မှန်ဘီရိုများထဲတွင် နိုကီယာ၊ ဆိုနီ၊ ဆိုနီအဲရစ်စင်၊ ဆမ်ဆောင်း၊ အယ် (လ်) ဂျီ စသည့် အမှတ်တံဆိပ်များနှင့် ဟမ်းဆက်များကို သူ့နေရာနှင့်သူ အမျိုးအစားအလိုက် ခွဲခြားပြီး ခင်းကျင်းပြသထားသည်။ မှန်ဘီရိုနောက်မှာ ထိုင်ပြီး ဟမ်းဖုန်းကိုယ်စီနှင့် ဂိမ်းကစားနေကြသော အရောင်းဝန်ထမ်းဖြစ်ဟန်တူသည့် အမျိုးသား နှစ်ယောက်က ထိုလူငယ် ရပ်ကြည့်နေသည်ကိုမြင်လျက်နှင့် ဘာလိုချင်လဲ ဟုပင် မမေးကြ၊ ဂိမ်းကစားရာတွင်သာ အာရုံစိုက်နေကြသည်။
ယုဇနပလာဇာ ပထမထပ်မှ ဟမ်းဆက် အရောင်းဆိုင်များတွင်ဟမ်းဆက် အသစ်၊ အဟောင်း အမျိုးစုံနှင့် အမှတ်တံဆိပ် မျိုးစုံလည်း ရှိသည်။ ဈေးနှုန်းများမှာလည်း အနည်းဆုံး ကျပ် ၃ သောင်းဝန်းကျင်မှ ကျပ် ၇ သိန်း အထိ ရနိုင်သည်။ ထို့ပြင် ဟမ်းဆက်အဟောင်း ရောင်းလိုလျှင်လည်း ၀ယ်သည့်ဆိုင်များ ရှိသည်။
လဆန်းရက်များတွင် ဖုန်းအရောင်းအ၀ယ်ဖြစ်တတ်ပြီး တခြားသောရက်များတွင် ဖုန်းနှင့်သက်ဆိုင်သည့် ပစ္စည်းတချို့ကိုသာ ရောင်းရတတ်ကြောင်း သိရသည်။
လူငယ်က ဈေးနှုန်း ကပ်မထားသော နိုကီရာအမှတ်တံဆိပ် ဟမ်းဆက်အဟောင်းတလုံးကို လက်ညှိုးထိုးပြကာ ဈေးမေးသည်။ အသက် ၃၀ ၀န်းကျင်အရွယ် အသားဖြူဖြူနှင့် ဂိမ်းကစားနေသော အမျိုးသားက အကစားမပျက် ဈေးကိုပြန်ဖြေသည်။ လူငယ်က နောက်ထပ် ဟမ်းဆက် အဟောင်းတလုံးကို လက်ညှိုးထိုးပြီး ဈေးမေးပြန်သည်။
လေး၊ ငါး ခါလောက် ဈေးမေးပြီးချိန်မှာတော့ ပြန်ဖြေသည့်အမျိုးသားမှာ စိတ်ရှည်ဟန် မတူတော့ပေ။
“အဲဒီလိုပဲ တနေ့တနေ့ မ၀ယ်ဘဲနဲ့ ဈေးလာလာမေးတဲ့ ချာတိတ်တွေရှိတယ်၊ လူငယ်ဆိုတော့ သူများ ဟမ်းဖုန်း ကိုင်တာ တွေ့တော့ ကိုင်ချင်လို့ ထင်ပါရဲ့”ဟု ယုဇနပလာဇာ၊ ပထမထပ်ရှိ ဟမ်းဆက်အရောင်း ဆိုင်တဆိုင်က ပြောပြသည်။
မြန်မာနိုင်ငံက လူများစုကတော့ ဟမ်းဖုန်းနှင့် ဝေးနေဆဲဖြစ်သည်။ ဟမ်းဆက်ဖိုး မတတ်နိုင်သူများ၊ ငွေကျပ် နှစ်သောင်းကျော်ဖြင့် ၁ နာရီကြာ ဖုန်းပြောနိုင်သော ၂၀ တန်ဖုန်းကတ်ဟု အလွယ်ခေါ်ကြသည့် ဖုန်းကတ်ဖိုး မတတ်နိုင်သူ များစွာရှိနေဆဲ ဖြစ်သည်။
