်လည်း လွန်ခဲ့သည့် အနှစ် ၂၀ က ပြုလုပ်ခဲ့သည့် NLD ခေါင်းဆောင်များ၏ အစည်းအဝေး တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ဆုံး တွေ့ဆုံခဲ့ရသည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို NLD ဗဟိုကော်မတီများနဲ့ တွေ့ခွင့် မပေးတာ တိုင်းပြည်အတွက်လည်း မကောင်း သလို ဒီမိုကရေစီလှုပ်ရှားမှု အတွက်လည်း မကောင်းဘူး၊ NLD အတွက်လည်း မကောင်းဘူး၊ အဆက်အသွယ် ဖြတ်ထားတော့ လုပ်ငန်းတွေက မတွင်ဘူးပေါ့” ဟု ဦးအုန်းကြိုင်က ပြောသည်။
ယင်းသို့ တွေ့ဆုံခွင့် နည်းပါးသည့် အတွက် ယခုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုသည့် စကားများ၊ သူ၏ သဘောထားများကို သူ၏ အိမ်ရှေ့၌ ချိတ်ဆွဲထားသော ဆိုင်းဘုတ်များမှတဆင့် ဖော်ပြလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်များနှင့် ထိတွေ့မှုများပါက NLD၏ မူဝါဒများ ပိုမိုထိရောက် အသက်ဝင်လာဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ယခုအခါ NLD၏ လှုပ်ရှား ဆောင်ရွက်မှုများ အားနည်းသည်ဟု ဝေဖန်ခံနေရသည်။
ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်သူ သခင်ချန်ထွန်းက“တွေ့ခွင့်ပေးလိုက်ရင် အပြင်မှာရှိနေတဲ့ NLD အမှုဆောင် အဖွဲ့ရဲ့ လုပ်ရပ်တွေကို အကုန်လုံးက ပိုပြီး အင်တိုက်အားတိုက် လိုက်လာနိုင်တာပေါ့၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ကျတော့ ဟုတ်မှ ဟုတ်ပါ့ မလားဆိုတဲ့ သဘောထားတွေ ရှိနေမှာပေါ့” ဟု ဆိုသည်။
Set as favorite
Bookmark
Email this
Hits: 9651
Comments (4)

written by Mr.Frodo , October 28, 2009
နိုင်ငံတကာ နှင့် ရင်ဘောင်တန်းပြီး အရှက် မရှိကြတဲ့ သူတွေပါ(နအဖ)
written by lin, October 11, 2009
အန်တီစုကို မမြင်ရတာ ကြာပြီဖြစ်လို့ လွမ်းနေတာပါ။ ကြံ့ကြံ့ခံပြီး ပြည်သူတွေရှေ့ ရပ်နေတာကြည့်ပြီး အရမ်းသနားမိပါတယ်။ အန်တီစု ကျန်းမာပါစေ။ မြန်မာ နိုင်ငံလည်း ဒီမိုကရေစီ မြန်မြန် ရပါစေ။ တစ်ဘ၀ စံတွေ မြန်မြန် ဇာတ်သိမ်းပါစေလို့ ဆုတောင်းလျက်။
written by Truth, October 10, 2009
နအဖက ဒေါ်အောင်ဆန်းစုကြည် ကို လွတ်လပ်ခွင့် မပေးနိုင်သေးတာ ဒေါ်အောင်ဆန်းစုကြည် ကို ကြောက်လွန်းလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်နိုင်စွမ်း စည်းရုံးနိုင်စွမ်း အရေအချင်းတွေ နအဖမလုပ်နိုင် တဲ့ အရေအချင်းတွေကို ကြောက်လွန်းလို့ပါ။ မနာလို မမြင်လို မကြားလွန် လွန်းလို့ပါ။
Write comment
| < Prev | Next > |
|---|