လူဦးရေ သန်း ၆၀ ၀န်းကျင်ခန့်ရှိသော မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလအထိ GSM၊ CDMA၊ WCDMA၊ ဆယ်လူလာ စသည့် မိုဘိုင်းဖုန်း အရေအတွက် စုစုပေါင်း ၄ သိန်းကျော်ကို သုံးစွဲသူများထံ ချထားပေးပြီး ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် GSM တယ်လီဖုန်းတလုံး သုံးစွဲခွင့်ကို အစိုးရထံမှ လျှောက်ထားမည်ဆိုပါက အစိုးရထုတ်ဈေး ကျပ် ၁၅သိန်း ၅ သောင်း ရှိပြီး အပြင် ပေါက်ဈေးမှာ ကျပ် ၁၈ သိန်းခွဲခန့် ရှိသည့်အတွက် လူတိုင်းမသုံးနိုင်ကြပေ။
ထို့ပြင် တယ်လီဖုန်း လျှောက်သူတိုင်းလည်း သုံးစွဲခွင့်မရ၊ ကံထူးသူများနှင့် အစိုးရနှင့်ပတ်သက်သော အဆင့်မြင့် အရာရှိကြီးများ၏ ထောက်ခံချက်ပါသူများသာ ငှားရမ်းသုံးစွဲခွင့် ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစိုးရထံမှ မိုဘိုင်းဖုန်း ငှားရမ်းသုံးစွဲခွင့် ရလိုသူများအနေနှင့် ရန်ကုန် ပန်းဆိုးတန်းလမ်းနှင့် တခြားသော လူစည်ကားရာ နေရာများတွင် လျှောက်လွှာများကို ၁၅၀၀ိ ဖြင့် ၀ယ်ယူ၍ မြန်မာ့ဆက်သွယ်ရေး၊ ကြေးနန်းနှင့် စာတိုက်ကြီးတွင် လျှောက်ထားကြရပြီး အစိုးရ ထုတ်ပေးမည့်အချိန်ကို စောင့်ကြရသည်။
အိမ်နီးချင်းနိုင်ငံများတွင် လူတိုင်းစေ့နီးပါး လက်ကိုင်ဖုန်း ကိုင်နိုင်ပြီး မထူးဆန်းလှသော်လည်း မြန်မာနိုင်ငံ မှာတော့ လက်ကိုင်ဖုန်းကိုင်နိုင်သည့် လူတန်းစားမှာ သီးခြား ငွေကြေးတတ်နိုင်သူများအဖြစ် သတ်မှတ်နေဆဲ ဖြစ်သည်။
“ထိုင်းနိုင်ငံ သွားဖို့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ရင် ပိုင်ဆိုင်မှုပြရတယ်။ အဲဒီလို ပြတဲ့အခါမှာ ခြံတို့၊ အိမ်တို့ သာ မကဘူး လက်ကိုင်ဖုန်း ပိုင်ဆိုင်တယ်လို့ ပြရင်လည်း ရတယ်” ဟု မကြာသေးမီက ထိုင်းနိုင်ငံသို့ အလည်သွား ခဲ့သည့် လူငယ်တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းစနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင်သုံးစွဲခဲ့ကာ ၂၀၀၂ ခုနှစ်တွင် GSM မိုဘိုင်းဖုန်းစနစ်ကို စတင်ခဲ့သည်။ WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။
GSM ဖုန်းများအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ကြီး ၄၉ မြို့တွင်လည်းကောင်း၊ CDMA ဆက်သွယ်ရေး စနစ်ကို မြို့ပေါင်း ၆၇ မြို့တွင်လည်းကောင်း၊ WCDMA မိုဘိုင်းစနစ်ကို GSM အသုံးပြုနိုင်သော မြို့များနှင့် တိုင်းများတွင် အသုံးပြုနိုင်ကြောင်း သိရသည်။
စစ်အစိုးရနှင့်နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ၏ ထူးကုမ္ပဏီက ၂၀ တန်ဖုန်းကတ်ဟု အလွယ် ခေါ်ကြသော တခါသုံး SIM ကတ်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့သည်။ အဆိုပါ SIM ကတ်တန်ဖိုးမှာ FEC ၂၀ (ကျပ် ၂၃၀၀၀ ၀န်းကျင်) ပေးရပြီး တကတ်လျှင် ရက် ၃၀ ခန့်သာ သက်တမ်းရှိကာ အ၀င် ၆ နာရီအထိ လက်ခံနိုင်သည်။ ခေါ်ဆိုပါက ၆၆ မိနစ်သာ ပြောခွင့်ရသည်။
အဆိုပါ ၂၀ တန်ဖုန်းကတ်များအား ၀ယ်ယူသုံးစွဲသူများမှာ လူငယ်အများစုဖြစ်ပြီး ရေရှည်သုံးစွဲရန်အတွက် မကိုက်သော်လည်း တလအတွင်း အ၀င်တမျိုးသာ လက်ခံပြောဆိုပါက အဆင်ပြေကြောင်း သုံးစွဲသူများထံမှ သိရသည်။
“ကျနော့်ကောင်မလေးနဲ့ ပြောချင်လို့ ၂၀ တန် ဖုန်းကတ်ဝယ်ကိုင်တာ၊ တလ တကတ်နှုန်းနဲ့ သုံးတာတောင် ကြွေးတော်တော်တင်နေပြီ။ ဒါပေမယ့် အရင်ကလို ဖုန်းဆိုင်ကတဆင့် ဆက်ရတာထက် စာရင်တော့ ပိုအဆင်ပြေ တာပေါ့” ဟု အသက် ၂၆ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း တဦးက ဆိုသည်။
လစာ ကျပ် ၁ သိန်း ခွဲခန့်ရသော သူ့အနေနှင့် ကြည့်ပျော်ရှုပျော် ဆမ်ဆောင်း အမှတ်တံဆိပ် ဟမ်းဆက် အဟောင်း တလုံးကို ကျပ် ၄ သောင်းခွဲနှင့် ၀ယ်ယူကာ ဖုံးကတ် တကတ် ကျပ် ၂၃၅၀၀ နှင့် ၀ယ်ယူ ထည့်သွင်း ထားကြောင်း၊ လိုင်းဖုန်းရှိသည့် သူ့ချစ်သူက သူ့ထံသို့ နေ့စဉ် ခေါ်ဆိုခြင်းဖြင့် ပုံမှန် အဆက်အသွယ် ရကာ အဆင်ပြေကြောင်း ဆက်ပြောပြသည်။
သို့သော်လည်း သမီးရည်းစား စကားကို ဘေးလူများကြားအောင် အော်ပြောနေရသည်ကိုတော့ စိတ်ပျက်မိသည် ဟု ဆိုသည်။
“ဖုန်းပြောရင်း မကြားတချက်၊ ကြားတချက်ဖြစ်ပြီး လိုင်းပျောက်သွားတတ်တော့၊ ကျနော့်မှာ ဖုန်းလာပြီဆိုရင် လိုင်းမိနိုင်တဲ့ နေရာကို အရင်ပြေး၊ ဖုန်းလိုင်းကျမသွားခင် ကမန်းကတည်းပြောရတယ်။ ပြောတော့လည်း အော်ပြီး ပြောနေရတာဆိုတော့ သမီးရည်းစား စကားပြောရတာ သိပ်အဆင်မပြေဘူး” ဟု သူက ရှင်းပြသည်။
ထိုတခါသုံး ဖုန်းကတ်များ ဈေးကွက်ထဲရောက်လာသည့် အချိန်ကစပြီး မိုဘိုင်ဖုန်း သုံးစွဲသူအရေအတွက် တိုးလာ သော်လည်း ရေဒီယိုစခန်းများ တိုးမလာသောကြောင့် ဖုန်းသုံးစွဲသူနှင့် လိုင်းမမျှတခြင်းဖြစ်ပေါ်လျက်ရှိက GSM ဖုန်း သုံးစွဲသူများမှာ လိုင်းမအားခြင်း၊ လိုင်းမကောင်းခြင်း၊ လိုင်းမမိခြင်းစသည့် အဆင်မပြေမှုများနှင့် တွေ့ကြုံ နေရကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မှ မိုဘိုင်းဖုန်း သုံးစွဲသူများအတွက် ရေဒီယိုစခန်းပေါင်း ၇၀ ကျော်ခန့် ရှိသည်ဟု သိရပြီး ရေဒီယို စခန်းပေါင်း ၃၀ ကျော်ကို ထပ်မံတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ဆိုသည်။
လက်ရှိတွင် တခါသုံး FEC ၂၀ တန် ဖုန်းကတ်ပေါင်း၂ သိန်း ခန့် ရောင်းချပြီးပြီ ဖြစ်ကြောင်း ဖုန်းကတ် အရောင်း ကိုယ်စားလှယ် တဦးထံမှ သိရသည်။
ထို့ပြင် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး FEC ၅၀ တန်၊ ကမ်းရိုးတန်းသုံး ကတ်များကို မြန်မာ စင်ထရယ် မားကက်တင်းမှ ရောင်းချခဲ့ရာ ယခုအချိန်ထိ ကတ်ပေါင်း ၃ ထောင်ကျော်သာ ရောင်းချရကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ခံမန်နေဂျာ ဦးစိုင်းခင်မောင်အေးထံမှ သိရှိရသည်။
“သုံးစွဲသူနည်းတဲ့အကြောင်းက ဟမ်းဆက်ဈေးမြင့်နေလို့ပါ၊ ၂၀ တန်ကတ်က ဘယ်ဟမ်းဆက်နဲ့မဆို သုံးလို့ ရနေတော့ ၅၀ တန်ကတ်ကို လူစိတ်ဝင်စားမှုနည်းသွားတာ” ဟု ၎င်းကဆိုသည်။
ထိုတခါသုံး ၂၀တန် ကတ်များ ပေါ်လာသည့်အတွက် လက်ကိုင်ဖုန်း သုံးစွဲသူတိုးလာသလို၊ ဟမ်းဆက် ဈေးကွက်တွင်လည်း အရောင်းအ၀ယ်ဖြစ်လာကြောင်း အရောင်းဆိုင်များထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် လိုင်းဆွဲအားကောင်းသော နိုကီရာအမှတ်တံဆိပ် ဟမ်းးဆက်များကို အများဆုံး သုံးစွဲကြပြီး နိုကီရာဟမ်းဆက်အဟောင်းဈေးမှာ အနည်းဆုံး ကျပ် ၂ သောင်းခွဲမှ ၅ သောင်း ၀န်းကျင်အထိ မော်ဒယ်လ် ပေါ်တွင် မူတည်ပြီး ဈေးရှိသည်။ နိုကီရာ အသစ်ဈေးကတော့ အနိမ့်ဆုံးမော်ဒယ်ပင်လျှင် ကျပ် ၄ သောင်းမှ ကျပ် ၅ သိန်းကျော်အထိ ရှိသည်။ သို့သော်လည်း ကျပ် ၂ သိန်းဝန်ကျင်ခန့် ဟမ်းဆက်များသာ အရောင်းသွက်ကြောင်း ရန်ကုန် ဖုန်းဆိုင်များမှ သိရသည်။
ဟမ်းဆက် ဈေးကွက်ထဲတွင် ဆိုနီ၊ ဆိုနီအဲရစ်စင် စသည်တို့ ရှိသော်လည်း အဟောင်းဈေးကွက် ထဲတွင်တော့ အတွေ့နည်းသည်။ အဟောင်းဈေးကလည်း အနည်းဆုံးကျပ် ၇ သောင်း ၀န်းကျင်ထိ ဈေးရှိပြီး အသစ်ဈေးမှာ ကျပ် ၂ သိန်းဝန်းကျင်မှ ကျပ် ၆ သိန်းတန်အထိ ရှိသည်။
မိုဘိုင်းဖုန်း ဟမ်းဆက်ဈေးကွက်တွင်လည်း ရောင်းလိုအား ပိုမိုများပြားလာရာ မိုဘိုင်းဖုန်းဆိုင်များ အနေနှင့် ဆိုင်ခွဲများဖွင့်လှစ်ခြင်း၊ အရောင်းမြှင့်တင်ရေးများ ဆောင်ရွက်ခြင်း၊ လျှော့ဈေးများပေးခြင်းနှင့် ၀န်ဆောင်မှုပိုင်း တွင်လည်း အားစိုက်လာကြပြီး ၀ယ်သူကို ဆွဲဆောင်နေရကြောင်း အရောင်းဆိုင်များက ပြောဆိုသည်။
လက်ရှိအခြေအနေတွင် မိုဘိုင်းဖုန်း သုံးစွဲသူတချို့သည် Wi Fi စနစ်၊ Bluetooth စနစ်၊ ကင်မရာ၊ ဆော့ဖ်ဝဲများ ထည့်သွင်းခြင်းတို့ကိုလည်း စိတ်ပါဝင်စားစွာ ပြုလုပ်လာကြသည်။ လူငယ်များမှာ ဂိမ်းကစားခြင်း၊ သီချင်း နား ထောင်ခြင်း၊ ရုပ်မြင်သံကြား ဇာတ်လမ်းများကို ကြည့်ရှု နိုင်ခြင်းနှင့် ဆော့ဝဲများ အသုံးပြုနိုင်သော Function များ ပါသည့် iPhone များကို နှစ်သက်ကြသော်လည်း ဈေးနှုန်းအရ သုံးစွဲနိုင်သူ နည်းပါးသေးကြောင်း သိရှိရသည်။
GSM၊ WCDMA မိုဘိုင်းဖုန်းများမှာ ယခင်ကထက် သုံးစွဲသူပိုမိုများပြားလာပြီး ယခုအခါ ဆယ်လူလာဖုန်း များ၏ အပြင်ပေါက်ဈေးမှာ ကျပ် ၁၀ သိန်းခန့် ရှိပြီး နံပါတ်ပွား လွယ်ကူခြင်း၊ ဟမ်းဆက် ရှားပါးခြင်းတို့ကြောင့် လူကြိုက် နည်းလျက်ရှိကြောင်း အသုံးပြုသူများက ပြောဆိုကြသည်။
Comments (10)

written by LPW, October 22, 2009
မြန်မာနိုင်ငံပြန်ခါနီး အိုင်းဖုန်း နာမည်ကြီးတယ် ဆိုတာနဲ့ ဘိလပ်က ၀ယ်သွားပါတယ်။ ဒီမှာတော့ အင်တာနက် သုံးလိုက်၊ ဂိမ်းဒေါင်းလုပ် လုပ်ပြီး ဆော့လိုက်၊ ဂျီပီအက်စ်ကြည့်လိုက်။ တခြား ဆော့ဖ်ဝဲလ်တွေ သွင်းလိုက်နဲ့ ဖုန်းအား သွင်းချိန်တောင် မရဘူး။
အားပါးပါး ရန်ကုန်လည်း ရောက်ရော..ဟိုမှာ အိုင်းဖုန်းသုံးတဲ့လူတွေ ဖုန်းဆက်တဲ့ ဖန်ရှင်တစ်ခုပဲ သုံးလို့ရပါသတဲ့။ ရန်ကုန်ကလူတွေ မြန်မာငွေ ၁၂ သိန်း ပေးဝယ်ပြီး ဖုန်းပြောလို့ပဲ ရရင် ၃ သောင်းတန် ဖုန်းနဲ့ ဘာကွာတော့မှာလဲ။
မြန်မာနိုင်ငံ ရောက် အိုင်းဖုန်းလေး ဘ၀ဟာ အလိုလိုနေရင်း ချွတ်ချုံကြ သွား ပါ လား လို့ေ အာက့်မေ့ရင်း။
အားပါးပါး ရန်ကုန်လည်း ရောက်ရော..ဟိုမှာ အိုင်းဖုန်းသုံးတဲ့လူတွေ ဖုန်းဆက်တဲ့ ဖန်ရှင်တစ်ခုပဲ သုံးလို့ရပါသတဲ့။ ရန်ကုန်ကလူတွေ မြန်မာငွေ ၁၂ သိန်း ပေးဝယ်ပြီး ဖုန်းပြောလို့ပဲ ရရင် ၃ သောင်းတန် ဖုန်းနဲ့ ဘာကွာတော့မှာလဲ။
မြန်မာနိုင်ငံ ရောက် အိုင်းဖုန်းလေး ဘ၀ဟာ အလိုလိုနေရင်း ချွတ်ချုံကြ သွား ပါ လား လို့ေ အာက့်မေ့ရင်း။
written by အမည်မပေါ်လိုသူ , October 15, 2009
2001 ခု စက်တင်ဘာလမှာ ကျွန်တော် ဘင်္ဂလာဒေရှ့်  စစ်တကောင်း ရောက်တော့ တစ်နေ့ ညနေ လမ်းလျှောက် သွားရင်း လမ်းမှာ ကျွန်တော့ အနားမှ ဖြတ်သွားတဲ့ အမျိုးသမီး တစ်ဦးက ဘယ်ဘက်လက်နဲ့ မိုဘိုင်းလ်ဖုန်း ကိုင်ပြီး ညာဘက် လက်နဲ့ ခေါင်းပေါ်ရွက်ထားတဲ့ တောင်းကြီးတစ်လုံး ကိုင်ရင်း ဖုန်းပြောရင်း သွားနေတယ်။ သေချာ ကြည့်တော့ မှ အမျိုးသမီးက သူများအိမ်မှာ သန့် ရှင်းရေးလုပ်တဲ့ အမျိုးသမီး ဆိုဒါ သိခဲ့ရတယ်။ မြန်မာမှာတော့ ဖုန်းကိုင်တဲ့ လူတချို့ ရဲ့ အနားကို သွားရဒါ မလွယ်ဘူး။ ဖုန်းဓါတ်ခဲထဲက ဓါတ်အားတွေ သူတို့ ခန္တာမှာတောင် စီးသွားပြီ ထင်ပါရဲ့။
written by Hnin Nu, October 05, 2009
ဖုန်းက ၀ယ်ရ ခက်ပါတယ်ဆို .. ဖုန်းလိုင်းတွေက နယ်ဝေး မပြောနဲ့ မြို့တွင်းတော င် ကြည်ကြည်လင်လင် မကြားရတာ .. iPhone ၀ယ်နိုင်လည်း ဘယ်လိုလုပ် သုံးမလဲကွယ်တို့ .. iPhone လည်း သူ့ ဘာသာသူ အိုင်နေတာ .. အင်တာနက်ကို ဖုန်းကနေ သုံးဖို့ ဝေလာဝေး .. စိတ်ညစ်ပါ့
written by Nyein, October 03, 2009
သြချရလောက်တဲ့ စစ်အစိုးရရဲ့ အဆင့်မြင့် ဆက်သွယ်ရေး စနစ်ပါပဲ။။။
written by china mobile service auto answer, October 03, 2009
လူကြီးမင်း ခေါ်ဆိုလိုသော မြန်မာနိုင်ငံမှာ လူ့ပြည်ရဲ့ အပြင်ဘက် ငရဲပြည်ကို ယာယီ ရောက်ရှိနေပါ သဖြင့် ၂၀၁၀ ထိခေါ်ဆိုလို့ မရနိုင်ပါရှင် ......
China mobile service
China mobile service
Write comment
| < Prev | Next > |
|---|








ပြောမရလို့ တဲ့. ......... .